ပြင်ဦးလွင်မြို့ တစ်ခွင်
အထင်ကရ ရှိနေကြသော
တောတောင်တစ်ခွင် မြူရိပ်ဆင်လျှင်
မြင်မြင်သမျှ ရုပ်လုံးကြွသည်
နိုးထအတိတ် လွမ်းပုံရိပ်တို့
ဆိတ်ငြိမ်လှစွာ ငါ့ရင်မှာလျှင်
ညင်သာရိုက်ခတ် လာသည်တကား ။
ဪ်.. ကြာခဲ့ပြီလေ
ရွက်ဟောင်းကြွေဆဲ နွေထဲတိုးဝင်
မောလျှင်နွမ်းလျ နှုတ်ဆွံ့ အလည်း
မလှရာဇ၀င် ထီမထင်ပဲ
ပြင်ဆင်ပြဌာန်း ရှေ့ ဆက်လှမ်းခဲ့
ပန်းတို့ပွင့်ကြွေ ဓမ္မတာလေ
ပွင့်လျှင်ဝေေ၀ ကြွေလျှင်ရဲရဲ
လာလည်းမှန်မှန် ပြန်လည်းမှန်မြဲ
မကြောက်ဇွဲနှင့်..
ရင်ထဲဆောက်တည် ရှေ့ သို့ချီအံ့
ရပ်တန့်ခြင်းငှာ စွမ်းသာမည်လား
အားမြှင့်နှိုးဆော် ရှေ့ သို့မျှော်မိ
နွေ၏အစ ငါ့ဘ၀၀ယ်
ဘယ်သို့ဆုံးမည် မသိပြီတည့် ။
ဘ၀ခန်းဆီး လှစ်ပြီးကြည့်သော်
ပျော်မြစ်ခန်းခြောက် သုခပျောက်ဆုံး
ကြိမ်မီးအုံးနေ ရင်ထဲနွေက
မသွေလွန်ကဲ ပူလောင်မြဲမို့
ရဲရဲထိုးဖောက် ညွန့်ညှောက်တလူ
မိုးမကူဘဲ တူရှုရွေ့ လှမ်း
အောင်ပန်းသို့ချီ ကမ်းလင့်သည်တွင်
ရီမောပြောင်လှောင် သွေးဆောင်လှည့်စား
လောကဓံတရားသည်
ငါ့အားနှိပ်စက် ဘ၀ဖျက်လည်း
တက်မကိုကိုင် ပိုင်ပိုင်လှော်အံ့
မခိုင်နွမ်းယဲ့ တက်မပျက်သော်
လက်ထိုးလှော်အံ့ ။
နေပျော်သေပျော် ဘ၀ပျော်လေ
ငါသော်လူသား ဒုက္ခများလည်း
အသွားထက်ထက် ဓါးတစ်လက်လို
တိုးထွက်နေမြဲ ရုန်းကန်ဆဲလေ
ရုန်းကန်နေတုန်း ဗြုန်းခနဲလဲကျ
ကွဲရှပျက်ကြွေ ဒဏ်သင့်နေငြား
အားပြည့်မာန်တင်း ဇွဲပြင်းပြင်းနဲ့
ချက်ချင်းပြန်ကြွ ကုန်းရုန်းထမယ်
ဘယ်ကစမ်းစမ်း စမ်းစမ်းပါလေ
ပြုံးပမ်းဝေဆာ ကြည်သာစွာနဲ့
ငါဟာနိုင်ပွဲဆင်ရမယ်
ဘယ်မျှကြမ်းကြမ်း ကြမ်းစမ်းပါလေ
ရှေ့ ဆက်လှမ်းကာ ဇွဲရှိစွာနဲ့
ငါဟာအောင်ပွဲဝင်ရမယ်
လာလှည့်မှန်မှန် လောကဓံရေ
သင်သည်ဒူးထောက် ငါ့ရှေ့ မှောက်မှာ
လာရောက်ဝပ်ဆင်း ကျောခင်းစေအံ့ ။
အတိတ်၏နွေ ပြန်တွက်ရေသော်
လေဒဏ်မိုးဒဏ် နေ၏ဒဏ်နှင့်
လောကဓံတရား လွန်ဆိုးရွားပြန်
သည်းသည်းထန်၏
စုံညီပျော်ပါး ငါ့အားနှိပ်စက်
ရက်လလီလီ မှန်မှန်ချီသွား
ကာလလျားခိုက်
ပြိုက်ခနဲကြွေ ထွေခနဲကျ
ဇာတိသည်နွေ ပြခဲ့သည်မှာ
အကြိမ်(၂၀) တိုင်ပြီကော.. ။
ငါ၏အသက် တွက်ရေစစ်သော်
နှစ်ဆယ်နှစ်မြောက် ခရီးပေါက်ခဲ့
တောက်လျှောက်မနား လှုပ်ရှားကခုန်
လူ့ ဇာတ်ခုံမှာ
ထက်အောက်စုန်ဆန် ရုန်းကန်လွန့်လူး
ဖြတ်ကျော်ကူးရင်း
ပူပြင်းသည့်နွေ သည်နွေတွေထဲ
ရဲရဲတိုးဝင် ဘ၀မင်၍
ငါခင်သည့်နွေ ငါ့ကိုချေမွ
ကာလတွက်ရေ နှစ်ဖြင့်ချေသော်
အကြိမ်(၂၀) တိုင်ခဲ့ပြီ ။
လွန်သည့်အတိတ် ပုံရိပ်ဖမ်းထင်
မလွမ်းချင်တော့..
