31 January 2008

မြုံနေတဲ့ပင်လယ်

လေလည်းမမှန် မိုးလည်းမမှန်ဘူး..တဲ့
ရာသီဥတုမှာ အပြစ်ကြီး လုံးလုံးဖြစ်လို့
သစ်သီးတစ်လုံးရဲ့ ရနံ့ကိုတောင်
သိမ်သိမ်မွေ့မွေ့ ၀ှက်ထားရတဲ့ပင်လယ်
စိတ်ကူးရှိသလောက်
လက်ပစ်မကူးရဲရှာတော့
ကိုယ့်အဇ္ဇျတ္တနဲ့ကိုယ်
အချိန်မှန်မှန် ခေါက်ရိုးကျိုးနေရ
ဝိညာဉ်ကင်းတဲ့ခန္ဓာက

ရေသေတွေပေါ် ပေါလောမျောပါ
ဒီလိုနဲ့ ..
မြုပ်လိုက်နစ်လိုက် ပင်လယ်ဟာ
ကိုယ့်သွေးနဲ့ကိုယ် ရဲဆေးတင်ခဲ့ပေါ့
ငါ့ကိုယ်ငါထမ်းပြီး

လာလမ်းကိုပြန်လာမယ် ဆိုတဲ့အကြောင်း..။

ညိမ်းညို

ဇီဝဇိုး

စင်စစ်မတော့ စာရေးဆရာဆိုသည်မှာ ဇီဝဇိုးငှက်ပါပင်တည်း။ ဇီဝဇိုးငှက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်၏။ သူသည် ပင်လယ်အဏ္ဏ၀ါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူနားရာ ကျောက်ဆောင်သို့ ပြန်လာ၏။ သူ၏အသိုက်အား သူတစ်ပါးတို့ကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ် အသိုက်ပြု၏။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။

သို့သော် ထိုငှက်သိုက်ကို စားသုံးရသူ လူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။

ကျွန်မတို့သည်လည်း လူ့လောကဗွေ အဏ္ဏ၀ါတွင် ပျံသန်းလေ့လာရင်းမှ ကျွန်မတို့ရင်၌ဖြစ်သော စာပေကို အန်ထုတ်ကာ အသိုက်ပြု၍ လောကသားတို့အား ပေးအပ်ပါသတည်း။ တစ်ခါတစ်ရံ ရင်မှသွေးသည်လည်း ငှက်သိုက်တွင် လိမ်းကျံလျက် ပါလာခဲ့၏။ သို့သော် စားသုံးသူ လူသားတို့၌ ခွန်အားဗလ ပြည့်စုံသည်ဆိုငြားအံ့၊ ဤရင်မှ သွေးချောင်းပင် စီးပါစေ။ သေသည်အထိ မပြတ်အန်ထုတ်သွားကြမည် ဖြစ်၏။ ဤစေတနာသည်သာလျှင် ကျွန်မတို့ စာရေးဆရာတို့၏ ကုသိုလ်ပင်တည်း။

ဆရာမကြီးဒေါ်ခင်နှင်းယု၏ ဇီဝဇိုး ဆောင်းပါးမှ ကူးယူဖော်ပြပါတယ်။
ရှုမ၀(၁၉၆၄၊ဇူလိုင်)

29 January 2008

လွင်ပြင်


တအားလှတဲ့ ကဗျာတစ်ပုဒ်

ဒါပါနဲ့ဆို ဆရာစည်သူငြိမ်းရဲ့ ကဗျာတွေကို ကျွန်တော်ကြိုက်သောကဗျာများ ကဏ္ဍမှာတင်ဖြစ်တာ ၃ပုဒ်ရှိသွားပါပြီ။ တအားကိုလှတဲ့ ကဗျာတစ်ပုဒ်လို့ပဲ ရိုးရိုးရှင်းရှင်း ခံစားမိပါတယ်။ ဆရာ့ကဗျာတွေမှာ အထူးခြားဆုံးကတော့ စကားလုံးကျစ်လျစ်သိပ်သည်းခြင်းပါပဲ။ စကားလုံးတိုင်းမှာ အပိုအလိုမရှိ ကျနသေသပ်စွာ ကဗျာအလှဓာတ်တွေ စီးဝင်လို့နေပါတော့တယ်။ အရင်တင်ခဲ့တဲ့ ကဗျာနှစ်ပုဒ်ကတော့
အောက်မေ့လို့ ပြန်ငေးရတဲ့နေ့တွေ နဲ့ အောင်ဟိတ်ချောင်း တို့ဖြစ်ကြပါတယ်။

*** *** ***

လွင်ပြင်

ညှို့ ချက်က လှ လှလွန်းလှ
ကောင်းကင်က ငိုက်ကျလာပြီး နမ်းရ။
လေယာဉ်ပျံ၊ ငှက်၊ တိမ်တိုက်၊ လမင်း၊ သစ်ရွက်
ပက်လက်လှန်ကြည့်ရင်း
အပြည့်အ၀လွတ်လပ်ခြင်းနဲ့ တမြုံ့ မြုံ့ မြည်း
လေစိုင်တွေ ခရီးသွားကြရင်ဘတ်ပေါ်
မြက်နဲ့ သက်ရှိအချို့က
စော်ကားကြတာကိုပင် ရင်မနာတတ်သေး
နေရာဖဲ့ပေးတဲ့ ရိုးရိုးကြီးလေ။

စည်သူငြိမ်း
(မြားနတ်မောင်/၁၉၉၆)

27 January 2008

ပင်လယ်မှောက်တဲ့လှေ

သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။

မနော်ဟရီ
မုခ မဂ္ဂဇင်း
၂၀၀၁/ ဒီဇင်ဘာ

26 January 2008

တောင်သမန်

လူတစ်ယောက်
အင်းရေပြင်ကိုကြည့် စိတ်ကူးခဲ့လိမ့်မယ်
အဲဒီစိတ်ကူးဟာ အခု တံတားဖြစ်လို့
အဲဒီတံတားပေါ်မှာ အခု ကျွန်တော်တို့
လမ်းလျှောက်လို့
အင်းရေပြင်ကိုကြည့်လို့
စိတ်ကူးလို့..။

ခင်ဇော်မြင့်

16 January 2008

အိမ်ပြေးတစ်ယောက်ရဲ့ ဒိုင်ယာရီ

စိတ်ကူးထဲက ကမ္ဘာလောကကြီး
အမေ့အိမ်ထက် ရာသီဥတုသာယာမယ်ထင်လို့
ကျွန်တော်ထွက်လာလိုက်တာ
ဆယ်မိုးဆယ်နွေ..
တစ်နေ့မှ နေမသာခဲ့ပါဘူးအမေရယ်

မြို့ကလေးက ကျဉ်းတယ်
အမေ့အိမ်က စုတ်တယ်
ညီမလေးက နုငယ်နွမ်းနယ်
ဟောဒီကောင် အမေ့သားကတော့
စာတွေပေတွေ အထပ်ထပ်ဖတ်ပြီး
ဘ၀အပေါ် အချိန်ရှိသရွေ့ ရူးနှမ်းနေမိတာပေါ့

ကျွန်တော်က
အမေ့ရင်ငွေ့မှာပဲ ရိုးရိုးအေးအေးကလေး
ခိုလှုံချင်တာအမေရဲ့
အမေမရှိတဲ့ အရပ်ဒေသတွေမှာ
ဘယ်တော့မှ လ ထွက်လေ့မရှိဘူးဆိုတာ
အခု..ကျွန်တော်သိတတ်ခဲ့ပါပြီ

အသိပညာ အတတ်ပညာ
ဘ၀အာမခံချက် အဆင့်အတန်း
စားဝတ်နေမှုဆိုတဲ့ အရေးကြီး ၃ ပါး
အဲဒီမောင်းနှင်အားတွေနဲ့အတူ
ပိုကောင်းလာအောင် ငါဖန်တီးနိုင်သေးတယ်ဆိုတဲ့
နှင်တံတစ်ချောင်းက
ကျွန်တော့်ကို
လောကစားကျက်ကြီးထဲ လွှတ်ကျောင်းထားတာ
ကြာလှပေါ့ အမေရယ်

အမေက
ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း
ဟုတ်ပါတယ်အမေ
အမေနဲ့ ငြင်းခုံခဲ့ရတဲ့ ညနေခင်းတွေမှာ
တေးသီချင်းတွေ အဆုပ်လိုက်ပွင့်ပါပကောလို့
အခု..ကျွန်တော်ခံစားတတ်ခဲ့ပါပြီ

