24 September 2007

ရေချမ်းစဉ်

ငါဟာ ရေချမ်းစဉ်လေးပါ
ဖြူလွလွသဲပွင့်များပေါ်
ငြိမ်းအေးမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ကိုယ် တိမ်မြုပ်
ဘာကိုမှ အရေးမလုပ်ပဲနေနေတာ မဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့ကလမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ်
စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်
ငါ့ရေချမ်းစဉ်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်
နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ
နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ
အဲဒီလို ဆိုခွင့်ငိုခွင့်ကင်းမဲ့နေတဲ့ငါ့ကို
ခွင့်လွှတ်ပေးပါဦးကွယ်
စကားတွေ အများကြီးပြောလို့ မရဘူးလေ
ငါက အသက်မဲ့နေတဲ့ ရေချမ်းစဉ်လေးမို့ပါ ။

ညိမ်းညို

22 September 2007

နှင်းကျချိန်

မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်
လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်
နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး
နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး။

ညိမ်းညို

21 September 2007

သူလိုငါလို

ငါလျှောက်လာရာလမ်းတစ်လျှောက်မှာ ထူးဆန်းတာဆိုလို့
ကြမ်းရှတဲ့ မြက်ပင်ရိုင်းတွေက
နေရောင်အောက်မှာ တောပန်းလေးတွေပန်ထားတာပဲရှိလိမ့်မယ်
အချိန်ရှိတုန်းလေး ရှေ့ ကိုဆက်လျှောက်ဖြစ်တယ်
နားနားနေနေ နေချင်တဲ့အခါလည်း နေလိုက်မယ်လေ
အမြဲတမ်းရှေ့ ရောက်နေတာကောင်းတယ် ဆိုတာမျိုးကျ
ငါ့ကိုယ်ပိုင်သင်ရိုးက ခွင့်မပြုပြန်ဘူး
စုပြုံတိုးကြိတ် တအုံးအုံးတရုန်းရုန်းဖြစ်နေပြီဆိုရင်
ယဉ်ကျေးမှုမရှိတဲ့ ငါမျက်လုံးမှာ
တောရိုင်းတိရိစ္ဆာန်အုပ်တွေကိုပဲ ပြေးမြင်နေမိတာ
ရယ်သံလွင်လွင်လေးတွေ ထိခတ်နေတဲ့အရပ်မှာ
တောင့်တောင့်ကြီးရပ်မနေချင်ပါဘူး
လေးလေးလံလံဆိုလို့လည်း
ပခုံးပေါ်မှာရော၊ ဦးနှောက်ပေါ်မှာရော ဘာကိုမှ ထမ်းပိုးမထားချင်ဘူး
အသံကုန်အော်ဟစ်ကြုံးဝါးလိုက်ရင်
ငါနဲ့ ငါ့ပတ်ဝန်းကျင်လေး အထိတ်တလန့်ဖြစ်မှာ စိုးမိပါတယ်
ငါ့ယုံကြည်မှုအတွက် ငါ့အသက်နဲ့ထပ်တူ
ငါလုပ်ရမဲ့အလုပ်တစ်ခုအတွက် ငါ့ဘ၀နဲ့ထပ်တူ
အဲသလို သူလိုငါလို လူ့အဖြစ်လေးကိုပဲ
ငါက ဖန်ဆင်းကျေနပ်လို့နေမိတာလေ..

ညိမ်းညို

20 September 2007

သူစိမ်းတွေလို

ရင်းနှီးပြီးသားအရာတစ်ချို့ဟာ မရင်းနှီးတော့သလို
သူစိမ်းဆန်စွာ ငါ့ကို ငေးကြည့်နေကြ
တိုက်နေတဲ့လေတောင် ရုတ်တရက်စိမ်းသွားပါရဲ့
စိမ်းလိုက်တာကွယ်..
အစိမ်းရင့်ရင့်ရာသီအိုထဲ ပန်းကလေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ မကြွေတဲ့သစ္စာတရားပေါ့ ညီမလေးရယ်..
ကျန်ရစ်ခဲ့တဲ့ ခြေရာလေးတစ်စုံအပေါ်
လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများချည်နှောင်လိုက်လေသလဲ
ငြင်းဆန်ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမလေး ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာဆိုရင်
အဲဒီအလင်းတန်းကို
ငါ့ရင်ဘတ်ထဲက ဖြတ်သန်းခွင့်ပြုပါ
ညီမလေးရေ..
ဟောဒီလမ်းသွယ်လေးထဲမှာ
အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..အေးစက်၊ နာကျင်စွာအေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့ ငါတို့ကို ကိုက်ခဲထားကြတော့မယ်
တိုက်ခတ်နေတဲ့ လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမလေးနဲ့ ငါဟာ...... သူ..စိမ်း..တွေ..လို

ညိမ်းညို

17 September 2007

ငါတို့ ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား

ပျောက်ဆုံးနေတဲ့ သော့တစ်ချောင်းအတွက်
လူလိုသူလို အသက်ရှူတတ်အောင် ကျင့်သုံးနေထိုင်တယ်
ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတာက ငါတို့ကျဉ်းမြောင်းနေပြီ ဆိုတာကိုပဲ
ဝေးရင်လည်းဝေးသလို နီးရင်လည်းနီးသလို လွမ်းတယ်ဆိုတာ အဆီးအတားမရှိဘူးမို့လား
စိတ်စေရာပန္နက်ရိုက်ရရင် လက်တစ်ဆုပ်စာအတွေးလေးကအစ လည်မျိုထိတွယ်တက်လာလိမ့်မယ်
ဘယ်လိုလဲ..ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား
နံရိုးတွေပန်းသီးတွေကို ငါမသိဘူး၊ ငါချစ်တတ်သလို ချစ်ပြခဲ့တာ
မျက်မြင်သက်သေတစ်ယောက်ကို ရုံးတော်ထဲခေါ်သွင်းလာပြီလား
ငါကလည်း မျက်မမြင်သက်သေ ရာ၊ ထောင်ပေါင်းများစွာနဲ့ တန်းစီပြီးစောင့်နေလို့ရတယ်
ယုံကြည်မှုတစ်ခုမှာ သက်သေပြပုဂ္ဂိုလ်တစ်ယောက်မှမလိုဘူးထင်လို့ ကိုယ့်ကိုယ်ကို မီးရှို့ထားတာ
အလင်းတန်းတွေဖြာထွက်လာရမယ်လို့ မဆိုလိုပါဘူး
မီးခိုးတွေအူထွက်မလာရင်ကိုပဲ ကြံဖန်ပြီးဂုဏ်ယူနေဦးမဲ့ကောင်
လက်ဆွဲနှုတ်ဆက်တာနဲ့ ပခုံးကိုခပ်ပြင်းပြင်းလေးရိုက်ပုတ်လိုက်တာ
ယဉ်ကျေးမှုချင်းတော့ သိပ်မကွာဘူးမို့လား
"ဟေ့ကောင်ကြီး" ဆိုပြီး ရှိတာတွေချကျွေးလိုက်ရင် ဗိုက်ပူနံကားတဲ့အထိ တ၀ကြီးစားပစ်လို့ရတယ်
ကဗျာကို ပေမီဒေါက်မီမရေးဘူးတဲ့၊ အော်ဟစ်ပြီးရီလိုက်ပါလား နားရွက်တွေ နွေးသွားတဲ့အထိ
ငါလည်းလူငယ်ပဲ၊ ဒါပေမဲ့ ခေတ်တစ်ခေတ်မှာ လူငယ်တစ်သိုက်ထဲ မိုက်နေလို့မရဘူး
ဒီတော့ ငါ့ကဗျာမှာ ရပ်သုံးရွာသုံးတွေ ထုံမွမ်းနေတာ မဆန်းဘူးမို့လား
စကားလုံးတွေ ကိုးကျင်းကိုးကျာင်းနဲ့ ကြိမ်းမောင်းနေရတာ ကြာတော့ အံသွားတွေညောင်းလှပြီ
ခြေညောင်းလက်ဆန့်ပဲဖြစ်ဖြစ်ပေါ့ နည်းနည်းလောက်ပျံသန်းကြည့်ကြရအောင်
နေရောင်အောက်မှာမှ ခပ်ကွင်းပြင်လို့ရတာမဟုတ်ဘူးလေ
လရောင်အောက်မှာရှိတဲ့လူကလည်း လရောင်အောက်မှာ ခပ်ကွင်းပြင်မှာပဲ
အဆန်းတကြယ်ဆိုလို့ ဘာမှမရှိဘူး ဗဟိုပြုတွေးလွန်းရင် သိထားတဲ့ဗဟုတွေ ပြိုသွားလိမ့်မယ်
ငါတို့တီးမဲ့စန္ဒယား တစ်သံထဲထွက်ချင်ရင်တော့ (စောင့်နေကြစို့ရဲ့) လူတွေအားလုံးရူးသွားတဲ့အထိ
နောက်ကျော ဓါးစိုက်တာကြီးကိုပဲ ဟိတ်နဲ့ဟန်နဲ့ပြောနေကြ လျှာယားလိုက်တာ
ထမင်းကြမ်းမှ သိုးတယ်မထင်လေနဲ့ ပေါင်မုန့်လည်း သိုးတတ်တာပဲ
ဒီတော့ ..နွားကျောင်းသားတစ်ယောက်ကလည်း အရောင်နဲ့အရိပ်အကြောင်း
သူသိသလောက်တော့ လက်တို့ခွင့်ရှိတယ်မဟုတ်လား
နေရာအထပ်ထပ်ကမ္ဘာအရပ်ရပ် ဘယ်ဒေသမှာပဲအတောင်ပံခပ်ခပ်
လေမရှိရင်တော့ ပျံသန်းလို့မရဘူးမို့လား
အဲဒါကြောင့် ပြောကြည့်ဦးမယ်
ငါတို့ ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား ဆိုတာ...။

