17 April 2008

ကမ်းရှာငှက်တစ်ကောင်ရဲ့ အိမ်လွမ်းနာ

ပြီးခဲ့တဲ့လက ဖုန်းကဒ်တွေဝယ်မရတာမို့ သားအမိနှစ်ဦးကြားက တစ်ခုတည်းသောဆက်သွယ်မှုလေးတောင် ပြတ်တောက်နေသည်။ အမေ့အသံကိုမကြားရတာ နှစ်လနီးပါးရှိတော့မည်။ ဒီတစ်ခါ ဖုန်းဆက်ဖြစ်ရင်တော့ အိမ်ကိုလွမ်းလိုက်တာအမေရယ်လို့ ပြောဖြစ်အောင်ပြောလိုက်ဦးမည်။ အင်းလေ.. ဒီလို အားခဲထားမိတာလည်း အကြိမ်ပေါင်း မနည်းမနော ရှိခဲ့ပြီပဲ။ တကယ်တမ်း အမေ့အသံကို ကြားရတော့ သူ ပြောမထွက်ပြန်။ ဒီလိုပြောလိုက်ရင် အမေလည်း စိတ်ကောင်းနိုင်မည်မဟုတ်။ အမေ့ရဲ့ ၀မ်းနည်းပူဆွေးမှုတွေကို ကိုယ့်ရဲ့အိမ်လွမ်းစိတ်နဲ့ လဲလှယ်ယူလိုက်သလိုမျိုးဖြစ်မှာကိုလည်း စိုးမိပြန်သည်။

သူ အိမ်လွမ်းနာကျနေခဲ့တာ ကြာပါပီ။ အိမ်မှာ ၁၆ နှစ်နီးပါး ကြာရှည်ကြာမြင့် နေခဲ့ရပေမဲ့ အိမ်ဆိုသည့် အဓိပ္ပါယ်ကို သူမသိရှာ။ သူကိုယ်တိုင် ရွေးချယ်လျှောက်လမ်းခဲ့သော လမ်းကြောင်းတွင် သူ့မှာရှိသော အတောင်ပံတွေကို တစ်ရံမလပ် ရိုက်ခတ်ပျံသန်းနေရင်း ခုတော့ အိမ်ဆိုတဲ့အဓိပ္ပါယ်ကို သူ့စိတ်ထဲမှာ အကြိမ်ကြိမ် စာလုံးပေါင်းနေမိပြီ။ တစ်ခါသားမှာ အင်္ဂလိပ်စာကောင်းတဲ့ သူငယ်ချင်းတစ်ဦးက House နှင့်Home မတူသည့် အကြောင်း သူ့ကို ရှင်းပြဖူးသည်။ ဘာတဲ့..House ဆိုတာက အမိုး၊ အကာ ၊ထုပ်၊ လျှောက်၊ ယက်မတို့နဲ့ ဆောက်ထားတဲ့ အခွံအကာ အိမ်လုံးသက်သက်ကို ခေါ်သတဲ့။ Home ကတော့ မေတ္တာနဲ့တည်ဆောက်ထားပြီး ချစ်ခြင်းမေတ္တာသဘောတွေ သက်ဝင်စီးဆင်းနေတာကို ရည်ညွှန်းပါသတဲ့။ ဟုတ်မှာပါလေ..။ အခု သူ လွမ်းနေတာက လေးတိုင်စင် အိမ်လုံးသက်သက်ကလေးကိုမှ မဟုတ်ဘဲ။ သူလွမ်းနေတာက အတောင်ဆန့်ထွက် ခွဲခွာမလာခင်အချိန်ထိ ငြိမ်းချမ်းအေးမြစွာ ခိုနားပျော်ဝင်ခဲ့ဖူးတဲ့ အမေ့အိမ်ကိုလေ..။

