11 January 2008

သင်္ဘောသီး


ဆရာချစ်စံဝင်း ရဲ့ "အမေနှင့် အမေ့အကြောင်း" စာအုပ်ထဲမှာပါတဲ့ သင်္ဘောသီး ဇာတ်ကြောင်းပုံပြင်လေးကို အခုထိ အမှတ်ရနေမိပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တဲ့ အခါတိုင်းလည်း တဆင့်ပြန်ပြီး ဖောက်သည်ချမိတာ ခဏခဏပါပဲ။ အခုတစ်ခါ ကျွန်တော့်ဘလော့လေးကို အလည်ရောက်လာကြတဲ့ စာချစ်သူများကို ပြန်လည်ဝေမျှပါရစေခင်ဗျာ။ တဆက်ထဲမှာပဲ ကဏ္ဍလေးတွေအောက်မှာရှိတဲ့ "ကျွန်တော်ကြိုက်သောကဗျာများ"၊ "ကျွန်တော်ကြိုက်သောကဗျာများ/ကဗျာရှည်"၊ "စာမှတ်စု"နဲ့ အချို့သောစာမူများဟာ အခြားသောစာရေးဆရာ၊ စာရေးဆရာမများရဲ့ စာမူများဖြစ်ကြောင်း လေးစားစွာ အသိပေးလိုပါတယ်။ ဆရာ၊ ဆရာမများရဲ့ ကလောင်အမည်ကိုလည်း စာမူများရဲ့ အပေါ်မှာရော အောက်မှာပါ လေးလေးစားစား ဖော်ပြအပ်ပါတယ်။ စာအုပ်စာတမ်း ရှားပါးကောင်းရှားပါးနိုင်တဲ့ အဝေးရောက် ညီအကိုမောင်နှမများအတွက် ကျွန်တော်လက်လှမ်းမီသလောက် ပြန်လည်ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

*** *** ***

သင်္ဘောသီး

ကျွန်တော် လွန်ခဲ့သည့် ကိုးနှစ်ဆယ်နှစ်ခန့်က မဂ္ဂဇင်းတစ်ခုထဲတွင် ဖတ်ဖူးသော ၀တ္ထုလေးတစ်ခုကို သွား၍ သတိရလာ၏။ ဘယ်မဂ္ဂဇင်းထဲတွင်လည်းတော့ မမှတ်မိပါ။ မြ၀တီ သို့မဟုတ် ရှုမ၀ထဲတွင် ဖြစ်နိုင်၏။ ဘယ်သူရေးသည်ကိုလည်း မမှတ်မိပါ။ ဇာတ်လမ်းကိုသာ မှတ်မိနေပါ၏။
***

မုဆိုးမကြီးသည် ပြန်လာမည့်သားကို မျှော်နေသည်။ ညနေစာအတွက် ရှိသမျှငွေကလေးနှင့် သားအတွက် ဟင်းမြက်မြက် ချက်မကျွေးနိုင်သည်မှာ ကြာပြီဖြစ်သည်။ အမေကိုယ်တိုင်လည်း နေမကောင်းနေသဖြင့် ဈေးတောင်းနှင့်ခေါင်း ကွာခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ သည်တော့လည်း ငွေပါ ခန်းလာ၏။ အမေသည် သူ့ကိုယ်သူ နေမကောင်းသည့်အဖြစ်ကိုပင် စိတ်ဆိုးလာသည်။ သား ဒီနေ့ အပြန်နောက်ကျလာသည်။ အရင်နေ့တွေကဆိုလျှင် ယခုလို အချိန်မျိုးတွင် သား အိမ်ပြန်ရောက်၍နေပြီ ဖြစ်၏။

အမေသည် ယိုင်နေသော သူ၏တဲကလေးကိုမှီရင်း ဆက်မျှော်နေသည်။ ဒီနေ့မှ အိမ်က ကင်းအလှည့်လည်း ကျနေ၏။ အမေ့စိတ်ထဲတွင် ကင်းလှည့်မြန်သည်ဟု ထင်နေသည်။ တခြားအလုပ်ဆိုလျှင် အမေကိုယ်တိုင် ထွက်လုပ်လေ့ရှိသော်လည်း ကင်းစောင့်ဖို့အတွက် အမေ့မှာ ခက်သည်။ သူကြီးက ယောက်ျားများသာ ကင်းစောင့်ရမည်ဟု ဆို၏။ သို့မဟုတ်ပါက သားကို ၀၀လင်လင် အိပ်စေ၍ အမေကိုယ်တိုင် ကင်းထွက်စောင့်မည် ဖြစ်၏။