ညိမ်းညို

16 September 2007

အိမ်

ညမှာ..
ဘာမှမရှိတဲ့ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။

အဲဒီလို ဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း..
အလွမ်းတွေ ထိန်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။

မိုးခင်ခင်(မဟာဝိဇ္ဇာ)

15 September 2007

အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၂)

* နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာရှိရင် ငရဲခန်းက အပြန်မှာတောင် ကျွန်တော့်မျက်နှာဟာ ကြည်ရွှင်လန်းဆန်းနေပါလိမ့်မယ်။ အကယ်၍ နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာ မရှိခဲ့ရင်တော့ နတ်ဘုံနတ်နန်းက ပြန်လာရင်တောင် ကျွန်တော် ပျော်နိုင်မယ်မထင်ဘူး။


* လူတစ်ယောက်၏ စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို ဆင်မြန်းထားသော အ၀တ်အစား၊ ရွှေထည်ငွေထည်တို့ဖြင့် ပုံဖော်၍ မရစကောင်း။ ထိုသူ၏ စောင့်စည်းထိန်းချုပ်မှု၊ လုပ်ရပ်နှင့် ပြုကျင့်ပြောဆိုမှုတို့မှသာ ပုံဖော်၍ ရနိုင်ကောင်း၏။

* မိမိ၏ မသိနားမလည်မှုအတွက် ရှက်ကြောက်ဖွယ် အကြောင်းမရှိ။ ထိုမသိနားမလည်မှုကို ကြာရှည်လေးမြင့် လက်ခံထားခြင်းကသာ ရှက်ကြောက်ဖွယ်ဖြစ်၏။

- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာ ဖြစ်ပါတယ်။ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။

ညိမ်းညို

10 September 2007

နှုတ်စကား

အလွန်ချိုမြိန်ပြီး
အရည်ရွှမ်းပြီး
အနံ့အရသာ ထူးကဲသော
အလွမ်းများ များစွာထူထဲကြွယ်ဝသော
လောကကြီးမှာ
ကျွန်တော် ပျော်မိပါပြီ ။

အဆုံးအရှုံးများကိုလည်း
ဆုလာဘ်များလို
ဂုဏ်ယူတတ်ပါပြီ ။

ဒဏ်ရာများ ရလာလျှင်
ရင်ထဲမှာ ပန်းတွေပွင့်ရဲတဲ့ သတ္တိ
ကျွန်တော် ရရှိခဲ့ပါပြီ ။

သုခမိန်လှိုင်

မိုးထဲလေထဲ

လှုပ်လေမြုပ်လေတဲ့
နည်းနည်းလေးလှုပ်တာနဲ့
ဘ၀တစ်ခုလုံး မြုပ်တော့တာပဲ
ဆိုလိုတာက..
ကိုယ့်အသိနဲ့ကိုယ် နောက်ကျိနေရတဲ့အဖြစ်
ကိုယ့်အမြင်နဲ့ကိုယ် မှုန်ဝါးနေရတဲ့အဖြစ်
ကိုယ့်အသံနဲ့ကိုယ် နားပင်းနေရတဲ့အဖြစ်
ခေတ်ကိုမျက်နှာသစ်ဖို့အရေး
ကပ်ကမ္ဘာဆိုးတွေက ရှည်ကြာလွန်းလှတယ်။

ညိမ်းညို

စိတ်ကူးမိတဲ့ဇာတ်လမ်း

စကားတွေအများကြီးပြောပြီး
ကိုယ့်အတ္တလေး အစာဝသွားရုံနဲ့တော့
ရင်ဘတ်ကို ပုတ်မပြလေနဲ့
ပြောသမျှစကားကို နားထောင်ကြလိမ့်
သို့သော်..အလုံးစုံနာခံမှာတော့ မဟုတ်
လူဆိုတာ နားဝင်လွယ်တဲ့သတ္တ၀ါ
နားပေါက်ဖို့တော့ တော်တော်ခက်မယ်
ယုံတမ်းစကားနဲ့ ပုံပြင်တွေမှာ
စွဲဆောင်မှုတစ်ခုစီတော့ ပါကြတာပဲ
ငါတို့ပွင့်ပြတဲ့ပန်းက
ငါတို့ညွှန်းသလောက် မွှေးနေဖို့ လိုတယ်။

ညိမ်းညို

9 September 2007

အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၁)

* ရိုးရိုးဖြောင့်ဖြောင့်နေပါ။
လွတ်လွတ်လပ်လပ် ပြုမူပြောဆိုပါ။
ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖြေရှင်းပါ။
ကိုယ်ကျင့်တရားနှင့်ဆိုင်လျှင် အမြဲတမ်း မှတ်ကျောက်အတင်ခံနိုင်ရမယ်။

* ပေပေတေတေ တာဝန်ကျေ။
ကိုယ်ကျင့်တရားကောင်းစေ၊ အစဉ်ရိုးဖြောင့်၊ မကောက်ကျစ်နဲ့။

* လုပ်သင့်တာလုပ်၊ ဖြစ်သင့်တာဖြစ်လာလိမ့်မယ်။ ဘာမှမပူနဲ့။
အနုပညာဆန်ဆန်နေ။ ဒါပေမဲ့ အမှန်တရားနဲ့ မကင်းလွတ်စေနဲ့။
ကိုယ်ဖြစ်ကိုယ်ခံ၊ မဆိုင်တဲ့လူ ဆွဲမထည့်နဲ့။

* အဖော်မလိုဘူး၊ ငါတစ်ယောက်တည်း။
ကိုယ့်စိတ်ကို ကိုယ်နိုင်ရင် နေရာတိုင်းမှာ အောင်ပွဲရှိတယ်။
အဆုံးထိမလုပ်နိုင်ရင် မစနဲ့။
ပြောသလိုလုပ်၊ လုပ်သလိုပြော။ အဲဒါ အကောင်းဆုံးပဲ။

* လောကမှာ ရှက်ဖို့ ကြောက်ဖို့ (၂) မျိုးပဲ ရှိတယ်။
မတရားမလုပ်မိဖို့နဲ့ မတရားတာ အလုပ်ခံမနေရဖို့ပဲ။

- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာဖြစ်ပါတယ်။
ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။

ညိမ်းညို

စံပယ်နန်းတော်


စံပယ်နန်းတော်
မောင်လှမျိုး(ချင်းချောင်းခြံ)


နေရစ်တော့
မစံပယ်ရေ
ဘ၀နယ်တစ်ကွေ့
ခဏငယ်တွေ့ခဲ့ရတဲ့
"မစံပယ်" ဆိုတဲ့
ပန်းကလေးတစ်ပွင့်ရေ ..။

နေ့ဆိုတာ
"နေ" ရှိမှ တင့်တယ်ပါသတဲ့
ညဆိုတာလည်း
ငွေရောင်လမင်း ထိန်ထိန်လင်းမှ
တင့်တယ်ပါသတဲ့
မင်းရဲ့ဘဝ
နေ့ .. ည အသင်္ချေ
တာရာခြွေရံ လမင်းစံမြန်း
နေရောင်ဖျန်းပက်
ရွှေရောင်လွှမ်းယှက် လင်းပါစေ..။

ဘ၀မှာ
ကဗျာတွေကို ငါချစ်ခဲ့သလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ .. ချစ်ပါရစေ မစံပယ်။

“မြ” ဆိုတာ စိမ်း
“စံပယ်” ဆိုတာ ရနံ့ပန်း
“လှိုင်” ဆိုတာ ပေါကြွယ်လျှမ်း
သင်းပျံ့တဲ့ စိမ်းမြမှုတွေ
ပေါများကြိုင်လှိုင်နေတဲ့
“မစံပယ်” ဆိုတဲ့ ကောင်မလေးရေ
မင်းဟာ..
ငါမနမ်းရက်တဲ့
စံပယ်ပန်းလေး တစ်ခက်ပါကွယ်..။

စံပယ်ဆိုတာ
အဆင်းလှတယ်
ရနံ့သင်းတယ်
ဖြူစင်တယ်
စံပယ်ဆိုတာ
နူးညံ့ပျော့ပျောင်းပေမဲ့
“ခရေ” ပန်းလို
လေသရမ်းရုံနဲ့
ကြွေတဲ့လမ်းကို မရွေးချယ်
အညှာမလွယ်ဘူးပေါ့ မစံပယ်..။

လေပြေအလှုပ် လှိုင်းလိုပုတ်တိုင်း
သူ့အပင်အုပ်အုပ်လေးမှာ
သူ့အကိုင်းနဲ့သူ
သူ့အညှာနဲ့သူ
ဖြူဖြူစင်စင် လူမြင်အောင်ပြ
သင်းပျံ့လှပဆဲပါ .. မစံပယ်။

စံပယ်ဆိုတာ..
နှင်းဆီပန်းလို မာန်ထောင်မကြွ
စူးမြမြတွေနဲ့
အခူးရမခက်ပေမဲ့
သူ့အညှာသူတွယ်
သူ့နယ်သူချစ်
သူ့ခိုင်မာမှုနဲ့သူ
တလူလူလွင့်
ဖြူစင်သင်းပျံ့စွာ
ပွင့်နေတာပါ..မစံပယ်။

