15 April 2008

မင်းကိုလောကကြီးကစောင့်ကြည့်နေတယ်

ရေသေအိုင်ဆွေးလို
ငြိမ်အီမနေစမ်းပါနဲ့
စုန်ရဲဆန်ရဲတဲ့ မြစ်တစ်မြစ်အဖြစ်
ကိုယ့်မာန်ကိုယ်သွေး
ခပ်ဝေးဝေး လှမ်းကြည့်လိုက်စမ်းပါ...

ဝါးမျှစ်စို့တိုင်း
မြေကိုတိုးထွက်ခဲ့ကြတယ်
လောကကို ရင်မဆိုင်ရဲတဲ့သစ်စေ့ဟာ
အမှိုက် ယက်ရှာတဲ့
ကြက်တစ်ကောင်ရဲ့ နှုတ်သီးဖျားမှာ
လည်စင်းပေးလိုက်ရမှာပဲ။

တောက်ပခဲ့ဖူးတဲ့
ရှေးရှေးက ကြယ်ပွင့်များ
အတိတ်ည ရှည်ရှည်တွေကို
ဘယ်ပုံဘယ်နည်း ဖြတ်သန်းခဲ့ကြသလဲ
ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ညမှာ
ကိုယ်တိုင် အလင်းဆုံး ကြယ်တစ်ပွင့်
မဖြစ်သင့်ဘူးလား
ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတဲ့
အဖြေမှန်တစ်ခု မင်းရင်ထဲ
အသေအချာရှိနေမယ်ဆိုတာ ယုံတယ်။

ခေတ်က မြန်လွန်းတယ်...
တကယ်တော့ နည်းပညာတွေရဲ့ နှုန်းစံနဲ့
ခေတ်က လိုက်မြန်နေရတာပါ
အရှိန်နဲ့ပြန့်ကားနေတဲ့ ရဲရင့်မှုတွေထဲ
စိမ့်ဝင်နိုင်ဖို့ရာ ဘွာမခတ်မိစေနဲ့
တစ်ထစ်ချင်း နင်းတက်စမ်းပါ...။

“မစူးစမ်းတဲ့အရွယ်
ရူးနှမ်းနှမ်း အရွယ်ပါတဲ့”
မင်းနားတွေကို ပိတ်ထားလိုက်...
အထင်သေး အမြင်သေး အကြည့်အပြောတွေ
မင်း တည့်တည့်က အဆို့အပိတ်တွေကို
တွန်းတိုးဖောက်ထွက်လိုက်
နှင်းဆီတွေခင်းထားတဲ့ အရုဏ်သစ်
အရှေ့မိုးကောင်းကင်မှာ ၀င်းဝင်းပြက်ပြက်
မင်းယုံကြည်ရာ မုခ်ဦးမှာ
ပန်းဝတ်မှုတွေ ထုံမွှေးနေမှာ...။

စိတ်ရိုင်းကို အလိုလိုက်တာ
ကိုယ့်ပဲ့ကို ကိုယ်ဖြုတ်ချလိုက်တာပဲ
မြားရွက်နောက်မြီး မပါရင်တော့
ဘယ်လောက်ချွန်ချွန် ဘယ်လောက်ဖြောင့်ဖြောင့်
ဘယ်ပစ်မှတ်ကို စိုက်မှာလဲ
အပျင်းဓာတ်ကလည်း
မင်းသွေးစီးနှုန်းတွေကို နှေးစေတဲ့
ခပ်ဆိမ့်ဆိမ့် အဆိပ်ပြင်းပဲ
ညံ့ဖျင်းမှုဆိုတာ
အစာမတပ်ဘဲ ရေထဲချထားတဲ့
မင်းရဲ့ ငါးမျှားချိတ်
တစ်နေ့မှာ ကိုယ့်အလွမ်းမှားတွေနဲ့
ကိုယ်ပဲ ရှက်သွေးမဖြာရအောင်
ကိုယ့်ကိုယ်ကိုယ် လှုပ်နိုးရမှာပေါ့။

မင်းရဲ့ တင်းတင်းဆုပ်မိတဲ့ လက်တွေ
မင်းရဲ့ တင်းတင်းကြုတ်မိတဲ့ မျက်မှောင်တွေ
မင်းရဲ့ တင်းတင်းစေ့မိတဲ့ နှုတ်ခမ်းတွေ
မင်းရဲ့ တိတ်ဆိတ်စွာ ပေါက်ကွဲမှုတွေ
မင်းဆက်မယ့် ခြေလှမ်းတွေထဲ အားဖြည့်ဆေးအဖြစ်
ခပ်သာသာ ပြောင်းလဲပစ်လိုက်ပါ။

မီးမနာတဲ့ ဓား
အသွားပဲ့မြန်သတဲ့
ခြေဖ၀ါး မြေစားလို့ပွန်းရော့
အမာရွတ်တိုင်းမှာ သင်ခန်းစာရှိရမယ်
သံလွင်တစ်ခက်အတွက်
ချွေးစက်ကုဋေ ခြွေရဲဖို့
မင်းမျက်ဝန်းထဲ မီးစုန်းတွေထည့်လို့
အမှောင်ဆိုတာ အရောင်တစ်ရောင်ပဲ
မဖြစ်မနေ နှိုက်ရမယ့် မဲလိပ်ထဲ... စိတ်ချ
ကံတရား တစ်ခုတော့ ပါလိမ့်မယ်။

