တဖွဲဖွဲ
အသံတိတ်မိုးရွာနေလိမ့်မယ်
ကန်ရေမျက်နှာပြင်လည်း ခဲသွားပြီ
မြက်ရိုင်းတွေ ငြိမ်ငြိမ်သက်သက် ယိမ်းနွဲ့နေစဉ်
ပြတင်းမှန်ကိုသွားခေါက်နေတဲ့ သစ်ရွက်လေး
လျှပ်အပြက်မှာ
အခန်းထဲက စာအုပ်နဲ့ဖောင်တိန်ကိုမြင်လို့
မျက်ရည်ကျတယ်။
မင်းထင်ကိုကိုကြီး
ပိတောက်ပွင့်သစ်
အမှတ်(၁)၊ ဖေဖော်ဝါရီ၊ ၂၀၀၆
16 January 2012
ကြာဖက်အိမ်
Posted by ညိမ်းညို at 10:21 5 comments
Labels: ကြိုက်သောကဗျာများ
20 March 2011
သမိုင်း
သေဆုံးပျောက်ကွယ်သွားသော လူများ
တိမ်မြုပ်ပျောက်ကွယ်သွားသော မြို့ရွာများ
ငါတို့ဆက်ခံရရှိသော ရန်ငြိုးရန်စများ။
ညိမ်းညို
Posted by ညိမ်းညို at 07:43 9 comments
Labels: ကဗျာ
19 March 2011
အဝေးရောက်ထွက်ဆိုချက်
မင်းမျက်လုံးထဲ
ကြယ်ကလေးတွေကောက်ကောက်ထည့်ရတာ ငါပျော်တယ်။
သိပ်မြင့်တဲ့တောင်တွေပေါ်က
ဒလိမ့်ခေါက်ကွေးပြုတ်ကျတဲ့အခါတိုင်း အဲဒီကြယ်လေးတွေကို ခိုဆွဲထားနေကြမို့လေ။
မင်းရယ်သံလေးကို
ပလတ်စတစ်လောင်းပြီး အခန်းနံရံမှာ ချိတ်ထားရတာ ငါပျော်တယ်။
အမူးလွန်ပြီး အိပ်မက်တွေလမ်းပျောက်တဲ့ညတိုင်း
တခစ်ခစ် သွေးဆောင်နေကြမို့လေ။
မင်းဆံပင်ရှည်ကြီးတွေထဲ
မမြင်ရတဲ့ငါးတွေ လှမ်းလှမ်းဖမ်းရတာ ငါပျော်တယ်။
လက်မဲ့ခြေဗလာနဲ့ ပွဲခင်းထဲကထွက်ခဲ့ရတဲ့အခါတိုင်း
မျှော်လင့်ချက်ကို အသက်သွင်းပေးနေကြမို့လေ။
ဆီးလီနာရေ…
အကုသိုလ်အနည်းဆုံး စိတ်ကစားမှုတစ်မျိုးလို့ အမျိုးအမည်တပ်ပါ
မင်းကို အသက်ရှူတိုင်း လွမ်းနေခဲ့တယ်။
ညိမ်းညို
Posted by ညိမ်းညို at 10:22 9 comments
Labels: ကဗျာ
အချစ်ဟာ အုတ်တစ်ချပ်သဲတစ်ပွင့်မကဘူး၊ ရဲတိုက်ကြီးတစ်ခုလုံးလည်းဖြစ်တယ်
ဗီရိုထဲမှာ ဂန္ထ၀င်တွေရှိတယ်၊ ဂန္ထ၀င်တွေထဲမှာ အချစ်တွေရှိတယ်။
နှိုက်ယူစားသုံးလိုက်တယ်၊ ပြီးတော့ ကျွန်တော်ရှိုက်ကြီးတငင်ငိုချလိုက်တယ်။
လက္ခဏာ၊ ရာမတို့ရဲ့ ကြင်နာမှုကိုမြင်ပြီး
ညီနောင်ချင်းအမြဲတစေသတ်ပုတ်နေရတဲ့
ဟာနုမာဆိုတဲ့မျောက်
ကျသွားတဲ့မျက်ရည်တွေမျိုးပေါ့။
ကဗျာကို ရေပန်းလိုလှည့်ဖွင့်လိုက်တယ်၊ အသံတွေဆူညံသွားပြီလား။
ရေသံတွေနဲ့ရောလို့ ဟုတ်ကဲ့..ရေသံတွေနဲ့ရောလို့၊ ငိုမယ်ဆို ငိုလို့ရပါပြီ။
ဒေါက်တာအင်ဒရူးရေ
ရဲတိုက်ကြီးကို ခင်ဗျား ဘာနဲ့ဆောက်သွားတယ်ပြောပြော
ခရစ္စတီရဲ့အချစ်တွေသေချာပေါက်ပါလိမ့်ဆိုတာ ကျွန်တော်နည်းနည်းမှ သံယသမရှိဘူး။
ညိမ်းညို
နွယ်နီ၊ မတ်၊ ၂၀၁၁။
Posted by ညိမ်းညို at 09:55 1 comments
Labels: ကဗျာ
27 February 2011
ဖုန်မှုန့်တွေနဲ့ နေလုံးကြီးနဲ့ အဝေးကသက်တန့်တွေကိုချိတ်ဆွဲထားတဲ့ စာသင်ကျောင်းလေး
နွားအုပ်ကြီးဖြတ်သွားတော့ တိမ်တွေလိုဖုန်တွေထဲ ဆိုင်ကယ်ဘီးရာတွေ ဖောချင်းသောချင်း
လှိုင်လှိုင်ပွင့်နေတဲ့ တမာတွေနဲ့ လမ်းဟာမွှေးအီ
ပဲစဉ်းငုံတွေ ပဲကြီးခင်းတွေဟိန်းနေတာတောင် အလေ့ကျနေလှည့်ခင်းများက မင်းမူလို့
တစ်ပိဿာဘယ်လောက်ဆိုတာ လက်ရှိသူတို့ဂုဏ်ဒြပ်ပေါ့။
နံဘေးက ကင်းတားလက်ဝဲမြောင်းထဲ ငါးတွေပုစွန်တွေပုလုံစီခုန်ထ ရေပိတ်ချိန်ထင်ပ
ဒိုက်တွေအမှိုက်တွေနဲ့ ရေညှိဖတ်စိမ်းစိမ်းတွေ ခလေးငယ်နည်းနည်းကိုသာ အဖော်ပြုကာ
ထော့ကျိုးစီးဆင်းနေရှာ
လှိုင်းတွန့်များနဲ့လှည်းဘီးရာအမြောင်းတွေကြား ဆိုင်ကယ်ဘီးမေးတင်
ရွာအ၀င်မှာ ဓာတ်ဆီဆိုင်နဲ့လေထိုးကျွတ်ဖာနဲ့
နွားခြူသံတွေအစား ဝေါခနဲဝေါခနဲထိုးထွက်လာတဲ့ ဆိုင်ကယ်တွေဒင်းကြမ်းမြင်ရလိမ့်