စံပယ်ဆိုတာ..
မဉ္ဇူသကနတ်ပန်းလို
ဘုံနန်းစံပန်း မဟုတ်ပေမဲ့
သူ့ဘ၀င်..သူမြှင့်
သူ့အသွင်..သူတင့်
ဖြူစင်ဝင့်ထည်
သူ့ဘ၀သူခင်တွယ်တဲ့
ပန်းမြတ်နွယ်ဝင် ရွှေသဇင်လို
ဂုဏ်တင်လျက်ပါ မစံပယ်..။

စံပယ်ဆိုတာ..
အလေ့ကျချုံပုတ်
ဆူးရုံရှုပ်ထွေး၊ လမ်းနံဘေးမှာ
အပြေးအလွှား ပွင့်ဖူးတဲ့
မလေးစားစရာ အညံ့ပန်းတော့
မဟုတ်ပါဘူး..မစံပယ်။

ပန်းဆိုတာ
နန်းလိုကြတာ
ဓမ္မတာပါ ..မစံပယ်
အနမ်းခံပန်းတွေကြားမှာ
အနင်းခံပန်း မဖြစ်ရအောင်
ကိုယ့်ဘ၀ကိုယ်..ထူထောင်ပြီး
နေရောင်ခြည်ကို
ရဲရင့်စွာ ငေးကြည့်စမ်းပါ မစံပယ်..။

နေပြင်းတိုင်း စံပယ်မနွမ်း
လေပြင်းတိုင်း စံပယ်မကြွေ
လေပြေမှာ ရနံ့သင်း
မြေပေါ်မှာ အညှာခိုင်
ထိကိုင်မိရုံနဲ့
သတိယိုင်အညှာကျိုးရင်
အဲဒါ..
စံပယ်အမျိုးမဟုတ်ဘူး..မစံပယ်။

စံပယ်ကိုငွေရောင်တင်
စံပယ်ပင်ကို ရွှေရောင်ဆိုး
စံပယ်အမျိုးကို ရွှေနဲ့ပက်ရင်
ငါမြတ်နိုးတဲ့
စံပယ်ပင်လေး..
နေရောင်ကြောင့်မနွမ်းဘဲ
ရွှေရောင်ကြောင့် နွမ်းရဲသွားမှာ
ငါ..အစိုးရိမ်ဆုံးပါ မစံပယ်။

အနမ်းအမှောင်တွေကြားက
မစံပယ်ကို
(ဟောဒီ..
အလွမ်းတစ်ထောင်က)
ကျမ်းတစ်ထောင်ဖွဲ့မထားပေမဲ့
စံပယ်ကို မော်ကွန်းတင်
စံပယ်ကိုဦးညွှတ်ချင်တဲ့
ငါ့သံယောဇဉ်ထုထည်ကို
နုနယ်တဲ့ ပွင့်ဖတ်တွေကြားက
မေးဖျားလေးထောက်ပြီး
တစ်ချက်လောက်ဖြစ်ဖြစ်
ငေးကြည့်ပါလား..မစံပယ်။

ပန်းပေါင်းစုံတဲ့
ရနံ့တောထဲမှာ
စံပယ်တစ်ငုံဖူး
စံပယ်တစ်ဖူးပွင့်
စံပယ်တစ်ပွင့်သင်း
စံပယ်တစ်ပင်လန်းဖို့အတွက်
လုံခြုံတဲ့တစ်နေရာ
ဟောဒီ..မြေကမ္ဘာပေါ်
ဖွေရှာတူးဖော်ပြီးပြီလား..မစံပယ်။

စံပယ်ဆိုတာ
ကုမုဒြာပန်းလို
လ,ရောင်ဖြန်းမှ ပွင့်လန်းရတဲ့
ပန်းပွင့်မျိုး မဟုတ်ပေမဲ့
လ,ရောင်ဖျန်းဖျန်း၊ မဖျန်းဖျန်း
လ,ရောင်ဆန်းဆန်း၊ မဆန်းဆန်း
ည,ဆိုတဲ့ အမှောင်လမ်းမှာ
ပန်းဆိုတဲ့ စံပယ်ဖြူဖွေး
ဘာကိုတွေးလို့
ပူဆွေးနေရမှာလည်း ..မစံပယ်။

အမှောင်မှာ
လ,မသာရုံနဲ့
မြလွှာရုံ
ခြုံငုံတဲ့ စံပယ်ဖြူဖွေး
ညစ်ထေးသွားရောလား မစံပယ်။

မှောင်သွားလို့ မည်းတဲ့အထဲမှာ
အဖြူရောင် မစံပယ်လေး
ဖြူဖွေးနေဖို့သာ
အရေးကြီးတာပါ မစံပယ်။

အမှောင်က
အမှောင်အလုပ်ကို လုပ်လိမ့်မယ်
အလင်းက
အလင်းအလုပ်ကို လုပ်လိမ့်မယ်
မှောင်မှောင်လင်းလင်း
မြေတလင်းမှာ
စံပယ်ရနံ့ သင်းပျံ့ဖို့သာ
လိုလားတာပါ မစံပယ်။

အလင်းရောင်ရှိမှ
အဖြူအမည်း
သဲကွဲတတ်တာ မှန်ပါတယ်
ဒါပေမဲ့..မစံပယ်
အလင်းရောင်မရှိလို့
မှောင်နေရုံနဲ့
အဖြူက အရောင်ပြောင်းပြီး
အမှောင်ရဲ့ အရိပ်
မည်းချိပ်ချိပ်ကလေးအဖြစ်
ညစ်ထေးသွားတတ်သလား မစံပယ်။

အမှောင်ကြောင့်
အဖြူဟာ
အရောင်ပြောင်းမသွားပါဘူး
အလင်းကြောင့်
အမည်းဟာ
ဖြူမသွားပါဘူး
အဖြူက အဖြူ
အမည်းက အမည်း
သဲကွဲဖို့က
အမှောင်ထဲမှာ
ဖြူရဲဖို့သာ
လိုအပ်တာပါ မစံပယ်။

အမှောင်အလင်း
မသန့်ရှင်းရင်တောင်
စံပယ်ရနံ့ သင်းသန့်သန့်လေး
ပျံ့မွှေးနေမြဲပါ မစံပယ် ။

အလင်းရောင်ကြောင့်
အဖြူရောင် စံပယ်ဖွေးလေး
ပိုမိုပြီး အရောင်ပြေးသွားတာလည်း
သဘာဝပါပဲ မစံပယ်။

အလင်းမဲ့တဲ့ တစ်ခဏ
ညအမှောင်ဖုံးသွားတာနဲ့
ဘ၀တစ်ဆောင်လုံး
ပျက်ပြုန်းသွားတာ
သဘာဝမကျပါဘူး မစံပယ်။

အမှောင်ထဲမှာ..ရဲရဲဖြူပြီး
အလင်းထဲမှာ..မြဲမြဲမွှေးဖို့
အညှာမယိုင် အပင်မယိမ်းဘဲ
(ကိုယ့်ကိုယ်ကို) ချုပ်ထိန်းမှသာ
သဘာဝကျပါတယ် မစံပယ်။

အမှောင်ထဲမှာ မနေရဲလို့
တံချူခေါ်ရာ အလင်းတိုက်ထဲ
ခေါင်းငိုက်လိုက်ပါသွားကြတဲ့
ဧည့်နန်းစံ ပန်းတွေထဲမှာ
စံပယ်ပန်းကုန်း
အမွှေးဆုံးလေးတွေ
မပါဝင်ပါစေနဲ့ ..မစံပယ်။

ပန်းဆိုတာကတော့
(တစ်ချိန်ချိန်မှာ)
နွမ်းရစမြဲပါ မစံပယ်
သူ့အပင် သူ့အခက်
သူ့အလက် သူ့အညှာမှာ
သူ့ဘာသာနေရင်း
သူ့ဘာသာ နွမ်းကြွေသွားတာ
ဝမ်းနည်းစရာမဟုတ်ပါဘူး မစံပယ်။

လောကသဘာဝ
အနိစ္စမို့
ဖူးရာမှငုံ၊ ငုံရာမှ..ပွင့်
ပွင့်နေစဉ်လန်း၊ လန်းရာမှ..နွမ်း
နွမ်းရာမှညှိုး၊ ညှိုးရာမှ..ကြွေ
ကြွေရာမှခြောက်
ပြီးပျောက်သွားတာ
ဖြေသာစရာပါ..မစံပယ်။

ပန်းဆိုတာကလည်း
အခူးခံရဖို့
ပွင့်လာကြသလိုပါပဲ
ခူးရက်လို့ ..ခူးခဲ့ကြတဲ့
ခူးလက်တွေနောက်
ရောက်သွားခဲ့ကြရင်လည်း
မြင့်မြတ်တဲ့..ပန်းခူးလက်
ယုယတဲ့..ပန်းခူးလက်ထဲက
ထည်ဝါတဲ့ ဘုံနန်းပေါ်မှာ
သင့်လျော်သလို
ပျော်စေချင်ပါတယ်..မစံပယ်။

ပန်းခူးလက်နဲ့
ပန်းခြွေလက်
ခွဲခြားရမခက်စေဖို့
ပန်းသက်ရှည် ကိုယ်ပိုင်အလင်းကို
အစဉ်အမြဲ
ထွန်းတောက်ရဲပါစေ..မစံပယ်။

