9 September 2007

စံပယ်နန်းတော်


စံပယ်နန်းတော်
မောင်လှမျိုး(ချင်းချောင်းခြံ)


နေရစ်တော့
မစံပယ်ရေ
ဘ၀နယ်တစ်ကွေ့
ခဏငယ်တွေ့ခဲ့ရတဲ့
"မစံပယ်" ဆိုတဲ့
ပန်းကလေးတစ်ပွင့်ရေ ..။

နေ့ဆိုတာ
"နေ" ရှိမှ တင့်တယ်ပါသတဲ့
ညဆိုတာလည်း
ငွေရောင်လမင်း ထိန်ထိန်လင်းမှ
တင့်တယ်ပါသတဲ့
မင်းရဲ့ဘဝ
နေ့ .. ည အသင်္ချေ
တာရာခြွေရံ လမင်းစံမြန်း
နေရောင်ဖျန်းပက်
ရွှေရောင်လွှမ်းယှက် လင်းပါစေ..။

ဘ၀မှာ
ကဗျာတွေကို ငါချစ်ခဲ့သလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ .. ချစ်ပါရစေ မစံပယ်။

“မြ” ဆိုတာ စိမ်း
“စံပယ်” ဆိုတာ ရနံ့ပန်း
“လှိုင်” ဆိုတာ ပေါကြွယ်လျှမ်း
သင်းပျံ့တဲ့ စိမ်းမြမှုတွေ
ပေါများကြိုင်လှိုင်နေတဲ့
“မစံပယ်” ဆိုတဲ့ ကောင်မလေးရေ
မင်းဟာ..
ငါမနမ်းရက်တဲ့
စံပယ်ပန်းလေး တစ်ခက်ပါကွယ်..။

စံပယ်ဆိုတာ
အဆင်းလှတယ်
ရနံ့သင်းတယ်
ဖြူစင်တယ်
စံပယ်ဆိုတာ
နူးညံ့ပျော့ပျောင်းပေမဲ့
“ခရေ” ပန်းလို
လေသရမ်းရုံနဲ့
ကြွေတဲ့လမ်းကို မရွေးချယ်
အညှာမလွယ်ဘူးပေါ့ မစံပယ်..။

လေပြေအလှုပ် လှိုင်းလိုပုတ်တိုင်း
သူ့အပင်အုပ်အုပ်လေးမှာ
သူ့အကိုင်းနဲ့သူ
သူ့အညှာနဲ့သူ
ဖြူဖြူစင်စင် လူမြင်အောင်ပြ
သင်းပျံ့လှပဆဲပါ .. မစံပယ်။

စံပယ်ဆိုတာ..
နှင်းဆီပန်းလို မာန်ထောင်မကြွ
စူးမြမြတွေနဲ့
အခူးရမခက်ပေမဲ့
သူ့အညှာသူတွယ်
သူ့နယ်သူချစ်
သူ့ခိုင်မာမှုနဲ့သူ
တလူလူလွင့်
ဖြူစင်သင်းပျံ့စွာ
ပွင့်နေတာပါ..မစံပယ်။

စံပယ်ဆိုတာ..
မဉ္ဇူသကနတ်ပန်းလို
ဘုံနန်းစံပန်း မဟုတ်ပေမဲ့
သူ့ဘ၀င်..သူမြှင့်
သူ့အသွင်..သူတင့်
ဖြူစင်ဝင့်ထည်
သူ့ဘ၀သူခင်တွယ်တဲ့
ပန်းမြတ်နွယ်ဝင် ရွှေသဇင်လို
ဂုဏ်တင်လျက်ပါ မစံပယ်..။

စံပယ်ဆိုတာ..
အလေ့ကျချုံပုတ်
ဆူးရုံရှုပ်ထွေး၊ လမ်းနံဘေးမှာ
အပြေးအလွှား ပွင့်ဖူးတဲ့
မလေးစားစရာ အညံ့ပန်းတော့
မဟုတ်ပါဘူး..မစံပယ်။

ပန်းဆိုတာ
နန်းလိုကြတာ
ဓမ္မတာပါ ..မစံပယ်
အနမ်းခံပန်းတွေကြားမှာ
အနင်းခံပန်း မဖြစ်ရအောင်
ကိုယ့်ဘ၀ကိုယ်..ထူထောင်ပြီး
နေရောင်ခြည်ကို
ရဲရင့်စွာ ငေးကြည့်စမ်းပါ မစံပယ်..။

နေပြင်းတိုင်း စံပယ်မနွမ်း
လေပြင်းတိုင်း စံပယ်မကြွေ
လေပြေမှာ ရနံ့သင်း
မြေပေါ်မှာ အညှာခိုင်
ထိကိုင်မိရုံနဲ့
သတိယိုင်အညှာကျိုးရင်
အဲဒါ..
စံပယ်အမျိုးမဟုတ်ဘူး..မစံပယ်။

