7 December 2008

သက်ငြိမ် ၂

ရိုးရိုးလေးပွင့်နေတဲ့ အလင်းရောင်အောက်
စိတ်တွေမှောင်ရမှာ ကြောက်တယ်အမေ
အစားထိုးအဖြေလွှာနဲ့ရမဲ့ အမှတ်၁၀၀
သားမလိုချင်တော့ပါဘူး။

ကျေနပ်ပါတယ် အမေရယ်
ကိုယ့်အဖြေလွှာကိုယ်ရေး
သုညမှတ်လေးကို ခပ်အေးအေးယူခဲ့ပြီ။

မိတ်ဆွေတစ်ချို့က ပြောတယ်
မင်းကောင်းကင်က နက္ခတ်လဲမစုံဘူးတဲ့
ရှိစေတော့လေ....
ကြယ်ကလေးတစ်လုံးနဲ့ပဲဖြစ်စေ
သားကြည်နူးနေနိုင်တယ်ဆိုတာ
သူတို့မှ မသိကြတာပဲ အမေရယ်။

အမေ့ကို သားဦးညွှတ်ပါတယ်
အလွယ်တကူကြွေကျမပေးဖို့
စိတ်သစ်သီးတွေ အညှာခိုင်ခဲ့ကြပုံ။

ညိမ်းညို

သက်ငြိမ် ၁

11 comments:

Unknown said...

သက်ငြိမ်(၂) တဲ့ လား

ကဗျာဆရာကလဲလေစိတ်သစ်သီးတွေအညှာခိုင်တယ်ဆိုတာကေ လည်းသိပါတယ်..အားပေးနေတယ်နော်.. :)

တင့်ထူးရွှေ said...

သက်သက်ငြိမ်ငြိမ်လေးပဲ ကဗျာဖတ်သွားတယ်ဗျာ :)

လင်းဒီပ said...

အမေ့ကို သားဦးညွှတ်ပါတယ်
အလွယ်တကူကြွေကျမပေးဖို့
စိတ်သစ်သီးတွေ အညှာခိုင်ခဲ့ကြပုံ။

ကောင်းတယ်ဗျို့...အဲဒီစိတ်သစ်သီးတွေ အညှာခိုင်ဖို့က...အမေ့တာဝန်ကျေခဲ့တာလေ...

Anonymous said...

ကဗျာလေးက မေတ္တာဓာတ်တွေနဲ့အစ်ကို ပြီးတော့ သားတစ်ယောက်ရဲ့ ရင်တွင်းကို ထိုးဖောက်ဖတ်သွားတယ် ။ ကြယ်လေးတစ်လုံးနဲ့ရှင်သန်နိုင်ပါစေဗျာ။

စိုင်းလောဝ်ပိန်း said...

ကျေနပ်ပါတယ် အမေရယ်
ကိုယ့်အဖြေလွှာကိုယ်ရေး
သုညမှတ်လေးကို ခပ်အေးအေးယူခဲ့ပြီ။

ဒီစာသားလေး ကြိုက်တယ်ဗျာ... အမေတွေအားလုံးအတွက် စိတ်သစ်သီးတွေ ခိုင်ကြစို့ဗျာ

mgngal said...

အရိုးသားဆုံးစိတ်သစ်သီးတွေ ခိုင်းခြင်းဟာ မိဘကို
ကျေးဇူးဆပ်ခြင်းလို့  ညီတော့ ထင်ရဲ့  ။ ကဗျာလေးကောင်းတယ် ဘရို ။ ရိုးရိုးရှင်းရှင်းလေးနဲ့ 
ရင်ကို ထိတယ် ။

နေချိုအေး said...

ကဗျာလေးကြိုက်တယ်ဗျာ
တကယ်ကိုကောင်းလှပါတယ်
အားပေးနေပါတယ်သူငယ်ချင်းရေ..
ဘ၀အမောတွေပြေလျော့ပါစေ

ဖြိုးငယ် said...

လေးလည်းလေးစားတယ် ဆရာညိမ်းညို ..
ှုကဗျာကိုလည်း အရမ်းကြိုက်တယ် .. ၁ ရော ၂ ရောပေါ့ ..

thihanyein said...

မိုက်တယ်ကွာ***ဒါပဲပြောတော့မယ်***အများကြီးမိုလို့

အိုင်လွယ်ပန် said...

ငြိမ့်ငြိမ့်လေးပဲဗျ.....
အမေပေးလိုက်တဲ့ အမွေကိုဦးညွှတ်မှုလေးတစ်ခု
ဖျပ်ကနဲ တွေ့လိုက်တယ်အစ်ကို.....

SoeMoe said...

ကဗျာလေးကောင်းတယ်အစ်ကို...