တချို့ ရေမိုးချိုး အ၀တ်သစ်များဝတ်ကာ တချို့ ဆေးပုံးကျောချိတ်လယ်မြေထဲဆင်းဟန်
လမ်းကတောင်းဆိုတော့ ဂီယာကြီးနဲ့သာ ခရီးနှင်ကြရာ။
ဝင်လာခဲ့ကြ
အိမ်ခြေ၇၀၀ရှိတဲ့ ရွာကလေးထဲ
မှားယွင်းစွာရှက်ဖွယ်ပ ၇၀၀ဆိုတာသေးနှုတ်သောအရေအတွက်မှမဟုတ်လေဘဲ
ရွာကြီးပေါ့ သိပ်ကိုကြီးတဲ့ရွာကြီး အလယ်တန်းကျောင်းမျှမကျသေးတော့ ရွာကလေးလို့ခေါ်မိတယ်
အိမ်တွေလမ်းတွေ ခြံစည်းရိုးတွေ လူစိမ်းတွေကိုမျက်နှာမငယ်ရအောင် ဧည့်ခံနိုင်ပေရဲ့
ကျောင်းကလေး ကျောင်းကလေး
အဲသမှာ ကျောင်းကလေးဟာလဲ ဘာမှလိမ်းခြယ်မထားတဲ့လေးဘက်သားခလေးလေးလှသလိုလှနေရဲ့
တွဲဖက်အလယ်တန်းကျောင်းကလေး
ကျယ်ပြန့်တဲ့ကွင်းကြီးက ကျောင်းကလေးကိုထည့်မြိုထား
သာမှုနာမှုအစုစု ပွဲလမ်းသဘင်အထွေထွေ လူစုလူဝေးအမျိုးမျိုး
ကျောင်းကလေးက သူတောင်အဆောက်အဦမဆောက်ရက်တဲ့ကွင်းထဲ
နေရာထိုင်ခင်းပေးလို့ လူတွေပျော်သွားကြတာလဲရှိ စိတ်ညစ်သွားကြတာလဲရှိ
နောက်တစ်နေ့ ကျောင်းကလေးတစ်ရက်နားလိမ့်ပေါ့
လေတွေလိုလွှင့်ထုတ်သွားတဲ့အမှိုက်များ စင်ကြယ်ပြင်ဆင်ဖို့။
ဆင်ဖိုနီဆိုတာဘာလဲ
ငါတို့မသိကြပါဘူးတဲ့
တောဘုရားပွဲမှာ စည်ဘီယာရောင်းတဲ့သားအဖနှစ်ဦး ဂေါက်တံကိုလုနေကြတယ်
ထိန်ထိန်ညီးညီးပဲ ကျောင်းကလေးရဲ့ရေအားလျှပ်စစ်က ဘီယာမူးမူးနဲ့လင်းနေတယ်
ပွဲတော်သုံးညမှာ သူပိုင်အလင်းနဲ့ ဖန်ခွက်တွေထဲအမြုပ်တစီစီ
ကျောင်းဝင်တံခါးကိုကျော်တော့ချောင်းကလေး ချောင်းကလေးပေါ်မှာ ကျွန်းပင်တစ်ပင်
အဲဒီချောင်းကလေးကရေစီးက အက်ဒီဆင်ကိုအလည်ခေါ်လာတာပေါ့
ကျွန်းပင်သေလို့တဲ့ဗျာ ကျုပ်ကိုတိုင်လိုက်ကြတာ ဟားဟား
ဆရာတစ်ဦးရဲ့ပြောဟန်ကရယ်ရယ်မောမော ဗွေမရှိဟန်
လစာတစ်သောင်းခွဲခေတ်မှာ ဆယ့်ငါးသိန်းတန်ရေအားလျှပ်စစ်အလှူရှင်
တာယာဖိနပ်ကြီးစီးလို့ပေါ့
သူ တောကျောင်းဆရာ။
တစ်နှစ်တာကျောပူဒဏ်ချက်ကြီး တစ်ရက်တစ်မနက်နဲ့ဝမ်းအေးဖောက်ခွဲလိုက်ကြရှာ
သူတို့ဟာ ပါးစပ်ထဲရယ်ဖွယ်တွေပလုပ်ပလောင်း
တောကျောင်းဆရာများရဲ့ အဖြူရောင်က တစ်ဝိုင်းလုံးကိုလွှမ်းနေရော
မဟုတ်ဘူး တစ်ရွာလုံး ဒေသတစ်ခုလုံး
သူတို့ သိပ်ကိုဖြူကြတယ် အလွန်တရာဖြူကြတယ်
ဟောဒီလို ဖဦးထုပ်ရရစ်နှင်းချောင်းငင်ဖြူလို့ရေးပြရတာထက်ကို ပိုဖြူကြ။
ဖုံတွေပေါ့ကွယ် နေလုံးကြီးကလည်းနီနီ
နွားအုပ်တွေကလည်း ဒလကြမ်း ဆိတ်အုပ်တွေ တတီတီ
ယာမြေတွေ စိမ်းလားစိမ်းရဲ့ နီလားနီရဲ့ ၀ါလားဝါရဲ့
ဘာတဲ့ဆိုင်ကယ်နဲ့တီဗွီမရှိရင် အိမ်မမည်ဘူးဆိုလား
ရွာသူတွေ ကွမ်းတောင်ကိုင်သေးလား ပန်းတောင်ကိုင်သေးလား
မသိဘူးပကွယ် ဆရာကြီးကြိမ်လုံးမကိုင်တော့တာတော့ မြင်ခဲ့ရပ
ကျုပ်တို့တစ်ဦးနဲ့တစ်ဦး ရိုးမြေကျချစ်ကြတာပါဗျာ တဲ့
ထန်းရေစစ်စစ်သောက်ရင်း ကြွက်ကြော်ဝါးရင်း
မေတ္တာတရားကိုဘယ်သူတွေခိုးထားသေးလဲ
ကြွေနေတဲ့လေနဲ့ မျောလို့။
အရောင်မဲ့အခန်းနံရံ ဆေးသားများကွာကျ
သက်တန့်ကလေးတွေချိတ်ဆွဲထားတာ အရောင်စုံလှတယ်
အာဆီယံလူငယ်တွေ့ဆုံပွဲ မောင်ကောင်းဝေယံဦး
တတိယနှစ်ဆေးကျောင်းသား မောင်စိုးလွင်
ရှေ့နေမလေး မသဲထွေး
အလို သက်တန့်တွေစုံလှပ နံရံတလျှောက်ချိတ်ဆွဲထွန်းလင်းထား
တပည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား အားရှိ၏
အလကားရေးထားတာမဟုတ်ဘူး
ခွေးတံဆိပ်ခဲတံအစစ်နဲ့ ကြိုက်လွန်းလို့ရေးထားတာဗျ အဟေးဟေး