အမေက တအားစိတ်ရှည်တယ်
ဘယ်လောက်ပဲ အကြာကြီး ငြင်းခုံနေရပါစေ
ကျွန်တော့်အပေါ်
တစ်ကြိမ်တစ်ခါမှ ဒေါသမထွက်ခဲ့ဘူးနော်
အကျိုးသင့်အကြောင်းသင့် အချက်အလက်နဲ့ပြန်ရှင်းပြလို့
အမေရှုံးသွားပြီဆိုရင်..
လမ်းထိပ်က သမိစ်ဆိုင်မှာ
ကျွန်တော့်ကို မုန့်ဟင်းခါးတွေ တ၀ကြီးဝယ်ကျွေးပြန်ရော
နိုင်တဲ့သူအပေါ် ရန်မမူရဘူး
ဂုဏ်ပြုရမယ်လို့များ အသံတိတ်သင်ကြားပေးခဲ့တာလားအမေရယ်
ဒီသင်ခန်းစာကိုတော့
ထွန်ရေးနက်တဲ့အထိ
ကျွန်တော်ကြေညက်ပြနိုင်ခဲ့ပါတယ် အမေ
ကျွန်တော့်ထက် ကြီးမှရယ်လို့မဟုတ်ပါဘူး
ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘ၀လမ်းတစ်လျှောက်
ကျွန်တော့်ထက် ငယ်သူတစ်ချို့အပေါ်မှာတောင်
မုန့်ဟင်းခါးတွေ ၀ယ်ကျွေးခဲ့ဖူးပါတယ်
ကျွန်တော်ရှုံးခဲ့ရင်တော့ ..အမေက
ကျွန်တော့်နားရွက်လေးကို သာသာဖွဖွလိမ်ဆွဲလို့
"ကဲ..မောင်အောင် မင်းအမေ့ကို ဘယ်လောက်ကြာအောင်ပွေ့ချီထားနိုင်သလဲ"
လို့ ပြောတတ်တယ်နော်
အခု..ကျွန်တော်ရှုံးသွားတဲ့အခါတိုင်း
နားရွက်ကို တံတွေးအဆွတ်ခံနေရတယ် အမေ

ကျွန်တော်ကိုက သန္ဓေမကောင်းခဲ့တာလား အမေရယ်
ဆယ်တန်းတောင်မအောင်သေးတဲ့ ကောင်လေးတစ်ယောက်က
အိမ်ကနေ သုံးကြိမ်ထွက်ပြေး
သူ့အမေကို ပူဆွေးအောင်လုပ်ခဲ့ဖူးတယ်ဆိုရင်
ဒီကနေ့ ကျွန်တော့်အသက် နှစ်ဆယ့်သုံး
အမှားတွေကို ဘယ်လိုပဲ သင်ပုန်းချေခဲ့ချေခဲ့
ပတ်ဝန်းကျင်ရဲ့ သားလိမ္မာဆိုတဲ့ အသုံးအနှုန်းအောက်မှာ
ကျွန်တော့်အပြုံးတစ်ပွင့်ဟာ
နာကျင်သိမ်ငယ်မှုတွေနဲ့ အဆိပ်သင့်နေရတုန်းပါအမေ

တောင်တန်းတွေ သစ်ပင်တွေနဲ့
စိမ်းညှို့အုပ်မိုးနေတဲ့ မြို့ကလေးရဲ့ ခြံထောင့်တစ်နေရာ
အိမ်ပြေးတစ်ယောက်ရဲ့ အမေဟာ အဝေးကသားအတွက်
တိတ်တိတ်ကလေးမျက်ရည်ကျနေရတယ်ဆိုတာ
ညီမလေးရဲ့စာထဲမှာ ပါလာတယ်အမေရဲ့
ညီမလေးအနားရောက်လာမှန်းသိတော့
လက်ဖက်ပင်တွေက ပိုးကျနေပြန်ပြီကွယ် လို့ဆိုသတဲ့
အမေရယ် ..
အမေ့လက်ဖက်ပင်တွေက ပိုးကျမနေပါဘူးလေ
အမေ့ရင်ထဲမှာသာ
ဟောဒီသားအတွက် လောင်မီးကျနေရတယ်မဟုတ်လားအမေ

ကျွန်တော်က
တောင်တန်းကြီးတွေရဲ့ ဟိုး..တစ်ဖက်မှာ
ကမ္ဘာသစ်ရှိတယ်လို့ ထင်တယ်
အမေက ကမ္ဘာသစ်ထဲမှာ
သားအတွက်နာကျင်မှုအသစ်တွေရှိတယ်လို့ မြင်တယ်
ကျွန်တော်ကထင်လို့ မိုက်ခဲ့တယ်
အမေကမြင်လို့ ရှိုက်ရတယ်
အမေ့ရှိုက်သံတွေကို အားတင်းသံတွေနဲ့
ကျွန်တော်စွန့်ထွက်ခွဲခွာခဲ့တယ်
အခု..ကျွန်တော့်အားတင်းသံတွေကို
အမေ့ရှိုက်သံတွေက ၀ါးမြိုနေကြပြီအမေ

ကျွန်တော်ရွေ့လျားခဲ့ရာ လမ်းတစ်လျှောက်
အကျိုးအပေါက်တွေက အများကြီးပဲအမေရဲ့
ကိုယ့်အိမ်ကိုယ့်ယာမှာလိုတော့
စိတ်ရောကိုယ်ပါ မ၀ံ့ရဲတာအမှန်ပါအမေ
တံတားတစ်စင်းရဲ့ အခင်းအကျင်းမှာ
ပဉ္စလက်ပန်းကနုတ်တွေက များလွန်းလှတော့
ခြေလှမ်းတိုင်းကို သတိထားပြီးနင်းနေရတယ်အမေ

အမေနဲ့ဝေးနေရတဲ့နေ့တွေဟာ
ကျွန်တော့်အတွက် ဆောင်းညတွေလိုပါပဲ
အလင်းရောင်ကွယ်ပျောက်သွားပြီဆိုတာနဲ့
နွေးထွေးမှုတွေ ဆိတ်သုန်းရတယ်
ဒီလို နေ့ညအသင်္ချေတွေမှာ
ကိုယ့်စိတ်ကိုယ်ကို နယ်ဖတ်ပြုပြင်ရင်း
အမေ့ကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျရပါတယ်အမေ
အသည်းမာတယ် စိတ်မာတယ်လို့
ကိုယ့်ကိုကိုယ် ထင်ထားတဲ့အိမ်ပြေးလေးတစ်ယောက်
မျက်ရည်ကျနေပြီလို့ အမေ့ကိုဝန်ခံလိုက်တာဟာ
အမေ့အိမ်ကိုပြန်လာတော့မဲ့ သင်္ကေတစ်ခုပေါ့အမေရယ်

မနက်ဖြန် သို့မဟုတ် ဘယ်သောအခါတော့
ကျွန်တော်အိမ်ကို ပြန်လာဖြစ်မှာပါအမေ
လက်ဖက်ပင်တွေ ပိုးထိုးနေတယ်ဆိုပြီး
အမေ တိတ်တိတ်လေးမငိုရတော့ပါဘူး
ငြင်းခုံရယ်မော တသောသောနဲ့
မြေနီလမ်းကလေးရဲ့ ဆေးရောင်စုံပန်းချီကားတစ်ချပ်မှာ
အမေနဲ့ကျွန်တော် ပျော်ပျော်ကြီးပါဝင်ခွင့်ရဦးမှာပါ
လောကဓံရဲ့ ထုထောင်းရိုက်ပုတ်မှုတွေနဲ့
သန်မာလာပြီဖြစ်တဲ့ ဟောဒီလက်နှစ်ဖက်ဟာ
အမေ့ကို ဘယ်လောက်ကြာကြာပွေ့ချီထားနိုင်တယ်ဆိုတာ
အံ့သြတကြီး သိစေချင်လှပါပြီအမေ။

ညိမ်းညို

14 January 2008

မြင်းတစ်ကောင်နဲ့ လူနှစ်ယောက်

မြင်းတစ်ကောင်ကို လူနှစ်ယောက်စီးတဲ့အခါ ဘေးချင်းယှဉ်ထိုင်လို့ အဆင်မပြေပါဘူး။ တစ်ယောက်က ရှေ့ကဆိုရင် ကျန်သောတစ်ယောက်တော့ဖြင့် နောက်ကနေရပါလိမ့်မယ်။ ဒါမှသာ ခရီးလမ်းပန်းသာယာပြီး သွားလိုရာကို ချောချောမွေ့မွေ့ ရောက်နိုင်မှာပါ။

ကျွန်တော်တို့ ကျင်လည်နေရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ခေါင်းဆောင်နဲ့ နောက်လိုက်ဆိုပြီး လူတန်းစား နှစ်မျိုးရှိမယ်ထင်ပါတယ်။ လူတစ်ယောက်ဟာ နေရာတိုင်းမှာ ခေါင်းဆောင်မဖြစ်နိုင်သလို နေရာတိုင်းအတွက် နောက်လိုက်မဟုတ်ပါဘူး။ မိမိကျွမ်းကျင်ရာ သက်ဆိုင်တဲ့ နယ်ပယ်အသီးသီးမှာတော့ ခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်။ မိမိနဲ့စိမ်းတဲ့နယ်ပယ်၊ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့နယ်ပယ်မှာတော့ ပညာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရထားသည်ဖြစ်စေ အဲဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူရဲ့ ခေါင်းဆောင်မှုအောက်မှာသာ ရှိရလိမ့်မယ်။

