24 September 2007

ရေချမ်းစဉ်

ငါဟာ ရေချမ်းစဉ်လေးပါ
ဖြူလွလွသဲပွင့်များပေါ်
ငြိမ်းအေးမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ကိုယ် တိမ်မြုပ်
ဘာကိုမှ အရေးမလုပ်ပဲနေနေတာ မဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့ကလမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ်
စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်
ငါ့ရေချမ်းစဉ်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်
နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ
နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ
အဲဒီလို ဆိုခွင့်ငိုခွင့်ကင်းမဲ့နေတဲ့ငါ့ကို
ခွင့်လွှတ်ပေးပါဦးကွယ်
စကားတွေ အများကြီးပြောလို့ မရဘူးလေ
ငါက အသက်မဲ့နေတဲ့ ရေချမ်းစဉ်လေးမို့ပါ ။

ညိမ်းညို

3 comments:

ရွက်ဝါ said...

သူများဆိုသလို မဆိုနိုင်သေးတာ
သူများငိုသလို မငိုနိုင်သေးတာ
ဝမ်းနည်းစရာ လို့တွေးမိရင်၊

အမှားနဲ့ အမှန် အချိုနဲ့ အခါး
ကောင်းစွာနားလည် ထားတာကလည်း
ဂုဏ်ယူစရာပါ လို့ပြန်မြင်လိုက်။

ဒီထဲမှာ တူညီတဲ့ မေတ္တာတရား
အားလုံးအပေါ်ထား ထားတယ်ဆိုတော့
ရေချမ်းစဉ်လေးရေ
မင်းက လောကကို
ကောင်းကောင်း အလှဆင်ပေးနေသူပါကွာ။

eithu said...

အတွေးလှလှ ကဗျာတစ်ပုဒ် လို့ခံစားမိပါတယ် ..
အောက်ဆုံးက နှစ်ကြောင်းကို တော့ ပြုံးမိပါတယ်..
အများကြီးပြောခဲ့ပြီးပြီလေ .. =)
နားထောင်လို့ကောင်းပါတယ် ..

Unknown said...

Much appreciated your poem, your attitude..
Keep it up, friend, may you be always a good citizen of our mother land.