အမေ့အိမ်ကလေးသည် သုံးပင်နှစ်ပင် ထရံကာသွပ်မိုးနှင့် ရေနံချေးဝနေသော ရိုးရိုးအိမ် ကလေးတစ်လုံးမျှသာ။ အိမ်တွင်းအိမ်ပြင် အဆောင်အယောင်ဆိုတာကလည်း မရှိသလောက် ရှားပါးသည်။ အမေ့အိမ်တွင် စားပွဲတစ်လုံး ထိုင်ခုံလေးလုံးနှင့် မကျဉ်းမကျယ် ဧည့်ခန်းကလေးသည်သာ ဧည့်လာဆောင်လာ တို့အတွက် ခြေညောင်းလက်ဆန့်ပြုသောနေရာ..။ အခု သူနေထိုင်ရာမှာလို အကောင်းစား သားရေဆိုဖာခုံ အိအိကြီးတွေမရှိ။ ဂုဏ်ယူဖွယ်ရာ တန်ဖိုးကြီးပစ္စည်းများနှင့် လှပခမ်းနားနေသော မှန်ဗီရိုကြီးများမရှိ။ ဧည့်ခန်း၏ ကျက်သရေဆောင်ဆို၍ အဖေ့စာအုပ်အဟောင်းများနှင့်သတင်းစာ၊ ဂျာနယ်များကို စီကာရီကာတင်ထားသော ဗီရိုဟုပင် ခေါ်ဆိုရန်မထိုက်သည့် နံရပ်ကပ် သစ်သားစဉ်ကလေး တစ်ခုသာရှိသည်။ ကျောင်းနှစ်ပတ်လည် ဆုပေးပွဲမှ သူ့ဓာတ်ပုံများကိုမူ ထိုမကျဉ်းမကျယ်ဧည့်ခန်းကလေးတွင် အမေက အထူးနေရာပေး၍ ချိတ်ဆွဲထားသည်။ ဧည့်ခန်းလေးနှင့် မလှမ်းမကမ်းတွင်မတော့ အမေကျောက်ကြည့်လေ့ရှိသည့် ထာပွဲသုံး ကျောက်ကြည့်ခုံသေးသေးလေးကို ပြတင်းတံခါးဘက် မျက်နှာမူလျက် ချထားလေ့ရှိသည်။ တစ်ပေခွဲ၊ နှစ်ပေ လောက်သာကျယ်ဝန်းမည့် ထိုကျောက်ကြည့်ခုံကလေးတွင် အခါအားလျော်စွာ စာအုပ်တစ်အုပ်နှင့် အမေ ရှိနေတတ်သည်။ မနက်လင်း ဘုရားဆွမ်းတော်တင်၊ သောက်တော်ရေချမ်းကပ်လှူပူဇော်ပြီးလျှင် မပျက်မကွက် အမေ လုပ်တတ်သော ၀တ္တရားတစ်ခုရှိသေးသည်။ ဆုယူနေစဉ်ရိုက်ထားသောဓာတ်ပုံများထည့်ရာ မှန်ဘောင်ကို ထောင့်အကြိုအကြားလေးများပါမကျန် အ၀တ်စတစ်စဖြင့် ပွတ်တိုက်စင်ကြယ်နေတတ်ခြင်းပင်။ အမေ့နှုတ်မှလည်း သီချင်းကလေးတစ်ညည်းညည်းနှင့် ရှိနေတတ်သည်။ အမေကလည်း ခုနကပဲ ဘုးရား ရှိခိုးတယ်၊ အခု သီချင်းတွေဆိုနေတယ် ဟု စလျှင် အမေက ဘာမှပြန်မပြော ရီလို့သာ နေတတ်သည်။ အမေ ပြောဖူးတာလေး ရှိသည်။ အလုပ်လုပ်နေတုန်း သီချင်းလေးညည်းနေတော့ စိတ်မပင်ပန်းတော့ဘူးပေါ့ မောင်အောင်ရယ်တဲ့။ ဟုတ်တော့လည်း ဟုတ်သည်။ အိမ်ဘေးက မြေကွက်လပ်ကလေးမှာ နှင်းဆီပင်တွေ မြေဆွနေတုန်းမှာလည်း သီချင်းလေးတအေးအေးနှင့် အမေရှိနေတတ်သည်။