စံပယ်ကိုငွေရောင်တင်
စံပယ်ပင်ကို ရွှေရောင်ဆိုး
စံပယ်အမျိုးကို ရွှေနဲ့ပက်ရင်
ငါမြတ်နိုးတဲ့
စံပယ်ပင်လေး..
နေရောင်ကြောင့်မနွမ်းဘဲ
ရွှေရောင်ကြောင့် နွမ်းရဲသွားမှာ
ငါ..အစိုးရိမ်ဆုံးပါ မစံပယ်။

အနမ်းအမှောင်တွေကြားက
မစံပယ်ကို
(ဟောဒီ..
အလွမ်းတစ်ထောင်က)
ကျမ်းတစ်ထောင်ဖွဲ့မထားပေမဲ့
စံပယ်ကို မော်ကွန်းတင်
စံပယ်ကိုဦးညွှတ်ချင်တဲ့
ငါ့သံယောဇဉ်ထုထည်ကို
နုနယ်တဲ့ ပွင့်ဖတ်တွေကြားက
မေးဖျားလေးထောက်ပြီး
တစ်ချက်လောက်ဖြစ်ဖြစ်
ငေးကြည့်ပါလား..မစံပယ်။

ပန်းပေါင်းစုံတဲ့
ရနံ့တောထဲမှာ
စံပယ်တစ်ငုံဖူး
စံပယ်တစ်ဖူးပွင့်
စံပယ်တစ်ပွင့်သင်း
စံပယ်တစ်ပင်လန်းဖို့အတွက်
လုံခြုံတဲ့တစ်နေရာ
ဟောဒီ..မြေကမ္ဘာပေါ်
ဖွေရှာတူးဖော်ပြီးပြီလား..မစံပယ်။

စံပယ်ဆိုတာ
ကုမုဒြာပန်းလို
လ,ရောင်ဖြန်းမှ ပွင့်လန်းရတဲ့
ပန်းပွင့်မျိုး မဟုတ်ပေမဲ့
လ,ရောင်ဖျန်းဖျန်း၊ မဖျန်းဖျန်း
လ,ရောင်ဆန်းဆန်း၊ မဆန်းဆန်း
ည,ဆိုတဲ့ အမှောင်လမ်းမှာ
ပန်းဆိုတဲ့ စံပယ်ဖြူဖွေး
ဘာကိုတွေးလို့
ပူဆွေးနေရမှာလည်း ..မစံပယ်။

အမှောင်မှာ
လ,မသာရုံနဲ့
မြလွှာရုံ
ခြုံငုံတဲ့ စံပယ်ဖြူဖွေး
ညစ်ထေးသွားရောလား မစံပယ်။

မှောင်သွားလို့ မည်းတဲ့အထဲမှာ
အဖြူရောင် မစံပယ်လေး
ဖြူဖွေးနေဖို့သာ
အရေးကြီးတာပါ မစံပယ်။

အမှောင်က
အမှောင်အလုပ်ကို လုပ်လိမ့်မယ်
အလင်းက
အလင်းအလုပ်ကို လုပ်လိမ့်မယ်
မှောင်မှောင်လင်းလင်း
မြေတလင်းမှာ
စံပယ်ရနံ့ သင်းပျံ့ဖို့သာ
လိုလားတာပါ မစံပယ်။

အလင်းရောင်ရှိမှ
အဖြူအမည်း
သဲကွဲတတ်တာ မှန်ပါတယ်
ဒါပေမဲ့..မစံပယ်
အလင်းရောင်မရှိလို့
မှောင်နေရုံနဲ့
အဖြူက အရောင်ပြောင်းပြီး
အမှောင်ရဲ့ အရိပ်
မည်းချိပ်ချိပ်ကလေးအဖြစ်
ညစ်ထေးသွားတတ်သလား မစံပယ်။

အမှောင်ကြောင့်
အဖြူဟာ
အရောင်ပြောင်းမသွားပါဘူး
အလင်းကြောင့်
အမည်းဟာ
ဖြူမသွားပါဘူး
အဖြူက အဖြူ
အမည်းက အမည်း
သဲကွဲဖို့က
အမှောင်ထဲမှာ
ဖြူရဲဖို့သာ
လိုအပ်တာပါ မစံပယ်။

အမှောင်အလင်း
မသန့်ရှင်းရင်တောင်
စံပယ်ရနံ့ သင်းသန့်သန့်လေး
ပျံ့မွှေးနေမြဲပါ မစံပယ် ။

