17 September 2007

ငါတို့ ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား

ပျောက်ဆုံးနေတဲ့ သော့တစ်ချောင်းအတွက်
လူလိုသူလို အသက်ရှူတတ်အောင် ကျင့်သုံးနေထိုင်တယ်
ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတာက ငါတို့ကျဉ်းမြောင်းနေပြီ ဆိုတာကိုပဲ
ဝေးရင်လည်းဝေးသလို နီးရင်လည်းနီးသလို လွမ်းတယ်ဆိုတာ အဆီးအတားမရှိဘူးမို့လား
စိတ်စေရာပန္နက်ရိုက်ရရင် လက်တစ်ဆုပ်စာအတွေးလေးကအစ လည်မျိုထိတွယ်တက်လာလိမ့်မယ်
ဘယ်လိုလဲ..ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား
နံရိုးတွေပန်းသီးတွေကို ငါမသိဘူး၊ ငါချစ်တတ်သလို ချစ်ပြခဲ့တာ
မျက်မြင်သက်သေတစ်ယောက်ကို ရုံးတော်ထဲခေါ်သွင်းလာပြီလား
ငါကလည်း မျက်မမြင်သက်သေ ရာ၊ ထောင်ပေါင်းများစွာနဲ့ တန်းစီပြီးစောင့်နေလို့ရတယ်
ယုံကြည်မှုတစ်ခုမှာ သက်သေပြပုဂ္ဂိုလ်တစ်ယောက်မှမလိုဘူးထင်လို့ ကိုယ့်ကိုယ်ကို မီးရှို့ထားတာ
အလင်းတန်းတွေဖြာထွက်လာရမယ်လို့ မဆိုလိုပါဘူး
မီးခိုးတွေအူထွက်မလာရင်ကိုပဲ ကြံဖန်ပြီးဂုဏ်ယူနေဦးမဲ့ကောင်
လက်ဆွဲနှုတ်ဆက်တာနဲ့ ပခုံးကိုခပ်ပြင်းပြင်းလေးရိုက်ပုတ်လိုက်တာ
ယဉ်ကျေးမှုချင်းတော့ သိပ်မကွာဘူးမို့လား
"ဟေ့ကောင်ကြီး" ဆိုပြီး ရှိတာတွေချကျွေးလိုက်ရင် ဗိုက်ပူနံကားတဲ့အထိ တ၀ကြီးစားပစ်လို့ရတယ်
ကဗျာကို ပေမီဒေါက်မီမရေးဘူးတဲ့၊ အော်ဟစ်ပြီးရီလိုက်ပါလား နားရွက်တွေ နွေးသွားတဲ့အထိ
ငါလည်းလူငယ်ပဲ၊ ဒါပေမဲ့ ခေတ်တစ်ခေတ်မှာ လူငယ်တစ်သိုက်ထဲ မိုက်နေလို့မရဘူး
ဒီတော့ ငါ့ကဗျာမှာ ရပ်သုံးရွာသုံးတွေ ထုံမွမ်းနေတာ မဆန်းဘူးမို့လား
စကားလုံးတွေ ကိုးကျင်းကိုးကျာင်းနဲ့ ကြိမ်းမောင်းနေရတာ ကြာတော့ အံသွားတွေညောင်းလှပြီ
ခြေညောင်းလက်ဆန့်ပဲဖြစ်ဖြစ်ပေါ့ နည်းနည်းလောက်ပျံသန်းကြည့်ကြရအောင်
နေရောင်အောက်မှာမှ ခပ်ကွင်းပြင်လို့ရတာမဟုတ်ဘူးလေ
လရောင်အောက်မှာရှိတဲ့လူကလည်း လရောင်အောက်မှာ ခပ်ကွင်းပြင်မှာပဲ
အဆန်းတကြယ်ဆိုလို့ ဘာမှမရှိဘူး ဗဟိုပြုတွေးလွန်းရင် သိထားတဲ့ဗဟုတွေ ပြိုသွားလိမ့်မယ်
ငါတို့တီးမဲ့စန္ဒယား တစ်သံထဲထွက်ချင်ရင်တော့ (စောင့်နေကြစို့ရဲ့) လူတွေအားလုံးရူးသွားတဲ့အထိ
နောက်ကျော ဓါးစိုက်တာကြီးကိုပဲ ဟိတ်နဲ့ဟန်နဲ့ပြောနေကြ လျှာယားလိုက်တာ
ထမင်းကြမ်းမှ သိုးတယ်မထင်လေနဲ့ ပေါင်မုန့်လည်း သိုးတတ်တာပဲ
ဒီတော့ ..နွားကျောင်းသားတစ်ယောက်ကလည်း အရောင်နဲ့အရိပ်အကြောင်း
သူသိသလောက်တော့ လက်တို့ခွင့်ရှိတယ်မဟုတ်လား
နေရာအထပ်ထပ်ကမ္ဘာအရပ်ရပ် ဘယ်ဒေသမှာပဲအတောင်ပံခပ်ခပ်
လေမရှိရင်တော့ ပျံသန်းလို့မရဘူးမို့လား
အဲဒါကြောင့် ပြောကြည့်ဦးမယ်
ငါတို့ ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား ဆိုတာ...။

