ပျောက်ဆုံးနေတဲ့ သော့တစ်ချောင်းအတွက်
လူလိုသူလို အသက်ရှူတတ်အောင် ကျင့်သုံးနေထိုင်တယ်
ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတာက ငါတို့ကျဉ်းမြောင်းနေပြီ ဆိုတာကိုပဲ
ဝေးရင်လည်းဝေးသလို နီးရင်လည်းနီးသလို လွမ်းတယ်ဆိုတာ အဆီးအတားမရှိဘူးမို့လား
စိတ်စေရာပန္နက်ရိုက်ရရင် လက်တစ်ဆုပ်စာအတွေးလေးကအစ လည်မျိုထိတွယ်တက်လာလိမ့်မယ်
ဘယ်လိုလဲ..ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား
နံရိုးတွေပန်းသီးတွေကို ငါမသိဘူး၊ ငါချစ်တတ်သလို ချစ်ပြခဲ့တာ
မျက်မြင်သက်သေတစ်ယောက်ကို ရုံးတော်ထဲခေါ်သွင်းလာပြီလား
ငါကလည်း မျက်မမြင်သက်သေ ရာ၊ ထောင်ပေါင်းများစွာနဲ့ တန်းစီပြီးစောင့်နေလို့ရတယ်
ယုံကြည်မှုတစ်ခုမှာ သက်သေပြပုဂ္ဂိုလ်တစ်ယောက်မှမလိုဘူးထင်လို့ ကိုယ့်ကိုယ်ကို မီးရှို့ထားတာ
အလင်းတန်းတွေဖြာထွက်လာရမယ်လို့ မဆိုလိုပါဘူး
မီးခိုးတွေအူထွက်မလာရင်ကိုပဲ ကြံဖန်ပြီးဂုဏ်ယူနေဦးမဲ့ကောင်
လက်ဆွဲနှုတ်ဆက်တာနဲ့ ပခုံးကိုခပ်ပြင်းပြင်းလေးရိုက်ပုတ်လိုက်တာ
ယဉ်ကျေးမှုချင်းတော့ သိပ်မကွာဘူးမို့လား
"ဟေ့ကောင်ကြီး" ဆိုပြီး ရှိတာတွေချကျွေးလိုက်ရင် ဗိုက်ပူနံကားတဲ့အထိ တ၀ကြီးစားပစ်လို့ရတယ်
ကဗျာကို ပေမီဒေါက်မီမရေးဘူးတဲ့၊ အော်ဟစ်ပြီးရီလိုက်ပါလား နားရွက်တွေ နွေးသွားတဲ့အထိ
ငါလည်းလူငယ်ပဲ၊ ဒါပေမဲ့ ခေတ်တစ်ခေတ်မှာ လူငယ်တစ်သိုက်ထဲ မိုက်နေလို့မရဘူး
ဒီတော့ ငါ့ကဗျာမှာ ရပ်သုံးရွာသုံးတွေ ထုံမွမ်းနေတာ မဆန်းဘူးမို့လား
စကားလုံးတွေ ကိုးကျင်းကိုးကျာင်းနဲ့ ကြိမ်းမောင်းနေရတာ ကြာတော့ အံသွားတွေညောင်းလှပြီ
ခြေညောင်းလက်ဆန့်ပဲဖြစ်ဖြစ်ပေါ့ နည်းနည်းလောက်ပျံသန်းကြည့်ကြရအောင်
နေရောင်အောက်မှာမှ ခပ်ကွင်းပြင်လို့ရတာမဟုတ်ဘူးလေ
လရောင်အောက်မှာရှိတဲ့လူကလည်း လရောင်အောက်မှာ ခပ်ကွင်းပြင်မှာပဲ
အဆန်းတကြယ်ဆိုလို့ ဘာမှမရှိဘူး ဗဟိုပြုတွေးလွန်းရင် သိထားတဲ့ဗဟုတွေ ပြိုသွားလိမ့်မယ်
ငါတို့တီးမဲ့စန္ဒယား တစ်သံထဲထွက်ချင်ရင်တော့ (စောင့်နေကြစို့ရဲ့) လူတွေအားလုံးရူးသွားတဲ့အထိ
နောက်ကျော ဓါးစိုက်တာကြီးကိုပဲ ဟိတ်နဲ့ဟန်နဲ့ပြောနေကြ လျှာယားလိုက်တာ
ထမင်းကြမ်းမှ သိုးတယ်မထင်လေနဲ့ ပေါင်မုန့်လည်း သိုးတတ်တာပဲ
ဒီတော့ ..နွားကျောင်းသားတစ်ယောက်ကလည်း အရောင်နဲ့အရိပ်အကြောင်း
သူသိသလောက်တော့ လက်တို့ခွင့်ရှိတယ်မဟုတ်လား
နေရာအထပ်ထပ်ကမ္ဘာအရပ်ရပ် ဘယ်ဒေသမှာပဲအတောင်ပံခပ်ခပ်
လေမရှိရင်တော့ ပျံသန်းလို့မရဘူးမို့လား