အလင်းရောင်ကြောင့်
အဖြူရောင် စံပယ်ဖွေးလေး
ပိုမိုပြီး အရောင်ပြေးသွားတာလည်း
သဘာဝပါပဲ မစံပယ်။

အလင်းမဲ့တဲ့ တစ်ခဏ
ညအမှောင်ဖုံးသွားတာနဲ့
ဘ၀တစ်ဆောင်လုံး
ပျက်ပြုန်းသွားတာ
သဘာဝမကျပါဘူး မစံပယ်။

အမှောင်ထဲမှာ..ရဲရဲဖြူပြီး
အလင်းထဲမှာ..မြဲမြဲမွှေးဖို့
အညှာမယိုင် အပင်မယိမ်းဘဲ
(ကိုယ့်ကိုယ်ကို) ချုပ်ထိန်းမှသာ
သဘာဝကျပါတယ် မစံပယ်။

အမှောင်ထဲမှာ မနေရဲလို့
တံချူခေါ်ရာ အလင်းတိုက်ထဲ
ခေါင်းငိုက်လိုက်ပါသွားကြတဲ့
ဧည့်နန်းစံ ပန်းတွေထဲမှာ
စံပယ်ပန်းကုန်း
အမွှေးဆုံးလေးတွေ
မပါဝင်ပါစေနဲ့ ..မစံပယ်။

ပန်းဆိုတာကတော့
(တစ်ချိန်ချိန်မှာ)
နွမ်းရစမြဲပါ မစံပယ်
သူ့အပင် သူ့အခက်
သူ့အလက် သူ့အညှာမှာ
သူ့ဘာသာနေရင်း
သူ့ဘာသာ နွမ်းကြွေသွားတာ
ဝမ်းနည်းစရာမဟုတ်ပါဘူး မစံပယ်။

လောကသဘာဝ
အနိစ္စမို့
ဖူးရာမှငုံ၊ ငုံရာမှ..ပွင့်
ပွင့်နေစဉ်လန်း၊ လန်းရာမှ..နွမ်း
နွမ်းရာမှညှိုး၊ ညှိုးရာမှ..ကြွေ
ကြွေရာမှခြောက်
ပြီးပျောက်သွားတာ
ဖြေသာစရာပါ..မစံပယ်။

ပန်းဆိုတာကလည်း
အခူးခံရဖို့
ပွင့်လာကြသလိုပါပဲ
ခူးရက်လို့ ..ခူးခဲ့ကြတဲ့
ခူးလက်တွေနောက်
ရောက်သွားခဲ့ကြရင်လည်း
မြင့်မြတ်တဲ့..ပန်းခူးလက်
ယုယတဲ့..ပန်းခူးလက်ထဲက
ထည်ဝါတဲ့ ဘုံနန်းပေါ်မှာ
သင့်လျော်သလို
ပျော်စေချင်ပါတယ်..မစံပယ်။

ပန်းခူးလက်နဲ့
ပန်းခြွေလက်
ခွဲခြားရမခက်စေဖို့
ပန်းသက်ရှည် ကိုယ်ပိုင်အလင်းကို
အစဉ်အမြဲ
ထွန်းတောက်ရဲပါစေ..မစံပယ်။

အလင်းရောင်မှုန်ပျပျဆိုတာ
အမှောင်ပါပဲ ..မစံပယ်။
အလင်းမှိန်မှိန်
မ၀င်းထိန်သလို
စံပယ်ပွင့်လွှာ
သူ့ညှာတံလေး
တွန့်လိမ်ကွေးကောက် နွမ်းခြောက်သွားမှာ
စိုးရိမ်တာပါ ..မစံပယ်။

(၂၁) ရာစုရဲ့
မှုန်ပျပျအလင်းရောင်အောက်မှာ
ယမကာအနံ့
စူးရှရှတွေရဲ့ ကြားမှာ
အလိုရမ္မက်ဖုံး
ရီဝေေ၀ မျက်လုံးတွေရဲ့ နံဘေးမှာ
အမှားပြင်ဆင်ဖို့ခက်
မြင်မြင်ချင်း နှစ်သက်တတ်တဲ့
ပန်းချိုးလက်တွေရဲ့
နယ်ချဲ့ မှုတလင်းမှာ
“မစံပယ်”
သီဆိုတဲ့ သီချင်း
ဘယ်သူက
နားသွင်းမှာတဲ့လဲ..မစံပယ်။

“ဂီတ” ဆိုတာ
ဘ၀ရဲ့ အလင်္ကကာ
“သီချင်း” ဆိုတာ
ဘ၀ရဲ့ ဝေဒနာ
ထိုဝေဒနာ
ပြေရာပြေကြောင်း
တောင်းဆိုနားဆင်နေတဲ့
ကျားဘုရင်
သခင်မျက်လုံးတွေရဲ့
ရီဝေေ၀ မျက်လုံးတွေကြားမှာ
တကယ်ခံစားတတ်တဲ့
အနုပညာ ချစ်ခြင်းတရား
ရှိတတ်ကြလို့လား မစံပယ်။