အလင်းရောင်မှုန်ပျပျဆိုတာ
အမှောင်ပါပဲ ..မစံပယ်။
အလင်းမှိန်မှိန်
မ၀င်းထိန်သလို
စံပယ်ပွင့်လွှာ
သူ့ညှာတံလေး
တွန့်လိမ်ကွေးကောက် နွမ်းခြောက်သွားမှာ
စိုးရိမ်တာပါ ..မစံပယ်။

(၂၁) ရာစုရဲ့
မှုန်ပျပျအလင်းရောင်အောက်မှာ
ယမကာအနံ့
စူးရှရှတွေရဲ့ ကြားမှာ
အလိုရမ္မက်ဖုံး
ရီဝေေ၀ မျက်လုံးတွေရဲ့ နံဘေးမှာ
အမှားပြင်ဆင်ဖို့ခက်
မြင်မြင်ချင်း နှစ်သက်တတ်တဲ့
ပန်းချိုးလက်တွေရဲ့
နယ်ချဲ့ မှုတလင်းမှာ
“မစံပယ်”
သီဆိုတဲ့ သီချင်း
ဘယ်သူက
နားသွင်းမှာတဲ့လဲ..မစံပယ်။

“ဂီတ” ဆိုတာ
ဘ၀ရဲ့ အလင်္ကကာ
“သီချင်း” ဆိုတာ
ဘ၀ရဲ့ ဝေဒနာ
ထိုဝေဒနာ
ပြေရာပြေကြောင်း
တောင်းဆိုနားဆင်နေတဲ့
ကျားဘုရင်
သခင်မျက်လုံးတွေရဲ့
ရီဝေေ၀ မျက်လုံးတွေကြားမှာ
တကယ်ခံစားတတ်တဲ့
အနုပညာ ချစ်ခြင်းတရား
ရှိတတ်ကြလို့လား မစံပယ်။

ကျားတွေ
သီချင်းမကြိုက်တတ်ကြသလို
ပန်းတွေကလည်း
အရက်မကြိုက်တတ်ကြပါဘူး။

ဒါပေမဲ့..မစံပယ်ရေ
ကျားနဲ့သီချင်း
ပန်းနဲ့အရက်
ရောယှက်တွယ်ငင်
မြင်မြင်သမျှ
ရင်မှလှိုက်ဖို၊ မျက်ရည်ပြိုကျ
ငါချစ်ရတဲ့
စံပယ်ဖွေးဖွေးလေးအပေါ်
ရွှေရောင်ငွေရောင်တွေ
ဖြတ်သန်းကျော်လွှားသွားပြီဆိုတာ
ပွင့်လွှာပေါ်မှာ..ခြေရာတစ်ချို့က
ပြောပြနေသလိုပါပဲ..မစံပယ်။

“စံပယ်” ဆိုတဲ့
ပန်းပွင့်လေးကို
နေရောင်ခြည်နောက်ခံနဲ့
ငေးကြည့်ချင်လို့
ရန်ကုန်မြစ်ကမ်းနံဘေးက
ဆည်းဆာရောင် လေပြေညင်းအကြားမှာ
မင်းကို..
ငါ..
စောင့်စားခဲ့တာပါ မစံပယ်။

ရန်ကုန်နဲ့ ဒလအကူး
မျက်လုံးတွေ မူးစေလောက်တဲ့
လူဦးရေ များစွာအကြားကို
မင်း..
ငေးကြည့်ဖူးပါသလား မစံပယ်။

ရုံးတက်သူက ရုံးအပြန်
ကျောင်းတက်သူက ကျောင်းအပြန်
အလုပ်ဆင်းသူက အလုပ်အပြန်
ဈေးရောင်းသူက ဈေးရောင်းအပြန်
မြစ်ကူးတဲ့ “ဇက်” ပေါ်က
အိမ်အပြန်ချွေးစက်တွေရဲ့ ..အနံ့ဟာ
စံပယ်ရနံ့လောက် မသင်းပျံ့ပေမဲ့
သူတို့ရဲ့ ချွေးစက်တန်ဖိုး
မင်း..
မြတ်နိုးဖူးပါသလား မစံပယ်။

စက်ရုံက အလုပ်သမ
ပန်းရံသယ်တဲ့ အလုပ်သမ
ဈေးရောင်းပြန်လာတဲ့ ဈေးသည်မတို့ရဲ့
သနပ်ခါး ပါးကွက်ကြား
ချွေးစက်တွေကြောင့်
ပျက်ပြယ်သွားရပေမဲ့
သူတို့ရဲ့ အိမ်အပြန်
အဖိုးတန်ပါတယ် မစံပယ်။

အလုပ်သမတို့ရဲ့ အိမ်အပြန်
ဆင်းရဲသူတို့ရဲ့ အိမ်အပြန်
ချွေးစက်တို့ရဲ့ အားမာန်ဟာ
ရန်ကုန်မြစ်ရေကိုတောင်
လျှံတက်သွားလောက်ပါတယ် မစံပယ်။

နေရာင်ခြည်က မှေးမှေးမှိန်
သနပ်ခါးရနံ့
ချွေးစက်ရနံ့တို့ရဲ့
အိမ်ပြန်ချိန်ကျမှ
မစံပယ် အိပ်ရာထ
မိတ်ကပ်အရောင်
ဖောင်းကြွကြွနဲ့
ညမှာ အလုပ်ဆင်း
ညမှာ သီချင်းဆိုဖို့
အမေကို နှုတ်ဆက်
အဖေကို နှုတ်ဆက်
မောင်နှမတွေကို နှုတ်ဆက်
ညီမ၀မ်းကွဲရဲ့ လက်ကိုဆွဲပြီး
“ည” ကို ရဲရဲရင့်ရင့်
ဖွင့်လှစ်ခဲ့တာ
အဲဒါ..
ကဗျာဆန်ပါ့မလား.. မစံပယ်။

ဘ၀မှာ
“ကဗျာ” တွေကို ငါချစ်ခဲ့သလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ..ချစ်ပါရစေ..။

အနမ်းဆိုတာ
နူးညံ့တဲ့ ပေးအပ်မှုပါ မစံပယ်။

မင်းရဲ့ ..ဆံဖျား
မင်းရဲ့ ..ပါးပြင်
မင်းရဲ့ ..ရင်ခွင်
မင်းရဲ့ .. လည်ရစ်
မင်းရဲ့ .. နှုတ်ခမ်း
မင်းရဲ့ .. နဖူး
မင်းရဲ့ .. လက်ချေင်းသွယ်
မင်းရဲ့ .. လက်ဖမိုး
မင်းရဲ့ .. မျက်ဝန်း
မင်းရဲ့ .. မျက်တောင်
အားလုံးကို ကွေ့ရှောင်ပြီး
ငါ့ရဲ့ အနမ်းလိပ်ပြာတစ်ကောင်
ဘယ်သောင်မှာ..
နားခိုရမှာလဲ မစံပယ်။

လေပွေရစ်နေတဲ့
အနမ်းမြစ်ကြောတစ်လျှောက်
ဒဏ်ရာရ လှေငယ်တွေ
ဘယ်နှစင်းလောက်
တိမ်းမှောက်ပြီးပြီလဲ မစံပယ်။

မစံပယ်ရေ..
လိပ်ပြာ ပိတုန်း
ပန်းဝတ်ရည် သုံးစွဲတာ
သဘာဝတရားပါ။

ပန်းပွင့်တစ်ပွင့်တည်းကို
ဝိုင်းအုံရစ်ဝဲနေတာလည်း
သဘာဝတရားပါပဲ။

ပန်းပွင့်ဖတ်ပေါ်
ခို..နားပျော် ခြေရာတွေလည်း
ဝင်လာမဆဲ
တသဲသဲပါလား မစံပယ်။

ပွင့်လွှာပွင့်ဖတ်
ညှာတံရဲ့ အစပ်မှာ
ပျားပန်းခပ်ခဲ့တဲ့
ခြေရာအဟောင်းတွေကြောင့်
အားလုံးနဲ့
ကင်းလွတ်တဲ့နေရာတစ်ခု
ငါ့ကို..
ရှာဖွေခွင့်ပြုပါ မစံပယ်။

ပျား..ပိတုန်း..လိပ်ပြာ
အားလုံးဟာ
ပန်းတစ်ပွင့်ရဲ့
ပွင့်ဖတ်ပေါ်မှာသာ
ဝတ်ရည်ငုံရင်း
ပျော်ပါးတတ်ကြတာပါ။

သူတို့ရဲ့ ခြေရာ
ကင်းလွတ်ရာ နေရာကတော့
မြေထဲမှာ နစ်နေတဲ့
ပန်းတစ်ပွင့်ရဲ့
အမြစ်တွေပါပဲ ..မစံပယ်။

ငါ့လိပ်ပြာတစ်ကောင်
စံပယ်ပင်ခြေထဲကို ငုပ်လျှိုးပြီး
ခြေရာတွေ ကင်းလွတ်ရာကို
ရှာဖွေတွေ့ရှိခဲပါပြီ။

အို..မစံပယ်
မင်းရဲ့ ဆံဖျား၊ ပါးပြင်
မင်းရဲ့ ရင်ခွင်၊ လည်ရစ်
မင်းရဲ့ နှုတ်ခမ်း၊ နဖူး
မင်းရဲ့ လက်ချောင်းသွယ်၊ လက်ဖမိုး
မင်းရဲ့ မျက်ဝန်း၊မျက်တောင်
အားလုံးကိုကွေ့ရှောင်ပြီး
ငါ့ရဲ့ အနမ်းလိပ်ပြာတစ်ကောင်
မင်းရဲ့ ခြေခုံဖြူဖြူလေးပေါ်မှာ
(စံပယ်ပွင့်ဖတ်လေးပေါ်
နားခိုနေတဲ့ လိပ်ပြာတစ်ကောင်လို)
ခိုနားအိပ်ပျော်နေပါတယ် မစံပယ်။