ကျောက်ဘယ်လောက်မာမာ
ခတ်တတ်မှလည်း မီးပွင့်တယ်
ဆီးဆူး ဆီးချွန် ခံဆူး ခံချွန်တဲ့
သောင်ပြင်ပေါ် မှောက်လျက်လဲ
ခပ်ယို့ယို့ ပြန်သွားတဲ့ လှိုင်းညံ့တွေလို
မင်း မညွတ်ခွေဖို့တော့ လိုတယ်
ပဉ္စလက် မာယာတွေ ပွက်ထ
ညှို့ကွက်တွေ ရှို့ချက်တွေ လျှို့ဝှက်တွေပြွမ်းလို့
မင်းဦးနှောက်ထဲ အချက်ပြ ခေါင်းလောင်းထည့်ခဲ့
ပြီးတော့... ရှေ့ပဲ တွင်တွင်တိုး ပြီးတော့... ထပ်ပြီးတိုး
အရွဲ့မတိုက်နဲ့ အတည့်တိုက်
မင်းရဲ့ ယုံကြည်ချက် သစ္စာတရားတွေ
မင်းအပေါ် ထိန်ထိန်ညီးစေရမယ်။

သစ်တောကြီးတွေနဲ့ ဝေးရာမှာ
တစ်ပင်တည်း ထီးထီးပေါက်နေတဲ့
ဝက်သစ်ချပင်ရဲ့ ကြံ့ခိုင်မှုမျိုး
မင်း အသည်းညွန့်မှာ ကွန့်မြူးပါစေ
လေယာဉ်ပျံ ထိုးဖောက်သွားတဲ့ တိမ်မဖြစ်ရ
တိမ်တိုက်တိုင်းကို ဖောက်ထွက်မယ့် လေယာဉ်ပျံဘဝ
မင်း ရွေးချယ်မှုက
မင်း စံမြန်းရမယ့် ရဲတိုက်ဗိမာန်
မင်းကို လောကကြီးက
လက်ခုပ်သြဘာပေးဖို့ မျှော်လင့်တကြီး
စောင့်ကြည့်နေတယ်။

တိုးဝေ

5 comments:

nyohtetnyo said...

ကိုညိမ်းညို ပြန်လာပြီကိုး...ဝမ်းသာတယ်ဗျာ..ခင်ဗျားတို့ ကဗျာ
တွေဟာကျနော့်အတွက်ဝမ်းစာပါ...နောက်လည်းပြန်မပျောက်
သွားနဲ့ ဦးဗျနော်...ဟားဟား....ပျော်စရာနှစ်သစ်ဖြစ်ပါစေဗျာ...nhn

soemoe said...

အကိုကြိုက်တဲ့ကဗျာတွေကကောင်းပါတယ်...ဒါပေမဲ့အကိုရေးတဲ့ကဗျာတွေကိုပိုကြိုက်တယ်... be happy..

ein said...

လေယာဉ်ပျံ ထိုးဖောက်သွားတဲ့ တိမ်မဖြစ်ရ
တိမ်တိုက်တိုင်းကို ဖောက်ထွက်မယ့် လေယာဉ်ပျံဘ၀ဆိုတဲ့စာသားလေးကိုကြိုက်တယ်ဗျာ...း)
ကဗျာကောင်းလေးတွေပေါ့ အားပေးနေပါတယ်ကိုညိမ်းညိုရေ...း)

ညိမ်းညို said...

အကိုကြီးညိုထက်ညိုရေ .. အကိုကြီးက ကျွန်တော်တို့ထက် စာပေ၀မ်းစာ၊ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေအများကြီးသာလွန်ပါတယ်ခင်ဗျာ။ သံမဏီနှင်းဆီ ဆောင်းပါးမှာ အကိုကြီးရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့မြင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်မာန်ပြင်း အစွန်းအထင်းမကင်းတဲ့ကဗျာလေးတွေကို အမြဲအားပေးနေတာ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။ ညီမလေးစိုးမိုးရေ ကဗျာဆရာကြီးတွေကြားလို့ အကိုတော့ အထောင်းခံရတော့မယ်ထင်ပ :P လိမ္မာတဲ့ငါ့ညီမလေးကို မုန့်ဝယ်ကျွေးရမယ်။ ကေ့ကို ၀ယ်ကျွေးခိုင်းလိုက် :) အကိုကပြန်ပေးမယ်တဲ့လို့ ။ မအိမ်လေးရေ ကြိုဆိုအားပေးတာကျေးဇူးတင်ပါတယ်ဗျာ အဲ နှစ်ဆန်း၁ရက်နေ့မှာ စဖွင့်မယ်ဆိုတာက ကိုရင်ညိန်းခင်ဗျ ။ ကျွန်တော်မဟုတ်
:P ပျော်ရွှင်ချမ်းမြေ့ပါစေ

ein said...

ဟီးးးဟုတ်တယ် အိမ်လေးလဲအဲဒါမှားသွားလို့ဗျ...း)
နှစ်ဆန်းတရက်နေ့မှာ ဘလော့ပြန်ဖွင့်တာက ကိုရင်ညိန်းနော် ဖတ်တုန်းကတော့သိလိုက်တယ် နောက်ကွန့်မန့်ရေးတော့မှ ဘီလိုဖြစ်သွားတာလဲမသိပါဘူးဗျာ...ဟဲဟဲ