ဖုန်မှုန့်တွေအဖွေးသား နေလုံးကြီးကို ခေါင်းနောက်တည့်တည့်ခံပြီး ဆရာကြီးရီချလိုက်တယ်
ချစ်စရာကောင်းချက်။
ဖုန်မှုန့်တွေနဲ့ နေလုံးကြီးနဲ့ အဝေးကသက်တန့်တွေကိုချိတ်ဆွဲထားတဲ့ စာသင်ကျောင်းလေး
၈နာရီနဲ့ ၃၃မိနစ်တိတိ တာဝန်ဝတ္တရားတွေခွာချရင်း သူ့အမြုတေရှိရာဆီငေးရီနေမိ
မိုးရွာပြီးစညနေခင်းလည်း မဟုတ်ပါဘဲ ဖုန်လုံးကြီးတွေတသောသောကြား
သက်တန့်ကလေးတွေ လှနေခဲ့ပုံ။
ညိမ်းညို
Posted by ညိမ်းညို at 08:51 9 comments
Labels: ကဗျာ
26 June 2010
ဝန်စည်စလယ်များသောအရပ်
ငှားနေတဲ့အခန်းမှာ ထပ်ခိုးလေးရှိတယ်
ထပ်ခိုးပေါ်မှာ သစ်တုံးတစ်တုံး
ထပ်ခိုးနဲ့သစ်တုံးဟာ အပြန်အလှန်မြှောက်ပင့်လို့
တစ်ဦးနဲ့တစ်ဦး ယုတ္တိဗေဒနည်းနဲ့တွေးရတာ သိပ်ဖင့်နွဲ့တာပဲလို့
တစ်ဖက်က လေသာဆောင်ကြားအောင် ပြောတယ်။
တည်းတည်းကလေးသာကျန်နေတော့တဲ့
အထီးကျန်တုတ်ထိုးသကြားလုံးတစ်လုံးက
သပွတ်အူခြောက်ကို သတိနဲ့စောင့်ကြည့်လျက်သာ
မကြာခင်
လောင်ဂျီကျုကို အလျားလိုက်ဖြတ်ပြီး လေယာဉ်ပျံတစ်ကောင်
ရူးသွပ်စွာကျွမ်းထိုးသွားတော့မယ်ဆိုတာ သိနေသလိုမျိုး
သူ့မှာ ချည်နှောင်မထားတဲ့ ချောင်းကြည့်ပေါက်တွေရှိနေသလိုမျိုး
မောနေတဲ့မြင်းတွေ ပစ်ချခံထားရတဲ့ရုပ်အလောင်းကောင်တွေ
အဲသလိုသာပ
တုတ်ထိုးသကြားလုံးလေးမှာလည်း သူ့အင်နာဂျီကို မီးပြန်ညှိခွင့်ရှိတယ်။
သူတို့ ၀တ်မှုန်မကူးကြတော့ဘူး
အကိုင်းဖြတ်တယ် အကိုင်းဆက်တယ်
ခြေလှမ်းကျဲကြီးများဖြင့် သွားကြတယ်။
အရှင်သခင်
မောက်မာဝင့်ကြွားသော
အဖော်အပေါင်းကင်းသော
ပူဆွေးဖွယ်ကံစမ်းခြင်းများဖြင့် ပသပါတယ်
ကြာပန်း၊ ရေအိုင်နှင့် သစ္စာရှိသောပင်လယ်လက်တက်များပင်ဖြစ်စေ
အချစ်နာကျနေကြပါတယ်
ကူညီညာဝိုင်းလို့ မှိုင်းမတော်မူပါ။
သန်းခေါင်ကျော် သန်းခေါင်လွဲ
သန်းထူသောအရပ်၌ ရှုပ်ထွေးပွေလီစွာ
အချစ်ဟာ အူကြောင်ကြောင်ရပ်နေပါတယ်။
ပေးပို့လိုက်သောပစ္စည်းအရေအတွက်နှင့် ဈေးနှုန်းစာရင်း
တိုင်တည်စရာဘုရားသခင်
အတွင်းဘက်၌ဖြစ်သော ဒဏ်ရာ
သံဖြင့်ပြုလုပ်ထားသောအရာများ
ထိုအရာတို့ အလွယ်တကူကြေမွသွားကြပါတယ်။
မသက်ဆိုင်တာကို မသက်ဆိုင်ကြောင်း သက်ဆိုင်ရာကိုပြောကြားပြီးလျှင်
ထိုအရာကို ပစ်ပယ်နိုင်ကြောင်း
ငှားထားသောအခန်းများ သန့်ရှင်းခဲ့ပါတယ်။
ညိမ်းညို
Posted by ညိမ်းညို at 00:06 7 comments
Labels: ကဗျာ
17 June 2010
မသန့်စင်တဲ့ကဗျာ
သဘာဝကျကျ မသန့်မစင်ဖြစ်တည်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးရှိပါတယ်
မသန့်စင်တဲ့လူတွေကို သူ့ဝမ်းဗိုက်ကြီးထဲ ထည့်ထည့်မျိုလို့
မသန့်စင်တဲ့အရာတွေကို သူ့ကျောကုန်းကြီးပေါ် ဆွဲဆွဲတင်လို့
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပါပဲ။
ဣဌာရုံအညွှန့်အဖူးလေးတွေနဲ့ ကဗျာတွေလူလူသူသူဖြစ်ခဲ့သေးတာပဲ
အနိဌာရုံအကြမ်းအခက်ကြီးတွေနဲ့ ဘာဖြစ်လို့ ကဗျာတွေထက်ထက်မြက်မြက်မဖြစ်ရမှာလဲ။
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲဖြစ်ပါတယ်၊ အရုပ်ဆိုးအကျည်းတန်ခြင်း မဟုတ်ပါဘူး
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲ ဖြစ်ပါတယ်၊ တရားလက်မဲ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး
(သူကသာ တရားလက်မဲ့ပြုမူခံနေရတတ်တာပါ)
ကဗျာအများစုက မှန်နန်းဆောင်ဇာခန်းဆီးအတွင်း ၀ပ်ဆင်းကျရောက်နေချိန်
ဝန်ကြီးတစ်ဦးက ထန်းသမားမိသားစုနဲ့အတူ ထမင်းလက်ဆုံစားခဲ့တယ်