ခုနစ်တန်းတုန်းကတော့ အိမ်ကိုအလည်ရောက်ဖူးသော သူငယ်ချင်းမတစ်ဦးက နှင်းဆီပန်းရချင်သည်ဆိုသဖြင့် သူခူးပေးရသည်။

"မောင်အောင်ရေ ပန်းပေးရင် အလှမ်းဝေးတတ်သတဲ့၊ ဒါပေမဲ့ အမေစိုက်တဲ့ပန်းတွေက စွမ်းပါတယ်ကွ"

ပန်းပင်တွေ မြေဆွနေရာမှ အမေက စဖြစ်အောင် စလိုက်သေးသည်။

အမေ့ခန္ဓာကိုယ်သည် မြင့်မြင့်မောင်းမောင်းနှင့် မားမားမတ်မတ်ရှိလှသည်။ ရေနံချေးဝနေသော အိမ်ညိုညိုမဲမဲ ရှေ့တွင် (အညိုမှာရင့်နေသဖြင့် မဲသယောင် ညိုသယောင် နှစ်ရောင်ပြိုင်လုနေသောကြောင့် ဖြစ်ပါသည်။) အမေတစ်ယောက် ပန်းပင်တွေကိုများ မြေဆွနေပလားဆိုရင် သူ့စိတ်ထဲတွင် သည်မျှလောက် ကြည့်၍ကောင်း သော၊ မျက်စိပသာဒရှိသော ရှုခင်းရှုကွက်မျိုး လောကတွင် ဘယ်နေရာမှာမှမရှိနိုင်ဟုပင် ထင်မှတ်မိသည်။

အမေနေထိုင်သောအိမ်ကလေးသည် မြို့လည်ခေါင်တွင်မရှိသော်ငြား မြို့၏အကွက်အကွင်းကျသော နေရာတွင် ရှိသည်ဟုတော့ ဆိုနိုင်ကောင်းသည်။ ပြေပြေလျောလျောကလေးဆန်တက်သွားသော တောင်ကုန်းထိပ် ခပ်ယိမ်းယိမ်းတွင် အိမ်ကလေးတည်ရှိသည်။ အရှေ့ဘက်တွင် စမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်းသည် အမေ့အိမ်နှင့် လျှိုကလေးတစ်ခုခြား၍ တည်ရှိနေသည်။ ဆောင်းဦးပေါက်၍ နှင်းမှုန်မြူငွေ့တို့ ယှက်သွယ် ကျဆင်းလာပြီဆိုလျှင် ထိုလျှိုကလေးထဲတွင် ထူးဆန်းလှပသော ကောင်းကင်မြူလမ်းလေးတွေ အစဉ် ဖြစ်ထွန်းနေတတ်သည်။ အိမ်ကလေး၏ တောင်ဘက်အရပ်တွင် ဘောလုံးကွင်းတစ်ခုခြား၍ အေးစေတီ ဘုန်းတော်ကြီးကျောင်း။ ထိုမှလွန်သော် အနိမ့်အမြင့်မညီညာသော တောင်ပေါ်ဒေသ၏ လူနေအိမ်ခြေများ။ လူနေအိမ်ခြေများ၏အဆုံး မိုးကုပ်စက်ဝိုင်း၏ အနားစွန်းတွင်မူ မြို့၏ထင်ရှားခန့်ထည်လှသော မယ်နန်းကြည် တောင်တော်မြတ်ကြီးနှင့် ဘုရားပုထိုးစေတီတော်များ။ စေတီတော်၏ငှက်မြတ်နားတွင် ၀ပ်တွားဦးခိုက်နေကြ သော မိုးတိမ်ဖြူဖြူများ..။