တကယ်တော့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေဆိုတာက အဓိကမဟုတ်ဘူး။ စီမံခန့်ခွဲမှုလွယ်ကူစေဖို့နဲ့ လုပ်ငန်းတစ်ခု အောင်မြင်စွာလည်ပတ်စေနိုင်ဖို့ နေရာအလိုက် သတ်မှတ်ချက်သာဖြစ်တယ်။ "ဖိုးလမင်းလည်း၊ သူ့အလင်းနှင့် အဆင်းနှင့်။ မီးတိုင်ငယ်လည်း၊သူ့အရွယ်နှင့် အစွယ်နှင့်" ဆိုတဲ့ ဆရာကြီးတင်မိုးရဲ့ အလှကိုယ်စီ ကဗျာလေးပမာပဲ လူတိုင်းလူတိုင်းဟာ စွမ်းရည်ကိုယ်စီနဲ့ လူ့အဖွဲ့အစည်းမှာ အရေးပါအရာရောက်ကြတာချည်းပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ စက်ကြီးတစ်လုံးမှာ သေးငယ်တဲ့ မူလီလေးတစ်ခုကို မမှုလောက်ပါဘူးဆိုပြီး ဖြုတ်ထားလို့မရတဲ့ သဘောကိုကြည့်ရင် သိနိုင်ပါတယ်။

အဓိကအနှစ်သာရမှာ ခေါင်းဆောင်ဆိုရင် ခေါင်းဆောင်ကောင်းပီသဖို့၊ တာဝန်ယူရဲတဲ့သတ္တိနဲ့ ရိုးရိုးဖြောင့်ဖြေင့် အလုပ်လုပ်ဖို့၊ ခေါင်းဆောင်ဆိုတဲ့ အရည်အသွေးနဲ့ ပြည့်စုံအောင် ကြိုးစားနေဖို့၊ လက်အောက်ငယ်သားတွေရဲ့ သက်သာချောင်ချိရေးနဲ့ တရားသဖြင့်အခွင့်အရေး၊ အကျိုးခံစားခွင့်ရရှိအောင် စီမံခန့်ခွဲပေးနိုင်ဖို့၊ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်နဲ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့သာ ဖြစ်တယ်။ နောက်လိုက်ဆိုရင်လည်း နောက်လိုက်ကောင်းပီသစွာ ပြုမူနေထိုင်ဖို့၊ ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်ကို တိတိကျကျလိုက်နာလုပ်ဆောင်ဖို့၊ အပြည့်အ၀ယုံကြည်ပြီး စိတ်ရောကိုယ်ပါ ရိုးဖြောင့်စွာ စူးနစ်လုပ်ဆောင်ဖို့၊ မိမိတို့အဖွဲ့အစည်းရဲ့ ကောင်းကျိုးဆိုးပြစ်ကို လက်ခံနိုင်စွမ်းရှိဖို့တို့သာ ဖြစ်တယ်။

ကျွန်တော်တို့ မသိသေးတဲ့ လျှို့ဝှက်ချက်ကတော့ ကျွန်တော်တို့ကမ္ဘာမြေဟာ ခေါင်းဆောင်တွေကို ချစ်မြတ်နိုးသလို လက်အောက်ငယ်သားတွေ၊ နောက်လိုက်တွေကိုလည်း ထပ်တူ ချစ်မြတ်နိုးတယ် ဆိုတာပါပဲ။

ညိမ်းညို

11 January 2008

သင်္ဘောသီး


ဆရာချစ်စံဝင်း ရဲ့ "အမေနှင့် အမေ့အကြောင်း" စာအုပ်ထဲမှာပါတဲ့ သင်္ဘောသီး ဇာတ်ကြောင်းပုံပြင်လေးကို အခုထိ အမှတ်ရနေမိပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တဲ့ အခါတိုင်းလည်း တဆင့်ပြန်ပြီး ဖောက်သည်ချမိတာ ခဏခဏပါပဲ။ အခုတစ်ခါ ကျွန်တော့်ဘလော့လေးကို အလည်ရောက်လာကြတဲ့ စာချစ်သူများကို ပြန်လည်ဝေမျှပါရစေခင်ဗျာ။ တဆက်ထဲမှာပဲ ကဏ္ဍလေးတွေအောက်မှာရှိတဲ့ "ကျွန်တော်ကြိုက်သောကဗျာများ"၊ "ကျွန်တော်ကြိုက်သောကဗျာများ/ကဗျာရှည်"၊ "စာမှတ်စု"နဲ့ အချို့သောစာမူများဟာ အခြားသောစာရေးဆရာ၊ စာရေးဆရာမများရဲ့ စာမူများဖြစ်ကြောင်း လေးစားစွာ အသိပေးလိုပါတယ်။ ဆရာ၊ ဆရာမများရဲ့ ကလောင်အမည်ကိုလည်း စာမူများရဲ့ အပေါ်မှာရော အောက်မှာပါ လေးလေးစားစား ဖော်ပြအပ်ပါတယ်။ စာအုပ်စာတမ်း ရှားပါးကောင်းရှားပါးနိုင်တဲ့ အဝေးရောက် ညီအကိုမောင်နှမများအတွက် ကျွန်တော်လက်လှမ်းမီသလောက် ပြန်လည်ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

*** *** ***

သင်္ဘောသီး

ကျွန်တော် လွန်ခဲ့သည့် ကိုးနှစ်ဆယ်နှစ်ခန့်က မဂ္ဂဇင်းတစ်ခုထဲတွင် ဖတ်ဖူးသော ၀တ္ထုလေးတစ်ခုကို သွား၍ သတိရလာ၏။ ဘယ်မဂ္ဂဇင်းထဲတွင်လည်းတော့ မမှတ်မိပါ။ မြ၀တီ သို့မဟုတ် ရှုမ၀ထဲတွင် ဖြစ်နိုင်၏။ ဘယ်သူရေးသည်ကိုလည်း မမှတ်မိပါ။ ဇာတ်လမ်းကိုသာ မှတ်မိနေပါ၏။
***

မုဆိုးမကြီးသည် ပြန်လာမည့်သားကို မျှော်နေသည်။ ညနေစာအတွက် ရှိသမျှငွေကလေးနှင့် သားအတွက် ဟင်းမြက်မြက် ချက်မကျွေးနိုင်သည်မှာ ကြာပြီဖြစ်သည်။ အမေကိုယ်တိုင်လည်း နေမကောင်းနေသဖြင့် ဈေးတောင်းနှင့်ခေါင်း ကွာခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ သည်တော့လည်း ငွေပါ ခန်းလာ၏။ အမေသည် သူ့ကိုယ်သူ နေမကောင်းသည့်အဖြစ်ကိုပင် စိတ်ဆိုးလာသည်။ သား ဒီနေ့ အပြန်နောက်ကျလာသည်။ အရင်နေ့တွေကဆိုလျှင် ယခုလို အချိန်မျိုးတွင် သား အိမ်ပြန်ရောက်၍နေပြီ ဖြစ်၏။

အမေသည် ယိုင်နေသော သူ၏တဲကလေးကိုမှီရင်း ဆက်မျှော်နေသည်။ ဒီနေ့မှ အိမ်က ကင်းအလှည့်လည်း ကျနေ၏။ အမေ့စိတ်ထဲတွင် ကင်းလှည့်မြန်သည်ဟု ထင်နေသည်။ တခြားအလုပ်ဆိုလျှင် အမေကိုယ်တိုင် ထွက်လုပ်လေ့ရှိသော်လည်း ကင်းစောင့်ဖို့အတွက် အမေ့မှာ ခက်သည်။ သူကြီးက ယောက်ျားများသာ ကင်းစောင့်ရမည်ဟု ဆို၏။ သို့မဟုတ်ပါက သားကို ၀၀လင်လင် အိပ်စေ၍ အမေကိုယ်တိုင် ကင်းထွက်စောင့်မည် ဖြစ်၏။

သားပြန်လာသည်။

အမေသည် တံစက်မြိတ်မှထွက်၍ သားကို ကြိုလိုက်၏။ သားသည် အမေ့ကိုယ်လုံး နှစ်ဆခန့်ရှိသည်။ အမေ့ကိုပင်လျှင် ကိုင်ပေါက်လိုက်နိုင်သည့် ခွန်အားလည်း ရှိ၏။ သည့်အတွက် အမေက အားရသည်။ အမေသည် သူမွေးထားသောသားကို တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး ကြည့်နေမိသည်။

အမေ ဘယ်တော့မှ ကြည့်မ၀။

သားအတွက် ထမင်းပွဲရှေ့ရောက် အမေ ပြင်ပေးလိုက်၏။ သား ထမင်းမြိန်မမြိန်ကို အမေက ရင်တထိတ်ထိတ်နှင့် စောင့်နေရသေးသည်။ သားက မြိန်သည်လည်းမဟုတ်၊ မမြိန်သည်လည်းမဟုတ်၊ ဗိုက်ပြည့်သည့် သဘောသာစား၍ ထမင်းဝိုင်းမှ ထလိုက်၏။

"အမေရာ ..စားစရာ အချိုအချဉ်လေး ဘာလေး မရှိဘူးလား" ဟု မေးလိုက်၏။

အမေက မရှိဘူး ဟူသောစကားကို မပြောရက်။ သို့သော်လည်း တကယ်ကို မရှိ၍ အမေက ကြေကွဲသောမျက်လုံးများနှင့် သားအားကြည့်ရင်း ပြောလိုက်ရ၏။