ကုန်တင်လှေကြီးနဲ့အတူ ရွက်လွှင့်ခဲ့တယ်
မသန့်စင်တဲ့နယ်ပယ်တွေထဲ သူ့ကဗျာဝိညာဉ်ကိုစေလွှတ်ကျက်စားခဲ့တယ်
သူဟာ မသန့်စင်တဲ့အကြောင်းတရားတွေအပေါ် စာနာတိမ်းညွှတ်ခဲ့တယ်
သူဟာ မသန့်စင်တဲ့ကဗျာတွေကို ရေးဖွဲ့ခဲ့တယ်
ဒါဟာ ဒီမြေပေါ်မှာ အမှန်တကယ်ရှိနေတဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်
မသိယောင်ဆောင်ရုံ၊ မျက်ကွယ်ပြုရုံနဲ့ ပပျောက်မသွားမယ့် မသန့်စင်ခြင်းတွေ ဖြစ်တယ်။
လူများစုဟာ မသန့်စင်ခြင်းရဲ့အရသာကို တင်းကြမ်းခံစားနေရတယ်
မသန့်စင်ခြင်းဟာ ဒီကမ္ဘာကြီးရဲ့ အနှံ့အပြားမှာရှိနေတယ်
မသန့်စင်ခြင်းဟာ ဖုန်တွေသဲတွေအထွေးထွေးနဲ့
မသန့်စင်ခြင်းဟာ ချွေးတွေသံတွေအလိမ်းလိမ်းနဲ့
မသန့်စင်ခြင်းဟာ ထမင်းတစ်လုပ်အတွက် ပင်ပန်းကြီးစွာ၊ အညှာအတာကင်းစွာ၊ လူ့ဂုဏ်သိက္ခာချို့တဲ့စွာ
မသန့်စင်ခြင်းဟာ တစ်ဝမ်းတစ်ခါးအတွက် မှောင်ခိုလဲကူးရ
တစ်ပြားတစ်ချပ်အတွက် စက်ရုံကြီးတွေထဲမှာလဲ ပိတ်လှောင်ခံရ
ကျောက်မီးသွေးတွင်းကြီးတွေမှာ၊ ဒြပ်သတ္တုလုပ်ငန်းခွင်ကြီးတွေမှာ၊ စစ်ပွဲတွေမှာ
ပတ်ကြားအက် ရိုးပြတ်ငုတ်တိုလယ်ကွင်းပြင်တွေမှာ၊ နောက်ကျန်ဘီးများနဲ့ ကြက်ယက်သလိုယက်နေရတဲ့နေရာတွေမှာ
ရောဂါဘယကပ်ဆိုးတွေနဲ့ လူလူသူသူ နေလို့၊ စားလို့၊ တွေးလို့၊ တောလို့ မရတဲ့ ဒေသတွေမှာ
မသန့်စင်ခြင်းတွေဟာ နေလောင်ချွေးစားပြီး ထွားကျိုင်းသန်မာနေကြ၊ လှိုင်လှိုင်ကြီးသီးပွင့်လာနေကြ
အပ်ဖျားတစ်ထောက်စာ အရေပြားပေါ်က ဖြူတယ်မဲတယ်ဆိုတဲ့ အရောင်အတွက်နဲ့လဲ သင်းကွဲနှိပ်ကွပ်ခံရ
ငြိမ်းချမ်းမွန်မြတ်တဲ့ဘာသာရေးဝတ်ရုံအောက်မှာ လက်နက်ပုန်းတွေ ကိုင်ဆောင်လာကြ
ကျောင်းတော်သာရဲ့ ဆွတ်ပျံ့ဆွေးဖွယ်လမ်းမကြီးတွေပေါ်မှာတောင် မသန့်စင်ခြင်းတွေဟာ စိမ့်ဝင်နေကြ
စိန်စီရွှေချခန်းမကြီးတွေအတွင်းမလဲ ဒီမသန့်စင်ခြင်းတွေပဲ ပွဲတက်ကခုန်နေကြ
မသန့်စင်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာကိုတောင် ဓားထက်ထက်နဲ့ လှီးဖြတ်နေကြ
မသန့်စင်ခြင်းတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို လွှမ်းမိုးလာကြ
လူနည်းစုဟာ မိမိရဲ့သန့်စင်မှုအတွက် လူများစုကို မသန့်မစင်တဲ့အခြေအနေတွေထဲ တွန်းပို့နေကြ
အရှိန်နဲ့၊ ပါဝါနဲ့၊ စွမ်းအားတွေနဲ့ မသန့်စင်ခြင်းအပေါ် လက်လွှတ်စပယ်ပြောဆိုကြ၊ ဖိနှိပ်ကြ
ကျနော်တို့ဟာ ဒီမသန့်စင်ခြင်းတွေကို ကဗျာပြုကြတာဖြစ်တယ်၊ ဒီမသန့်စင်ခြင်းတွေကိုပဲ ဆွဲကူထူမကြတာဖြစ်တယ်
မသန့်စင်ရခြင်းရဲ့ ရင်းမြစ်တွေကို စီစစ်ရှာဖွေကြတာဖြစ်တယ်
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပဲဖြစ်တယ်။
မသန့်စင်ခြင်းတွေဟာ ကင်းဘတ်စတွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ဆေးစက်တွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ကဗျာနဲ့ထုံကူးခံရတော့
လှပတဲ့ပန်းချီကားတွေ ဖြစ်လာကြတယ်။
ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်း ကိုယ့်ရင်ဝကိုယ် ဓားနဲ့ထောက်ကြည့်ရတာ ရင်ခုန်စရာကောင်းလှပါတယ်
မသန့်စင်တဲ့ကဗျာတွေကို ကျေကျေနပ်နပ်ကြီးရေးရင်း ကျွတ်ဆတ်ဆတ်ရင်ဘတ်တစ်နေရာကို စာနာမှုပလပ်ခေါင်း ထိုးချလိုက်ပြီ
ကဗျာတွေ ဒီအတိုင်းစီးဝင်စေတော့။
(အရိုင်းတေး...မှ)
- ၂၀၀၈၊ နိုဝင်ဘာတုန်းက တစ်ကြိမ်တင်ဖူးပါတယ်။
Posted by ညိမ်းညို at 23:09 2 comments