ကျားတွေ
သီချင်းမကြိုက်တတ်ကြသလို
ပန်းတွေကလည်း
အရက်မကြိုက်တတ်ကြပါဘူး။

ဒါပေမဲ့..မစံပယ်ရေ
ကျားနဲ့သီချင်း
ပန်းနဲ့အရက်
ရောယှက်တွယ်ငင်
မြင်မြင်သမျှ
ရင်မှလှိုက်ဖို၊ မျက်ရည်ပြိုကျ
ငါချစ်ရတဲ့
စံပယ်ဖွေးဖွေးလေးအပေါ်
ရွှေရောင်ငွေရောင်တွေ
ဖြတ်သန်းကျော်လွှားသွားပြီဆိုတာ
ပွင့်လွှာပေါ်မှာ..ခြေရာတစ်ချို့က
ပြောပြနေသလိုပါပဲ..မစံပယ်။

“စံပယ်” ဆိုတဲ့
ပန်းပွင့်လေးကို
နေရောင်ခြည်နောက်ခံနဲ့
ငေးကြည့်ချင်လို့
ရန်ကုန်မြစ်ကမ်းနံဘေးက
ဆည်းဆာရောင် လေပြေညင်းအကြားမှာ
မင်းကို..
ငါ..
စောင့်စားခဲ့တာပါ မစံပယ်။

ရန်ကုန်နဲ့ ဒလအကူး
မျက်လုံးတွေ မူးစေလောက်တဲ့
လူဦးရေ များစွာအကြားကို
မင်း..
ငေးကြည့်ဖူးပါသလား မစံပယ်။

ရုံးတက်သူက ရုံးအပြန်
ကျောင်းတက်သူက ကျောင်းအပြန်
အလုပ်ဆင်းသူက အလုပ်အပြန်
ဈေးရောင်းသူက ဈေးရောင်းအပြန်
မြစ်ကူးတဲ့ “ဇက်” ပေါ်က
အိမ်အပြန်ချွေးစက်တွေရဲ့ ..အနံ့ဟာ
စံပယ်ရနံ့လောက် မသင်းပျံ့ပေမဲ့
သူတို့ရဲ့ ချွေးစက်တန်ဖိုး
မင်း..
မြတ်နိုးဖူးပါသလား မစံပယ်။

စက်ရုံက အလုပ်သမ
ပန်းရံသယ်တဲ့ အလုပ်သမ
ဈေးရောင်းပြန်လာတဲ့ ဈေးသည်မတို့ရဲ့
သနပ်ခါး ပါးကွက်ကြား
ချွေးစက်တွေကြောင့်
ပျက်ပြယ်သွားရပေမဲ့
သူတို့ရဲ့ အိမ်အပြန်
အဖိုးတန်ပါတယ် မစံပယ်။

အလုပ်သမတို့ရဲ့ အိမ်အပြန်
ဆင်းရဲသူတို့ရဲ့ အိမ်အပြန်
ချွေးစက်တို့ရဲ့ အားမာန်ဟာ
ရန်ကုန်မြစ်ရေကိုတောင်
လျှံတက်သွားလောက်ပါတယ် မစံပယ်။

နေရာင်ခြည်က မှေးမှေးမှိန်
သနပ်ခါးရနံ့
ချွေးစက်ရနံ့တို့ရဲ့
အိမ်ပြန်ချိန်ကျမှ
မစံပယ် အိပ်ရာထ
မိတ်ကပ်အရောင်
ဖောင်းကြွကြွနဲ့
ညမှာ အလုပ်ဆင်း
ညမှာ သီချင်းဆိုဖို့
အမေကို နှုတ်ဆက်
အဖေကို နှုတ်ဆက်
မောင်နှမတွေကို နှုတ်ဆက်
ညီမ၀မ်းကွဲရဲ့ လက်ကိုဆွဲပြီး
“ည” ကို ရဲရဲရင့်ရင့်
ဖွင့်လှစ်ခဲ့တာ
အဲဒါ..
ကဗျာဆန်ပါ့မလား.. မစံပယ်။

ဘ၀မှာ
“ကဗျာ” တွေကို ငါချစ်ခဲ့သလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ..ချစ်ပါရစေ..။