သူငယ်စဉ်က ကျောင်းသွားခါနီးလျှင် အိမ်ကလေး၏ အနောက်ဘက်အရပ်ကို မျှော်မျှော်ကြည့်တတ်သည်။ အကြောင်းမှာ အိမ်ကလေး၏ အနောက်ဘက်အရပ်တွင် သူ ပညာသင်ကြားနေသော အ.ထ.က ကျောင်းကြီး ရှိသောကြောင့်ပင်။ အိမ်ကလေးမှ အသေအချာအားစိုက်ကြည့်လျှင် ကျောင်းအ၀င်လမ်းရှိ ယူကလစ်ပင်တန်း ကိုရော၊ ကျောင်းရှေ့ မြက်ခင်းပြင်တွင် မြူးတူးပျော်ပါးနေသော ကျောင်းသူကျောင်းသားများကိုရော ကောင်း ကောင်းမြင်တွေ့နိုင်သည်။ သူက ကျောင်းရှေ့မြက်ခင်းပြင်တွင် ကျောင်းသားတွေစည်ကားများပြာလာပြီဟု ယူဆမှ ကျောင်းကိုသွားသည်။ တစ်ခါတစ်ရံအမေက နာရီကြည့်ပြီး ကျောင်းကို အတင်းသွားခိုင်းတတ်သော် လည်း သူပေကတ်နေတတ်မြဲ။ မိုးရွာသောနေ့များဆိုလျှင်တော့ သူရောအမေပါ ပျော်နေတတ်သည်။ သူက မိုးရေတွေထဲ ဘောလုံးကန်ရမည်ဆိုပါက ဘယ်သူခေါ်ခေါ်မရတော့။ အမေကလည်း နာရီကြည့်ပြီး ကျောင်းကို အချိန်မီလွှတ်နိုင်သောကြောင့် ပျော်နေတတ်သည်။ မိုးတွေရွာနေပြီဆိုလျှင် ကျောင်းရှေ့မြင်ခင်းပြင်တွင် အဘယ်ကျောင်းသားတို့သည် ထွက်၍ ကစားခုန်စားကြဦးမည်နည်း။

ဆောင်းဦးပေါက်၍ တောင်နေကြတွေထွက်ကြပလားဆိုရင် အိမ်ကလေးကနေ ကျောင်းကြီးကို လှမ်းမျှော်ပြီး ကြည့်နေရတာကိုက အရသာတစ်မျိုးရှိနေသည်။ မြင့်မားလှသော ပင့်ကူတောင်ကြီးနှင့် တောင်စဉ်တော တန်းအားလုံးတို့သည် နနွင်းရည်များ လိမ်းကျံပက်ဖြန်းထားသလို တောင်နေကြာတို့၏ တန်ခိုးစွမ်းပကားဖြင့် ၀ါရွှေထိန်တောက်၍ အလှကြီးလှနေကြသည်။ ထိုအ၀ါရောင်တောင်တန်းကြီးများ၏အခြေတွင် ကျောင်းတော် ကြီးသည် အိနြေ္ဒရစွာလဲလျောင်းနေလေ့ရှိသည်။

သူ့အဖို့တော့ အိမ်ကလေးသည် ပြည့်စုံလုံလောက်လို့ နေခဲ့သည်။ တစ်ခါတစ်ရံမှာတော့ ကလေးပီပီ အမေ့ကို မေးကြည့်ဖူးသည်။

"အမေ ဘာဖြစ်လို့ ကျွန်တော်တို့က တိုက်အိမ်နဲ့မနေတာလဲ"

အမေရဲ့အဖြေက ရိုးရှင်းလှပါသည်။ တိုက်အိမ်ဆောက်ဖို့အထိ ပိုက်ဆံမရှိသေးလို့ပေါ့ မောင်အောင်ရယ် တဲ့။

မနေ့က ဆရာနေ၀င်းမြင့်အက်ဆေးတွေကို ပြန်ရှာဖတ်ရင်း သည်စာပိုဒ်ကလေးကို သူ တွေ့သွားသည်။ အင်္ဂလိပ် လူမျိုး ဗိသုကာဝေဖန်ရေးဆရာ (John Summerson)ရဲ့ အက်ဆေးတစ်ပုဒ်ကပါတဲ့။

