30 October 2008

လက်လှမ်းမီရာ တိုက်စားလိုက်

လက်လှမ်းမီရာ တိုက်စားလိုက်

ရင်ဘတ်ထဲခွေနေတဲ့ မြွေပွေး
ထိပ်ပုတ်ခေါင်းပုတ် အကြိမ်တစ်သိန်း တုပ်တုပ်မလှုပ်
ဆိုတော့ ..
တခုခုဟာ တနေရာရာမှာ
အသေအချာကို မှားနေပြီ
ကျွန်တော့်ခတ်ချက်တွေ မမှန်တော့ဘူးဆို
ဘေးထွက်ပေးမယ်
ဝိုင်းသုံးလေးပတ်လည်ဖို့ ပိုအရေးကြီးတယ်
ဇာတ်လမ်းက အဲဒီမှာစတာပဲ
မိတ်ဆွေ..
စိတ်လက်ကြည်သာမှသာ လာခဲ့ပါ
ဒီမှာ...လက်လှမ်းမီရာတိုက်စားဖို့
ကျွန်တော်တို့ မိုးလင်းအောင်မစောင့်ကြတော့ဘူး။

ညိမ်းညို
သံလွင်အိပ်မက်(အတွဲ၂၊ အမှတ်၂)

22 October 2008

အိပ်မက်ထဲက အညာနွေ

အညာနွေ မြိုင်ဟေတစ်ဝှမ်းမှာဖြင့်
တမာတွေ ကြိုင်ဝေလျှမ်းပြီထင့်
လွမ်းချင့်စရာ။

နွေဦးအဖော်
လေရူးနော် ရိုးပေါ်ဖြတ်လေပလား
တိုးကပ်လို့ လာခဲ့မည်
ရွာဆီသို့ အငေး။

ငေးမိလျှင် ထိုစဉ်ခဏချင်းပါပဲ
နှင်းဇာမှုန် မြူးသုန်နှောက်ဝေပေါ့
လင်းအရုဏ် ကူးခုန်ရောက်လေတော့
အညာနွေ အိပ်မက်ကလေးမှာလဲ
သာပါစေ စိတ်ဂယက်လေးမှာပဲ
အစက်ကလေးတို့ ပြယ်ရရှာတယ်
သြော်... အောက်မေ့ဖွယ် အဆွေး။

ညိမ်းညို

16 October 2008

မှော်ဝင်စက္ကူ



၎င်းခေါ်ဆောင်ရာသို့ တိုးဝင်လေးဘက်တွား
တစ်စတစ်စ ပဲ့ကြွေချေးတက်သွား
ရဲဘိ စိတ်ဓားထက်ထက်များ၊

ရဲဘိ စိတ်ဓားထက်ထက်များ
တစ်စတစ်စ ပဲ့ကြွေချေးတက်သွား
၎င်းခေါ်ဆောင်ရာသို့ တိုးဝင်လေးဘက်တွား။

ညိမ်းညို

13 October 2008

တိမ်ညိုရာသီ (၈)

မင်းချစ်သူက သွေးအေးတယ်ကွဲ့
သူ့မျက်ရည်ကို ဘယ်တော့မှ မြင်ရလိမ့်မယ်မဟုတ်ဘူး
မင်းက အလိုရှိတယ်ဆိုရင်တော့
ကန္တာရထဲကအပင်တောင် ပန်းပွင့်လာစေတဲ့အထိ
သူ့မျက်ရည်တွေနဲ့ သွန်းလောင်းပေးလိမ့်မယ်။

ညိမ်းညို

- ဖျားရင်းနာရင်းနဲ့ပဲ ဒီကဗျာလေးတွေကို ကျနော် ရေးဖြစ်ခဲ့ပါတယ်။ ဘာကိုမှ မရည်ရွယ်သလို ဘာကိုမှလည်း မရည်ညွှန်းပါဘူး။ ကဗျာနဲ့ပတ်သက်ရင် လောဘကြီးတတ်တဲ့ကျနော် ရလာသမျှကို စုဆောင်းသိုဝှက်လိုက်တယ်ပဲ ဆိုပါတော့။


တိမ်ညိုရာသီ (၇)

ဝတ်ရည်ပျော်လူး ရာသီဦးမှာ
ဒီလူ ရူးသွားပြီ၊

ဒီလူနှယ်...
ရှုမျှော်ခင်းတွေနဲ့မှ မတန်မရာကွယ်
အသဲကွဲကဗျာတွေ လျှောက်လျှောက်ရေးနေတယ်။

ညိမ်းညို

တိမ်ညိုရာသီ (၆)

ချစ်သူနဲ့ပတ်သက်ရင်
ကြံဖန်ပြီး ဂုဏ်ယူချင်တဲ့ကောင်
ကားယားကြီးပြုတ်ကျနေတာတောင်
ငါက လေဟုန်စီးနေတာကွလို့
ကြွေးကြော်တတ်သေး။

ညိမ်းညို

တိမ်ညိုရာသီ (၅)

မလောက်လေးမလောက်စားလေးပါ
လောက်လောက်လားလားနေရာပေးပါလို့ မတောင်းဆိုဝံ့ပါဘူး
ခေါက်ခေါက်မထားခဲ့ရင်ပဲ ကျေနပ်ရပါပြီ။

ညိမ်းညို