ရှေ့ ကခြေဦး နောက်မကူးကြေး
တစ်စူးတစ်ချောင်း အားသစ်လောင်းကာ
လမ်းကြောင်းမှန်အောင် လျှောက်ဦးမည် ။
ညိမ်းညို
11 August 2007
နွေ(၂၀)သို့ အောက်မေ့ခြင်း
Posted by ညိမ်းညို at 16:49 0 comments
Labels: ကဗျာရှည်
အတိတ်
စွယ်တော်တစ်ခြမ်း
အလွမ်းသက်သေ
ပန်းမျက်ရည်ဝေ့
တွေ့ ကြခိုက်တုံ
ဖြစ်ပျက်စုံငြား
မှုန်ဝါးတုန်ရီ
မကြည်လင်တော့
ဝေ့သီညှိုးနွမ်း
ထိုဇာတ်လမ်းအား
မှတ်တမ်းအဖြစ်
မချန်ရစ်လို
ငါတောင်းဆို၏
အသဲပြို၍ ငိုသောကြောင့်..။
ညိမ်းညို
Posted by ညိမ်းညို at 16:34 0 comments
Labels: ကဗျာ
ခတ်ကျွဲ
သူငယ်ချင်း
"ခတ်ကျွဲမှန်ရင် ဒဏ်ရာမကင်း"တဲ့
မင်းကြားဖူးတယ် မဟုတ်လား။
ဒီလိုပါပဲ
သူငယ်ချင်းရယ်
ဘ၀ဆိုတာ တိုက်ပွဲပါကွာ
ရင်ဆိုင်ယှဉ်နွှဲ အနိုင်ကြဲရင်
အသဲမာဖို့ လိုလိမ့်မယ်။
ညိမ်းညို
Posted by ညိမ်းညို at 15:40 0 comments
Labels: ကဗျာ
ကုတ်ကမြင်း
သူငယ်ချင်း
မင်းသူ့ကိုကြည့်
ပျာရိပျာယာ ခပ်ချာချာနဲ့
ဘာမှန်းမသိ ကုတ်တိကုတ်ချောင်း
မိချောင်းလိုလို ဖွတ်လိုလိုနဲ့
ဘယ်လိုလူမှန်း ငါမသိ။
သိသောအခါ နောက်ကျရှာပြီ
ငါ့ကိုငါပင် သနားမိ။
ကြည့်လေသူငယ်ချင်း..
အလစ်အငိုက် တက်သုတ်ရိုက်ကာ
ဆိုက်တဲ့အကွက် အမဲဖျက်ပြီး
ရက်ရက်စက်စက် လုပ်လိုက်ပုံက
မထုံမအ သူ့ဘ၀ကို
လှစ်ဟပြလိုက်သလိုပဲ သူငယ်ချင်း
ရှောင်စေကွင်းစေ ကုတ်ကမြင်း။
ညိမ်းညို
- တက္ကသိုလ်မင်းမော်၏ သူငယ်ချင်းကဗျာစုများကို ဖတ်ရှုပြီးနောက် ကြုံတွေ့ရတာလေးတွေကို ကဗျာရေးမိတာပါ။
Posted by ညိမ်းညို at 15:34 0 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web