6 January 2010

ခြောက်သွေ့ရာသီ

The Dry Season

The year is withering, the wind
Blows down the leaves;
Men stand under eaves
And overhear the secrets
Of the cold, dry wind
Of the half-bare trees.

The grasses are tall and tinted,
Straw-gold hues of dryness,
And the contradicting awryness,
Of the dusty roads a-scatter
With pools of colourful leaves,
With ghosts of the dreaming year.

And soon, soon the fires,
The fires will begin to burn,
The hawk will flutter and turn.
O, its wing and swoop for the mouse
The dog will run for the hare,
The hare for its little life.

Kwesi Brew

ခြောက်သွေ့ရာသီ

နှစ်ဟာ ရင့်လျော်လာ
အေးမြခြောက်သွေ့တဲ့လေ
သစ်ရွက်တို့ကို ခြွေပေါ့
တံစက်မြိတ်အောင် လူတွေရပ်
တစ်ဝက်ဗလာသစ်ပင်တို့ရဲ့
လျှို့ ၀ှက်စကားကို ကြားရဲ့ ။

မြက်ပင်တို့ ရှည်သွယ်နွမ်းဖျော့
သွေ့ခြောက် ကောက်ရိုးရွှေရောင်များ
ကျဲပြန့်ဖုန်ထူလမ်းများ
ကွေ့ကောက်ဆန့်ကျင်နေကြ
ရောင်စုံသစ်ရွက်အိုင်များ
အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများဆိုပ။

မကြာမတင် မကြာမတင်
မီးတွေ..မီးတွေ လောင်ကြတော့မယ်
သိမ်းငှက်ကြီး အတောင်ခတ်လှည့်ပတ်
ကြွက်ကို ပျံဝဲထိုးသုတ်တော့မယ်ပ
ခွေးက ယုန်ကိုရဖို့အရေး
ယုန်က သူ့အသက်ဆက်ဖို့အရေး
ပြေးကြပေလိမ့်။

ကွေစီဘရူး

ဂါနာက နာမည်ကျော် ကဗျာဆရာတစ်ဦးပါ။ ခြောက်သွေ့ရာသီမှာ နွေရှုခင်းကို ရိုးရိုးရှင်းရှင်း ဖွဲ့ထားပါတယ်။ ဆိုရရင် ကျနော်တို့ မြန်မာစာပေမှာလည်း နွေဖွဲ့ အင်မတန်များပါတယ်။ ခေတ်ဟောင်းခေတ်သစ် ကဗျာဆရာအသီးသီးက နွေကို တရှိုက်မက်မက် ဖွဲ့ကြလေ့ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ဆီက နွေဖွဲ့နဲ့ ကွေစီဘရူးရဲ့ နွေဖွဲ့ဟာ ကွာခြားနိုင်ပါတယ်။ ကွားခြားတယ်ဆိုရာမှာ အကောင်းအညံ့ နှိုင်းယှဉ်လိုတဲ့ သဘောမဟုတ်ကြောင်း စကားခံပါရစေ။

ခြောက်သွေ့ရာသီလို ၀န်းကျင်ဖွဲ့ကဗျာတွေရေးတဲ့အခါ ကဗျာဆရာ တစ်ယောက်နဲ့တစ်ယောက် ကွာခြားရတာဟာ သူတို့ကျင်လည်ရာ သဘာ၀၀န်းကျင်၊ လူမှုဝန်းကျင်တို့ မတူညီကွဲပြားတာနဲ့ ဆက်စပ်မယ်ထင်ပါတယ်။ လူမှုဝန်းကျင်မှာပဲ ခေတ်စနစ်အခြေအနေ၊ နိုင်ငံရေး စီးပွားရေးအခြေအနေတို့ အကြုံးဝင်ဦးမှာပါ။ ကျနော်တို့ နှုတ်ဝယ်ရွရွ အာဂုံဆောင်ခဲ့ကြတဲ့ ရှေးကဗျာလင်္ကာတွေထဲမှာတော့ နွေဟာ မပါမဖြစ် ဇာတ်လိုက်ကျော်ကြီးပါပဲ။ သူတော်စင်မထေရ်တို့တောင် ဖြေမဆည် မျက်ရည်ဆို့ရတယ်လို့ အဆိုရှိတဲ့ နွေရဲ့ သာမောဖွယ် သဘာဝအလှတရားက ခေတ်အသီးသီးက စာဆိုတို့ရဲ့ စိတ်နှလုံးကို လွှမ်းမိုးခဲ့ပါလိမ့်မယ်။ ပုရစ်ဖူးပုရစ်နုလေးတွေ ထွက်ပြူတာကအစ တောင်သူဓလေ့ ယာမီးကြွေ့တာအဆုံး အရာရာဟာ ကြည်နူးဖွယ်ရာ ရှိနေပါလိမ့်မယ်။ မြန်မာ့လူမှုဝန်းကျင် နွေရဲ့ဇာတ်ခုံပေါ်မှာတော့ ယေဘုယျအားဖြင့် အနိဌာန်ရုံတို့ ကင်းပနေတယ်လို့ပဲ ဆိုရမှာပါ။ ဒီတော့ ကျနော်တို့ဆီက နွေဖွဲ့အများစုဟာလည်း ကြည်နူးဖွယ် ဆွတ်ပျံ့ဖွယ် အအေးဓာတ်လေးတွေ ကိန်းနေလေ့ရှိတာပေါ့။