"သား ဘာစားချင်လို့လည်း သားရယ်"

"အေးဗျာ.. သင်္ဘောသီးလေးများ စားရရင် ကောင်းမယ်"

သား ဘာစားချင်သည် ဆိုသည်မှာ အမေ့အသည်းထဲ၌ စွဲ၍သွားသည်။ သားသည် ကြမ်းပြင်၌ တုံးလုံးလဲနေသော ငါးတောင့်ထိုးဓာတ်မီးကို တွေ့လိုက်သည်။

"ဒီနေ့ ကင်းကျလို့လား အမေ"

"အေး..သားရယ်၊ အမေတို့အိမ် ကင်းကျတယ်။ ဒီကင်းကလည်း ခဏခဏပါပဲ။ ညနေကမှ ဆယ်အိမ်ခေါင်းအိမ်က မီးတောင့်လာပေးသွာတာ"

"ကျွန်တော် စောင့်ပါ့မယ်ဗျာ"

သားသည် ကြမ်းပေါ်တွင် ကျောခင်းလိုက်ရင်း သူကင်းစောင့်မည်ဟု ဆိုလိုက်၏။ ဒီအတွက် အမေသည် ဆို့နင့်နင့်ကြီး ဖြစ်သွားရသည်။ သားကို ကင်းစောင့်ပါဟု အမေ မပြောရက်။ သားကလွဲလျှင်လည်း မည်သူမျှ စောင့်မည်သူမရှိပေ။ မကြာမီ သားသည် ကင်းစောင့်သွားရန် ပြင်ဆင်လိုက်၏။ အမေသည် သားခြုံဖို့ စောင်တစ်ထည်ကို ထုပ်ထားသည်။ သားကြိုက်သော ဆေးလိပ် သုံးလိပ်ကိုလည်း စောင်ခေါက်နှင့်အတူ ချထားပေး၏။ အိမ်မှ တစ်ခုတည်းသော တဘက်ကလေးကိုလည်း ချပေးထားသေးသည်။

သားသည် တဘက်ကို ခေါင်းပေါင်းရင်း ဆေးလိပ်များကို စောင်ကြားတွင်ညှပ်ကာ ထွက်သွားတော့၏။

အမေသည် သား၏ ကျောပြင်ကိုကြည့်၍ ၀မ်းနည်းနေမိပြန်သည်။ သားက သေဘာၤသီးစားခ်င္သည္ဟု ဆို၏။ သင်္ဘောသီးတစ်လုံးကို အမေ ဘယ်လိုဝယ်ကျွေးရမည်နည်း။ တစ်နေ့က မနက်ဈေးတွင်တော့ မိသိုက်တို့အပိုင်းမှ သင်္ဘောသီး ထွက်ရောင်းသည်။ ပင်မှည့်သီးများဖြစ်သည်။ ထိုအခါ အမေသည် သား သင်္ဘောသီးကြိုက်တတ်မှန်းသိ၍ သင်္ဘောသီးနား ရစ်သီရစ်သီ လုပ်နေမိသေး၏။ သို့သော်လည်း ငွေစ မပြေလည်။ ထို့ကြောင့်လည်း သင်္ဘောသီးကို မျက်စိမှိတ်ကာ ရှိသမျှငွေစနှင့် ဆန်ဝယ်ခဲ့ရသည်။

အမေ သဘောင်္သီး ဘယ်လို ရနိုင်ပါ့မလဲဟု စဉ်းစား၏။ မိသိုက်တို့အပိုင်းတွင် တိုးလျှိုးတောင်းပန်၍ ကြွေးသွားဝယ်ရန်ကိုလည်း စဉ်းစားနေမိ၏။ မိသိုက်တို့အပိုင်းတွင် သဘောင်္သီး ရှိချင်မှ ရှိပေတော့မည်။ တစ်နေ့က ခူးရောင်း၍ ကုန်ပြီဖြစ်နိုင်၏။ အမေသည် သူကိုယ်တိုင် သဘောင်္ပင်များစိုက်ရန် စိတ်ကူးလိုက်၏။ မနက်ဖြန်တွင် သားစားချင်သော သဘောင်္သီး ကျွေးနိုင်ရန်က အရေးကြီးသည်။

အမေသည် ညဦး၏ တိတ်ဆိတ်မှုကိုဖြိုခွင်း၍ ထွက်လာသော သံချောင်းခေါက်သံများကို ကြားလိုက်ရ၏။ ဒီအသံသည် အမေ့သားထံမှ ထွက်လာသောအသံ ဖြစ်သည်။ အမေသည် သံချောင်းခေါက်သံများကို ရေတွက်၍ ကြည့်နေမိသည်။ ဆယ်ချက်တိတိ ဖြစ်၏။ ဆယ်နာရီ ထိုးပေပြီ။ အမေသည် မီးခွက်ကလေးကိုမှုတ်ပြီး စောင်ပါးကလေးကိုခြုံကာ ခါးပန်းကိုခေါင်းတင်ရင်း ခွေခွေကလေး လှဲနေ၏။

အမေသည် သူ့ဘ၀ကိုသူ ပြန်စဉ်းစားနေမိ၏။ သားလေး လူးလားမမြောက်မီ အဖေဆုံးခဲ့သည်။ အမေ့အတွက် ရွှေတောင်ကြီး ပြိုသလိုဖြစ်၏။ ဒီနောက်တွင်တော့ ဒီသားကို လူဖြစ်အောင် မွေးခဲ့ရ၏။ လူဖြစ်လာသော်လည်း သားသည် လူတစ်လုံးသူတစ်လုံး ဖြစ်လာသည်ဟုတော့ မဆိုသာ။ သားသည် ရွာ၌ တောင့်တင်းသန်စွမ်းသူဖြစ်၍ အားလုံးက လေးစားကြသည်ကိုတော့ အမေ ဂုဏ်ယူမိသည်။

သားထံမှ သံချောင်းခေါက်သံ ဆယ့်တစ်ချက်ကို ကြားလိုက်ရသည်။ အမေသည် အိပ်မပျော်သေး။ သားထံမှ သံချောင်းခေါက်တိုင်း အမေ ကြားနေရ၏။

ညသည် ပို၍ တိတ်ဆိတ်လာသည်။ တစ်နာရီခြားတစ်ခါ ထွက်ပေါ်လာသော ကင်းသံချောင်းသည်သာ ညအမှောင်ကို ဖြိုခွင်း၍ အချိန်မှန်ထွက်ပေါ်လာ၏။ တစ်ရွာလုံး အိပ်မောကျ၍ နေပေပြီ။ သားသည် တစ်ချက်သမ်းဝေလိုက်ရင်း နာရီကို ကြည့်လိုက်၏။ နှစ်ချက်တီးတော့မည် ဖြစ်၏။ ဒီတစ်ကြိမ် သံချောင်းခေါက်ပြီးပါက ရွာထဲသို့ ကင်းတစ်ပတ်လှည့်ရန် စိတ်ကူးလိုက်သည်။ တိတ်ဆိတ်လွန်း၍ ညတာသည် ပို၍ရှည်သည် ထင်မိ၏။ သားသည် ကင်းသံချင်းကို နှစ်ချက်တိတိ ခေါက်လိုက်၏။ ပြီးမှ ရွာတောင်ထိပ်မှ မြောက်ထိပ်သို့တိုင် တစ်ပတ်လျှောက်၍ ကင်းလှည့်လိုက်၏။ အမေ့အိမ်ဝသို့လည်း ရောက်ခဲ့သည်။ အမေ အိပ်မောကျနေပြီဖြစ်၍ အိမ်ထဲသို့ မ၀င်ခဲ့။

ကင်းတဲသို့ ပြန်ရောက်သော သားသည် အမေထည့်ပေးလိုက်သော ဆေးလိပ်များထဲမှ တစ်လိပ်ကို ဖွာလိုက်၏။ သောက်လက်စ ဆေးလိပ်မှ လွဲ၍ တစ်လိပ်သာ ကျန်တော့သည်။ မိုးလင်းပိုင်းတွင် သောက်ရန်ရှိနေသေး၍ သားသည် ဆေးလိပ်ကို ချွေတာပြီးသောက်နေရ၏။ သားသည် ဆေးလိပ်ကို တစ်ရှိုက်၀၀ကြီး သောက်လိုက်စဉ်တွင်ပင် ရွာလယ်ပိုင်းဆီမှ အသံများသည် ညဥ့်၏ တိတ်ဆိတ်မှုကို ဖြို၍ ထွက်လာသည်။

"သူခိုး..သူခိုး..သူခိုး"

သားသည် ဆေးလိပ်တိုကိုချထားလိုက်ရင်း လက်နှိပ်ဓာတ်မီးနှင့် ကြခတ်တုတ်ကိုယူကာ အသံလာရာဘက်သို့ အပြေးသွားလိုက်၏။

"သူခိုးဗျို့ ..သူခိုး"

