ဟိုဝေးဝေးက ရေးရေးသာမြင်
ပျပျထင်သည် တောင်စဉ်တောတန်း
နှင်းမြူလွှမ်း..
တောင်တန်းရီပြာ မြူဆိုင်းကာနှင့်
ပ၀ါတိမ်စ ရစ်သိုင်းကျလျက်
အလှဟုမြင် စိတ်၌ထင်သည်
ဝန်းကျင်သာယာ လှတယ်ကို။
တောင်ခြေကိုသွား တောင်နားမှာကြည့်
တွေ့မြင်မိသည် ဆူးပြည့်နွယ်ပေါ
ခရောင်းတောနှင့် သစ်တောချုံဖုတ်
ခလုတ်ကန်သင်း အတက်ဆင်းတွေ
ကျောက်ရင်းကျောက်ခက်
ကျောက်တက်ကျောက်ဆွယ်
အသွယ်သွယ်တွေ တွေ့ရလေမှ
တောင်ခြေရိုးမ စိမ်းမြမြ၏
ဘ၀သရုပ် ပေါ်တော့သည်။
မောင်စိန်ဝင်း(ပုတီးကုန်း)
8 October 2007
အနီးအဝေး
Posted by ညိမ်းညို at 20:46 0 comments
Labels: ကြိုက်သောကဗျာများ
7 October 2007
အသံ
ဝေးတဲ့အခါ
ငါ့အသံတွေ ပိုကျယ်တတ်ပါသလား
နီးကပ်လွန်းတဲ့အခါ
ငါ့အသံတွေ တိမ်ဝင်သွားတတ်ပါသလား
ပြောမထွက်ဘူးဆိုပြီး တစ်ခါတစ်ခါ မြိုသိပ်တယ်
မပြောရက်ဘူးဆိုပြီး တစ်ခါတစ်ခါ ငဲ့ညှာတယ်
မပြောတတ်ဘူးဆိုပြီး တစ်ခါတစ်ခါ ခေါင်းရှောင်တယ်
မပြောရဲဘူးဆိုပြီး အခါခါ ခေါင်းငုံ့ရတိုင်း
ငါ့အသံမှာ သစ္စာတရားဟာ တတိတိယိုယွင်းတယ်။
ညိမ်းညို
Posted by ညိမ်းညို at 03:04 2 comments
Labels: ကဗျာ
ဇူလိုင်(၅)ရက်နေ့က ကျွန်တော်ဖျားနာခဲ့တယ်
လူသူလေးပါးကင်းလွတ်ရာအရပ်မှာ မော်စကိုရဲ့နွေဦးက
ကျွန်တော့်ရင်အုံကို တစ်စုံတစ်ခုနဲ့ တည့်တည့်ပစ်ပေါက်လိုက်တယ်
ဒီလိုချစ်လိုက်မိပြီဆိုတဲ့နောက်
စိတ်နဲ့ကိုယ်ဟာ ကျွန်တော့်အပေါ်ရက်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့အိပ်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့ နေထိုင်စားသောက်တယ်
အမြဲတစေ သတိရခြင်းနဲ့ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်
အမြဲတစေ..အမြဲတစေ..အမြဲတစေ
အဲဒီလို အမြဲတစေ သတိရခြင်းနဲ့ယဉ်ပါးနေရတာကို ကျေနပ်တယ်
နွေးထွေးတယ်ဆိုတဲ့ အသိတစ်ခုက
နှလုံးသားရဲ့ ဥပဒေကို သူ့အလိုလို ပြဌာန်းပစ်လိုက်တယ်
ကျွန်တော်သယ်ဆောင်ထမ်းပိုးခွင့်ရတဲ့ ရွက်တိုင်ထိပ်ဖျားမှာ
သူ့နာမည်လေးကို ဦးဦးဖျားဖျား ရေးထိုးထားချင်တယ်
လေကိုပဲဆန်ဆန်.. ရေကိုပဲဆန်ဆန်..
