ဖော့များ
ပေါ့ပါးလွန်းတာလား
နေတတ်နိုင်လွန်းတာလား
အလေးအနက်ကူးခတ်ကြမယ်ဆိုတိုင်း
ငါတို့တွေ ပေါလော။
ရေတံခွန်
ဝမ်းဗိုက်ထဲ
မြို့ဟောင်းတစ်ခု ၀ှက်ထားလိမ့်နိုးထင်ကြ၊
တကယ်ဆို
ချောက်ကမ်းပါးမှာ တွဲလောင်းခိုရင်း
စမ်းချောင်းလေးကို သားပေါက်စေသူ။
တစ်နှစ်တာ
စက်ဝိုင်းကြီးထဲ
ဥသုံးလုံး ဥ
အကောင်လေး ၃၆၀ ပေါက်ဖွား၊
ထိုအကောင်လေးများ
တရွေ့ရွေ့ ပျံသန်းသွား
စက်ဝိုင်းကြီးထဲ...။
မေးခွန်း
နွေမှာ
အပူဒဏ်ကိုကြောက်လို့ ယပ်တောင်ဆောင်ကြတယ်
မိုးမှာ
စွတ်စိုမှုကိုကြောက်လို့ ထီးဆောင်ကြတယ်
ဆောင်းမှာ
အအေးဓာတ်ကိုကြောက်လို့ အနွေးထည်ဆောင်ကြတယ်
သုံးရာသီလုံးမှာ
ငါက ဘာကိုကြောက်လို့
ကဗျာတွေ ဆောင်ထားရတာလဲ။
ဆုတ်သူ
ရှေ့မတိုးပါနဲ့ဆိုလို့
နောက်တစ်လှမ်းဆုတ်ပေးခဲ့တယ်
ကျသွားတဲ့ချောက်ကမ်းပါးထဲ
အလွမ်းဟာ နံရံတွေဆီ အမြစ်တွယ်လို့။
အထိအရှများ
တ- လေတစ်ဝှေ့ (၀ါးတစ်လှည်းလုံးဖုတ်ထားရတဲ့ ပြာတစ်ဆုပ်အတွက်)
ဒု- အပ်ဖျားတစ်ထောက်စာ (လေပြည့်နေတဲ့ ပူစီပေါင်းတစ်လုံးအတွက်)
ပ- မေ့လိုက်ပါ (တစ်ဘ၀လုံးစောင့်ခဲ့ရသူအတွက်)
ပြီးခဲ့တဲ့နွေ
ကျောက်ခဲနှစ်လုံးက၀ှက်ထားတဲ့ မီးတောက်ကိုတွေ့ခဲ့တယ်
လူနှစ်ယောက်က၀ှက်ထားတဲ့ သနားဂရုဏာကိုတွေ့ခဲ့တယ်
သံယောဇဉ်က၀ှက်ထားတဲ့ ဥပက္ခာကိုတွေ့ခဲ့တယ်
အချစ်က၀ှက်ထားတဲ့ လူငယ်တစ်ယောက်ကိုတွေ့ခဲ့တယ်
ဘာသိဘာသာထောင့်ချိုးတစ်ခုမှာ သိုးနေအောင် အိပ်ပျော်ပါစေတော့။
ကဗျာရေ ပြန်လာပါတော့
မင်းကို ခုနစ်တန်းကျောင်းသားထဲက ချစ်ရေးဆိုခဲ့တာပါကွာ
၁၂နှစ်တာ ပေါင်းသင်းခဲ့တဲ့မျက်နှာကိုထောက်ထားပြီး ပြန်လာပါကွာ
မင်းက ငါ့ဝိညာဉ်ကိုနှုတ်ယူပြီး ခရီးအဝေးကြီးထွက်သွားတော့
ငါ့မှာ ကွင်းပြင်ထဲ ထီးထီး
ခြေလက်မလှုပ်ရှားနိုင်တဲ့ စာခြောက်ရုပ်လို ကျန်နေခဲ့တာပေါ့
တခါတလေ ၀ါးလက်ခုပ်အားကိုးနဲ့ ငှက်ပေါက်စနလေးတွေကို ခြောက်လှန့်ရသလိုမျိုး
နှစ်ကြောင်းရေးတစ်ကြောင်းခြစ် ကဗျာတိုလေးတွေရေးရေးပြီး
ငါ့သွေးငါ မီးထိုးနေရတာပေါ့
ကဗျာရေ
ရွာရိုးကိုးပေါက်အောင် ငါ့သွေးထဲ မင်းလာလျှောက်ပါတော့။
ညိမ်းညို
- အဆုံးရှုံးဆုံးခရီးဆိုတာ လက်မဲ့ခြေဗလာနဲ့ ညထဲကထွက်လိုက်ရတဲ့ မနက်ခင်းတစ်ခုပေါ့။ ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေဟာ ကျနော်ရှုံးရတဲ့ ညတွေပါပဲ။
11 comments:
ကိုညိမ်းညို ဒီကဗျာလေးကြိုက်သဗျာ
အတိုလေးတွေ ပေမယ့် ထိထိမိမိ ရှိတယ် ကိုညိမ်းရေ ။ အားလုံးနှစ်သက်မိတယ်ဗျ ။ အဆင်ပြေပါစေဗျာ ။
အတွေး လှတယ်
အတွေးကောင်းလိုက်တာ
အတွေးကောင်းလိုက်တာ
ညတိုင်းကဗျာတွေရေးဖို့တွေးနေတယ်ပေါ့....အဆင်ပြေပါစေ..
ပြီးခဲ့သောနွေ.. ကို အကြိုက်ဆုံးပဲ။
း)
“ပြန်လာပါတော့ ကဗျာရေ ပြန်လာပါတော့”
ကူခေါ်ပေးသွားတယ် ညီလေးရေ..။
ရေးချင်လွန်းပြီး ရေးလို့မထွက်တဲ့အခါ၊ ရေးလို့မရတဲ့အခါတိုင်းဟာ ကိုယ့်ကိုယ်ကို စိတ်အပျက်ဆုံး အချိန်တွေထဲမှာပါတယ်။
ကဗျာတွေ အမြန်ဆုံး ပြန်ရောက်လာပါစေ :)
အတွေးရော..အရေးပါ..လှသဗျာ
ကဗျာအပိုင်းအစတွေ တစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိရှိလှနေတယ်..
အောက်ဆုံးက မှတ်ချက်စာကို ပိုကြိုက်တယ် =)
Post a Comment