သူခိုးအော်သံ ထပ်၍ ပေါ်လာပြန်သည်။ ထိုအသံကြောင့် ဟိုလူဒီလူများ နိုးလာကြဟန်တူသည်။ သားသည် သူခိုးအော်ရာနေရာဘက်သို့ ပြေးသွားခဲ့၏။ ညသည် မှောင်နေဆဲ ဖြစ်၏။ လကွေးကွေး၏ အလင်းရောင်ကသာ အလွန်ကို မှုန်တိမှုန်မွှား ရှိနေသည်။ သားသည် လမ်းကျဉ်းကလေးတစ်ခုထဲသို့ ပြေးဝင်လိုက်သည်။ သူခိုးသည် သူနှင့်မျက်နှာချင်းဆိုင်ဆီမှ ပြေးလာသည်။ သူသည် အမှောင်ကျနေသော ခြံစည်းရိုးတစ်ဖက်သို့ ကပ်နေလိုက်၏။ သူခိုးသည် သွက်သွက်လက်လက် ပြေးထွက်လာသည်။ သားက "ဟေ့..ရပ်" ဟု အော်လိုက်သည်။ သူခိုးကား မရပ်။

"ရပ်"

ဆက်၍ အော်လိုက်သည်။ သူခိုးသည် အရှိန်ဖြင့်ဆက်၍ ပြေးပြန်၏။ သူသည် ရပ်ခိုင်းသည်ကို မရပ်သော သူခိုးအား သူ၏ ကြခတ်တုတ်ဖြင့် အမှောင်ထဲမှ ခပ်ဆတ်ဆတ် ရိုက်ချလိုက်၏။ သူ၏ အားရှိသလောက် ရိုက်လိုက်ပါက တစ်ချီတည်း အသက်ထွက်သွားနိုင်၏။ သူခိုးသည် ထိုနေရာတွင် ပုံလျက်သား လဲကျသွားသည်။ နောက်မှ ပြေးလိုက်လာသူများလည်း မီလာတော့သည်။

သားသည် လဲကျနေသော သူခိုးပေါ်သို့ လက်နှိပ်မီးဖြင့် ထိုးကြည့်လိုက်သည်။ သူသည် အထိတ်တလန့်ဖြင့် ထ၍ အော်လိုက်မိသည်။

"အမေ"

သားသည် လက်နှိပ်မီးထိုးထားရင်း အမေ့ရင်ထဲမှ စောင်ပါးလေးနှင့် ထုပ်ထားသော ခိုးလာသည့် ပစ္စည်းကို ဆွဲထုတ်လိုက်သည်။

ထိုအခါ သင်္ဘောသီးလေး တစ်လုံးသည် အန်ထွက်၍ ကျလာပါ၏။

* ဆရာချစ်စံဝင်းရဲ့ အမေနှင့် အမေ့အကြောင်း စာအုပ်မှ ကူးယူဖော်ပြပါတယ်ခင်ဗျာ။

9 January 2008

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကိုတီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်

7 January 2008

သက်နုရင်ငွေ့ သက်ရင့်အလွမ်း


ဒီဘလော့လေးစလုပ်တဲ့ ၁၁၊ သြဂုတ်၊ ၂၀၀၇ မှာပဲ ဒီကဗျာလေးကို တင်ဖြစ်ပါတယ်။ ပန်းငါးပွင့်ရဲ့ ကောက်ကြောင်း မှာလည်း နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်အနေနဲ့ ထည့်သွင်းရေးစပ်ခဲ့ဖူးပါတယ်။


သက်နုရင်ငွေ့ သက်ရင့်အလွမ်း

ရိုးပြတ်လယ်ကွင်း
ယာတော ခရောင်းတော
ဘ၀အမောတွေ ကြားကနေ
မမှီမကမ်း မမြင်စမ်းတမ်း
လှမ်းလှမ်းပြီး လွမ်းနေရတယ်
ဆယ်မိုးဆယ်နွေ ကျော်ခဲ့ပေါ့ ။

ငါတို့နှလုံးသားတွေ နူးညံ့ဖြူစင်ခဲ့
လက်သည်းတွေ မ၀ှက်တတ်ကြသေးချိန်
တစ်ဦးရဲ့ မေတ္တာဓာတ်နဲ့ တစ်ဦးကိုနွေးထွေးစေခဲ့ကြ
တစ်ယောက်လက်ကို တစ်ယောက်ကမြဲမြဲဆုပ်
အပေးအယူ မျှော်လင့်ချက်သီအိုရီတွေ နားမလည်ကြသေးချိန်
အကြင်နာတွေ ချိုမြိန်ခဲ့ကြတယ် ။

ကလေးဘ၀ လူကောင်လေးတွေတေလေ
ဒါပေမဲ့ ငါတို့စိတ်တွေ မတေလေခဲ့ကြဘူး
မပေပွ မစွန်းထင်း
အဲသည်တုန်းက အဖြူထည်တွေ
ဒီနေ့ ဒီအချိန်မှာ ငါတို့ ဘာနဲ့ပြန်ဝယ်ကြမလဲ
အိပ်မက်တွေ သေသောက်မကျူးဘဲ မူးခဲ့ကြ
အာသီဆန္ဒတွေ အသီးသီးရွက်လွှင့်ကြ
ရယူပိုင်ဆိုင်လိုမှုတွေ ဆူဆူဖြိုးဖြိုး ဖွံ့ထွားကြီးပြင်းလာကြ
ဘ၀ကို ပန်းလိုပွင့် ပန်းလိုမွှေးစေဖို့
ပန်းတစ်ပင်လို ငါတို့ပြုစုပျိုးထောင်ခဲ့ကြ
ဘ၀က ငါတို့အပေါ် အဆိပ်သီးတွေ မိုးလိုရွာချ
ခါးသီးနာကျင်ပြင်းပြ ဒဏ်ရာဒဏ်ချက်တွေ အပြိုင်းအရိုင်း
လောကဓံတိုက်ကွက် ကံကြမ္မာရိုက်ချက်
ငါတို့ဘ၀အပေါ်မှာ
အရှိုးရာတွေဟာ ခုထိအတိုင်းသား
ဒီလိုနဲ့..
ငါတို့လည်း မှောက်မှားခဲ့ကြ သောက်စားခဲ့ကြ
မိုးခါးရေတွေ စည်နဲ့ချီ ရှိခဲ့ပြီ ။

ဘ၀ရဲ့ ပြဇာတ် အိပ်မက်တွေ တစ်ခန်းရပ်ဖို့
ငါတို့ ဇက်ကြိုးတွေ သပ်ချိန်
မှန်ပါတယ် မိတ်ဆွေ..
ဒဏ်ရာပျောက်ပေမဲ့ အနာရွတ်တွေကျန်ခဲ့တယ်
ဖွာရရာ မွစာကြဲ
ငါတို့စိတ်တွေ ပြိုကွဲ
(တိတ်တိတ်ကလေး ကိုယ်စီ) ရင်ထဲမှာ ငိုပွဲဆင်နေကြပြီ ။

လွမ်းတယ် သူငယ်ချင်းတို့ရေ..
သစ်တော်သီးတစ်လုံးကို
တစ်ယောက်တစ်ဖဲ့ ၀ိုင်းအုံစားသောက် ခေါင်းချင်းဆိုင်
ငါတို့ရဲ့ အဖြူရောင်မှတ်တိုင်တွေကို လွမ်းတယ်
တစ်ယောက်ကျောင်းပျက်တစ်ယောက်လက်နဲ့ မှတ်စုတွေကူးပေး
ငါတို့ရဲ့ အကြင်နာတွေကို လွမ်းတယ်
တစ်ယောက်ငိုကြွေးရင် အားလုံးမျက်ရည်ကျ
တစ်ယောက်ရယ်မောရင် အားလုံးပျော်ရွှင်ကြ
အမြင်ကြည်လင်တဲ့ ငါတို့ရဲ့ ငယ်ဘ၀ကို လွမ်းတယ်
တစ်ခုပေးမှတစ်ခုရတဲ့ နိယာမ
ငါတို့တော်လှန်ခဲ့ကြ
အရိုးအက်မျှ ခိုက်ခိုက်တုန်ချမ်းအေး
တောင်ပေါ်မြို့ကလေးရဲ့ ဆောင်းရာသီတွေမှာ
အနွေးထည်တစ်ထည်ဟာ
ငါတို့အားလုံးကို နွေးထွေးစေခဲ့တယ်
ကျောင်းလွယ်အိတ်တစ်လုံးထဲက မုန့်ပဲသရေစာ
ငါတို့အားလုံးရဲ့ ၀မ်းမီးကို ငြိမ်းစေခဲ့တယ်
ငါတို့လက်တွေ ဖြန့်ထားကြတယ်
ဆုပ်မထားကြဘူး
အားလုံးက ပေးနေကြတယ် ပြန်မယူကြဘူး
ဒါပေမဲ့ ငါတို့အားလုံးရရှိခဲ့ကြ
နွေးထွေးတဲ့ မေတ္တာတရား အေးမြတဲ့ အကြင်နာတရား
ခိုင်မာတဲ့ သံယောဇဉ်တရား
ဟားတိုက်ရယ်မောနေမလား မိတ်ဆွေ..
သေချာတာတစ်ခုကတော့
ဒါတွေဟာ..
ရှင်သန်အောင်စိုက်ပျိုးဖို့ ခက်ခဲလှတဲ့
လောကပါလ သီးပင်စားပင်တွေပါ ။