မင်းရဲ့ ခြေခုံဖြူနုနုလေးဟာ
ငါ့အတွက်
စံပယ်ပွင့်ဖတ်လေးတွေပါပဲ။

မင်းရဲ့ ခြေခုံဖြူနုနုလေးပေါ်က
မွှေးညင်းလှလှလေးတွေဟာလည်း
ငါ့အတွက်
ဝတ်မှုံငွေရောင်လေးပါပဲ။

အဲဒီ..
ခြေခုံဖြူနုနုလေးအပေါ်
ငါ့အနမ်းလိပ်ပြာလေးတွေ
လွတ်လပ်စွာ
ပျော်ပါးဝဲပျံပါရစေ..မစံပယ်။

အဲဒီနေရာလေးဟာ
ရနံ့ဆိုးတွေနဲ့ ကင်းလွတ်တယ်
ပျား၊ ပိတုန်းတို့ရဲ့
အတောင်ပံခတ်သံနဲ့ ကင်းဝေးတယ်
အဲဒါကြောင့်
ငါရင်အေးရပါတယ် မစံပယ်။

နေရစ်ခဲ့ပါ မစံပယ်
နေရစ်ခဲ့ပါ မစံပယ်..
အမှောင်ထဲမှာ၊ မင်း..မပျော်ပိုက်ပေမဲ့
အမှောင်အမိုက်ထဲက
ရွှေရောင်ငွေရောင် ပယင်းရောင်
ဖိတ်ဖိတ်လျှံလျှံတွေဟာ
မင်းတို့စိတ်တွေကို အလင်းပြန်
မိသားစုရဲ့ ထမင်းပန်းကန်တွေကို
ထိမှန်ခဲ့ပြီမဟုတ်လား မစံပယ်။

ဒလ သင်္ဘောဆိပ်က
ရန်ကုန်မြစ်ကမ်းနံဘေးမှာ
မင်းရဲ့ခြေဖမိုးလေးကို
ငါငေးကြည့်နေမိတာ
မင်းမှတ်မိမှာပါ မစံပယ်။

မင်းရဲ့ ခန္ဓာတစ်ခုလုံးမှာ
အဲဒီနေရာသာ
အသန့်ရှင်းဆုံးပါလို့
ငါ..ယူဆမြတ်နိုးရင်
မင်း..
အပြစ်တင်ချင်ပါသလား မစံပယ်။

ကားလှလှလေးတစ်စီးပေါ်က
မင်းဆင်းသက်လာတာကို မြင်ရတိုင်း
စံပယ်ရိုင်းလေးတစ်ပွင့်
လေလွင့်ပြီး ပြုတ်ကျလာတယ်လို့
ငါ.. တွေးမြင်မိပါတယ်။

စံပယ်ဆိုတာ
မရိုင်းရဘူး.. မစံပယ်
စံပယ်ဆိုတာ
မကြမ်းရဘူး.. မစံပယ်
စံပယ်ဆိုတာ
အညှာမလွယ်ပါဘူး
သူ့ခွန်အားနဲ့ သူ့အညှာ
ဂဟေဆက်ထားတာပါ မစံပယ်။

ရွှေလက်နဲ့ခေါ်လည်းမသွား
ငွေလက်နဲ့ ခေါ်လည်းမသွား
မြသားရောင် ကတ္တီပါကြားမှာ
ကိုယ့်အင်အားနဲ့ကိုယ်
နုပျိုဖြူစင်မှုကို ခြုံပြီး
ကိုယ့်ကိုယ်ကို..
ယုံကြည်မှု အပြည့်ထားရင်း
ပွင့်သွားခဲ့ကြတဲ့ စံပယ်တွေရဲ့ ရနံ့
ဟောဒီမြန်မာပြည်မှာ
သင်းပျံ့နေဆဲပါ မစံပယ်။

တစ်ဦးတစ်ယောက်နဲ့
ရန်ဖြစ်တော့မဲ့အခါ
စံပယ်ဆိုတဲ့
သဘာဝနဲ့ ညီအောင်
နူးညံ့ဖြူစင်တဲ့
ခွင့်လွှတ်စိတ်ကို မွေးဖို့
ငါ..အကြံပေးတုန်းက
မျက်လုံးလေးမှေးမှိတ်ပြီး
ဒေါသစိတ်ကို
ကြိတ်မှိတ်ဖြေလျော့ခဲ့တဲ့
မင်းရဲမျက်နှာ ၀င်းပပလေးကို
ငေးကြည့်ရင်း
ငါ.. လေးစားခဲ့ရသူပါ..မစံပယ်။

အလင်းရောင်မပီပြင်တဲ့
ပျား၊ ပိတုန်း သံစဉ်တွေကြားမှာ
အန္တာရာယ် ခပ်များများကို ကာကွယ်ရင်း
သီချင်းဆိုမပျက်တဲ့
မင်းရဲ့ မနက်ဖြန်တွေအနား
ဘယ်သူတွေ..
ခိုနားကြဦးမလဲ မစံပယ်။

အဲဒီ မနက်ဖြန်တွေထဲ
မင်းနေရဲသေးတယ်ဆိုရင်
နေသာနေရစ်ခဲ့ပါ မစံပယ်ရယ်။

နေရစ်တော့ မစံပယ်ရေ..
စံပယ်ပွင့်လေးတစ်ပွင့်ကို
ငေးကြည့်ရင်း..
မခူးရက် မမွှေးရက်
မခြွေရက် မချေရက်ဘဲ
ကဗျာလေးတစ်ပုဒ်ကို
မြတ်နိုးနေသလိုမျိုး
ငါ..တန်ဖိုးထားပါရစေ မစံပယ်။

“ထမင်းတစ်လုတ်ကို
ထင်းခုတ်စားလို့ ရတယ်” ဆိုတဲ့
ငါတို့မြန်မာတွေရဲ့
ဆင်းရဲသား မာန်၊ မာနမျိုး
မင်းရဲ့
လျှပ်စစ် သံစဉ်ကြိုးတွေကြားမှာ
မင်း..
ထည့်ဖြစ်အောင် ထည့်ထားစမ်းပါ မစံပယ်။

ညနေစောင်းမှ အလုပ်ဆင်း
ညတလင်းမှာ သီချင်းဆို
မင်းသံစဉ် ပျိုနုနုကို
ဟိုလူ့အတွက်ပေး
သည်လူ့အတွက်ပေးနဲ့
မင်းရဲ့ ဘ၀ရှေ့ရေး
ခဏလေးတွေးပြီး
ရင်မလေးဘူးလား..မစံပယ်။

မင်းရဲ့ ဂုဏ်သိက္ခာကို
စုံမှိတ်ပြီး ထိန်းသိမ်းထားတယ်ဆိုတာ
ငါ..ယုံကြည်ပါတယ် မစံပယ်။

မုန်တိုင်း..လေပြင်း
ညတလင်းထဲမှာ
ငွေတွင်းတူးနေရရှာတဲ့
ပန်းဖူး ပန်းငုံ
ပန်းပွင့်အစုံကြားက
လူသားစား ပျားပိတုန်းတွေရဲ့
အလိုရမ္မက် ပျားရည်စက်တွေကိုတော့
ငါ..
ယုံကြည်ဖို့ ခက်ရတာပေါ့ မစံပယ်။

ငွေပေးလို့..ငွေရ
ရွှေပေးလို့ ..ရွှေရ
ဒါ..သဘာဝကျပါတယ်
ဘာမှမပေးဘဲ ငွေရ
ဘာမှမပေးဘဲ ရွှေရတာမျိုးကတော့
အိပ်မက်တွေ
ဆိုးရွားတတ်တယ် မစံပယ်။

ညသန်းခေါင်အလယ်
အလှတောင်ပံ ယှက်ယှယ်
မီးတောက်မီးလျှံပေါ်
တွယ်တက်နေရတဲ့ အခြေအနေမျိုး
မင်း..မြတ်နိုးလို့လား မစံပယ်။

ပိုးဖလံတွေလို
မီးကိုတိုးနေတာ မဟုတ်ပေမဲ့
မီးတောက်တွေအနား
မီးတောက်တွေအနား
လူးလားပျံသန်းနေရတဲ့အခါ
မီးအဟပ်ခံရတတ်တာ
သေချာမှာပါ မစံပယ်။

မီးဟပ်တဲ့ ဒဏ်ရာတစ်ချို့ကြောင့်
မင်းရဲ့ ပါးပြင်၊ နှုတ်ခမ်း
သွေးစို့စို့ အရောင်သမ်းနေတာ
ငါ..မြင်သာသူပါ မစံပယ်
တစ်ကိုယ်လုံး မလောင်ကျွမ်းတာကိုပဲ
ငါ့ရင်ထဲက..
စိတ်ချနေရဲရတာပါ
စံပယ်ပန်းပဲဖြစ်ဖြစ်
ချယ်ရီပန်းပဲဖြစ်ဖြစ်
အပင်ငယ်ငယ် အပင်ကြီးကြီး
ပန်းကတော့ ပန်းပါပဲ မစံပယ်
အပင်ကြီးမို့ အညှာခိုင်တယ်လို့
မဆိုလိုပါဘူး
အပင်ငယ်မို့ အညှာလွယ်မယ်လို့
မဆိုလိုပါဘူး
ပန်းတို့ရဲ့ သဘာဝ
ကြွေချိန်တန်မှ ကြွေကြရတာကိုသာ
ငါ..လိုလားလို့ပါ မစံပယ်။