အမှန်ပြောရလျှင်မူ ရှေးဗိသုကာအဆောက်အအုံများသည် လူတန်းစားတစ်ခု၏ ကိရိယာမျှသာ ဖြစ်ပါသည်။ မှူးကြီးမတ်ကြီးများ၊ သာသနာပိုင်များ၊ မြေရှင်ကြီးများက ကိုယ့်လက်အောက်ခံများ၊ အများပြည်သူများ လေးစားအောင်၊ အဟန့်ကောင်းအောင် အပြောက်အမွှမ်းတွေ၊ အလှအပတွေ၊ အကွန့်အညွှန့်တွေဖြင့် ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ယခုအခါတွင်မူ ဗိသုကာ အဆောက်အအုံများသည် လူတန်းစားတစ်ခု၏ သင်္ကေတ မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အသုံးတည့်သည့် ပစ္စည်းများသာ ဖြစ်သင့်ပါသည်။ ရှေးတုန်းကလို အဟန့်ကောင်းအောင် ဟန်ရေးပြဖို့ မလိုတော့ပါ။ ကျွန်တော်တို့သည် ဆယ့်လေးရာစု၊ ဆယ့်ငါး ရာစုနှစ်များကထက် ပိုမိုလေးနက်သော၊ ပိုမိုသိမ်မွေ့သော ဗိသုကာအလှပုံစံများကို ရှာဖွေတွေ့နေကြပါပြီ။

အခုနေ အမေ့အိမ်ကို ပြန်ရောက်လျှင်တော့ ဘာကြောင့်တိုက်အိမ်နဲ့မနေရပါသလဲလို့ သူ မေးတော့မည်မဟုတ်ချေ။

*** *** ***

နောက်ဆုံးနှစ်ကျောင်းသားဘ၀တုန်းက အက်ဆေးတစ်ပုဒ်မှာ သူ ဒီလိုရေးခဲ့ဖူးသည်။

နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာရှိရင် ငရဲခန်းက အပြန်မှာတောင် ကျွန်တော့်မျက်နှာဟာ ကြည်ရွှင် လန်းဆန်း နေပါလိမ့်မယ်။ အကယ်၍ နေပျော်စရာအိမ်နဲ့ ပျော်မွေ့စရာမိသားစုသာ မရှိခဲ့ရင်တော့ နတ်ဘုံ နတ်နန်းက ပြန်လာရင်တောင် ကျွန်တော် ပျော်နိုင်မယ်မထင်ဘူး။


*** *** ***


သူ အိမ်မှထွက်ခွာလာသည်မှာ ခုနစ်နှစ်တိုင်လေပြီ။ ထိုကာလအတွင်း သူ့ဘ၀မှတ်တမ်းစာအုပ်တွင် ရေးခြစ် ထားမိတာဆိုလို့ မှတ်စုတိုလေးတစ်ခုမျှသာ..။

မှတ်စု

တခမ်းတနား ရေးခြစ်ထားတာ
ဘာမှမရှိပါဘူး
လေလွင့်မျောပါ ကာလတစ်လျှောက်
ကျွန်တော့်မှတ်စုစာအုပ်အနွမ်းလေးမှာ
လွမ်းလွမ်းဆွေးဆွေး တေးမှတ်ထားမိတာဆိုလို့..
"အိမ်ပြန်ချင်တယ် အမေရယ်" တဲ့။

တကယ်တော့ သူလွမ်းနေသောအမေ့အိမ်ကလေးသည် လက်ရှိ သူနေထိုင်သော နေရာလောက်မကောင်းပါ။ သို့သော် ထိုမပြည့်စုံမကြွယ်ဝလေသော အမေ့အိမ်ကလေးကိုပင် သူ တမ်းတမ်းမက်မက် လွမ်းဆွတ်လို့ နေမိ ပါသည်။ House နှင့်Home ကို သရုပ်ခွဲပြသော သူငယ်ချင်း၏စကားနှင့်ဆိုရပါမူ အမေ့အိမ်သည် အမိုး၊ အကာ၊ ယက်မတို့နှင့်ဆောက်လုပ်ထားသည့် လူနေထိုင်၍ရရုံ အိမ်မည်ကာမတ္တမဟုတ်။ နှစ်လိုမြတ်နိုး ဖွယ်ရာသော အမိအဖတို့၏မေတ္တာရင်ငွေ့ဖြင့် ထုံမွှမ်းခြုံလွှမ်းထားသည့်နေရာ။ ညီအကိုမောင်နှမတို့၏ ချည်နှောင်ချစ်ခင် လွန်း တင်နေမြဲဖြစ်သော သံယောဇဉ်ဘုံဗိမာန်..။ မိသားစုသံစဉ်ကို မေတ္တာတေးသွားနှင့် ချိုအေးကြည်သာစွာ ဖွဲ့ဆို သီကျူးကြလေကုန်သော အရပ်ဌာနေ..။