သားပြန်လာသည်။

အမေသည် တံစက်မြိတ်မှထွက်၍ သားကို ကြိုလိုက်၏။ သားသည် အမေ့ကိုယ်လုံး နှစ်ဆခန့်ရှိသည်။ အမေ့ကိုပင်လျှင် ကိုင်ပေါက်လိုက်နိုင်သည့် ခွန်အားလည်း ရှိ၏။ သည့်အတွက် အမေက အားရသည်။ အမေသည် သူမွေးထားသောသားကို တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး ကြည့်နေမိသည်။

အမေ ဘယ်တော့မှ ကြည့်မ၀။

သားအတွက် ထမင်းပွဲရှေ့ရောက် အမေ ပြင်ပေးလိုက်၏။ သား ထမင်းမြိန်မမြိန်ကို အမေက ရင်တထိတ်ထိတ်နှင့် စောင့်နေရသေးသည်။ သားက မြိန်သည်လည်းမဟုတ်၊ မမြိန်သည်လည်းမဟုတ်၊ ဗိုက်ပြည့်သည့် သဘောသာစား၍ ထမင်းဝိုင်းမှ ထလိုက်၏။

"အမေရာ ..စားစရာ အချိုအချဉ်လေး ဘာလေး မရှိဘူးလား" ဟု မေးလိုက်၏။

အမေက မရှိဘူး ဟူသောစကားကို မပြောရက်။ သို့သော်လည်း တကယ်ကို မရှိ၍ အမေက ကြေကွဲသောမျက်လုံးများနှင့် သားအားကြည့်ရင်း ပြောလိုက်ရ၏။

"သား ဘာစားချင်လို့လည်း သားရယ်"

"အေးဗျာ.. သင်္ဘောသီးလေးများ စားရရင် ကောင်းမယ်"

သား ဘာစားချင်သည် ဆိုသည်မှာ အမေ့အသည်းထဲ၌ စွဲ၍သွားသည်။ သားသည် ကြမ်းပြင်၌ တုံးလုံးလဲနေသော ငါးတောင့်ထိုးဓာတ်မီးကို တွေ့လိုက်သည်။

"ဒီနေ့ ကင်းကျလို့လား အမေ"

"အေး..သားရယ်၊ အမေတို့အိမ် ကင်းကျတယ်။ ဒီကင်းကလည်း ခဏခဏပါပဲ။ ညနေကမှ ဆယ်အိမ်ခေါင်းအိမ်က မီးတောင့်လာပေးသွာတာ"

"ကျွန်တော် စောင့်ပါ့မယ်ဗျာ"

သားသည် ကြမ်းပေါ်တွင် ကျောခင်းလိုက်ရင်း သူကင်းစောင့်မည်ဟု ဆိုလိုက်၏။ ဒီအတွက် အမေသည် ဆို့နင့်နင့်ကြီး ဖြစ်သွားရသည်။ သားကို ကင်းစောင့်ပါဟု အမေ မပြောရက်။ သားကလွဲလျှင်လည်း မည်သူမျှ စောင့်မည်သူမရှိပေ။ မကြာမီ သားသည် ကင်းစောင့်သွားရန် ပြင်ဆင်လိုက်၏။ အမေသည် သားခြုံဖို့ စောင်တစ်ထည်ကို ထုပ်ထားသည်။ သားကြိုက်သော ဆေးလိပ် သုံးလိပ်ကိုလည်း စောင်ခေါက်နှင့်အတူ ချထားပေး၏။ အိမ်မှ တစ်ခုတည်းသော တဘက်ကလေးကိုလည်း ချပေးထားသေးသည်။

သားသည် တဘက်ကို ခေါင်းပေါင်းရင်း ဆေးလိပ်များကို စောင်ကြားတွင်ညှပ်ကာ ထွက်သွားတော့၏။

အမေသည် သား၏ ကျောပြင်ကိုကြည့်၍ ၀မ်းနည်းနေမိပြန်သည်။ သားက သေဘာၤသီးစားခ်င္သည္ဟု ဆို၏။ သင်္ဘောသီးတစ်လုံးကို အမေ ဘယ်လိုဝယ်ကျွေးရမည်နည်း။ တစ်နေ့က မနက်ဈေးတွင်တော့ မိသိုက်တို့အပိုင်းမှ သင်္ဘောသီး ထွက်ရောင်းသည်။ ပင်မှည့်သီးများဖြစ်သည်။ ထိုအခါ အမေသည် သား သင်္ဘောသီးကြိုက်တတ်မှန်းသိ၍ သင်္ဘောသီးနား ရစ်သီရစ်သီ လုပ်နေမိသေး၏။ သို့သော်လည်း ငွေစ မပြေလည်။ ထို့ကြောင့်လည်း သင်္ဘောသီးကို မျက်စိမှိတ်ကာ ရှိသမျှငွေစနှင့် ဆန်ဝယ်ခဲ့ရသည်။