မညှိုးတဲ့ပန်းလေးတစ်ပွင့်ကို သစ္စာတရားနဲ့မန်းမှုတ်လို့
သူ့ကေသာဦးမှာ ပန်ပေးချင်တယ်
ကျွန်တော့်လက်တစ်ဖက်ရဲ့အားမာန်မှာ
သူနှစ်သက်တဲ့တေးတစ်စနဲ့ လင်းပလိုက်ချင်သေးတယ်
တိတ်တဆိတ်ချဉ်းကပ်လာတဲ့ ချစ်ခြင်းမေတ္တာမှာ မိုးတွေစွေခဲ့တယ်
အချစ်နဲ့ ဖျန်းပက်ခြင်းခံရတဲ့အခါ ကျွန်တော် နှစ်ခြိုက်စွာဖျားနာတတ်ခဲ့ပြီ။
ညိမ်းညို
Posted by ညိမ်းညို at 02:51 1 comments
Labels: ကဗျာ
24 September 2007
ရေချမ်းစဉ်
ငါဟာ ရေချမ်းစဉ်လေးပါ
ဖြူလွလွသဲပွင့်များပေါ်
ငြိမ်းအေးမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ကိုယ် တိမ်မြုပ်
ဘာကိုမှ အရေးမလုပ်ပဲနေနေတာ မဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့ကလမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ်
စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်
ငါ့ရေချမ်းစဉ်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်
နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ
နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ
အဲဒီလို ဆိုခွင့်ငိုခွင့်ကင်းမဲ့နေတဲ့ငါ့ကို
ခွင့်လွှတ်ပေးပါဦးကွယ်
စကားတွေ အများကြီးပြောလို့ မရဘူးလေ
ငါက အသက်မဲ့နေတဲ့ ရေချမ်းစဉ်လေးမို့ပါ ။
ညိမ်းညို
Posted by ညိမ်းညို at 17:46 3 comments
Labels: ကဗျာ
22 September 2007
နှင်းကျချိန်
မြို့ကလေးရဲ့ သမရိုးကျရှုမျှော်ခင်းမှာ
အငွေ့အသက်တိုင်းဟာ ရိုးစင်းလှပနေမယ်
ဓာတ်ကြိုးပေါ်မှာ ငှက်ကလေးတွေနားနေကြမယ်
ကတ္တရာလမ်းမကြီးက ငြိမ်သက်စွာလဲလျောင်းနေမယ်
တစ်ချို့တစ်လေသော အိမ်ယာများက
သူ့ရဲ့ အနက်ရောင်ကျောပြင်ကြီးပေါ် ငိုက်မြည်းလို့ကျန်ရစ်ခဲ့မယ်
လူတွေက အရောင်အသွေးစုံ လှုပ်ရှားသွားလာကြမယ်
ကိုယ့်ကိုယ်ကို နာကျင်မှုမရှိရအောင်
အနွေးထည်ထူထူကြီးတွေကိုလည်း ၀တ်ထားကြဦးမယ်
နှင်းတွေကျလာပြီဆို..