သူငယ်ချင်းတို့ရေ..
စိတ်ကူးတွေမိုက်တဲ့အတိုင်း ငါတို့ရွက်တိုက်ခဲ့ကြ
ကမ်းမမြင်လမ်းမမြင် တစ်ယောက်တစ်နေရာစီ ဝေးကွာနေကြ
အခုဆိုရင်..
ရင်ကွဲနာကျသံစဉ်တွေ ဖွဲ့ သီနေကြပြီလေ
မစားရ၀ခမန်း အာသီဆန္ဒတွေ ခ၀ါချ
ငါတို့ဘ၀တွေ ပြန်ဖြူစင်ခွင့် ရချင်တယ် ။

ဆယ်မိုးဆယ်နွေရဲ့ ဟိုမှာဘက်
ငါတို့သူငယ်ချင်းတွေ တစ်ယောက်လက် တစ်ယောက်မြဲမြဲဆုပ်
လောကဓံရဲ့ ရိုက်ပုတ်ချက်တွေကို ခါထုတ်
ဝါသနာပါရာ အလုပ်,လုပ်ကြရင်း
ဘ၀ကို မွှေးမြဖြူစင်စွာ ပွင့်လန်းရှင်သန်ခဲ့ကြတယ် ။

သူငယ်ချင်းတို့ရေ..
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်
ရသေ့စိတ်ဖြေ သဘောမျိုးပဲဖြစ်ဖြစ်
အဖြေညှိနေတဲ့ငါ
ရူးသွပ်နေပြီလို့ ဆိုချင်ဆိုကြ
ငါတို့ငယ်စဉ်တောင်ကျေး ငါတို့ရင်ဘတ်ထဲက အဖြူရောင်နေ့ရက်တွေကို
အဖြူရောင်သက်သက် လွမ်းဆွတ်မိခြင်းရယ်ပါ ။

ညိမ်းညို
- ဖြူစင်အပြစ်ကင်းစွာ ဖြတ်သန်းခဲ့ကြသော ငယ်ကျောင်းသားဘ၀ သူငယ်ချင်းများပုံရိပ်ကို လွမ်းဆွတ်သတိရစွာဖြင့်...

ကြယ်ဝင်စား

အဆင်းက
လွမ်းချင်းတွေလို ဆွေးဆွေးနီ
ဒီမှာ..
မေတ္တာတရားရဲ့ ပုံတူတောင်တန်းများ
မျှော်လင့်စိမ်းနဲ့ ညို့ ညို့ တောအုပ်များ
မိုးသည်းနှင်းထန်ဥတုများ
ကောင်းကင်တစ်ခိုက
လိုရာဆိုက် ငှက်လေးများကို ကြည့်မြင်တိုင်း
အထူးပင်မှိုင်းလာသော ဆွတ်ကျင်လှိုင်းများ
ဪ..
အိမ်ရနံ့ဝင်နေတဲ့ အဖျားငွေ့ငွေ့တွေက
ကျွန်တော့်တံခါးပေါက်ကို တဒေါက်ဒေါက်ခေါက်လို့။

စံညိမ်းဦး

6 January 2008

ပေါ့ပေါ့လေးနဲ့ လေးနေကြပြီ

ငါ့နေ့တွေညတွေဟာ ပေါ့ပေါ့လေးနဲ့လေးနေကြပြီ
မွေးရာပါ အမာရွတ်တစ်ခုနဲ့ ငါ့နှုတ်မှာ တမာတွေစေးကပ်နေခဲ့တာများလား
နွေရယ် မိုးရယ် ဆောင်းရယ် ရာသီအလီလီမှာ ခက်တရော်ကြမ်းရှ
ဘ၀ကို ဒီလို ခြယ်သမြှောက်စားဖို့ ငါ့ပုခုံးကို ဘယ်သူကြိမ်လာ,လာတို့တာလဲကွယ်
ငါ့ရဲ့ အေးရာအေးကြောင်း သူငယ်တန်းဖတ်စာလေးမှာ
ဘာလို့များ ထမင်းသိုးဟင်းသိုးတွေ လာနွှေးနေကြပါလိမ့်
အချိန်မှန်မှန်လည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ
ငါဟာ ဘယ်လိုခေါင်းစဉ်မျိုးနဲ့ မလိမ့်တပတ်လုပ်ခဲ့မိပါသလဲ
ငါ့နားထဲကို အကျွတ်တရားတွေ လောင်းလောင်းမချပါနဲ့
တပည့်ခံဖို့ဝန်မလေးတတ်တဲ့ လူငယ်တစ်ယောက်ပါ
ဘုံခန်းနဲ့လည်း မမြှောက်စေချင်ဘူး ငရဲခန်းနဲ့လည်း မချောက်စေချင်ဘူး
ငါ့စိတ်နဲ့ငါ့ကိုယ် တကယ်ကို လွတ်လပ်ပေါ့ပါးလွန်းလှပါတယ် သူငယ်ချင်းတို့ရယ်
တစ်ခါတစ်ခါများ..
ဦးချိုးလိုက်မှ ဦးပိုထောင်လာတတ်တဲ့ သတ္တ၀ါတစ်ကောင်ဟာ တစ္ဆေဆိုခဲ့ရင်
ငါက သရဲသဘက်ထက်တောင် ပိုပြလိုက်ချင်သေးရဲ့ကွယ်
လရောင် ပန်းပွင့်နဲ့ လိပ်ပြာလေးတွေပျံဝဲနေတာကိုမှ ကဗျာစပ်ချင်တဲ့ ငနဲတစ်ကောင်
ခုတော့..
ပိုးဖဲကတ္တီပါတွေ ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ်အတ္တဘောကြီးဆီကခြပေါက်ရာတွေကို စာစီကုံးနေရတယ်
အင်းလေ ..ငါကိုက ပေါ့ပေါ့လေးနဲ့ လေးနေမိပြီကိုး..။

ညိမ်းညို

5 January 2008

အမေ

ကျွန်တော်ရယ်လေ
သိပ်မိုက်ခဲ့တာပေါ့ ..
အကြင်နာနဲ့ ညင်ညင်သာသာ ပြုံးပြခဲ့တဲ့
အမေ့ရဲ့ အပြုံးတွေကိုပဲ မြင်ခဲ့မိတယ်
ရင်ဗလာနဲ့ နွမ်းလျညှိုးငယ်နေမဲ့ အမေ့ကို မမြင်ခဲ့မိဘူး
အမေ့ရင်ကို အလိုဆန္ဒတစ်ခုတည်းနဲ့ တူးဖော်ခဲ့တဲ့ ကျွန်တော်
ဘ၀မှာ လမ်းချော်သွားမှာစိုးလို့
အမေပေးခဲ့ရတဲ့ အလျော်အစားတွေ
အမေစတေးခဲ့ရတဲ့ သိမ်ငယ်မှုတွေ
အမေကျော်ဖြတ်ခဲ့ရတဲ့ မပြည့်စုံမှုတွေ
ဘာဆိုဘာမှ မသိခဲ့ရပါဘူး
အမေရယ်လေ..
သူ့ရဲ့ ..တစ်ကိုယ်ရေတစ်ကာယ သောကရိပ်မြုံလေးထဲမှာပဲ
ရင်နင့်ရခြင်းတွေကို စုဆောင်းသိုဝှက်လို့ပေါ့ ..
မေတ္တာရေ အေးမြမြနဲ့
အမေ့ဘ၀ ကန္တာရမှာ
ကျွန်တော့်အတွက် အလှဆုံးပန်းတွေ ပွင့်ပြခဲ့တာ
မိုးအောက်မြေပြင်အနှံ့
ခမ်းနားပြည့်လျှံလို့လေ ..။

ညိမ်းညို

သူစိမ်းတွေလို (၂)



ခိုကိုးရာမဲ့ တောတန်းလေးအပေါ်
သတိရခြင်းမိုးတိမ်က အခါခါ အိပြိုကျတယ်
ညီမလေးကို အောက်မေ့မိတဲ့အခါ
ကျွန်တော့်လေထုဟာ
အဖြူတစ်ဝက်၊ အမည်းတစ်ဝက် ရောယှက်သွားကြပေါ့
နေခြည်တစ်ပွင့် လှမ်းလင့်လာပြီ
အဖြူရောင်စာမျက်နှာများစွာက
အလျှိုလျှို တိုးထွက်လာကြတော့မယ်
ပြီး..ကျွန်တော့် စိတ်ဝေဒနာတွေကို ခြွေယူလှည်းကျင်းလို့
ကျွန်တော်နဲ့ဝေးရာကို
ရုပ်သိမ်းနှုတ်ဆက် ထွက်ခွာသွားဦးမည်သာလေ..