ကွေစီဘရူးတို့ နိုင်ငံတည်ရှိတဲ့ အာဖရိကမှာတော့ ဖိနှပ်ချုပ်ချယ်မှုတွေ၊ ရောဂါဘယကပ်ဆိုးတွေ၊ ခေတ်နောက်ပြန်ဆွဲမှုတွေ ဒင်းကြမ်းရှိနေပါတယ်။ ကွေစီဘရူးဟာ ဒီလိုလူမှုဝန်းကျင်းမှာ ကြီးပြင်းလာရတဲ့ ကဗျာဆရာဆိုတော့ သူ့ရဲ့ နွေဖွဲ့ကဗျာဟာလည်း သူ့လူမှုဝန်းကျင်ကို ရောင်ပြန်ဟပ်စေပါတယ်။

ပထမပိုဒ်မှာ သူဟာ နွေကို ရိုးရိုးလေးဖွဲ့လိုက်တယ်။ ရာသီစက်ဝန်းတစ်လျှောက် ခရီးနှင်နေရတဲ့ အချိန်(နှစ်)ဟာ နွေကိုဆိုက်ရောက်လာတော့ အတော်ကို ရင့်လျော်ညှိုးလျော်နေပါပြီတဲ့။ အေးမြတယ်ဆိုပေမဲ့ ရေခိုးရေငွေ့ကင်းစင်တာမို့ လေကခြောက်သွေ့နေတာပေါ့။ အဲဒီလေက တိုက်ခြွေထားလို့ သစ်ရွက်တွေလည်း တုံးလုံးပက်လက် လဲနေကြတယ်။ သစ်ရွက်တွေ ကြွေတချို့ ကျန်တချို့ ရှိနေတာကို ကဗျာဆရာက တစ်ဝက်ဗလာသစ်ပင်လို့ သုံးလိုက်ပါတယ်။ သစ်ရွက်ခြောက်တွေကြား လေတိုးတော့ တရှဲရှဲမြည်ပါလိမ့်မယ်။ ဒါကို တွတ်ထိုးတယ်၊ စကားတီးတိုးဆိုတယ်လို့ပဲ အများစု ဖွဲ့ကြလေ့ရှိပါတယ်။ ကွေစီဘရူးကတော့ ‘လျှို့ ၀ှက်စကား’ ဆိုတဲ့အသုံးနဲ့ လတ်ဆတ်စေပါတယ်။

ကွေစီဘရူးတွေ့နေရတဲ့ နွေရဲ့ ရှုမျှော်ခင်းဟာ တပြန့်တပြောကြီး မဆုံးနိုင်အောင်ပါပဲ။ နွေရဲ့အပူဒဏ်ကြောင့် ညှိုးလျော်နွမ်းဖျော့နေတဲ့ မြက်ပင်ရှည်တွေကို ကောက်ရိုးရွှေရောင်တွေ စွန်းနေတယ်တဲ့။ ဖုန်ထူထူလမ်းတွေကလည်း ဟိုသည်ကျဲပြန့်နေကြတယ်၊ ကွေ့ကွေ့ကောက်ကောက်နဲ့ ကိုးရိုးကားယား ရှိနေကြတယ်တဲ့။ သစ်ရွက်ခြောက်တွေ အများကြီးစုပုံနေတာကို သူက ‘သစ်ရွက်အိုင်’ လို့ သုံးလိုက်ပါတယ်။ သစ်ရွက်ခြောက်တွေမှ မနည်းမနောကြီး၊ အိုင်ထွန်းနေတာပဲလို့ ဆိုလိုက်ပုံပါ။ အဲဒီသစ်ရွက်ခြောက်တွေရဲ့ မတည်မြဲတဲ့ မရေရာတဲ့ အားအင်မပြည့်တင်းတဲ့သဘောကိုယူပြီး အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများလို့ ထပ်မံညွှန်းဖွဲ့ပါတယ်။