Labels: ကဗျာ
11 June 2010
အရိုင်းတေး ထွက်ပါပြီ
Posted by ညိမ်းညို at 16:58 28 comments
Labels: အမှတ်တရ
5 June 2010
အမေရိကားက မခင်နှင်းဆီ
ငါ့မခင်နှင်းဆီဟာ အဖူးအပွင့်တွေတဝေေ၀နဲ့
နွေဦးမှာ လှနေရှာတော့မယ်
ငါ့ဆီမှာတော့ ခြောက်သယောင်းသောနွေဦး။
တစ်ယောက်တည်းရှိနေရတဲ့အဖြစ်ဟာ
ဘယ်လိုမှ ပျော်စရာမကောင်းပါဘူး
ငါ့မခင်နှင်းဆီဟာ
ကမ္ဘာကျော်ရေမွှေးနံ့တွေကြား
သဲတရှပ်ရှပ် ငါ့ဖြတ်သွားဖြတ်လာခြေသံတချို့ ကို
ကြားမိပါစ
ဒေါက်မြင့်ဖိနပ်တွေရဲ့ ခွာသံတဖျောက်ဖျောက်ကြား
ငါသွေးပေးတဲ့ ကရမက်ရနံ့ကို
သင်းပျံ့မိပါစ။
ဟဲလို
တိုးတိုးတိတ်တိတ် ဆွံ့အ
ငါ့မခေါ်ဆိုရဲတဲ့ ဖုန်းနံပါတ်တစ်ခုအတွက်
မခင်နှင်းဆီရဲ့အသံလေး ၀ါယာကြိုးထဲ အိပ်ပျော်နေတော့မယ်။
ငါတို့နှစ်ယောက်အတွက်
ချစ်ခြင်းမေတ္တာဆိုတာ
မီးပူတိုက်ပြီးတစ်ကြိမ်မှ ထုတ်မ၀တ်ရသေးတဲ့ အင်္ကျီတစ်ထည်
သံယောဇဉ်ခေါက်ရိုးကြောင်းရဲ့ လှိုင်းအလျားပေါ်
ကြေကွဲမှုဟာ တိတ်တိတ်လေးတက်ထိုင်နေခဲ့တယ်
အဝေးကြီးထွက်သွားတယ်ဆိုတာ
အနီးဆုံးမှာရှိမနေတော့တာပဲ မဟုတ်လား။
ညညလူခြေတိတ်ပြီဆို
ငါဟာ မခင်နှင်းဆီရဲ့ဓာတ်ပုံလေးကို
စက်ယန္တရားတစ်ခုလို သတိကြီးကြီးထားပြီးကိုင်တွယ်
မပြယ်တဲ့ ရနံ့အဆွေးတွေနဲ့ အတိတ်ကိုတူးဆွမိတော့တာပဲ
အဲဒါ “သတိရတယ်” ခေါ်တာလားကွယ်။
ဇာတိရနံ့တွေထဲမှာ
ငါက ကွန်ဆာဗေးတစ်ဆန်ဆန်
အခု ဒီကဗျာမင်းဆီပျံသန်းလာခြင်းအားဖြင့်
ယနေ့ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ပါရဲ့။
မခင်နှင်းဆီရေ
မင်းခြေပြန်မချလိုတဲ့ မြေကြီးကိုမှ
ငါက ဆတိုးပြီးချစ်နေရ
ဗီလိန်မပါဘဲ ဝေးရတယ်ဆိုလည်း
ဇာတ်မပေါင်းရတာချင်းတော့ ငါတို့တူခဲ့တယ်။
မခင်နှင်းဆီရေ
မြစ်ဆိုတာ ပင်လယ်ဆီဆိုက်ရောက်ရမယ်
လူတစ်ယောက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
သူရဲ့ပင်လယ်နဲ့တူတဲ့မိန်းမတစ်ယောက်ဆီ
စီးဝင်ဆိုက်ရောက်ခွင့်ရှိတယ်မဟုတ်လား
အဲဒီလူတစ်ယောက်ဟာ ငါကွဲ့
သတိရခြင်းကမ်းပါးနှစ်ဖက်နဲ့
ငါ့မြစ်ကြောင်းကို ငါကိုယ်တိုင်စီးနင်းလာခဲ့တာပေါ့
နက်ရှိုင်းတဲ့အိနြေ္ဒနဲ့ ပင်လယ်ဟာလှိုင်းထန်လို့မရဘူးလေ။
ဒီလိုပါပဲ မခင်နှင်းဆီရေ
ငါက လှိုင်းတွေသိမ်းရင်း လာတဲ့မြစ်
အဲဒီမြစ်ကြောင်းဟာ
သူချစ်တဲ့ပင်လယ်ကြီးထဲ
တဖျတ်စာအငေးတစ်ကွက်ရရုံနဲ့
ကိုယ့်ကိုယ်ကို မြုပ်နှံပစ်ဖို့ လုံလောက်ပြီတဲ့။
မခင်နှင်းဆီရေ
အမေရိကားရဲ့ နွေဦးလေပြေထဲ
ပန်းပေါင်းတစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
မနက်ဖြန်ရဲ့နေရောင်ခြည်ထဲ
အိပ်မက်တစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ…ရွှင်လန်းချမ်းမြေ့ပါစေ…။
ညိမ်းညို
Posted by ညိမ်းညို at 16:38 18 comments
Labels: ကဗျာ
2 June 2010
အမေးအမြန်း၊ စပ်စပ်စုစု၊ ကျီးကြည့်ကြောင်ကြည့်၊ ဟိုပြောဒီပြောထူထပ်တောင်ကုန်းများနှင့် အသားလွတ်တရားခံလိုစစ်ဆေးအရသာခံချင်သော အာတာလွတ်ဥများ
ရေထဲပြုတ်ကျရတဲ့ဖြစ်စဉ်မှာ
- မိမိကိုယ်တိုင် အနေအထိုင်မတတ်လို့ ဖြစ်နိုင်သလို
- တခြားလူက တွန်းချလို့လည်း ဖြစ်နိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် တခြားလူတွန်းချလို့ရေနစ်သေရရင်တော့ မတန်ဘူး
ရအောင်ရုန်း ရအောင်လှုပ်ပြီး ကူးခပ်ရမှာပဲ။
“လူဆိုတာ အဖွဲ့အစည်းနဲ့နေရတဲ့သတ္တ၀ါ”
အာတာလွတ်ဥတွေထဲရောက်သွားတဲ့အခါ