အဲဒါကြောင့် ပြောကြည့်ဦးမယ်
ငါတို့ ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား ဆိုတာ...။
ညိမ်းညို
17 September 2007
ငါတို့ ရှူသွင်းခဲ့တဲ့လေထဲမှာ အဆိပ်တွေပျော်ဝင်နေပြီလား
Posted by ညိမ်းညို at 15:25 4 comments
Labels: ကဗျာ
16 September 2007
အိမ်
ညမှာ..
ဘာမှမရှိတဲ့ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။
အဲဒီလို ဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း..
အလွမ်းတွေ ထိန်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။
မိုးခင်ခင်(မဟာဝိဇ္ဇာ)
Posted by ညိမ်းညို at 22:23 2 comments
Labels: ကြိုက်သောကဗျာများ
15 September 2007
အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၂)
* နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာရှိရင် ငရဲခန်းက အပြန်မှာတောင် ကျွန်တော့်မျက်နှာဟာ ကြည်ရွှင်လန်းဆန်းနေပါလိမ့်မယ်။ အကယ်၍ နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာ မရှိခဲ့ရင်တော့ နတ်ဘုံနတ်နန်းက ပြန်လာရင်တောင် ကျွန်တော် ပျော်နိုင်မယ်မထင်ဘူး။
* လူတစ်ယောက်၏ စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို ဆင်မြန်းထားသော အ၀တ်အစား၊ ရွှေထည်ငွေထည်တို့ဖြင့် ပုံဖော်၍ မရစကောင်း။ ထိုသူ၏ စောင့်စည်းထိန်းချုပ်မှု၊ လုပ်ရပ်နှင့် ပြုကျင့်ပြောဆိုမှုတို့မှသာ ပုံဖော်၍ ရနိုင်ကောင်း၏။
* မိမိ၏ မသိနားမလည်မှုအတွက် ရှက်ကြောက်ဖွယ် အကြောင်းမရှိ။ ထိုမသိနားမလည်မှုကို ကြာရှည်လေးမြင့် လက်ခံထားခြင်းကသာ ရှက်ကြောက်ဖွယ်ဖြစ်၏။
- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာ ဖြစ်ပါတယ်။ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။
ညိမ်းညို
Posted by ညိမ်းညို at 16:55 1 comments
Labels: သောင်းပြောင်းထွေလာ
10 September 2007
နှုတ်စကား
အလွန်ချိုမြိန်ပြီး
အရည်ရွှမ်းပြီး
အနံ့အရသာ ထူးကဲသော
အလွမ်းများ များစွာထူထဲကြွယ်ဝသော
လောကကြီးမှာ
ကျွန်တော် ပျော်မိပါပြီ ။
အဆုံးအရှုံးများကိုလည်း
ဆုလာဘ်များလို
ဂုဏ်ယူတတ်ပါပြီ ။
ဒဏ်ရာများ ရလာလျှင်
ရင်ထဲမှာ ပန်းတွေပွင့်ရဲတဲ့ သတ္တိ
ကျွန်တော် ရရှိခဲ့ပါပြီ ။
သုခမိန်လှိုင်
Posted by ညိမ်းညို at 22:38 0 comments
Labels: ကြိုက်သောကဗျာများ
မိုးထဲလေထဲ
လှုပ်လေမြုပ်လေတဲ့
နည်းနည်းလေးလှုပ်တာနဲ့
ဘ၀တစ်ခုလုံး မြုပ်တော့တာပဲ
ဆိုလိုတာက..
