20 December 2008

တရိပ်ရိပ် ပြေးတက်လာကြ၊ ယဉ်ကျေးသော စာမျက်နှာများပေါ်...

စိမ်းရွှေပုပ်အဲ့ လူသွားလမ်းကလေး...။ လေစကြာပင်တွေ တ၀ှီးဝှီး တိုးဝှေ့နေ၊ အထီးကျန်ငြင်းပယ်ခံရခြင်း သစ်သီးများ ယောင်ကိုင်းပြည်တည် ပုပ်ပွ။ မခွဲမစိတ် သွားနဲ့ဖိကိုက်ထားရသလို စိတ်မှာ အရာထင်ခဲ့၊ ကျနော် ကျမတို့ ရိုရိုကျိုးကျိုး တမိုးချုပ်ခဲ့ပြန်ရာ။ တနေ၀င်ခြင်းအမှုန်အမွှားများ ရွေ့ ပြီးရင်း...ရွေ့။ သက်ဆိုင်သူများ၊ မသက်ဆိုင်သူများ သံတုံးသံခဲတွေလို မာခဲအေးဆတ်။ ဆောင်းရဲ့ ပတ်ကြားအက်ကြီးတွေကြား စိမ့်အေးမှုက တစ်စက်စက်ယိုကျပြန်သေး။ လူသူလေးပါး ကင်းဝေးရာ၊ လူလိုသူလို မနေဖြစ်ကြရာ၊ လူတစ်လုံးသူတစ်လုံး အိပ်မက်များလဲ ထွင်းထုရာ။ စကားတွေ၊ တရားတွေ မကြာမကြာလွတ်ကျ/လွှတ်ချ၊ စကားတွေ၊ တရားတွေ မကြာမကြာ ပြန်ကောက်/ပြန်ဆယ်။ တစ်ယောက်တည်းနေတတ်ဖို့ တစ်ယောက်ယောက်ကို အော်ခေါ်။ မနိုင်ဝန်တွေကိုထမ်းထမ်းပြီးတော့ မနိုင်နိုင်ရာမဲ။ ကျန်ခဲ့ရ...၊ ကျပျောက်ခဲ့ရ... ကြေကွဲထိရှစွာ...။ အရိပ်တွေကတော့ ဟိတ်ဟန်ကောင်းစွာ။ အတောင်တစ်ဖက်ကျိုးနေတဲ့ ပျံလွှားငှက်ကလေးကို အားကျချစ်ခင်မိပါရဲ့။ စိတ်ကို ဆူးစူးမခံခဲ့ပုံ။ ဘိုးဘွားပိုင် ယာမြေကလေးကို တူးဆွကြည့်တော့ အိမ်အပြန်ညနေခင်းတွေက တွန့်ခေါက်မှုန်ဝါးဆဲလေ။ ခပ်ဆွေးဆွေး ချုပ်ရိုးတွေထဲ နလန်မထူနိုင်နေ့စွဲများ ရင့်သီးကွဲအက်၊ အာသီသပ၀ါနွမ်းလေး... ညိုမွဲဆွေးရီ။ နေသည် အရှေ့အရပ်မှ ထွက်မြဲ...။ သူတို့ တရိပ်ရိပ် ပြေးတက်လာကြပြီ။ ယဉ်ကျေးသော စာမျက်နှာများပေါ်...။

ညိမ်းညို

12 comments:

Unknown said...

ပုံစံတမျိုးလေးပေါ့..ကဗျာဆရာကဆန်းသစ်ကုန်ပီ.. :P

အိုင်လွယ်ပန် said...

ရေးပုံအသစ်လေး
ရှားတယ်ဗျ.........
ကောင်းတယ်အစ်ကို

တင့်ထူးရွှေ said...

ကိုညိမ်းရေးတဲ့ ကဗျာရေးတဲ့ ဟန်အသစ်လေး၊ စကားလုံးတွေ အားကြီးကောင်းလွန်းတယ် ။ ။

Apprenticeship said...

စားသားတွေနဲ့ အတွေးတွေ အမြဲလေးနက်တယ်။ ယဉ်ကျေးမှုဆိုတာ အမြဲပြောင်းလဲနေရတယ်။ ကမ္ဘာ့လူသားတွေအားလုံးလက်ခံနိုင်တဲ့ ယဉ်ကျေးမှုကို ဦးတည်နေကြရအောင်လား။။။။။။

pandora said...

လေးထောင့်စာပိုဒ်ထဲ တန်းစီပစ်ထည့်ထားပေမယ့် ကဗျာတွေက တရိပ်ရိပ်ပြေးတက်နေဆဲ

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ ညီလေးရာ။

mgngal said...

ကျနော် ဆွဲဆန့် လိုက်တော့ ကဗျာက အရှည်ကြီးပဲ ။

Anonymous said...

ကဗျာကို ပုံစံလေးးပြောင်းရေးထားတာကို မမှီပါဘူးဆို အမြင့်မှာ သီးပြန်ပြီး ဒီကဗျာသစ်သီးကတော့.........။

Layma said...

မော်ဒန်ရေးနည်းလား ပို့ စ်မော်ဒန်လား..။ စကားပြေလား.. ကဗျာလား...။ မြုပ်ရေးရင်း ဖော်ပြ..။
အသံထွက်ရွတ်ရတာ အရသာရှိတယ်..။ သို့ ပေမယ့် ၀ှက်ဖဲတွေ မလှန်နိုင်ခဲ့.။။။

Anonymous said...

ကဗျာဆရာက ဆန်းသစ်နေပါလားဗျ.. ဆန်းသစ်မှုလေးကို ခံစားသွားတယ်ဗျာ

SoeMoe said...

ပုံစံအသစ်ကဗျာရေးနည်းပေါ့နော်..
ကောင်းတယ်..

thihanyein said...

ဘာနာမည်ပေးပြီးဖတ်ရမလဲ အမလေးမပြောသလို
ကဗျာလား စကားပြေလား
ကောင်းလိုက်တာဗျ