အမှောင်ထဲမှာသာ
နေရစ်ခဲ့ပါလို့
ငါ..ထားရစ်ခဲ့တာ မဟုတ်ပါဘူး
ကိုယ့်ပညာ၊ ကိုယ့်အင်အားနဲ့
ရုန်းထွက်လာတာကိုသာ..လိုလားလို့
ငါ..ကျောခိုင်းထားခဲ့တာပါ မစံပယ်။

မိဘမောင်ဘွားတွေရဲ့
အားကိုးမဏ္ဍိုင်
စံပယ်ပွင့် အညှာလေး ပိုမိုခိုင်ဖို့
ကိုယ့်ဘာသာ တံခွန်တိုင်စိုက်တာကို
လိုလားလို့ပါ မစံပယ်။

မင်းရှာတဲ့ငွေ
မိဘတွေအတွက် ရည်စူး
ငါ..သာဓုခေါ်ခဲ့ဖူးပါတယ်
ဒါပေမဲ့ မစံပယ်
မင်းရတဲ့ ကုသိုလ်ထုပ်
နည်းနည်းလေး အမဲအုပ်နေတာ
ငါ..ရင်နာချင်တယ် မစံပယ်။

စက်ရုံ အလုပ်ရုံတွေထဲမှာ
စံပယ်ပွင့်တွေ
အများကြီးရှိတယ်
လမ်းဘေးက ဈေးသည်တွေကြားမှာ
စံပယ်ရနံ့တွေ အများကြီးရှိတယ်
ဆင်းရဲသားတို့ရဲ့ အိမ်ခေါင်းရင်း
ဘုရားကျောင်းဆောင်ထက်မှာ
စံပယ်ခက်တွေ အများကြီးရှိတယ်။

ငွေစော်နံတဲ့ စံပယ်ခြံထဲက
ခပ်ရဲရဲလေး တိုးထွက်ကြည့်တဲ့အခါ
ဆင်းရဲသားတို့ရဲ့
ဘ၀တန်ဖိုး အပေါ်ယံအလွှာမှာ
ချွေးစက်စိမ့်ထွက် လက်တွေအကြား
စံပယ်ပွင့်တွေ အများကြီးရှိတယ်။

စံပယ်ဆိုတာ
ဆင်းရဲသားအားလုံးရဲ့
တော်ဝင်ပန်းပါ မစံပယ်
ယုံကြည်ချက် မာန်မာန
ဆင်းရဲသူအလုပ်သမများစွာတို့ရဲ့ စုစည်းရာ
စက်ရုံ အလုပ်ရုံတွေအပေါ်
ချွေးစက်တွေနဲ့ ပျော်ကြရာ
အဲဒါ..
စံပယ်တို့ရဲ့ နန်းတော်
ဆင်းရဲသူတို့ရဲ့ ပြဿဒ်
သူ့ဂုဏ်ဒြပ်နဲ့သူ
တန်ဖိုးတွေ အလံထူထားကြတာ
အဖြူရောင် ပိတ်သားနဲ့ပါ..မစံပယ်။

နေရစ်ခဲ့မှာလား မစံပယ်
ဆင်းရဲတယ်ဆိုတာ
ဂုဏ်ငယ်စရာ မဟုတ်ပါဘူး
စံပယ်ကို ငွေရောင်ဆိုး
ငွေရောင်ကြောင့် စံပယ်ညစ်
အဲဒါ..
ချမ်းသာခြင်းမှာ နစ်,နစ် သွားတတ်တဲ့
စံပယ်တို့ရဲ့ အပြစ်ပဲပေါ့ မစံပယ်။

ဘ၀တန်ဖိုးကို
ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေနဲ့
ချိန်ထိုးတိုင်းတာတယ်ဆိုတာ
လူဆိုးလူမိုက်တွေရဲ့ ဓလေ့ပါ။

နေရစ်တော့
မစံပယ်ရေ..
ငါကတော့
မနက်ခင်းတစ်ခုရဲ့ အရုဏ်ဦးမှာ
စံပယ်ဖူးလေးတစ်ငုံ
ဖြူစင်မှုဝတ်စုံကို ခြုံပြီး
နေရောင်ခြည်ကို ခုံလှုံလာဖို့အတွက်
ညထဲက မစံပယ်ကို
တမင်သက်သက်
ကျောခိုင်းထားခဲ့ရက်ပြီ။

စံပယ်တို့ရဲ့ နန်းတော်
ဆင်းရဲသူတို့ရဲ့ ပြဿဒ်
သူ့ဂုဏ်ဒြပ်နဲ့သူ
တန်ဖိုးတွေ အလံထူထားကြတာ
အဖြူရောင် ပိတ်သားနဲ့ပါ..မစံပယ်
ဒါမှမဟုတ်
မင်းသင့်လျော်မယ်ထင်တဲ့ အရပ်မှာသာ
နေရစ်ခဲ့ပါတော့ ..မစံပယ်
ဒါမှမဟုတ်
ရုန်းထွက်သင်းပျံ့လှည့်ပါကွယ်
ချစ်သော..စံပယ်။ ။

(စံပယ်ပွင့်များ…သို့)
မောင်လှမျိုး(ချင်းချောင်းခြံ)

8 September 2007

ချစ်သောလောကကြီးခင်ဗျာ..

ကျွန်တော်တို့ရဲ့ သားသမီးလေးတွေဟာ သည်နေ့ပဲ အထက်တန်းကျောင်းမှာ သင်ကြားခဲ့တဲ့ပညာရေး ဆုံးခန်းတိုင်သွားကြပါပြီ။ သည်အခါ သူတို့လေးတွေဟာ ခဏတဖြုတ်တော့ တစ်မျိုးတစ်မည် ဖြစ်နေကြဦးမှာ။ မနေတတ် မထိုင်တတ် ဖြစ်နေကြဦးမှာပါ။ အဆွေလောကကြီးအနေနဲ့ သူတို့လေးတွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံပေးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါရစေလားခင်ဗျာ။

အခုအချိန်အထိတော့ သူတို့လေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ သူတို့သာ ရှင်ဘုရင်လေးတွေအဖြစ် နေခဲ့ကြပါတယ်။ သူတို့လေးတွေ အနာတရဖြစ်လာချိန်မှာ မိဘတွေက သူတို့အနာတွေ သက်သာအောင် ဆေးထည့်တန်ထည့်၊ ကျပ်ပူတိုက်တန်တိုက် ပေးခဲ့ကြတယ်။ သူတို့ရင်ထဲက ခံစားချက်အစိုင်အခဲလေးတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် မိဘတွေကပဲ ဂရုတစိုက်နဲ့ ပြုပြင်လို့ပေးခဲ့ကြပါတယ်။ ဒါကိုလည်း အဆွေလောကကြီး အသိဆုံးပါနော်..။

အခုတော့ အဲသလိုမဟုတ်တော့ပါဘူး။ သူတို့လေးတွေဟာ စွန့်စားခန်းအသစ်တစ်ခုကို စတင်ကြတော့မှာပါ။ အဲဒီစွန့်စားခန်းမှာတော့ ပရိဒေ၀တွေလည်းပါချင်ပါမယ်။ စိတ်ဆင်းရဲစရာတွေလည်း ပါချင်ပါနေပါလိမ့်မယ်။ သည်ခရီးမှာ ဆက်လက်ချီတက်နိုင်ဖို့ သူတို့မှာ ခိုင်မာတဲ့ယုံကြည်ချက် ပြင်းပြင်းပြပြရှိနေဖို့ လိုပါလိမ့်မယ်။ စစ်မှန်တဲ့ မေတ္တာလည်း လိုပါလိမ့်မယ်။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကိုလည်း လက်ကိုင်ထားကြရပါလိမ့်မယ်။ ဒါတင်မကသေးပဲ နားလည်မှု ဆိုတာလေးကိုလည်း ရင်ဝယ်ပိုက်နိုင် မှသာ သူတို့ရဲ့ ရှေ့ခရီး ချောမွေ့ မှာပါ။

သည်တော့ကာ ချစ်စွာသော လောကကြီးခင်ဗျား ..
သူတို့လေးတွေအား စောင့်ရှောက်ပါရန် ကျွန်တော်က အဆွေ့အား လေးစားစွာ ပန်ကြားချင်ပါတယ်။ သူတို့လေးတွေရဲ့ လက်ကိုဆွဲကာ ဦးဆောင်ခေါ်ယူလို့ သူတို့တွေ သိသင့် သိထိုက်တာအားလုံးကို သင်ကြားပြသတော်မူပါ။ ဒါပေမဲ့ တစ်ဆိတ်လောက်ခင်ဗျာ ။ ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့လေးတွေအပေါ်မှာ နူးနူးညံ့ညံ့လေးသာ ထိန်းကျောင်းသင်ကြား ပေးစေချင်လှပါတယ်ခင်ဗျား ။