ညိမ်းညို

4 comments:

ရွက်ဝါ said...

ကိုညိမ်းညို ..ကဗျာလေးက စပ်ထားတာကောင်းတယ်။ ဒါပေမယ့် ကိုညိမ်းညို ဒေါသဖြစ်နေလား။ ကဗျာထဲမှာ ဒေါသတွေ့ နေသလိုပဲ။ အဓိပ္ပာယ်တော့ သိပ်နားမလည်ဘူး။ ကျွန်တော်ကိုက ကဗျာတွေ သိပ်မခံစားတတ်လို့ပါ။

နေမိုး said...

သံဃာတော်များအား အားဖြည့်သည့်အနေဖြင့် မေတ္တာသုတ်ကို ရွတ်ဖတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

အောက်တွင် မေတ္တသုတ်ကို အသင့်ရှိနေသော အရှင်မဏိဇောတ ပူဇော်ရေးသားသည့် ပရိတ်ကြီး ၁၁သုတ် အသံထွက်ရွတ်ဖတ်နည်း စာအုပ်မှ ရွတ်ဖတ်လိုသူများ အလွယ်တကူရွတ်ဖတ်နိုင်စေရန် ပြန်လည်၍ ကူးယူဖော်ပြလိုက်ပါသည်။

ဒီနေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ်ဆိုးအောက် ကျရောက်နေသော၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို ခံစားနေရသော မြန်မာနိုင်ငံသား ပြည်သူလူထုတရပ်လုံးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေရေးကို ရည်စူးလျှက် ဗုဒ္ဓဘာသာ သံဃာတော်အရှင်မြတ်များမှ စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို တနိုင်ငံလုံးအ၀ှမ်း စတင်လိုက်ပြီဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံသားအပေါင်းမှလည်း မိမိတို့တတ်နိုင်သမျှ စိတ်ဆန္ဒအင်အား၊ ကိုယ်ကာယအင်အားတို့ဖြင့် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ပူးပေါင်းပါဝင်သင့်ပါသည်။ သံဃာတော်အရှင်မြတ်များအား အားဖြည့်သည့်အနေဖြင့် ကျနော်ကိုယ်တိုင်လည်းပဲ ဒီနေ့မှစတင်ပြီး အချိန်အားရခိုက်များတွင် ကြမ်းကြုတ်ရိုင်းစိုင်းနေသောသူများကို ယဉ်ကျေးပျော့ပျောင်းလာပါစေရန် မေတ္တာစိတ်ထား၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသွားခဲ့သည့် တရားတော်များကို ရွတ်ဖတ်နေမည်ဖြစ်ပါသည်။