အနမ်းဆိုတာ
နူးညံ့တဲ့ ပေးအပ်မှုပါ မစံပယ်။

မင်းရဲ့ ..ဆံဖျား
မင်းရဲ့ ..ပါးပြင်
မင်းရဲ့ ..ရင်ခွင်
မင်းရဲ့ .. လည်ရစ်
မင်းရဲ့ .. နှုတ်ခမ်း
မင်းရဲ့ .. နဖူး
မင်းရဲ့ .. လက်ချေင်းသွယ်
မင်းရဲ့ .. လက်ဖမိုး
မင်းရဲ့ .. မျက်ဝန်း
မင်းရဲ့ .. မျက်တောင်
အားလုံးကို ကွေ့ရှောင်ပြီး
ငါ့ရဲ့ အနမ်းလိပ်ပြာတစ်ကောင်
ဘယ်သောင်မှာ..
နားခိုရမှာလဲ မစံပယ်။

လေပွေရစ်နေတဲ့
အနမ်းမြစ်ကြောတစ်လျှောက်
ဒဏ်ရာရ လှေငယ်တွေ
ဘယ်နှစင်းလောက်
တိမ်းမှောက်ပြီးပြီလဲ မစံပယ်။

မစံပယ်ရေ..
လိပ်ပြာ ပိတုန်း
ပန်းဝတ်ရည် သုံးစွဲတာ
သဘာဝတရားပါ။

ပန်းပွင့်တစ်ပွင့်တည်းကို
ဝိုင်းအုံရစ်ဝဲနေတာလည်း
သဘာဝတရားပါပဲ။

ပန်းပွင့်ဖတ်ပေါ်
ခို..နားပျော် ခြေရာတွေလည်း
ဝင်လာမဆဲ
တသဲသဲပါလား မစံပယ်။

ပွင့်လွှာပွင့်ဖတ်
ညှာတံရဲ့ အစပ်မှာ
ပျားပန်းခပ်ခဲ့တဲ့
ခြေရာအဟောင်းတွေကြောင့်
အားလုံးနဲ့
ကင်းလွတ်တဲ့နေရာတစ်ခု
ငါ့ကို..
ရှာဖွေခွင့်ပြုပါ မစံပယ်။

ပျား..ပိတုန်း..လိပ်ပြာ
အားလုံးဟာ
ပန်းတစ်ပွင့်ရဲ့
ပွင့်ဖတ်ပေါ်မှာသာ
ဝတ်ရည်ငုံရင်း
ပျော်ပါးတတ်ကြတာပါ။

သူတို့ရဲ့ ခြေရာ
ကင်းလွတ်ရာ နေရာကတော့
မြေထဲမှာ နစ်နေတဲ့
ပန်းတစ်ပွင့်ရဲ့
အမြစ်တွေပါပဲ ..မစံပယ်။

ငါ့လိပ်ပြာတစ်ကောင်
စံပယ်ပင်ခြေထဲကို ငုပ်လျှိုးပြီး
ခြေရာတွေ ကင်းလွတ်ရာကို
ရှာဖွေတွေ့ရှိခဲပါပြီ။

အို..မစံပယ်
မင်းရဲ့ ဆံဖျား၊ ပါးပြင်
မင်းရဲ့ ရင်ခွင်၊ လည်ရစ်
မင်းရဲ့ နှုတ်ခမ်း၊ နဖူး
မင်းရဲ့ လက်ချောင်းသွယ်၊ လက်ဖမိုး
မင်းရဲ့ မျက်ဝန်း၊မျက်တောင်
အားလုံးကိုကွေ့ရှောင်ပြီး
ငါ့ရဲ့ အနမ်းလိပ်ပြာတစ်ကောင်
မင်းရဲ့ ခြေခုံဖြူဖြူလေးပေါ်မှာ
(စံပယ်ပွင့်ဖတ်လေးပေါ်
နားခိုနေတဲ့ လိပ်ပြာတစ်ကောင်လို)
ခိုနားအိပ်ပျော်နေပါတယ် မစံပယ်။

မင်းရဲ့ ခြေခုံဖြူနုနုလေးဟာ
ငါ့အတွက်
စံပယ်ပွင့်ဖတ်လေးတွေပါပဲ။

မင်းရဲ့ ခြေခုံဖြူနုနုလေးပေါ်က
မွှေးညင်းလှလှလေးတွေဟာလည်း
ငါ့အတွက်
ဝတ်မှုံငွေရောင်လေးပါပဲ။

အဲဒီ..
ခြေခုံဖြူနုနုလေးအပေါ်
ငါ့အနမ်းလိပ်ပြာလေးတွေ
လွတ်လပ်စွာ
ပျော်ပါးဝဲပျံပါရစေ..မစံပယ်။

အဲဒီနေရာလေးဟာ
ရနံ့ဆိုးတွေနဲ့ ကင်းလွတ်တယ်
ပျား၊ ပိတုန်းတို့ရဲ့
အတောင်ပံခတ်သံနဲ့ ကင်းဝေးတယ်
အဲဒါကြောင့်
ငါရင်အေးရပါတယ် မစံပယ်။