ဒီအထိတော့ သူ့ရဲ့ နွေဖွဲ့ဟာ ပုံမှန်ဖွဲ့ဆိုနေကျ ရှုခင်းရှုကွက်များပါပဲ။ ခြောက်သွေ့တဲ့ ပျင်းရိညည်းငွေ့စရာကောင်းတဲ့ မျှော်လင့်ချက်မဲ့ေ၀၀ါးနေတဲ့ မှိုင်းပျမြင်ကွင်းများပါပဲ။ နောက်ဆုံးအပိုဒ်မှာတော့ ကဗျာဆရာဟာ သူပြောချင်တဲ့ ဘ၀တိုက်ပွဲ(သို့) သူတို့ကြုံတွေ့နေရတဲ့ လူမှုဘ၀တွေကို ရုတ်တရက် လန့်ဖျတ်ပေါ်လွင်လာစေခဲ့တယ်။ ကြည့်ပါဦး။ မီးတွေ..မီးတွေ လောင်ကြတော့မယ်။ လောင်တာမှ သိပ်ဝေးတဲ့အနာဂတ်မှာ မဟုတ်ဘူး။ မကြာမတင်လေး…မကြာမတင်လေးမှာကို လောင်တော့မယ်တဲ့။ တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်တော့မဲ့အချိန်ပေါ့။ သိန်းငှက်နဲ့ အမဲလိုက်ခွေးကို ကဗျာဆရာက ဆွဲယူသရုပ်ဆောင်စေတယ်။ မြေပြင်ပေါ်က လယ်ကြွက်မြေကြွက်တွေကို သိန်းငှက်တွေက ဝေဟင်ကနေ ပျံဝဲထိုးသုတ်ကြတော့မယ်။ အစားမခံရအောင် လွတ်အောင် ပြေးကြရှောင်ကြပေရော့။ အမဲလိုက်ခွေးကလည်း ထို့အတူပဲ။ သူ့အစာအတွက် ယုန်ကိုလိုက်နေတယ်။ ယုန်ကလည်း သူ့ဘ၀လေးရပ်တည်နိုင်ဖို့ သူ့အသက်လေးဆက်နိုင်ဖို့ လွတ်အောင်ပြေးရရှာတယ်။ သတ္တ၀ါအပေါင်းဟာ ဒီလိုပဲရုန်းကန်ရှင်သန်နေရတယ်။ အားကြီးသူက အားနည်းသူအပေါ်နိုင်စားတယ်။ နိုင်သူကျန်ရစ်မယ်ဆိုတဲ့ တောရဲ့ ဥပဒေသဟာ လူတွေ ကျင်လည်နေထိုင်တဲ့ဝန်းကျင်မှာကို ခုထိရှိနေတုန်းဖြစ်တယ်။ ဒီသဘောကို ဆရာကြည်အောင်ကလည်း ‘တောရဲ့ တရား’မှာ ဒီလို ရေးခဲ့ဖူးပါတယ်။

တောရဲ့ တရားဟာ
အားကောင်းသူ ရှင်မယ်
အားနည်းသူ သေမယ်။

ဂျာမန် နစ်ရှေး ဖြစ်ဖြစ်
အင်္ဂလန် ဒါဝင် ဖြစ်ဖြစ်
နှစ်ဆယ်ရာစုနှစ်ရဲ့ တောကြီးထဲမှာ
ဒီတရားဟာ ရှင်သန်ဆဲ။ (တောရဲ့တရား ကဗျာမှ)

ကွေစီဘရူးဟာ လေပြေခြွေလို့ သစ်ရွက်လေးတွေကြွေတာကနေ သတ္တ၀ါတွေရုန်းကန်လှုပ်ရှားနေရတဲ့ပုံရိပ်၊ အားကြီးသူနဲ့ အားနည်းသူတို့ရဲ့ ပဋိပက္ခပုံရိပ်တွေထိ ဆွဲယူသွားလေတော့ သူ့နွေဖွဲ့ဟာ ၀န်းကျင်ဖွဲ့တွေထဲမှာ မတ်တပ်ထွက်ရပ်နေတော့တာပေါ့။

ညိမ်းညို

3 comments:

Mhu Darye said...

လာဖတ်ဖြစ်တယ် အကိုညိမ်း...

မနုငယ် said...

သေသေချာချာကို ရှင်းထားလို့ကျေးဇူးပါ...တော်တော်ရှင်းလင်းသွားတယ်

Unknown said...

hi..