လူတိုင်းလူတိုင်းဟာ တရားသူချည်း ဖြစ်လို့မနေသလို လူတိုင်းလူတိုင်းဟာလည်း မျှတသူချည်းမဟုတ်တာ၊ လူတိုင်းလူတိုင်း ဖြောင့်မတ်လို့ချည်းမနေတာကို သူတို့လေးတွေ သိသွားဖို့လိုပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ လူဆိုးတွေ၊ လူကြမ်းတွေရှိသလို သူရဲကောင်းတွေလည်းရှိတယ်။ ကလိန်ကကျစ် နိုင်ငံရေးသမားတွေ ရှိသလို ကြီးကျယ်မြင့်မြတ်ပြီး စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်တွေရှိတယ်။ ရန်သူတွေရှိသလို မိတ်ဆွေကောင်းတွေရှိတယ်ဆိုတာကိုလည်း သူတို့လေးတွေကို သင်ကြားပေးပါလို့ အဆွေလောကကြီးကို အပ်ချင်ပါတယ်ခင်ဗျာ။

အချိန်တော့ ယူရမှာပေါ့ခင်ဗျာ။ ဒါပေမဲ့ ကောက်ရတဲ့ ငွေတစ်ထောင်ထက်စာရင် ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာလို့ရတဲ့ ငွေတစ်ရာက ပိုတန်ဖိုးရှိတဲ့အကြောင်းကိုတော့ သူတို့လေးတွေကို သင်ဖြစ်အောင် သင်ကြားပေးလိုက်ပါ အဆွေလောကကြီးခင်ဗျား။ ဒါတင်မကသေးပဲ အောင်မြင်မှုရဲ့ အရသာကို ကောင်းကောင်းကြီးခံစားတတ်ဖို့၊ ဆုံးရှုံးတဲ့ အခါမှာလည်း သိက္ခာရှိရှိအရှုံးပေးတတ်အောင် သင်ပေးတော်မူလိုက်ပါဦးခင်ဗျား။

ဖြစ်နိုင်မယ်ဆိုရင် သူတို့လေးတွေရဲ့ရင်မှာ ၀န်တိုမစ္ဆရိယစိတ်တွေ မမွေးဖြစ်အောင်လည်း လမ်းညွှန်ပေးလိုက်တော်မူပါ။ မစ္ဆရိယစိတ်အစား တိတ်တိတ်ကလေးကြိတ်ပြီး ရယ်နိုင်တဲ့ အတတ်ကို သူတို့လေးတွေ တစ်ဖက်ကမ်းခတ်တတ်အောင် သင်ပေးလိုက်ပါလားခင်ဗျာ။

ဘာသာတရားရဲ့ အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းမှုကို ရှာတတ်အောင်လည်း သင်ပြပေးပါခင်ဗျာ။ အရှုံးကြောင့်ပေါ်ပေါက်လာရတဲ့ နာကျင်ထိခိုက်မှုကို ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်တဲ့အထိ မဆုတ်မနစ်အားထုတ်လိုတဲ့ စိတ်ဆန္ဒကလေးတွေ ရလာဖို့အတွက် သူတို့ရဲ့ ရင်ထဲမှာ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်တွေ မွေးယူနည်းကိုလည်း ကျကျနနလေး ပြပေးလိုက်ပါဦးခင်ဗျာ။ သိမ်မွေ့သူများနဲ့ သိမ်သိမ်မွေ့မွေ့ ရင်ဆိုင်ဖို့၊ ခဲခဲကပ်ကပ်တွေနဲ့ ကြုံတဲ့အခါ ကိုယ့်ဖက်ကလည်း ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည်တတ်ဖို့ကိုလည်း သင်ပြပေးပါနော် အဆွေလောကကြီး။

မိုးခါးရေသောက်နေတဲ့ အများနောက်ကို မလိုက်ပဲ မိမိတို့ရဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထားကြဖို့ကိုလည်း သူတို့ကို လမ်းပြပေးပါခင်ဗျာ။ တစ်ဆက်တည်းမှာပဲ လူတကာပြောတာကို တလေးတစားနားထောင်ပါ။ သို့သော်လည်းပဲ သစ္စာတရားဆိုတဲ့ ဆန်ကာနဲ့ တိုက်ပြီးမှ ကြားသမျှကို ရင်ထဲထည့်ပါလို့လည်း သူတို့ကို သေချာမှာပေးပါ လောကကြီးခင်ဗျာ။

ကြေကွဲခိုက်မှာ ရယ်တတ်အောင် သူတို့ကို သင်ပေးပါလို့ မှာလိုက်ချင်သေးသလို မျက်ရည်ကျတာကိုလည်း ရှက်စရာမဟုတ်ကြောင်းကိုပါ တစ်ပါတည်း ပြောပြပေးပါနော်။ ဒါတင်မကသေးဘူး။ ဆုံးရှုံးမှုရဲ့နောက်မှာ ဂုဏ်အသရေဆိုတာ ရှိနေနိုင်သေးသလို အောင်နိုင်မှုရဲ့ နောက်မှာလည်း မှိုင်တွေစရာတွေ ရှိနေတတ်သေးတာကိုလည်း သူတို့ကို သင်ပြပေးတော်မူပါ အဆွေလောကကြီးခင်ဗျာ။

သူတစ်ပါးရဲ့ မျက်ချေးကိုပဲ မဲပြီးမြင်တတ်သူတွေကို အမှုမထားဖို့သာမကပဲ သိပ်ချိုလွန်းသူတွေကိုဆိုရင်လည်း ကောင်းကောင်းကြီးကို သတိထားဖို့ သူတို့လးတွေကို သင်ပြပေး တော်မူပါခင်ဗျာ။

သူတို့ရဲ့ ကာယနဲ့ ဥာဏကို ဈေးအမြင့်ဆုံးပေးသူကိုသာ ရောင်းချပါ။ ဒါပေမဲ့ သူတို့ရဲ့ နှလုံးသားနဲ့ ယုံကြည်ချက်ကိုတော့ ဘယ်သောအခါမှ ဈေးအဖြတ်မခံ၊ တန်ဖိုးဖြတ်မခံကြဖို့ကိုလည်း သေသေချာချာ သင်ပြပေးတော်မူပါဦးခင်ဗျာ။

တစ်ခြားတစ်ပါးသူတွေနဲ့ သူတို့ကိုယ်သူတို့ မနှိုင်းမိ မယှဉ်မိအောင်လည်း သင်ပေးလိုက်ပါဦးနော်။ အဲသလို နှိုင်းတိုင်း ယှဉ်တိုင်း သူတို့ထက်သာတဲ့သူ၊ သူတို့ထက်ချာတဲ့သူဆိုတာ အမြဲတမ်းရှိနေမှာပဲ မဟုတ်ပါလားခင်ဗျာ။ သည်တော့ကာ သူတို့လေးတွေအနေနဲ့ သူတစ်ပါးနဲ့ ယှဉ်မဲ့အစား ကိုယ့်ရဲ့ စွမ်းဆောင်မှုကိုသာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးထက်မြက်နေအောင်၊ တစ်နည်းအားဖြင့် ကိုယ့်အရည်အချင်းကသာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုပြီးတက်လာထက်လာအောင် အားထုတ်တတ်တဲ့ အလေ့အထလေး မွေးဖြစ်အောင်သာ လမ်းကြောင်းပေးတော် မူပါ အဆွေလောကခင်ဗျာ။

သူနိုင်ကိုယ်နိုင် ၀င်ကစားရတဲ့ အချိန်ဆိုတာရှိသလို တစ်ဖက်သားကို အလှည့်ပေးရတဲ့ အခိုက်အတန့်ဆိုတာလည်း ရှိတဲ့အကြောင်း သူတို့ကို သင်ပေးဖို့ကိုလည်း မမေ့ပါနဲ့နော်။

သူတို့အပေါ်မှာ နူးနူးညံ့ညံ့ဆက်ဆံပေးဖို့ ကျွန်တော်ထပ်ပြီး အနူးအညွှတ်တောင်းပန်အပ်ပါတယ် အဆွေလောကကြီး။ သို့သော်လည်း သည်စကားဟာ သူတို့ကို ဖူးဖူးမှုတ်ထားပေးပါလို့ ပြောတာမျိုးတော့ လုံးဝမဟုတ်ပါဘူးခင်ဗျာ။ မီးနာမှ သံမဏိရဲ့ အရည်အသွေးက ကောင်းမြဲမို့ သူတို့ကို ဖူးဖူးမှုတ်နေဖို့တော့ တစ်စက်ကလေးမှ မလိုတာလည်း အမှန်ပဲခင်ဗျ။

သူတို့ကိုသူတို့ ပြည့်ပြည့်၀၀ယုံကြည်တတ်အောင်လည်း သင်ပြပေးပါခင်ဗျာ။ ဒါမှလည်းသူတို့က လူသားအားလုံးအပေါ်မှာ ပြည့်ပြည့်၀၀ ယုံကြည်တတ်မှာ မဟုတ်ပါလားခင်ဗျာ။ ကျွန်တော်တောင်းဆိုတာတွေက သိပ်များသွားပြီလားတော့ မဆိုတတ်နိုင်ဘူးခင်ဗျ။ ဘာပဲဖြစ်ဖြစ် အဆွေလောကကြီးအနေနဲ့ နိုင်သလောက်တော့ လုပ်ပေးတော်မူပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။

ကျွန်တော်တို့ရဲ့ သားသမီးလေးတွေဖြစ်တဲ့ သူတို့လေးတွေဟာ အင်မတန် သင်လွယ်တတ်လွယ်တဲ့ အရိုးခံ အဖြူထည်လေးတွေပါခင်ဗျာ။

* Dear World by Avril Johannes
* မြန်မာပြန် _ အတ္တကျော်

ရိုးရိုးလေး

ချစ်ခြင်းမေတ္တာနဲ့အတူ
အဲဒီနေ့လေးတစ်နေ့ဟာ
မင်းဆီကိုရောက်ရှိလာခဲ့ပေါ့ ..