နေရစ်ခဲ့ပါ မစံပယ်
နေရစ်ခဲ့ပါ မစံပယ်..
အမှောင်ထဲမှာ၊ မင်း..မပျော်ပိုက်ပေမဲ့
အမှောင်အမိုက်ထဲက
ရွှေရောင်ငွေရောင် ပယင်းရောင်
ဖိတ်ဖိတ်လျှံလျှံတွေဟာ
မင်းတို့စိတ်တွေကို အလင်းပြန်
မိသားစုရဲ့ ထမင်းပန်းကန်တွေကို
ထိမှန်ခဲ့ပြီမဟုတ်လား မစံပယ်။

ဒလ သင်္ဘောဆိပ်က
ရန်ကုန်မြစ်ကမ်းနံဘေးမှာ
မင်းရဲ့ခြေဖမိုးလေးကို
ငါငေးကြည့်နေမိတာ
မင်းမှတ်မိမှာပါ မစံပယ်။

မင်းရဲ့ ခန္ဓာတစ်ခုလုံးမှာ
အဲဒီနေရာသာ
အသန့်ရှင်းဆုံးပါလို့
ငါ..ယူဆမြတ်နိုးရင်
မင်း..
အပြစ်တင်ချင်ပါသလား မစံပယ်။

ကားလှလှလေးတစ်စီးပေါ်က
မင်းဆင်းသက်လာတာကို မြင်ရတိုင်း
စံပယ်ရိုင်းလေးတစ်ပွင့်
လေလွင့်ပြီး ပြုတ်ကျလာတယ်လို့
ငါ.. တွေးမြင်မိပါတယ်။

စံပယ်ဆိုတာ
မရိုင်းရဘူး.. မစံပယ်
စံပယ်ဆိုတာ
မကြမ်းရဘူး.. မစံပယ်
စံပယ်ဆိုတာ
အညှာမလွယ်ပါဘူး
သူ့ခွန်အားနဲ့ သူ့အညှာ
ဂဟေဆက်ထားတာပါ မစံပယ်။

ရွှေလက်နဲ့ခေါ်လည်းမသွား
ငွေလက်နဲ့ ခေါ်လည်းမသွား
မြသားရောင် ကတ္တီပါကြားမှာ
ကိုယ့်အင်အားနဲ့ကိုယ်
နုပျိုဖြူစင်မှုကို ခြုံပြီး
ကိုယ့်ကိုယ်ကို..
ယုံကြည်မှု အပြည့်ထားရင်း
ပွင့်သွားခဲ့ကြတဲ့ စံပယ်တွေရဲ့ ရနံ့
ဟောဒီမြန်မာပြည်မှာ
သင်းပျံ့နေဆဲပါ မစံပယ်။

တစ်ဦးတစ်ယောက်နဲ့
ရန်ဖြစ်တော့မဲ့အခါ
စံပယ်ဆိုတဲ့
သဘာဝနဲ့ ညီအောင်
နူးညံ့ဖြူစင်တဲ့
ခွင့်လွှတ်စိတ်ကို မွေးဖို့
ငါ..အကြံပေးတုန်းက
မျက်လုံးလေးမှေးမှိတ်ပြီး
ဒေါသစိတ်ကို
ကြိတ်မှိတ်ဖြေလျော့ခဲ့တဲ့
မင်းရဲမျက်နှာ ၀င်းပပလေးကို
ငေးကြည့်ရင်း
ငါ.. လေးစားခဲ့ရသူပါ..မစံပယ်။

အလင်းရောင်မပီပြင်တဲ့
ပျား၊ ပိတုန်း သံစဉ်တွေကြားမှာ
အန္တာရာယ် ခပ်များများကို ကာကွယ်ရင်း
သီချင်းဆိုမပျက်တဲ့
မင်းရဲ့ မနက်ဖြန်တွေအနား
ဘယ်သူတွေ..
ခိုနားကြဦးမလဲ မစံပယ်။

အဲဒီ မနက်ဖြန်တွေထဲ
မင်းနေရဲသေးတယ်ဆိုရင်
နေသာနေရစ်ခဲ့ပါ မစံပယ်ရယ်။

နေရစ်တော့ မစံပယ်ရေ..
စံပယ်ပွင့်လေးတစ်ပွင့်ကို
ငေးကြည့်ရင်း..
မခူးရက် မမွှေးရက်
မခြွေရက် မချေရက်ဘဲ
ကဗျာလေးတစ်ပုဒ်ကို
မြတ်နိုးနေသလိုမျိုး
ငါ..တန်ဖိုးထားပါရစေ မစံပယ်။

