7 January 2008

သက်နုရင်ငွေ့ သက်ရင့်အလွမ်း


ဒီဘလော့လေးစလုပ်တဲ့ ၁၁၊ သြဂုတ်၊ ၂၀၀၇ မှာပဲ ဒီကဗျာလေးကို တင်ဖြစ်ပါတယ်။ ပန်းငါးပွင့်ရဲ့ ကောက်ကြောင်း မှာလည်း နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်အနေနဲ့ ထည့်သွင်းရေးစပ်ခဲ့ဖူးပါတယ်။


သက်နုရင်ငွေ့ သက်ရင့်အလွမ်း

ရိုးပြတ်လယ်ကွင်း
ယာတော ခရောင်းတော
ဘ၀အမောတွေ ကြားကနေ
မမှီမကမ်း မမြင်စမ်းတမ်း
လှမ်းလှမ်းပြီး လွမ်းနေရတယ်
ဆယ်မိုးဆယ်နွေ ကျော်ခဲ့ပေါ့ ။

ငါတို့နှလုံးသားတွေ နူးညံ့ဖြူစင်ခဲ့
လက်သည်းတွေ မ၀ှက်တတ်ကြသေးချိန်
တစ်ဦးရဲ့ မေတ္တာဓာတ်နဲ့ တစ်ဦးကိုနွေးထွေးစေခဲ့ကြ
တစ်ယောက်လက်ကို တစ်ယောက်ကမြဲမြဲဆုပ်
အပေးအယူ မျှော်လင့်ချက်သီအိုရီတွေ နားမလည်ကြသေးချိန်
အကြင်နာတွေ ချိုမြိန်ခဲ့ကြတယ် ။

ကလေးဘ၀ လူကောင်လေးတွေတေလေ
ဒါပေမဲ့ ငါတို့စိတ်တွေ မတေလေခဲ့ကြဘူး
မပေပွ မစွန်းထင်း
အဲသည်တုန်းက အဖြူထည်တွေ
ဒီနေ့ ဒီအချိန်မှာ ငါတို့ ဘာနဲ့ပြန်ဝယ်ကြမလဲ
အိပ်မက်တွေ သေသောက်မကျူးဘဲ မူးခဲ့ကြ
အာသီဆန္ဒတွေ အသီးသီးရွက်လွှင့်ကြ
ရယူပိုင်ဆိုင်လိုမှုတွေ ဆူဆူဖြိုးဖြိုး ဖွံ့ထွားကြီးပြင်းလာကြ
ဘ၀ကို ပန်းလိုပွင့် ပန်းလိုမွှေးစေဖို့
ပန်းတစ်ပင်လို ငါတို့ပြုစုပျိုးထောင်ခဲ့ကြ
ဘ၀က ငါတို့အပေါ် အဆိပ်သီးတွေ မိုးလိုရွာချ
ခါးသီးနာကျင်ပြင်းပြ ဒဏ်ရာဒဏ်ချက်တွေ အပြိုင်းအရိုင်း
လောကဓံတိုက်ကွက် ကံကြမ္မာရိုက်ချက်
ငါတို့ဘ၀အပေါ်မှာ
အရှိုးရာတွေဟာ ခုထိအတိုင်းသား
ဒီလိုနဲ့..
ငါတို့လည်း မှောက်မှားခဲ့ကြ သောက်စားခဲ့ကြ
မိုးခါးရေတွေ စည်နဲ့ချီ ရှိခဲ့ပြီ ။

ဘ၀ရဲ့ ပြဇာတ် အိပ်မက်တွေ တစ်ခန်းရပ်ဖို့
ငါတို့ ဇက်ကြိုးတွေ သပ်ချိန်
မှန်ပါတယ် မိတ်ဆွေ..
ဒဏ်ရာပျောက်ပေမဲ့ အနာရွတ်တွေကျန်ခဲ့တယ်
ဖွာရရာ မွစာကြဲ
ငါတို့စိတ်တွေ ပြိုကွဲ
(တိတ်တိတ်ကလေး ကိုယ်စီ) ရင်ထဲမှာ ငိုပွဲဆင်နေကြပြီ ။