တို့မြို့လေးကိုက မှုန်ဝါးသွားတတ်တာပါ
ဘယ်လောက်တောင် မှုန်ဝါးသွားလည်းဆိုရင်
လူနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေတာတောင်
တစ်ယောက်ရဲ့ သွားလမ်းလာလမ်းကို
တစ်ယောက်က မမြင်မိတော့ဘူး
နှင်းခွဲမီးကြီးတွေနဲ့ လမ်းပြပေးမှသာ
တစ်ယောက်ရဲ့ ဦးတည်ရာကို
တစ်ယောက်က နားလည်ခွင့်ပြုပေးနိုင်တဲ့ အခြေ
နှင်းတွေ...နှင်းတွေ
အုံ့သည်းမှိုင်းဝေနေလိုက်တာ
အခုဆို..တစ်မြို့လုံးတောင် ဘာမှမမြင်ရတော့ဘူး။
ညိမ်းညို
Posted by ညိမ်းညို at 20:31 1 comments
Labels: ကဗျာ
21 September 2007
သူလိုငါလို
ငါလျှောက်လာရာလမ်းတစ်လျှောက်မှာ ထူးဆန်းတာဆိုလို့
ကြမ်းရှတဲ့ မြက်ပင်ရိုင်းတွေက
နေရောင်အောက်မှာ တောပန်းလေးတွေပန်ထားတာပဲရှိလိမ့်မယ်
အချိန်ရှိတုန်းလေး ရှေ့ ကိုဆက်လျှောက်ဖြစ်တယ်
နားနားနေနေ နေချင်တဲ့အခါလည်း နေလိုက်မယ်လေ
အမြဲတမ်းရှေ့ ရောက်နေတာကောင်းတယ် ဆိုတာမျိုးကျ
ငါ့ကိုယ်ပိုင်သင်ရိုးက ခွင့်မပြုပြန်ဘူး
စုပြုံတိုးကြိတ် တအုံးအုံးတရုန်းရုန်းဖြစ်နေပြီဆိုရင်
ယဉ်ကျေးမှုမရှိတဲ့ ငါမျက်လုံးမှာ
တောရိုင်းတိရိစ္ဆာန်အုပ်တွေကိုပဲ ပြေးမြင်နေမိတာ
ရယ်သံလွင်လွင်လေးတွေ ထိခတ်နေတဲ့အရပ်မှာ
တောင့်တောင့်ကြီးရပ်မနေချင်ပါဘူး
လေးလေးလံလံဆိုလို့လည်း
ပခုံးပေါ်မှာရော၊ ဦးနှောက်ပေါ်မှာရော ဘာကိုမှ ထမ်းပိုးမထားချင်ဘူး
အသံကုန်အော်ဟစ်ကြုံးဝါးလိုက်ရင်
ငါနဲ့ ငါ့ပတ်ဝန်းကျင်လေး အထိတ်တလန့်ဖြစ်မှာ စိုးမိပါတယ်
ငါ့ယုံကြည်မှုအတွက် ငါ့အသက်နဲ့ထပ်တူ
ငါလုပ်ရမဲ့အလုပ်တစ်ခုအတွက် ငါ့ဘ၀နဲ့ထပ်တူ
အဲသလို သူလိုငါလို လူ့အဖြစ်လေးကိုပဲ
ငါက ဖန်ဆင်းကျေနပ်လို့နေမိတာလေ..
ညိမ်းညို
Posted by ညိမ်းညို at 15:52 3 comments
Labels: ကဗျာ
20 September 2007
သူစိမ်းတွေလို
သူစိမ်းဆန်စွာ ငါ့ကို ငေးကြည့်နေကြ
တိုက်နေတဲ့လေတောင် ရုတ်တရက်စိမ်းသွားပါရဲ့
စိမ်းလိုက်တာကွယ်..
အစိမ်းရင့်ရင့်ရာသီအိုထဲ ပန်းကလေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ မကြွေတဲ့သစ္စာတရားပေါ့ ညီမလေးရယ်..
ကျန်ရစ်ခဲ့တဲ့ ခြေရာလေးတစ်စုံအပေါ်
လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများချည်နှောင်လိုက်လေသလဲ
ငြင်းဆန်ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမလေး ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာဆိုရင်
အဲဒီအလင်းတန်းကို
ငါ့ရင်ဘတ်ထဲက ဖြတ်သန်းခွင့်ပြုပါ
အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..အေးစက်၊ နာကျင်စွာအေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့ ငါတို့ကို ကိုက်ခဲထားကြတော့မယ်
တိုက်ခတ်နေတဲ့ လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမလေးနဲ့ ငါဟာ...... သူ..စိမ်း..တွေ..လို
Posted by ညိမ်းညို at 10:59 1 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web