အမေ သဘောင်္သီး ဘယ်လို ရနိုင်ပါ့မလဲဟု စဉ်းစား၏။ မိသိုက်တို့အပိုင်းတွင် တိုးလျှိုးတောင်းပန်၍ ကြွေးသွားဝယ်ရန်ကိုလည်း စဉ်းစားနေမိ၏။ မိသိုက်တို့အပိုင်းတွင် သဘောင်္သီး ရှိချင်မှ ရှိပေတော့မည်။ တစ်နေ့က ခူးရောင်း၍ ကုန်ပြီဖြစ်နိုင်၏။ အမေသည် သူကိုယ်တိုင် သဘောင်္ပင်များစိုက်ရန် စိတ်ကူးလိုက်၏။ မနက်ဖြန်တွင် သားစားချင်သော သဘောင်္သီး ကျွေးနိုင်ရန်က အရေးကြီးသည်။

အမေသည် ညဦး၏ တိတ်ဆိတ်မှုကိုဖြိုခွင်း၍ ထွက်လာသော သံချောင်းခေါက်သံများကို ကြားလိုက်ရ၏။ ဒီအသံသည် အမေ့သားထံမှ ထွက်လာသောအသံ ဖြစ်သည်။ အမေသည် သံချောင်းခေါက်သံများကို ရေတွက်၍ ကြည့်နေမိသည်။ ဆယ်ချက်တိတိ ဖြစ်၏။ ဆယ်နာရီ ထိုးပေပြီ။ အမေသည် မီးခွက်ကလေးကိုမှုတ်ပြီး စောင်ပါးကလေးကိုခြုံကာ ခါးပန်းကိုခေါင်းတင်ရင်း ခွေခွေကလေး လှဲနေ၏။

အမေသည် သူ့ဘ၀ကိုသူ ပြန်စဉ်းစားနေမိ၏။ သားလေး လူးလားမမြောက်မီ အဖေဆုံးခဲ့သည်။ အမေ့အတွက် ရွှေတောင်ကြီး ပြိုသလိုဖြစ်၏။ ဒီနောက်တွင်တော့ ဒီသားကို လူဖြစ်အောင် မွေးခဲ့ရ၏။ လူဖြစ်လာသော်လည်း သားသည် လူတစ်လုံးသူတစ်လုံး ဖြစ်လာသည်ဟုတော့ မဆိုသာ။ သားသည် ရွာ၌ တောင့်တင်းသန်စွမ်းသူဖြစ်၍ အားလုံးက လေးစားကြသည်ကိုတော့ အမေ ဂုဏ်ယူမိသည်။

သားထံမှ သံချောင်းခေါက်သံ ဆယ့်တစ်ချက်ကို ကြားလိုက်ရသည်။ အမေသည် အိပ်မပျော်သေး။ သားထံမှ သံချောင်းခေါက်တိုင်း အမေ ကြားနေရ၏။

ညသည် ပို၍ တိတ်ဆိတ်လာသည်။ တစ်နာရီခြားတစ်ခါ ထွက်ပေါ်လာသော ကင်းသံချောင်းသည်သာ ညအမှောင်ကို ဖြိုခွင်း၍ အချိန်မှန်ထွက်ပေါ်လာ၏။ တစ်ရွာလုံး အိပ်မောကျ၍ နေပေပြီ။ သားသည် တစ်ချက်သမ်းဝေလိုက်ရင်း နာရီကို ကြည့်လိုက်၏။ နှစ်ချက်တီးတော့မည် ဖြစ်၏။ ဒီတစ်ကြိမ် သံချောင်းခေါက်ပြီးပါက ရွာထဲသို့ ကင်းတစ်ပတ်လှည့်ရန် စိတ်ကူးလိုက်သည်။ တိတ်ဆိတ်လွန်း၍ ညတာသည် ပို၍ရှည်သည် ထင်မိ၏။ သားသည် ကင်းသံချင်းကို နှစ်ချက်တိတိ ခေါက်လိုက်၏။ ပြီးမှ ရွာတောင်ထိပ်မှ မြောက်ထိပ်သို့တိုင် တစ်ပတ်လျှောက်၍ ကင်းလှည့်လိုက်၏။ အမေ့အိမ်ဝသို့လည်း ရောက်ခဲ့သည်။ အမေ အိပ်မောကျနေပြီဖြစ်၍ အိမ်ထဲသို့ မ၀င်ခဲ့။