“ထမင်းတစ်လုတ်ကို
ထင်းခုတ်စားလို့ ရတယ်” ဆိုတဲ့
ငါတို့မြန်မာတွေရဲ့
ဆင်းရဲသား မာန်၊ မာနမျိုး
မင်းရဲ့
လျှပ်စစ် သံစဉ်ကြိုးတွေကြားမှာ
မင်း..
ထည့်ဖြစ်အောင် ထည့်ထားစမ်းပါ မစံပယ်။

ညနေစောင်းမှ အလုပ်ဆင်း
ညတလင်းမှာ သီချင်းဆို
မင်းသံစဉ် ပျိုနုနုကို
ဟိုလူ့အတွက်ပေး
သည်လူ့အတွက်ပေးနဲ့
မင်းရဲ့ ဘ၀ရှေ့ရေး
ခဏလေးတွေးပြီး
ရင်မလေးဘူးလား..မစံပယ်။

မင်းရဲ့ ဂုဏ်သိက္ခာကို
စုံမှိတ်ပြီး ထိန်းသိမ်းထားတယ်ဆိုတာ
ငါ..ယုံကြည်ပါတယ် မစံပယ်။

မုန်တိုင်း..လေပြင်း
ညတလင်းထဲမှာ
ငွေတွင်းတူးနေရရှာတဲ့
ပန်းဖူး ပန်းငုံ
ပန်းပွင့်အစုံကြားက
လူသားစား ပျားပိတုန်းတွေရဲ့
အလိုရမ္မက် ပျားရည်စက်တွေကိုတော့
ငါ..
ယုံကြည်ဖို့ ခက်ရတာပေါ့ မစံပယ်။

ငွေပေးလို့..ငွေရ
ရွှေပေးလို့ ..ရွှေရ
ဒါ..သဘာဝကျပါတယ်
ဘာမှမပေးဘဲ ငွေရ
ဘာမှမပေးဘဲ ရွှေရတာမျိုးကတော့
အိပ်မက်တွေ
ဆိုးရွားတတ်တယ် မစံပယ်။

ညသန်းခေါင်အလယ်
အလှတောင်ပံ ယှက်ယှယ်
မီးတောက်မီးလျှံပေါ်
တွယ်တက်နေရတဲ့ အခြေအနေမျိုး
မင်း..မြတ်နိုးလို့လား မစံပယ်။

ပိုးဖလံတွေလို
မီးကိုတိုးနေတာ မဟုတ်ပေမဲ့
မီးတောက်တွေအနား
မီးတောက်တွေအနား
လူးလားပျံသန်းနေရတဲ့အခါ
မီးအဟပ်ခံရတတ်တာ
သေချာမှာပါ မစံပယ်။

မီးဟပ်တဲ့ ဒဏ်ရာတစ်ချို့ကြောင့်
မင်းရဲ့ ပါးပြင်၊ နှုတ်ခမ်း
သွေးစို့စို့ အရောင်သမ်းနေတာ
ငါ..မြင်သာသူပါ မစံပယ်
တစ်ကိုယ်လုံး မလောင်ကျွမ်းတာကိုပဲ
ငါ့ရင်ထဲက..
စိတ်ချနေရဲရတာပါ
စံပယ်ပန်းပဲဖြစ်ဖြစ်
ချယ်ရီပန်းပဲဖြစ်ဖြစ်
အပင်ငယ်ငယ် အပင်ကြီးကြီး
ပန်းကတော့ ပန်းပါပဲ မစံပယ်
အပင်ကြီးမို့ အညှာခိုင်တယ်လို့
မဆိုလိုပါဘူး
အပင်ငယ်မို့ အညှာလွယ်မယ်လို့
မဆိုလိုပါဘူး
ပန်းတို့ရဲ့ သဘာဝ
ကြွေချိန်တန်မှ ကြွေကြရတာကိုသာ
ငါ..လိုလားလို့ပါ မစံပယ်။

အမှောင်ထဲမှာသာ
နေရစ်ခဲ့ပါလို့
ငါ..ထားရစ်ခဲ့တာ မဟုတ်ပါဘူး
ကိုယ့်ပညာ၊ ကိုယ့်အင်အားနဲ့
ရုန်းထွက်လာတာကိုသာ..လိုလားလို့
ငါ..ကျောခိုင်းထားခဲ့တာပါ မစံပယ်။

မိဘမောင်ဘွားတွေရဲ့
အားကိုးမဏ္ဍိုင်
စံပယ်ပွင့် အညှာလေး ပိုမိုခိုင်ဖို့
ကိုယ့်ဘာသာ တံခွန်တိုင်စိုက်တာကို
လိုလားလို့ပါ မစံပယ်။