*****မေတ္တသုတ်*****
၁။ ယဿာနုဘာဝတော ယက္ခာ၊ (ယတ်သာနုဘာဝတော ယက်ခါ)
.....နေ၀ ဒေဿန္တိ ဘီသနံ။ (နေ၀ ဒတ်သင်တိ ဘီသနံ။)
.....ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ (ယင်ညှိ စေ၀ါနုယုန်ဇန်တော။)
.....ရတ္တိန္ဒိဝ မတန္ဒိတော။ (ရတ်တိန်ဒိဝ မ တန်ဒိတော။)

၂။ သုခံ သုပတိ သုတ္တော စ၊ (သုခံ သုပတိ သုတ်တော စ၊)
.....ပါပံ ကိဉ္စိ န ပဿတိ။ (ပါပံ ကိန်စိ န ပတ်သတိ။)
.....ဧ၀မာဒိ ဂုဏူပေတံ၊ (အေ၀မာဒိ ဂုဏူပေတံ။)
.....ပရိတံ္တ တံ ဘဏာမ ဟေ။ (ပရတ်တံ တံ ဘဏာမ ဟေ။)

၃။ ကရဏီယာ မတ္တကုသလေန၊ (ကရဏီယာ မတ်ထကုသလေန၊)
.....ယန္တသနံ္တပဒံ အဘိသမေစ္စ။ (ယန်တ သန်တံ ပဒံ အဘိသမစ်စ။)
.....သက္ကော ဥဇူ စ သုဟုဇူ စ၊ (သက်ကော ဥဇူ စ သုဟုဇူ စ၊)
.....သုဝစော စဿ မုဒု အနတိမာနီ၊ (သု ၀စော စတ်သ မုဒု အနတိမာနီ။)
(အန-တိမာနီဟု မရွတ်ပါနှင့်၊ အနတိမာနီဟု တဆက်တည်း ရွတ်ပါ။)

၎။ သန္တုဿကော စ သုဘရော စ၊ (သန်တုတ်သကော စ သုဘရော စ၊)
.....အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ (အပ်ပကိတ်စော စ သန်လဟုက၀ုတ်တိ)
.....သန္တိန္ဒြိယော စ နိပကော စ၊ (သန်တိန်ဒရိယော စ နိပကော စ)
.....အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ (အပ်ပဂတ်ဘော ကုလေသွ န နုဂိတ်ဓော)
(အပ္ပ-ဂတ်ဘော ဟုမရွတ်ပါနှင့်၊ အပ်ပဂတ်ဘောဟု ရွတ်ပါ။)

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ (န စ ခုတ်ဒ မာစရေ ကိန်စိ)
.....ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ (ယေန ၀ိညူ ပရေ ဥပ-၀ဒေယုံ)
.....သုခိနောဝ ခေမိနော ဟောန္တု၊ (သုခိနောဝ ခေမိနော ဟွန်တု)
.....သဗ္ဗသတ္တာ ဘ၀န္တု သူခိသတ္တာ။ (သတ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ)

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ (ယေ ကေစိ ပါဏဘူတတ်ထိ)
.....တသာ ၀ါ ထာဝရ၀ န၀သေသာ။ (တသာ ၀ါ ထာဝရာဝ န၀သေသာ)
.....ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ (ဒီဃာ ၀ါ ယေ၀ မဟန်တာ)
.....မဇ္စျိမာ ရဿကာ အဏုကထူလာ။ (မစ်ဈိမာ ရတ်သကာ အဏုကထူလာ)

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ (ဒိတ်ထာ ၀ါ ယေ၀ အဒိတ်ထာ)
.....ယေ၀ ဒူရေ ၀သန္တိအ၀ိဒူရေ။ (ယေ၀ ဒူရေ ၀သန်တိ အ၀ိဒူရေ)
.....ဘူတာ၀ သမၻေ၀သီ၀၊ (ဘူတာ-၀ သမ္ဘေ၀သီ-၀)
.....သဗၺသတၱာ ဘ၀ႏၱဳ သုခိတတၱာ။ (သတ္ဗ-သတ္တာ ဘ၀န္တု သုခိတတ္တာ)