စကားလေးတစ်ခွန်း အပြုံးလေးတစ်ပွင့်ဟာ
လူတွေရဲ့ စိတ်နှလုံးကို ကြည်နူးရွှင်လန်းစေနိုင်တယ်
စိတ်နေသဘောထားကို ကြီးမြင့်စေနိုင်တယ်
အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ပြီး
ဝမ်းနည်းပူဆွေးမှုတွေကိုလည်း
နှစ်သိမ့်ကျေနပ်စေနိုင်တယ်လေ..

ကိုယ်..သိပ်ကံကောင်းတာပဲ
မင်းလို မိန်းကလေးတစ်ဦး
ကိုယ့်အနီးမှာ ရှိနေလို့ပေါ့ ..

မင်းကို ကံကောင်းခြင်းတွေ
ကောင်းမွန်မှုတွေအားလုံးနဲ့ ပြည့်စုံစေချင်လိုက်တာ
သူတစ်ပါးအပေါ်မှာထားတဲ့
မင်းရဲ့ အကြင်နာတွေ၊ မေတ္တာတရားတွေ
မင်းဆီကိုလည်း အမြဲပြန်လည်ရောက်ရှိပြီး
နွေးထွေးလုံခြုံစေချင်လိုက်တာ ..

နှလုံးသားထဲကလာတဲ့ ဖြူစင်တဲ့ဆန္ဒနဲ့
ကိုယ်ဆုတောင်းပေးလိုက်ပါတယ်
"ကြည်နူးချမ်းမြေ့ ပါစေ.."

-ရိုးရိုးလေးနဲ့ ကြည်နူးဖို့ကောင်းလို့ ရုရှားကဗျာလေးတစ်ပုဒ်ကို ဘာသာပြန်ထားတာပါ။ ရေးသူ အမည်မသိရပါခင်ဗျာ။

5 September 2007

အောက်မေ့လို့ ပြန်ငေးရတဲ့နေ့တွေ

လူကမညွှတ်လည်း စိတ်ကညွှတ်ပြီးသား
ခြေဖ၀ါးက ငြင်းဆန်လည်း
ဆုံမြဲနေရာမှာ ကိုယ့်မိုးတိမ်တွေက ညို့
ကိုယ်ရွာချတဲ့မိုးတွေ ဘယ်သူမှ မမြင်ပါဘူး
" မဆုံရတာ ကြာပြီ " ငတ်ငတ်မွတ်မွတ်
ပြောမိကြပါတယ်
လက်ဖက်ရည်သောက်လည်း မရောက်
လမ်းလျှောက်လည်းမဆုံ
ဪ.. ကိုယ့်ဗုံကိုယ် ကျက်နေရတာနဲ့ပဲ
ညနေတေးသံတွေ ဆွေးခဲ့ ။

စည်သူငြိမ်း

နှင်းတွေ..

ကျွန်တော်တို့မြို့ရဲ့ အပေါ်မှာ
နှင်းတွေ ပိန်းပိတ်အောင် ပြာလို့
မွှေးရနံ့တစ်ခု သင်းပျံ့ ကာ
အိမ်ပြတင်းပေါက်မှာ မိုးတိမ်နဲ့
မြင်နေကျ သစ်ကိုင်းနဲ့
တိတ်ဆိတ်ခဲ့တယ်
ဪ..နှင်းတွေ
အဲဒီနှင်းတွေရဲ့ ဟိုဘက်မှာ
အရာရာဟာ ကျကျန်ခဲ့ပြီ
လမ်းဓာတ်မီးတွေ ပိတ်ချိန်အထိ
ရပ်ပြီးနားထောင်နေမိတယ်
ပြီးမှ
ခါတိုင်းနေ့လိုပဲ
နေ့ထဲကို ၀င်ရောက်ပျောက်ကွယ်သွားပေါ့ ..။

အောင်ချိမ့်
နိုဝင်ဘာ၊ ၈၉
ရုပ်ရှင်တေးကဗျာ

2 September 2007

ထင်းခွေထွက်ခြင်း

ထင်းတောကို လာခဲ့တယ်
ထင်းပင်တွေ မရှိတော့ဘူး
မီးလောင်ပြင် သစ်ငုတ်မည်းမည်းမှာ
မျှော်လင့်ခြင်းတွေသာ ရွစိတက်ပြေးလွှား
စိမ်းစိမ်းစိုစို ခြယ်သခွင့်မရှိတော့
ခြေပစ်လက်ပစ် ဖတ်ဖတ်မော
အဲဒီတောမှာ..
ငါပျော်တတ်ခဲ့ ပြီ ။

ညိမ်းညို

ဆုတောင်း


အို.. ဘုရားသခင် ကျွန်ုပ်ကို သားတစ်ယောက် ဖန်ဆင်းပေးတော်မူပါ။ သူအင်အားချည့်နဲ့နေတဲ့အချိန်မှာ သူ့ကိုသူသိအောင် ကြံ့ ခိုင်သန်စွမ်းတဲ့သားမျိုး၊ သူကြောက်ရွံ့ တုန်လှုပ်နေတဲ့အချိန်မှာ သူ့ကိုသူ ရင်ဆိုင်နိုင်အောင် ရဲ စွမ်းသတ္တိနဲ့ ပြည့်ဝတဲ့သားမျိုး။

ရိုးရိုးသားသား ရှုံးနိမ့်သွားတဲ့အခါမျိုးမှာ ကျေနပ်စွာလက်ခံပြီး ဘယ်တော့မှ ဦးမညွှတ်တဲ့သားမျိုး၊ အောင်မြင် မှုသရဖူ ဆောင်းနိုင်တဲ့အခါမျိုးမှာလည်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သိမ်မွေ့ တဲ့သားမျိုး၊ ကိုယ့်အတွက်(ကိုယ့်ဆန္ဒကိုသာ) သိတဲ့သူမျိုးမဟုတ်ဘဲ တစ်ခြားသူကိုပါ(တစ်ခြားသူရဲ့ ဆန္ဒကိုပါ) သိတဲ့သားမျိုး ပညာဗဟုသုတ အခြေခံကလေးအတွက်တော့ သူ့ကိုသူ သိစေချင်ပါတယ်။

သက်သောင့်သက်သာနဲ့ သာယာတဲ့ဘ၀မှာ၊ ရေသာခို အချောင်လိုက်တဲ့ လမ်းမျိုးမှာ မလျှောက်လှမ်းစေချင်ပါဘူး။ အခက်အခဲ အကြပ်အတည်းတွေ၊ ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေ၊ ဆူးညှောင့်တွေ ပြည့်နေတဲ့ လမ်းမျိုးမှာသာ လျှောက်လှမ်းစေချင်တယ်။

ဘ၀မုန်တိုင်းထဲမှာ ကြံ့ ကြံ့ ခံနိုင်အောင် လေ့လာသင်ယူပါစေ။ ဘ၀မှာ ရှုံးနိမ့်သွားတဲ့သူတွေအတွက် သနားကြင် နာစိတ်ရှိအောင် လေ့လာသင်ယူပါစေ။

ကြည်လင်ပြီး အပြစ်ကင်းစင်တဲ့ နှလံးသားပိုင်ရှင်သားမျိုး၊ ရည်မှန်းချက် မြင့်မြင့်မားမား ထားရှိတဲ့ သားမျိုး၊ တခြား သူတွေအပေါ်မှာ ကွပ်ကဲခွင့် မရခင်မှာ သူ့ကိုသူ ပိုင်နိုင်စွာ ကွပ်ကဲထိန်းသိမ်းနိုင်တဲ့ သားမျိုး၊ ရည်မှန်းချက် အနာဂတ်ပန်းတိုင်ကို ရောက်ရှိသည့်တိုင်အောင် ကုန်လွန်ခဲ့တဲ့အတိတ်ကို မမေ့တဲ့(ဘ၀မမေ့တဲ့) သားမျိုးကိုဖန်ဆင်းပေးတော်မူပါ။

အဲဒါတွေ ပြည့်စုံသွားရင် ဟာသဥာဏ်ကလေးကိုပါ ဖြည့်စွက်စေချင်ပါတယ်။ ဒါမှ သူဟာ အသည်းအသန်ဖြစ်စေတဲ့ ဘယ်လိုကိစ္စမျိုးမဆို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင် ဖြေရှင်းနိုင်မှာပါ။

မိမိကိုယ်ကို နှိမ့်ချတတ်မှုတွေ ပေးပါ။ အမှန်တကယ် စစ်မှန်တဲ့ ကြီးကျယ်မြင့်မြတ်မှုမျိုးတွေ ပေးပါ။ ဆင်ခြင်တုံတရား နဲ့ပတ်သက်ပြီး ပွင့်လင်းတဲ့ သိစိတ်အမြင်တွေ ပေးပါ။ နှိမ့်ချသည်းခံနိုင်စွမ်းဆိုတဲ့ စစ်မှန်တဲ့ ခွန်အားမျိုးကိုပေးပါ။

-၂၀၀၃ ခုနှစ်၊ စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ပေးစာကဏ္ဍမှ သားတစ်ယောက်အတွက် ဆုတောင်းလေးကို တအားနှစ်သက်မိလို့ ကူးယူဖော်ပြပါတယ်။