ညိမ်းညို

အက်ဆေး

ကိုးတန်းဆယ်တန်းလောက်ထိ ကျောင်းသားဘ၀တစ်လျှောက်လုံး အက်ဆေးဆိုတဲ့ အသံကိုကြားရင် တော်တော်လေး လန့်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်စာအခြေခံနည်းတော့ အက်ဆေးတွေကို ကိုယ်တိုင် မရေးနိုင်ခဲ့ပါဘူး။ ဂုဏ်ထူးရှင် ကျောင်းသားတွေရဲ့ ဆုရအက်ဆေးတွေနဲ့ ဆရာတွေရေးပေးတဲ့ အက်ဆေးတွေကို အလွတ်ကျက်မှတ်ပြီး ဖြေဆိုခဲ့ရတာပါ။ ဒီတော့ အက်ဆေးဆိုတဲ့ အသံကြားရင် တော်တော်လေးကို လန့်မိတယ်ဗျ။ အရင်တုံးကတော့ ကျောင်းစာအနေနဲ့ မြင်ခဲ့မိတာဆိုတော့ ကိုရွှေကျောင်းသားတို့ ထုံးစံအတိုင်း ကြောက်တာလည်းပါတာပေါ့ဗျာ။ အခုတော့ အက်ဆေးတွေကို မဟားတရား စိတ်ဝင်စားနေပြီဗျို့။ အက်ဆေးဆိုတဲ့ အရေးအသားတစ်မျိုးကို တအားနှစ်ခြိုက်နေတာ။ ဒါနဲ့ အက်ဆေးဆိုတာကို ကျွန်တော် နားလည်သလောက် ထိတွေ့မိသလောက် ခြေရာခံကြည့်မိပါတယ်။

ပထမဦးဆုံး ကံ့ကော်မြိုင်စာတမ်းများ ဆိုတဲ့ စာအုပ်လေးကို သတိရမိပါတယ်။ အရွယ်အစားအရ စာအုပ်လေးလို့ ဆိုရပေမဲ့ ကလောင်ရှင်တွေကတော့ တကယ့် အကျော်အမော်တွေချည်းပါပဲ။ အကုန်အစင် မမှတ်မိတော့ပေမဲ့ ဆရာအောင်သင်းနဲ့ ဆရာဝင်းမွန်ကိုတော့ မှတ်မိနေပါတယ်။ ဆရာအောင်သင်းရဲ့ "အနီးအဝေး" နဲ့ "ချိုတကူးနဲ့ ဂုဏ်ရည်မတူ" ကို အခုတိုင် မှတ်မိနေပါသေးတယ်။ ကျွန်တော့်အဖို့တော့ ဒါဟာ အက်ဆေးဆန်တဲ့ အရေးအသားမျိုးနဲ့ ပထမဦးဆုံး ထိတွေ့မိတာလို့ ဆိုနိုင်ပါတယ်။ နောက်..သိပ္ပံမောင်ဝရဲ့ စာတွေမှာလည်း အက်ဆေးဆန်ဆန် အရေးအသားတွေကို သတိပြုဖတ်ရှုမိပါတယ်။ အက်ဆေးဆိုတဲ့ စာပေအမျိုးအစားတစ်ခု သီးသန့်မပေါ်ခဲ့ပေမဲ့ အက်ဆေးဆန်တဲ့ အရေးအသားတွေကတော့ မြန်မာစာပေလောကမှာ ရှေးကနဦးကတည်းက ရှိခဲ့ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာ အက်ဆေးကို "စာမွန်" လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ စာပေဗိမာန် အသင်းကြီးကတော့ "စာတမ်းငယ်" လို့ သုံးနှုန်းပြီး စာတမ်းဖတ်ပွဲ ပြုလုပ်ကျင်းပဖူးပါတယ်။ အစမ်းစာ၊ စာနုယဉ် စသည်ဖြင့်လည်း အမျိုးအမျိုးအထွေထွေ ရေးကြခေါ်ကြ သုံးနှုန်းကြပါတယ်။ သို့ပေမဲ့ တူညီတဲ့ဝေါဟာရ တစ်ခုအနေနဲ့တော့ ပညာရှင်များ အခုတိုင်အောင် တသဘောတည်းအားဖြင့် အတည်မပြုနိုင်ကြသေးပါဘူး။

မူလဝေါဟာရရဲ့ ဇစ်မြစ်ကို ခြေရာကောက်ကြည့်မယ်ဆိုရင်တော့ ပြင်သစ်ဘာသာစကားက လာပြီး "စမ်းသပ်အားထုတ်ခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ ၁၅၈၀ ပြည့်နှစ်မှာ ပြင်သစ်စာရေးဆရာ မွန်တိန်းက စပြီး ရေးခဲ့တယ်လို့ မှတ်သားရပါတယ်။ အင်္ဂလိပ်စာပေမှာတော့ ဖရန်စစ်ဘေကွန်က ၁၅၉၇ ခုနှစ်မှာ စရေးခဲ့ပြီး အက်ဆေးဆိုတဲ့ စာပေအမျိုးအစား တစ်ရပ်ကို ထူထောင်ခဲ့ပါတယ်။ အမေရိကန်စာပေမှာတော့ အီမာဆင်ရဲ့ အက်ဆေးတွေဟာ နက်ရှိုင်းခက်ခဲပြီး လူသိများထင်ရှားလှပါတယ်။

ကျွန်တော်တို့ မြန်မာစာပေမှာလည်း အထက်က ဆိုခဲ့သလိုပဲ အက်ဆေးစာပေဆိုပြီး သီးသန့်မဖွံ့ဖြိုးခဲ့ပေမဲ့ အက်ဆေးဆန်တဲ့အရေးအသားတွေ၊ အက်ဆေးလက်ရာတွေ အထင်အရှားရှိခဲ့ပါတယ်။ သိပ္ပံမောင်ဝနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကနေ ဆရာတက္ကသိုလ်မောင်မောင်ကြီး၊ ဆရာတိုက်စိုး၊ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာဝင်းမွန်၊ ဆရာအောင်သင်း၊ ဆရာမြသန်းတင့်တို့ထိ အစဉ်အဆက် ရှိခဲ့ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင် ဆရာမင်းလူ၊ ဆရာနေ၀င်းမြင့် တို့ရဲ့ အက်ဆေးပေါင်းချုပ် လက်ရာများကို တ၀ကြီးဖတ်နိုင်ပါတယ်။ အခြားသော စာရေးဆရာများရဲ့ အက်ဆေးလက်ရာများကလည်း ဝေေ၀စည်စည် ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ ရှင်သန်ကြီးထွားနေကြပါတယ်။ အမျိုသားစာပေဆုမှာ "စာပဒေသာ" (Belles lettres) ဆိုတဲ့ စာပေဆုအမျိုးအစားတစ်ခု ပါပါတယ်။ ပြင်သစ်ဝေါဟာရက ဆင်းသက်လာတဲ့ Belles lettres ဟာ "စာမွန်" လို့ဆိုနိုင်ပြီး အက်ဆေးဘောင်ဝင်တဲ့ အရေးအသားတစ်မျိုးလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

အက်ဆေးရဲ့ ထူးခြားချက်ကလေးတစ်ခုကိုလည်း ဆရာမောင်ခင်မင်(ဓနုဖြူ)က အခုလို ဖော်ထုတ်ပါတယ်။ ၀တ္တုတိုမှာ စာရေးဆရာ "ပျောက်" နေတတ်ပြီး အက်ဆေးမှာတော့ စာရေးသူ "ပေါ်" နေတတ်ပါတယ်တဲ့။ အက်ဆေးများကို တစိုက်မတ်မတ်ရေးလေ့ရှိတဲ့ ဆရာကြည်နိုင်ကတော့ အက်ဆေးမှာ ဝေဖန်ရေးသဘော၊ တွေးခေါ်မြော်မြင်မှု ဒဿနသဘော၊ အနုပညာရဲ့ အသိမ်အမွေ့သဘောတို့ ပေါင်းစည်းပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ အခြားစာပေ ပုံသဏ္ဍာန်များနဲ့မတူတဲ့ အပြန့်အကျယ် အနက်အရှိုင်းတို့ ရှိနေတတ်ပြီး သိုသိပ်မှုရှိသ လို ကြွယ်ဝမှုလည်းရှိတယ်လို့ သုံးသပ်ပြပါတယ်။