ဒီစကားပုံကို ခင်ဗျားရယ်မိမှာပဲ။
သူများတွေအနွေးထည်ကိုယ်စီနဲ့ မင်းကော
သူများတွေအင်္ကျီပါးလေးတွေနဲ့ မင်းကျမှ အနွေးထည်ကြီးတဖားဖား
သောက်လေကွာ ဆေးဖြစ်ဝါးဖြစ်၊ ဘာလဲကံငါးပါးထိန်းနေတာလား(သရော်တော်တော်)
စားစမ်းပါဟ ဒီရောက်တုန်း၊ သေရင်ကိုယ့်နောက်ဘာမှမပါဘူး
အဲဒီမျက်မှန်ကြီးက လိုလို့လား(မျက်စိနာနေတာကို သူမသိဘူး)
ဘာလဲ အိမ်ကဘိုးတော်ကို ရှိန်နေတာလား(အဖေကိုရည်ညွှန်းမှန်း တော်တော်ကြာကြာမှ သိရ)
ဝိုး..ဒီလူကြီးက စာလည်းရေးတာပဲလား၊ သူရေးတာ ရင်သိမ့်တုန်လေးတွေရောပါရဲ့လား(ဆရာတို့ရေ စာအုပ်တွေသိမ်းမထားမိတာကိုသာ ခွင့်လွှတ်ပါတော့)
အများကြီး အများကြီး
ငါမှတ်မထားချင်လို့ မေ့ပစ်လိုက်တဲ့စကားတွေအများကြီး
မနက်အိပ်ယာထ ငါ့ခေါင်းနောက်မှာ ရေဒါတစ်ခုတပ်ဆင်လို့
ပုံရိပ်တွေစုပ်ယူရုံအားမရသေးပဲ
သွားတယ် လာတယ် စားတယ် သောက်တယ်
အသံလှိုင်းများဟာမေးဖျားတဆတ်ဆတ်တုန်ခါလို့ အထိုင်စက်ကြီးများ
ထိုမှတဆင့် ကိုယ်တိုင်ဖော် စံချိန်စံညွှန်းများဘောင်ထဲ
ငါဟာ သူတို့ရဲ့ လွဲချော်နေသော သနားစရာသတ္တ၀ါတကောင်
ငေါင်စင်းလို့ ပေစောင်းလို့ ရွဲ့စောင်းလို့
ဒီမိုးဟာ တို့မြို့ကစရွာတာ ဒီအရုပ်ဟာ တို့ဆီကဆေးစက်စကျတာ
ဒီသီချင်းဟာ တို့စပြီးတီးတာ
ဒီဂိမ်းဟာ တို့ရိုးသွားလို့အောက်လိုက်တာ
ဒီဘောင်းဘီဟာ….ဒီအင်္ကျီဟာ…ဒီပလေယာဟာ...ဘာဟာ...ညာဟာ
ကလေးကလားပဲ ကလေးကလားပဲ
လေတယ် လေတယ်၊ ပင့်ကူအိမ်ထဲငြိနေတဲ့ယင်တစ်ကောင်လို ငါလေတယ်
စာမတတ်ဘူး စာမတတ်ဘူး
စာမတတ်တော့ ဒီစာတွေကို ဘယ်လိုဖတ်ရမလဲ ငါမသိဘူး။
ဘိန်းရှူနေတာလားဆိုတော့လည်း
ဘိန်းရှူနေတာပါပဲပေါ့
အရေမရအဖတ်မရတွေပါကွာဆိုတော့လည်း
ဟုတ်ပါတယ်ပဲပေါ့
နားအေးချင်တယ်
ဘာမှပြန်မပြောတာ အဖက်မလုပ်တာလားဆိုလာပြန်တော့
ငါ ငုတ်တုတ်သေတာပဲ။
ဆက်လျှောက်သွားတဲ့နှစ်ယောက်က
ဖိနပ်ကြိုးထိုးဖို့ကျန်ခဲ့တဲ့ တယောက်အကြောင်းကိုပြောဆိုလို့
အာတာလွတ်ယဉ်ကျေးမှုဟာ ကမ္ဘာပေါ် ဓားသွားလိုမြိလို့။
ညိမ်းညို
Posted by ညိမ်းညို at 00:54 7 comments
Labels: ကဗျာ
29 May 2010
ဆွေး
ငေးခဲ့မိတယ်
ကြယ်တွေအငွေ့ပျံသွားတဲ့အထိ
တစ်စိမ့်စိမ့်ကျွံဝင်နေတဲ့
တွင်းနက်ကြီးအ၀မှာ ရပ်ရင်း၊
သွားတက်ကလေးရေ
တစ်ခါတစ်ရံတော့ ငိုပါရစေ၊
ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ငါ့ကို မီးဖိုပါစေတော့။
ညိမ်းညို
၁၃၊ ၁၀၊ ၂၀၀၉
Posted by ညိမ်းညို at 23:38 4 comments
Labels: ကဗျာ
27 May 2010
ကျွန်သင်္ဘော
စာတစ်လုံးက စာတစ်လုံးထဲကျွံကျသွား
ဝါကျတစ်ကြောင်းက ၀ါကျတစ်ကြောင်းထဲ နစ်ဝင်သွား
စာအုပ်တစ်အုပ်ကို စာအုပ်တစ်အုပ်လို ပြီးဆုံးချင်ခဲ့
သံသရာကြောင်း ရှည်းလျားခဲ့ပုံများ
စာအုပ်ဟာ ခုထိ အသက်ဝင်/ငင် နေပုံ
ငါတို့ ကြောင်တက်တက်ငေးနေကြပုံ
ကျွန်သင်္ဘောကြီး ခုတ်မောင်းရင်း
ဒီစာမျက်နှာပေါ်မှာ ငါတို့ အစဉ်အဆက် ရိုင်းခဲ့ကြတယ်။
ညိမ်းညို
Posted by ညိမ်းညို at 23:58 2 comments
Labels: ကဗျာ
ကစားပွဲပုံပြင်
ပုဆိန် ဓားချက်
တယောက်တလက် ၀ိုင်းဖွဲ့ဆူညံ
ဟန်တွေရောမာန်တွေရော
တောအုပ်ထဲ ပွက်လောရိုက်နေခဲ့။
အသီးမစား အရွက်မခူး
ထင်းမဆိုက် အသားမတိုက်
အင်အားပြ ယိမ်းလိုက်ရင်း
တောပြုန်းရုံသက်သက် လာလာနှက်တော့
အလှဲခံရတဲ့သစ်ပင်တွေက ရင်နာသတဲ့။
ညိမ်းညို
Posted by ညိမ်းညို at 23:27 1 comments
Labels: ကဗျာ