ကိုယ့်အသိနဲ့ကိုယ် နောက်ကျိနေရတဲ့အဖြစ်
ကိုယ့်အမြင်နဲ့ကိုယ် မှုန်ဝါးနေရတဲ့အဖြစ်
ကိုယ့်အသံနဲ့ကိုယ် နားပင်းနေရတဲ့အဖြစ်
ခေတ်ကိုမျက်နှာသစ်ဖို့အရေး
ကပ်ကမ္ဘာဆိုးတွေက ရှည်ကြာလွန်းလှတယ်။
ညိမ်းညို
Posted by ညိမ်းညို at 17:38 1 comments
Labels: ကဗျာ
စိတ်ကူးမိတဲ့ဇာတ်လမ်း
စကားတွေအများကြီးပြောပြီး
ကိုယ့်အတ္တလေး အစာဝသွားရုံနဲ့တော့
ရင်ဘတ်ကို ပုတ်မပြလေနဲ့
ပြောသမျှစကားကို နားထောင်ကြလိမ့်
သို့သော်..အလုံးစုံနာခံမှာတော့ မဟုတ်
လူဆိုတာ နားဝင်လွယ်တဲ့သတ္တ၀ါ
နားပေါက်ဖို့တော့ တော်တော်ခက်မယ်
ယုံတမ်းစကားနဲ့ ပုံပြင်တွေမှာ
စွဲဆောင်မှုတစ်ခုစီတော့ ပါကြတာပဲ
ငါတို့ပွင့်ပြတဲ့ပန်းက
ငါတို့ညွှန်းသလောက် မွှေးနေဖို့ လိုတယ်။
ညိမ်းညို
Posted by ညိမ်းညို at 17:37 3 comments
Labels: ကဗျာ
9 September 2007
အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၁)
* ရိုးရိုးဖြောင့်ဖြောင့်နေပါ။
လွတ်လွတ်လပ်လပ် ပြုမူပြောဆိုပါ။
ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖြေရှင်းပါ။
ကိုယ်ကျင့်တရားနှင့်ဆိုင်လျှင် အမြဲတမ်း မှတ်ကျောက်အတင်ခံနိုင်ရမယ်။
* ပေပေတေတေ တာဝန်ကျေ။
ကိုယ်ကျင့်တရားကောင်းစေ၊ အစဉ်ရိုးဖြောင့်၊ မကောက်ကျစ်နဲ့။
* လုပ်သင့်တာလုပ်၊ ဖြစ်သင့်တာဖြစ်လာလိမ့်မယ်။ ဘာမှမပူနဲ့။
အနုပညာဆန်ဆန်နေ။ ဒါပေမဲ့ အမှန်တရားနဲ့ မကင်းလွတ်စေနဲ့။
ကိုယ်ဖြစ်ကိုယ်ခံ၊ မဆိုင်တဲ့လူ ဆွဲမထည့်နဲ့။
* အဖော်မလိုဘူး၊ ငါတစ်ယောက်တည်း။
ကိုယ့်စိတ်ကို ကိုယ်နိုင်ရင် နေရာတိုင်းမှာ အောင်ပွဲရှိတယ်။
အဆုံးထိမလုပ်နိုင်ရင် မစနဲ့။
ပြောသလိုလုပ်၊ လုပ်သလိုပြော။ အဲဒါ အကောင်းဆုံးပဲ။
* လောကမှာ ရှက်ဖို့ ကြောက်ဖို့ (၂) မျိုးပဲ ရှိတယ်။
မတရားမလုပ်မိဖို့နဲ့ မတရားတာ အလုပ်ခံမနေရဖို့ပဲ။
- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာဖြစ်ပါတယ်။
ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။
ညိမ်းညို
Posted by ညိမ်းညို at 22:50 1 comments
Labels: သောင်းပြောင်းထွေလာ
Diseño por headsetoptions | A Blogger por Blog and Web