အက်ဆေးအရေးအသားများကို ဘာကြောင့်ကျွန်တော်ကြိုက်သလဲဆိုတော့ အကြောင်းအရာမျိုးစုံကို ရှုထောင့်မျိုးစုံကနေ ရေးဟန်အမျိုးမျိုးနဲ့ ဖွဲ့ဆိုနိုင်ပြီး သုတမျိုးစုံကိုသာမက ရသမျိုးစုံကိုလည်း ပေးစွမ်းနိုင်လို့ပါပဲ။ ကျွန်တော့်ရဲ့ ခပ်တိမ်တိမ်အတွေးလေးနဲ့ ဆိုရရင်တော့ အက်ဆေးဆိုတာကို ကုန်တိုက်ကြီးတစ်ခုနဲ့သာ နှိုင်းလိုက်ချင်တော့တာပါပဲ။ ကုန်တိုက်ကြီးတွေမှာ လူတန်းစားမျိုးစုံ ၀င်ထွက်သွားလာနိုင်တယ်။ ဒီလိုပဲ အက်ဆေးအရေးအသားတွေကလည်း စာဖတ်သူများကို အတန်းအစားမရွေး ပညာရပ်နယ်ပယ်မရွေး သာသာအေးအေး ဆွဲခေါ်သွားလေ့ရှိပါတယ်။ ကုန်တိုက်ကြီးတွေမှာ ဈေးနှုန်းကလည်း သင့်တင့်ကောင်းမွန်တယ်။ အသုံးအဆောင် ပစ္စည်းတွေဆိုတာကလည်း အသေးဆုံး အိမ်သုံးပစ္စည်းကနေ အကြီးဆုံး လူသုံးကုန်ပစ္စည်းတွေထိ ရနိုင်တယ်ဗျာ။ အလားတူပဲ အက်ဆေးတစ်ပုဒ်မှာလည်း အသေးငယ်ဆုံး သဘာဝအလှလေးတစ်ခုကနေ ကြီးမားကျယ်ပြန့်တဲ့ တီထွင်ဖန်တီးမှုကြီးတွေထိ လူသားတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းကို လွတ်လပ်ကွန့်မြူးစွာ ထုတ်ယူသုံးစွဲနိုင်ရဲ့ဗျား..။

ဒါ အက်ဆေးနဲ့ပတ်သက်လို့ ကျွန်တော် ထိတွေ့ဖူးတာလေးတွေပါ။ ကျွန်တော်တို့ မြန်မာစာပေမှာ အက်ဆေးနဲ့ပတ်သက်ပြီး ဒီထက်မကတဲ့ အကြောင်းအရာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဦးမှာ သေချာပါတယ်။ မြန်မာစာပေလောကမှာ နှစ်ခြိုက်စွဲမက်ဖွယ်ကောင်းလှတဲ့ အက်ဆေးအရေးအသားတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာပါစေလို့ ဆန္ဒပြုမိပါတယ်။ ဆရာမောင်ဆုရှင်ပြောသလို အက်ဆေးများဟာ စေတနာပေါက်အောင်၊ ဆင်ခြင်မိအောင်၊ သတိထားမိအောင် ရေးသားတဲ့ လက်ရာတွေ ဖြစ်တဲ့အတွက် ပွားများဖွံ့ဖြိုး စေချင်မိပါတယ်။

ညိမ်းညို

4 January 2008

မင်းငါ့ကိုလာနှိုးတော့ ညိမ်းညို

အဲဒီလို နာရီလက်တံ အတိုအရှည်တွေကြားမှာ
ပုပ်သိုးသွားတဲ့နေ့ရက်တွေထက်
လက်ဆတ်တဲ့ အနာဂတ်အားလုံးအတွက်
လမ်းခွဲမှာ ထားခဲ့ကြပါစို့
ငါတို့ မေ့လျှော့နေတာတွေ များတဲ့ကြားက
သတိရမိတာက လေပင့်တာရယ် ၊ ကျီမီးရှို့ခံရတာရယ်
သူတို့ အရပ်နဲ့ သူတို့ဇာတ်ကတော့ အကိုက်သားလားကွာ..။

အဆိပ်သင့်မိုင်တိုင် တစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက်
ငါ့ကိုယ်ငါ မှန်မကြည့်ဖြစ်တော့တာကြာပြီ
ဖောဖောသီသီ သုံးစွဲခွင့်ရပါရက်နဲ့ချွေတာနေကြတော့
မေတ္တာတရားဟာ ဈေးကျတယ်လားကွာ
(လူသူကင်းလွတ်ရာအရပ်မှာ)
စကားလုံးတွေ ထိုးအန်ပစ်လိုက်တယ်
ထာဝရစားသုံးခွင့်ရဖို့ ပုံမှန်စိုက်ပျိုးကြပါစို့
ရိုးသားမှုဟာ ဘယ်တော့မှ စားမကုန်ပါဘူး
မင်းမက်ခဲ့တဲ့ ပန်းပျိုးလက်လို
ငါတို့လက်တွေ မနူးညံ့နိုင်ကြတော့ဘူးလေ …။

မုန့်ဖုတ်မယ် ပန်းစိုက်မယ်
ဒါ ငါတို့ယဉ်ပါးခဲ့ကြတဲ့ ဘာသာဗေဒလေ
ဒီလောက်ထိကြာအောင် ဝေးကွာမနေသင့်ဘူး
မင်းကြိုက်တဲ့အချိန် ငါ့ကိုလာနှိုးတော့ ညိမ်းညိုရေ
"ပွင့်သစ်"မှာငါတို့ တစ်ခေါက်ပြန်ဆုံကြဖို့ အဆင်သင့်ပါပဲကွာ..။

တင့်ထူးရွှေ

3 January 2008

တနင်္ဂနွေပုံပြင်

ငါ့ပန်းခင်းလေးမှာမှ
မိုးက ခေါင်ခိုက်အောင်ကို ခေါင်တယ်
သူငယ်ချင်း မင်းမျက်နှာက ဖြူဖပ်ဖြူရော်နဲ့
သွေးအားနည်းနေသလားတဲ့
ဟင့်အင်း ..ဒါ ငါ့အပေါ် မိုးသရောကြီး ရွာချလိုက်တာ
ငါ့လက်တစ်ဖက်ကို မိုးကြီးပေါက်ဆိန် ခုတ်ချလိုက်တာ
ကွဲနေတဲ့ရင်တစ်ခြမ်းပေါ် သစ်တစ်ပင်တက်ပေါက်နေတာ
ငါ့အိပ်မက်ကို လက်ချိုးပစ်လိုက်တာ
ရင်ကွဲပင်ဆိုတာ ယုယနေဖို့ မလိုအောင်ကို ထွားကြိုင်းသန်မာတယ်
ဒင်းက အမုန်းတွေသာ လုံလုံလောက်လောက် စားသုံးနေရရင်
ဘ၀တစ်ခုလုံးကိုတောင် ထိုးခွဲပစ်မဲ့အပင်
အဆိပ်တွေနင်နေတဲ့ကောင်းကင်ရေ ငိုချင်းမချလိုက်ပါနဲ့
အက်ဆစ်တဖြိုက်ဖြိုက်မိုးတွေက
မြေကမ္ဘာကို လောင်မြိုက်သွားစေလိမ့်မယ်
အချစ်နဲ့ တဒင်္ကကွေကွင်းနေရသူတွေကို စာနာပါကွယ်။

ညိမ်းညို

1 January 2008

ညီအကိုတွေရဲ့ ဒီဇင်ဘာ (၃၁)

ဒီနေ့ ...
တို့ညီအကိုတတွေ ပျော်ဖို့ကောင်းလိုက်တာ
လောကကြီးတစ်ခုလုံး လှပလို့..
လျှပ်ပန်းလျှပ်နွယ်တွေ

ရွှီး..ဖောက် ဆိုတဲ့ အသံတွေ
တစ်လက်လက် အလင်းဝတ်မှုံတွေနဲ့အတူ
ငါတို့တွေ ကြိုဆိုနေမိရဲ့
ရင်ဆိုင်တွေ့ရမဲ့ အနာဂတ်ကို
လက်ဖျောက်တီးကြိုဆိုနေကြတာ ကြည်နူးစရာအတိပါပဲ
ငါတို့ ရှူသွင်းလိုက်တဲ့ အငွေ့အသက်တိုင်း
ငါတို့ ပြောနေတဲ့ အကြောင်းအရာတိုင်း
ငါတို့ကြားနေတဲ့ ဘာသာဗေဒတိုင်း
အနာဂတ်တွေ အပြည့်နဲ့
ဒီဇင်ဘာ ၃၁ ကို ထွန်းညှိလိုက်ပြီ
မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို
ဘာတွေနဲ့ ခြစ်ထုတ်ကြမလဲ
ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက်
ပျော်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ်
နွမ်းညစ်တဲ့အတွေးနုပ်တွေကို
ငါတို့ နှုတ်ဆက်ထားခဲ့ပြီပဲ
ဒုက္ခတွေနဲ့ ထွေးလုံးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုမှာ
ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့
ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ....
အငြိုးအာဃာတတွေ အတ္တအမုန်းတွေကို
စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့
နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့
ဆေးကြောလိုက်ကြမယ်
တို့တစ်တွေ အနာဂတ်ကို ပျော်ရွှင်စွာ
မျှော်လင့်ကြပါစို့...

တင့်ထူးရွှေ + ဖြိုးငယ် + ညိမ်းညို+ လွမ်းစေ
မျှားပြာ + ရွှေရောင်ကောင်းကင်( ဧည့် တာဝန်ခံ )



- အကြောင်းတစ်စုံတစ်ရာကြောင့် သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင်အိမ်လေးတွေမှာ နှစ်သစ်ဆုမွန်တောင်းပေးတာ နောက်ကျသွားတယ်ဗျာ။ ညီအကိုမောင်နှမများ၊ သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။ စာတွေ ကဗျာတွေ မှတ်သားစရာတွေကိုလည်း ဒီထက်ဒီထက် ပိုလို့တိုးလို့ ရေးနိုင်ကြပါစေဗျာ :)