ကင်းတဲသို့ ပြန်ရောက်သော သားသည် အမေထည့်ပေးလိုက်သော ဆေးလိပ်များထဲမှ တစ်လိပ်ကို ဖွာလိုက်၏။ သောက်လက်စ ဆေးလိပ်မှ လွဲ၍ တစ်လိပ်သာ ကျန်တော့သည်။ မိုးလင်းပိုင်းတွင် သောက်ရန်ရှိနေသေး၍ သားသည် ဆေးလိပ်ကို ချွေတာပြီးသောက်နေရ၏။ သားသည် ဆေးလိပ်ကို တစ်ရှိုက်၀၀ကြီး သောက်လိုက်စဉ်တွင်ပင် ရွာလယ်ပိုင်းဆီမှ အသံများသည် ညဥ့်၏ တိတ်ဆိတ်မှုကို ဖြို၍ ထွက်လာသည်။

"သူခိုး..သူခိုး..သူခိုး"

သားသည် ဆေးလိပ်တိုကိုချထားလိုက်ရင်း လက်နှိပ်ဓာတ်မီးနှင့် ကြခတ်တုတ်ကိုယူကာ အသံလာရာဘက်သို့ အပြေးသွားလိုက်၏။

"သူခိုးဗျို့ ..သူခိုး"

သူခိုးအော်သံ ထပ်၍ ပေါ်လာပြန်သည်။ ထိုအသံကြောင့် ဟိုလူဒီလူများ နိုးလာကြဟန်တူသည်။ သားသည် သူခိုးအော်ရာနေရာဘက်သို့ ပြေးသွားခဲ့၏။ ညသည် မှောင်နေဆဲ ဖြစ်၏။ လကွေးကွေး၏ အလင်းရောင်ကသာ အလွန်ကို မှုန်တိမှုန်မွှား ရှိနေသည်။ သားသည် လမ်းကျဉ်းကလေးတစ်ခုထဲသို့ ပြေးဝင်လိုက်သည်။ သူခိုးသည် သူနှင့်မျက်နှာချင်းဆိုင်ဆီမှ ပြေးလာသည်။ သူသည် အမှောင်ကျနေသော ခြံစည်းရိုးတစ်ဖက်သို့ ကပ်နေလိုက်၏။ သူခိုးသည် သွက်သွက်လက်လက် ပြေးထွက်လာသည်။ သားက "ဟေ့..ရပ်" ဟု အော်လိုက်သည်။ သူခိုးကား မရပ်။

"ရပ်"

ဆက်၍ အော်လိုက်သည်။ သူခိုးသည် အရှိန်ဖြင့်ဆက်၍ ပြေးပြန်၏။ သူသည် ရပ်ခိုင်းသည်ကို မရပ်သော သူခိုးအား သူ၏ ကြခတ်တုတ်ဖြင့် အမှောင်ထဲမှ ခပ်ဆတ်ဆတ် ရိုက်ချလိုက်၏။ သူ၏ အားရှိသလောက် ရိုက်လိုက်ပါက တစ်ချီတည်း အသက်ထွက်သွားနိုင်၏။ သူခိုးသည် ထိုနေရာတွင် ပုံလျက်သား လဲကျသွားသည်။ နောက်မှ ပြေးလိုက်လာသူများလည်း မီလာတော့သည်။

သားသည် လဲကျနေသော သူခိုးပေါ်သို့ လက်နှိပ်မီးဖြင့် ထိုးကြည့်လိုက်သည်။ သူသည် အထိတ်တလန့်ဖြင့် ထ၍ အော်လိုက်မိသည်။

"အမေ"

သားသည် လက်နှိပ်မီးထိုးထားရင်း အမေ့ရင်ထဲမှ စောင်ပါးလေးနှင့် ထုပ်ထားသော ခိုးလာသည့် ပစ္စည်းကို ဆွဲထုတ်လိုက်သည်။

ထိုအခါ သင်္ဘောသီးလေး တစ်လုံးသည် အန်ထွက်၍ ကျလာပါ၏။

* ဆရာချစ်စံဝင်းရဲ့ အမေနှင့် အမေ့အကြောင်း စာအုပ်မှ ကူးယူဖော်ပြပါတယ်ခင်ဗျာ။

2 comments:

Layma said...

မိဘဆိုတာ သားသမီးအတွက် စွန့်စားဖို့ ၀န်မလေးတဲ့ သူရဲကောင်းတွေ...။

PeTi said...

မိဘတွေဟာ သားသမီးတို့ ဆန္ဒကို ဖြည့်ပေးဖို့ရာ နည်းလမ်း စုံလင် သုံးလေ့ရှိပါတယ်။ ဒီစာလေးကိုဖတ်ပြီး မိဘရဲ့ မေတ္တာကို ခံစားနိုင်ပါတယ်။ ဒါပေမယ့် ဒီအထက် နည်းလမ်းကျကျ ဘင်္ဘောသီး ကိုရှာပေးနိုင်ရင် ပိုကောင်းမယ်နော်။ ဒါကတော့ ကျွန်တော့်ရဲ့ အတွေးလေးပါ။