25 May 2010
တောအုပ်
“အများပြေးရင်လိုက်ပြေး
အများရပ်ရင်လိုက်ရပ်
အုတ်အရောရော ကျောက်အရောရော
အူသံတွေဆူညံနေမြဲ
မူဟန်တွေက ထူးမခြားနားပြာကလက်စိန်
အဲဒီခွေးအ,တွေနဲ့ အဆွေခင်ပွန်းမဖွဲ့လိုဘူး
ငါက နှစ်ရှည်လများ ဖန်တီးတည်ဆောက်ယူခဲ့ရတာ” တဲ့
တောအုပ်က ပြောတယ်။
“ဟေးးးး ခြင်္သေ့တွေလား
လာဟေ့ မင်းတို့ကို စောင့်နေတာ
တစ်ဦး တစ်ကောင် တစ်ယောက်ကအစ
နောက်လိုက်ပေါင်းများစွာပါသည်အထိ
ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ခိုင်မာပြင်းပြ
အများသဘောနဲ့လည်း လိုက်လျောညီထွေ
သွေဖီယိမ်းယိုင်ခြင်းလည်းကင်း
တင်းပြတ်ညွှတ်နူး ပေါင်းစည်းလှပ
ငါ့ရဲ့ အနားသတ်စည်းကိုဖြင့်
မင်းတို့ရဲ့အားနဲ့သာ
တသသမွှေးမြစေရော့ကွယ်” တဲ့
ဂုဏ်သိက္ခာရှိသောတောအုပ်က ပြောတယ်
မှန်တယ်
ခြေထောက်တွေမကျန်တော့လောက်အောင်ကို
ခြေစစ်ပွဲတွေ လိမ်ပိန်နေအောင်ကန်လာခဲ့ရတဲ့တောအုပ်က ပြောခြင်းဖြစ်တယ်။
ညိမ်းညို
၂၀၊ ၅၊ ၂၀၀၈
Posted by ညိမ်းညို at 14:46 4 comments
Labels: ကဗျာ
20 May 2010
မီးပုံးပျံ
အမြင့်ဆုံးပျံတက်သွားတာ မဟုတ်ဘူး
အဝေးဆုံးကို လွင့်သွားရတာ၊
ဒီလိုပါပဲ
တိမ်တွေက အရွှန်းဖောက်တော့
ရင်ထဲကမီးတောက်ကို ၀ှက်ထားရတာပေါ့။
ညိမ်းညို
Posted by ညိမ်းညို at 21:31 11 comments
Labels: ကဗျာ
18 May 2010
သက်ရှိသက်မဲ့
(က)
ငါ သွားနေတယ်
ငှက်တွေရဲ့အတောင်ပံနဲ့ မရောက်နိုင်တဲ့အရပ်
ပင်လယ်ငါးတွေ မနေထိုင်နိုင်တဲ့အရပ်ကို
ငါစီးမဲ့ရထားနဲ့ လွဲမှာစိုးလို့
ငါနောက်ကျမှာစိုးလို့
ငါ ကတိဖျက်ရာ ရောက်မှာစိုးလို့
မကြာမကြာ ငါပြေးရတယ်
အစွမ်းကုန်သိမ်မွေ့တဲ့လူတွေ
သူတို့မှာရှိတဲ့ အကောင်းဆုံးအပေါ်အင်္ကျီတွေကို
လျှော်ဖွတ်ပြီးစ ရှပ်အင်္ကျီတွေရဲ့အပေါ်ကနေ ထပ်ဝတ်ချင်ကြလို့
ငါ့ကို ဆွဲခေါ်တယ် ဒရွတ်ဆွဲခေါ်တယ်
စာတစ်စောင်မှ လက်ခံမရကတည်းက
ငါ ဘာသတင်းကိုမှ မရတော့ဘူး
ငါ့ခန္ဓာဟာ ငြိမ်ငြိမ်သက်သက်လဲကျလို့
ငါ့မိတ်ဆွေ တခြားလိပ်ပြာတွေနဲ့အတူ
ပင်အပ်တစ်ချောင်းနဲ့ ထိုးစိုက်ခံထားရတယ်
ငါ အသက်ရှိသေးရဲ့လား။
(ခ)
အိပ်ယာပေါ်က ပစ္စတို
တွေးတောဆင်ခြင်နေတဲ့ကြောင်
ကြိုးတစ်ချောင်းလို ပါးလျားတဲ့အရိပ်
ငါ့ဘ၀ကို ငါမေ့တယ်
ဘုရားသခင်ဟာ သူ့လူတွေကို မေ့သလိုပေါ့
သမ္မာကျမ်းကို
ငါစားချင်လိုက်တာ
ဘယ်သူများကျွေးပ
နံရံမှာ လိပ်ပြာတစ်ကောင်ကို
ငါ ပင်အပ်နဲ့စိုက်တွယ်ထားတယ်
ငါ့ရဲ့ပျော်ရွှင်ခြင်းကိုလဲ အဲသလို
ပင်အပ်နဲ့ စိုက်တွယ်ထားချင်တာမျိုး
ပြီးတော့..မီးတောက်လိုတောက်လောင်နေတဲ့
အရက်သောက်လိုစိတ်နဲ့
အရက်ကို ရေလိုသောက်ခဲ့တယ်
လူငယ်မျက်မမြင်တစ်ယောက်ရဲ့ အမှတ်ရစရာတွေများတဲ့
အေးစက်စက် ပျက်စီးနေတဲ့မျက်လုံးတွေ ငါလိုချင်တယ်
ငါရောက်ချင်နေတဲ့နေရာတွေအကြောင်းကို
ငါတွေးတောနေချင်လို့
တစ်ဝက်မူးနေတဲ့အပြုံးနဲ့
ငါ..နောက်ပြန်ကြည့်တဲ့အခါ
တောင်ကအုပ်မိုးနေတဲ့ ပင်လယ်ကိုတွေ့ရတယ်
(အဲဒါ ငါ့အမေရဲ့ ဂူသင်္ချိုင်းနေရာပဲ)
(ငါ့အမေနဲ့အတူ ပင်လယ်ခရုခွံတွေကောက်ခဲ့တယ်)
ငါ...နောက်ပြန်မကြည့်တော့ဘူး
ငါ...နောက်ပြန်မကြည့်တော့ဘူး
(ကျွန်တော်တို့လဲ မလွဲမသွေ သွားကြရမှာမို့
တခြားလူတွေကို ခွင့်ပြုလိုက်ကြပါစို့)
ငါ အသက်မရှိတော့ဘူး။
ညိမ်းညို
- ဆရာသစ္စာနီဘာသာပြန်သော ဂျပန်ခေတ်ပေါ်ကဗျာအပုဒ် ၂၀မှ စာသားများ၊ ၀ါကျများဖြင့် ဖန်တီးပါသည်။