လွမ်းတယ် သူငယ်ချင်းတို့ရေ..
သစ်တော်သီးတစ်လုံးကို
တစ်ယောက်တစ်ဖဲ့ ၀ိုင်းအုံစားသောက် ခေါင်းချင်းဆိုင်
ငါတို့ရဲ့ အဖြူရောင်မှတ်တိုင်တွေကို လွမ်းတယ်
တစ်ယောက်ကျောင်းပျက်တစ်ယောက်လက်နဲ့ မှတ်စုတွေကူးပေး
ငါတို့ရဲ့ အကြင်နာတွေကို လွမ်းတယ်
တစ်ယောက်ငိုကြွေးရင် အားလုံးမျက်ရည်ကျ
တစ်ယောက်ရယ်မောရင် အားလုံးပျော်ရွှင်ကြ
အမြင်ကြည်လင်တဲ့ ငါတို့ရဲ့ ငယ်ဘ၀ကို လွမ်းတယ်
တစ်ခုပေးမှတစ်ခုရတဲ့ နိယာမ
ငါတို့တော်လှန်ခဲ့ကြ
အရိုးအက်မျှ ခိုက်ခိုက်တုန်ချမ်းအေး
တောင်ပေါ်မြို့ကလေးရဲ့ ဆောင်းရာသီတွေမှာ
အနွေးထည်တစ်ထည်ဟာ
ငါတို့အားလုံးကို နွေးထွေးစေခဲ့တယ်
ကျောင်းလွယ်အိတ်တစ်လုံးထဲက မုန့်ပဲသရေစာ
ငါတို့အားလုံးရဲ့ ၀မ်းမီးကို ငြိမ်းစေခဲ့တယ်
ငါတို့လက်တွေ ဖြန့်ထားကြတယ်
ဆုပ်မထားကြဘူး
အားလုံးက ပေးနေကြတယ် ပြန်မယူကြဘူး
ဒါပေမဲ့ ငါတို့အားလုံးရရှိခဲ့ကြ
နွေးထွေးတဲ့ မေတ္တာတရား အေးမြတဲ့ အကြင်နာတရား
ခိုင်မာတဲ့ သံယောဇဉ်တရား
ဟားတိုက်ရယ်မောနေမလား မိတ်ဆွေ..
သေချာတာတစ်ခုကတော့
ဒါတွေဟာ..
ရှင်သန်အောင်စိုက်ပျိုးဖို့ ခက်ခဲလှတဲ့
လောကပါလ သီးပင်စားပင်တွေပါ ။

သူငယ်ချင်းတို့ရေ..
စိတ်ကူးတွေမိုက်တဲ့အတိုင်း ငါတို့ရွက်တိုက်ခဲ့ကြ
ကမ်းမမြင်လမ်းမမြင် တစ်ယောက်တစ်နေရာစီ ဝေးကွာနေကြ
အခုဆိုရင်..
ရင်ကွဲနာကျသံစဉ်တွေ ဖွဲ့ သီနေကြပြီလေ
မစားရ၀ခမန်း အာသီဆန္ဒတွေ ခ၀ါချ
ငါတို့ဘ၀တွေ ပြန်ဖြူစင်ခွင့် ရချင်တယ် ။

ဆယ်မိုးဆယ်နွေရဲ့ ဟိုမှာဘက်
ငါတို့သူငယ်ချင်းတွေ တစ်ယောက်လက် တစ်ယောက်မြဲမြဲဆုပ်
လောကဓံရဲ့ ရိုက်ပုတ်ချက်တွေကို ခါထုတ်
ဝါသနာပါရာ အလုပ်,လုပ်ကြရင်း
ဘ၀ကို မွှေးမြဖြူစင်စွာ ပွင့်လန်းရှင်သန်ခဲ့ကြတယ် ။

သူငယ်ချင်းတို့ရေ..
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်
ရသေ့စိတ်ဖြေ သဘောမျိုးပဲဖြစ်ဖြစ်
အဖြေညှိနေတဲ့ငါ
ရူးသွပ်နေပြီလို့ ဆိုချင်ဆိုကြ
ငါတို့ငယ်စဉ်တောင်ကျေး ငါတို့ရင်ဘတ်ထဲက အဖြူရောင်နေ့ရက်တွေကို
အဖြူရောင်သက်သက် လွမ်းဆွတ်မိခြင်းရယ်ပါ ။

ညိမ်းညို
- ဖြူစင်အပြစ်ကင်းစွာ ဖြတ်သန်းခဲ့ကြသော ငယ်ကျောင်းသားဘ၀ သူငယ်ချင်းများပုံရိပ်ကို လွမ်းဆွတ်သတိရစွာဖြင့်...

1 comments:

Unknown said...

အဖြူရောင်အလွမ်းတွေနဲ့ အတူ..အောင့်ကို...မမ ...