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ (န-ပရော ပရံ နိကုပ်ဗေထ)
.....နာတိမညေထ ကတ္ထစိ န ကဉ္စိ။ (နာတိမင်ညေထ ကတ်ထစိ န-ကင်စိ)
.....ဗျာရောသနာ ပဋ္ဋိဃသည၊ (ဗျာရောသနာ ပတိယ သင်ည)
.....နာညမညဿ ဒုက္ခ မိစ္ဆေယျ။ (နင်ညမင်ညတ်သ ဒုတ်ခ မိတ်ဆေယ)

၉။ မာတာ ယထာ နိယံပုတ္တ၊ (မာတာ ယထာ နိယံပုတ်တ)
.....မာယုသာ ဧကပုတ္တ မနုရက္ခေ။ (မာယုသာ အေက-ပုတ်တ မနုရတ်ခေ)
.....ဧ၀မ္ပိ သဗ္ဗဘူတေသု၊ (အေ၀မ်ပိ သတ်ဗဘူတေသု)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အ-ပရိမာဏံ)

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ (မစ်တင်စ သတ်ဗလောက-သမိ)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အပရိမာဏံ)
.....ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ (အုတ်ဓံ အဓော စ တိရိယင်စ)
.....အသမ္ဗာဓံ အဝေရ မသပတ္တံ။ (အ-သတ်ဗာဓံ အဝေရ မ-သပတ်တံ)

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ (တိတ်ထံ စရံ နိသန်နော ၀)
.....သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။ (သယာနော ယာဝတတ်သ ၀ိတ-မိတ်ဓော)
.....ဧတံ သတိံအဓိဋ္ဌေယျ၊ (အေတံ သတိန် အဓိတ်ထေယ)
.....ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။ (ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု)

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ (ဒိတ်ထိန်စ အနုပက်ဂမ်မ)
.....သီလ၀ါ ဒဿနေန သမ္ပန္နော။ (သီလ၀ါ ဒတ်သနေန သမ်ပန်နော)
.....ကာမေသု ၀ိနယ ဂေဓံ၊ (ကာမေသု ၀ိနယ ဂေဓံ)
.....နဟိ ဇာတု ဂၢဗ ၻေသယ် ပုန ရေတိ။ (န-ဟိဇာတုတ် ဂတ်ဘ သေယ ပုန ရေတိ)
မေတ္တသုတ္တံ နိဋ္ဌိတံ။

Kay said...

ညိမ်းညို ရေ.. အော်..မိုးကုတ်သား မှန်း ခုမှပဲ သိတော့ တယ်။ ဘလော့ရပ်ကွက် ထဲ မလဲ မိုးကုတ်သား တွေ တယ်ပေါပါလား။
ဒီကဗျာ လို လို စာ လိုလို လေး က အရမ်း မိတယ်။ မြင့်လည်းမြင့်တယ်။ ဒါပေ..စာရှင် က ဖွက်လွန်း တော့ တချို့ နေရာ တွေ မှန်း လို့ကို မရ ဘူး။ အင်းလေ..ဒါလဲ ကဗျာ ရဲ့ အလှ နဲ့ နက်နဲမူပေါ့။

MELODYMAUNG said...

“နံရိုးတွေပန်းသီးတွေကိုမသိဘူး ငါချစ်တတ်သလို ချစ်ပြခဲ့တာ”
“ကိုယ့်ကိုယ်ကို မီးရှို့ထားတာ
အလင်းတန်းတွေဖြာထွက်လာရမယ်လို့ မဆိုလိုပါဘူး
မီးခိုးတွေအူထွက်မလာရင်ကိုပဲ ကြံဖန်ပြီးဂုဏ်ယူနေဦးမဲ့ကောင်”
အဲဒီ စာသားတွေ အတွေးတွေ ခိုက်တယ်ကွာ နောက်ဆုံးအပိုဒ်လေးကလဲ မိုက်တယ် ပျံချင်ပေမဲ့ လေမရှိရင်ပျံလို့ မရသလို ရှုခဲ့တဲ့ လေတွေထဲမှာလဲ အဆိပ်တွေဘယ်လောက်တောင်ပါလဲ ငါတို့တွေ မသိတော့ပါဘူးလေ