Posted by ညိမ်းညို at 14:14 1 comments
Labels: ကဗျာ
15 May 2010
တေးရေးဆရာ
ကြည်နူးဖွယ်တေးတစ်ပုဒ်ကို
သင်က မျက်ရည်များနဲ့ဆိုတဲ့အခါ
အလွမ်းလို့ခေါ်ကြလိမ့်မယ်။
လွမ်းဆွတ်ဖွယ်တေးတစ်ပုဒ်ကို
သင်က ကြည်နူးမှုနဲ့ဆိုတဲ့အခါ
အချစ်လို့ခေါ်ကြလိမ့်မယ်။
ကြည်နူးလွမ်းဆွတ်ဖွယ်တေးတစ်ပုဒ်ကို
သင်က မေ့လျော့မှုနဲ့ဖုံးကွယ်တဲ့အခါ
အမုန်းလို့ခေါ်ကြလိမ့်မယ်။
အမုန်းတေးကို မဆိုစေလိုပါ
သင့်ကိုလည်း တားမြစ်ခြင်းငှာ မစွမ်းတဲ့အခါ
တေးရေးဆရာ(ငါ့)လက်ကိုသာ ဖြတ်ရပါတော့မယ်။
ညိမ်းညို
Posted by ညိမ်းညို at 21:56 4 comments
Labels: ကဗျာ
7 May 2010
အချစ်ဟာ အုတ်တစ်ချပ်သဲတစ်ပွင့်မကဘူး၊ ရဲတိုက်ကြီးတစ်ခုလုံးလည်းဖြစ်တယ်
ဗီရိုထဲမှာ ဂန္ထ၀င်တွေရှိတယ်၊ ဂန္ထ၀င်တွေထဲမှာ အချစ်တွေရှိတယ်။
နှိုက်ယူစားသုံးလိုက်တယ်၊ ပြီးတော့ ကျွန်တော်ရှိုက်ကြီးတငင်ငိုချလိုက်တယ်။
လက္ခဏာ၊ ရာမတို့ရဲ့ ကြင်နာမှုကိုမြင်ပြီး ညီနောင်ချင်းအမြဲတစေသတ်ပုတ်နေရတဲ့ ဟာနုမာဆိုတဲ့မျောက် ကျသွားတဲ့မျက်ရည်တွေမျိုးပေါ့။
ကဗျာကို ရေပန်းလိုလှည့်ဖွင့်လိုက်တယ်၊ အသံတွေဆူညံသွားပြီလား။
ရေသံတွေနဲ့ရောလို့ ဟုတ်ကဲ့..ရေသံတွေနဲ့ရောလို့၊ ငိုမယ်ဆို ငိုလို့ရပါပြီ။
ဒေါက်တာအင်ဒရူးရေ
ရဲတိုက်ကြီးကို ခင်ဗျား ဘာနဲ့ဆောက်သွားတယ်ပြောပြော
ခရစ္စတီရဲ့အချစ်တွေသေချာပေါက်ပါလိမ့်ဆိုတာ ကျွန်တော်နည်းနည်းမှ သံယသမရှိဘူး။
ညိမ်းညို
Posted by ညိမ်းညို at 13:00 1 comments
Labels: ကဗျာ
6 May 2010
အလင်္ကာတွေ၊ သင်္ကေတနိမိတ်ပုံတွေသုံးပြီးရေးရမှာ ငြီးငွေ့နေ၊
ည၊ ပင်လယ်၊ လရောင်၊ ငှက်၊ ရင်ဘတ်
ညီမလေး၊ ဂီတ၊ အလွမ်း
စံပယ်၊ လမ်း၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ကြိုး...အစရှိသဖြင့်
အဲဒီစကားလုံးတွေရဲ့ စည်းဝိုင်းအပြင်ဘက် မတ်တပ်ထွက်ရပ်ချင်။
Posted by ညိမ်းညို at 16:13 4 comments
Labels: သောင်းပြောင်းထွေလာ
အိပ်ယာဝင်ဂါထာ(ကိုယ်တိုင်ရွတ်ဆိုရန်)
တိုက်ဆွေးတိုက်အိုကြီးများရဲ့ စင်္ကြန်ပေါ် မအိုမဆွေးသောနေရောင်များပြိုကျလာ
ကြွက်ကလေးတစ်ကောင် ဆန့်ငင်ဆန့်ငင်အကြောဆိုင်းသေသွား အစာရေစာမရှိ ကြွက်သတ်ဆေးလေးမှစားစရာမရှိ
ထိုနည်းတူကြိမ်းစပ်သော၊ မျက်စိကိုတခါတည်းမှိတ်ပစ်ရုံနှင့် အလင်းကိုဖြတ်ရန်မဖြစ်နိုင်သော
အန္တရာယ် = မထင်မှတ်သောနေရာတွင် စိတ်ရှည်လက်ရှည်အိပ်ပြီးစောင့်နေတတ်သော
(မြစ်ဟာ အကွေ့တစ်ခုရဲ့ဟိုဘက်သည်ဘက်မှာ ရေစီးကြောင်းပြောင်း အရှိန်ပြောင်း)
ဆပ်ပြာတုံးအောက်ကပ်နေတဲ့ ဘရိတ်ဓားကလက်ကိုမွှန်းသွားသလိုမျိုး..ဆိုတော့
တခါတခါဘာမှန်းညာမှန်းမသိတစ်အိမ်လုံး ကုတ်နဲ့မ,ရွေ့တာခံလိုက်ရ
ကလိမ်စေ့ကို မိုက်ကရိုစကုပ်နဲ့ကြည့်လို့မမြင်နိုင်၊ မုသားဟာ အစကဒီလောက်ချစ်စရာကောင်းမှန်းမသိခဲ့ဘူး(လို့ မလုပ်လိုက်ပါနဲ့)
အထွေအထူးအော်ဟစ်ရန်မရှိ လက်ညှိုးနဲ့လက်မကြား ပုရွက်ဆိတ်လေးရောက်လာတဲ့အခါ
အသက်ဇီဝကိုမြတ်နိုးပါ
ဘုရားတည်ကျောင်းဆောက် အသက်ကလေးထောက်ထောက်မထောက်ထောက်
မွေးထားသောခွေးကလေးကြောင်ကလေးများ အစာဝပါစေ
နူးညံ့သောခေါင်းတလားပေါ် ထွက်သက်ဝင်သက်နှင့်တကွ စိတ်ကလေးကို အသာအယာဖိတ်ပါ
(အထူးကား) အိပ်မက်များ မကြမ်းရိုင်းပါစေနှင့် ဟူလို။
ညိမ်းညို
Posted by ညိမ်းညို at 11:12 3 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web