မင်းရှာတဲ့ငွေ
မိဘတွေအတွက် ရည်စူး
ငါ..သာဓုခေါ်ခဲ့ဖူးပါတယ်
ဒါပေမဲ့ မစံပယ်
မင်းရတဲ့ ကုသိုလ်ထုပ်
နည်းနည်းလေး အမဲအုပ်နေတာ
ငါ..ရင်နာချင်တယ် မစံပယ်။

စက်ရုံ အလုပ်ရုံတွေထဲမှာ
စံပယ်ပွင့်တွေ
အများကြီးရှိတယ်
လမ်းဘေးက ဈေးသည်တွေကြားမှာ
စံပယ်ရနံ့တွေ အများကြီးရှိတယ်
ဆင်းရဲသားတို့ရဲ့ အိမ်ခေါင်းရင်း
ဘုရားကျောင်းဆောင်ထက်မှာ
စံပယ်ခက်တွေ အများကြီးရှိတယ်။

ငွေစော်နံတဲ့ စံပယ်ခြံထဲက
ခပ်ရဲရဲလေး တိုးထွက်ကြည့်တဲ့အခါ
ဆင်းရဲသားတို့ရဲ့
ဘ၀တန်ဖိုး အပေါ်ယံအလွှာမှာ
ချွေးစက်စိမ့်ထွက် လက်တွေအကြား
စံပယ်ပွင့်တွေ အများကြီးရှိတယ်။

စံပယ်ဆိုတာ
ဆင်းရဲသားအားလုံးရဲ့
တော်ဝင်ပန်းပါ မစံပယ်
ယုံကြည်ချက် မာန်မာန
ဆင်းရဲသူအလုပ်သမများစွာတို့ရဲ့ စုစည်းရာ
စက်ရုံ အလုပ်ရုံတွေအပေါ်
ချွေးစက်တွေနဲ့ ပျော်ကြရာ
အဲဒါ..
စံပယ်တို့ရဲ့ နန်းတော်
ဆင်းရဲသူတို့ရဲ့ ပြဿဒ်
သူ့ဂုဏ်ဒြပ်နဲ့သူ
တန်ဖိုးတွေ အလံထူထားကြတာ
အဖြူရောင် ပိတ်သားနဲ့ပါ..မစံပယ်။

နေရစ်ခဲ့မှာလား မစံပယ်
ဆင်းရဲတယ်ဆိုတာ
ဂုဏ်ငယ်စရာ မဟုတ်ပါဘူး
စံပယ်ကို ငွေရောင်ဆိုး
ငွေရောင်ကြောင့် စံပယ်ညစ်
အဲဒါ..
ချမ်းသာခြင်းမှာ နစ်,နစ် သွားတတ်တဲ့
စံပယ်တို့ရဲ့ အပြစ်ပဲပေါ့ မစံပယ်။

ဘ၀တန်ဖိုးကို
ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေနဲ့
ချိန်ထိုးတိုင်းတာတယ်ဆိုတာ
လူဆိုးလူမိုက်တွေရဲ့ ဓလေ့ပါ။

နေရစ်တော့
မစံပယ်ရေ..
ငါကတော့
မနက်ခင်းတစ်ခုရဲ့ အရုဏ်ဦးမှာ
စံပယ်ဖူးလေးတစ်ငုံ
ဖြူစင်မှုဝတ်စုံကို ခြုံပြီး
နေရောင်ခြည်ကို ခုံလှုံလာဖို့အတွက်
ညထဲက မစံပယ်ကို
တမင်သက်သက်
ကျောခိုင်းထားခဲ့ရက်ပြီ။

စံပယ်တို့ရဲ့ နန်းတော်
ဆင်းရဲသူတို့ရဲ့ ပြဿဒ်
သူ့ဂုဏ်ဒြပ်နဲ့သူ
တန်ဖိုးတွေ အလံထူထားကြတာ
အဖြူရောင် ပိတ်သားနဲ့ပါ..မစံပယ်
ဒါမှမဟုတ်
မင်းသင့်လျော်မယ်ထင်တဲ့ အရပ်မှာသာ
နေရစ်ခဲ့ပါတော့ ..မစံပယ်
ဒါမှမဟုတ်
ရုန်းထွက်သင်းပျံ့လှည့်ပါကွယ်
ချစ်သော..စံပယ်။ ။

(စံပယ်ပွင့်များ…သို့)
မောင်လှမျိုး(ချင်းချောင်းခြံ)

1 comments:

Hlaing Htun said...

ကဗျာကို သဘောကျတယ်။ ရေးလဲရေးနိုင်တယ်၊ ဖတ်ရတာကို မောတယ်။ စပယ်ပန်းကို ကြိုက်သူတွေထဲ ကျွန်တော်လဲပါတယ်။ ဘာပဲပြောပြော ကူးရေးပြီး မျှဝေတာကို ကျေးဇူး။