အမေရယ်...ဒီနေ့မှာတော့ သားရဲ့ နှလုံးစည်းချက်ရိုက်ခတ်သံကို သားကိုယ်တိုင် ပြန်ကြားမိပါရဲ့။

ကမ်းရှာငှက်တစ်ကောင်ဟာ သူ့ရဲ့ အိမ်လွမ်းနာတွေကို အမေ့ထံ ပြောမထွက်လို့ တိတ်တိတ်ကလေး ဆွံ့အနေခဲ့ရတာ ကြာလှပါပြီတဲ့လေ...။

ညိမ်းညို

10 comments:

မျှားပြာ said...

ငါ့လည်း ခေါ်ဦး တစ်ယောက်တည်း ကျိတ်မကြံနဲ့  ..။

SoeMoe said...

အိမ်ကိုလွမ်းတဲ့အလွမ်းတွေအမြန်ပြေပါစေအကိုရေ....

Anonymous said...

ဆြာညိမ်း... အရေးအသားကတော့ ပြန်တောင်ပြန်ချင်လာပြီ..။ မျှားပြာကြီးပြောသလို တစ်ယောက်ထတော့ ကျိတ်မကြံနဲ့ဗျာ။ လက်လှမ်းမှီသလောက် ခေါ်သွားဦး။ ဟုတ်တယ်ဗျာ မေတ္တာတွေထုံလွှမ်းနေတဲ့ အမေ့အိမ်ကိုလွမ်းလှပြီဗျ။ “လောကရဲ့လမ်းများပေါ်လျှောက်သွားရင်း မောပန်းနွမ်းနယ် လွမ်းဆွတ်လို့တမ်းတမိတဲ့ အမေ့ရဲ့အိမ်ကို.... အိမ်ပြန်ချင်တယ်..ဝူး...ဝူး... အနွေးထွေးဆုံး အမေ့အိမ်..”

Unknown said...

gardian!min about wai phyo ag pyaw par tae kwar..sate htain par ohm..tate ma kyan top par buu.:P

Unknown said...

gardian!min about wai phyo ag pyaw par tae kwar..sate htain par ohm..tate ma kyan top par buu.:P

nyohtetnyo said...

ကိုညိမ်းညိုရေ၊ ကောင်းတယ်ဗျာ အက်ဆေးရေးတာလဲ၊ သူ လို့ 
နာမ်စားသုံးပြီးရေးထားတာတွေ့ တော့ဆရာနေဝင်းမြင့်အက်ဆေး
တွေကို သတိရမိတယ်။ “ခုနစ်တန်းတုန်းကတော့ အိမ်ကိုအလည်ရောက်ဖူးသော သူငယ်ချင်းမတစ်ဦးက နှင်းဆီပန်းရချင်သည်ဆိုသဖြင့် ကျွန်တော်ခူးပေးရသည်။ “ အဲဒီ စာကြောင်းမှာ ကျွန်တော်လို့ သုံးတာကျတော့ တမင်သုံးတာလား၊
ပမာဒလေခ သွားတာလားဗျ၊ စိတ်မရှိနဲ့ နော်၊ ကျွန်တော်ကစေ့စေ့
စပ်စပ်ဖတ်မိလို့ ။နောက်ပြီး...ရုပ်ရှင်တေးကဗျာ၃ အုပ်နဲ့ မဟေသီ
၂ အုပ်က ebook အနေနဲ့ ရှိတာလားဗျ၊ မိုက်လှချည်လား ။တစ်
ယောက်ယောက်ပို့ ပေးတာလား အင်တာနက်လင့်တစ်ခုခု က
လား။ နောက်ပြီး...ကဗျာလုံးချင်းတွေလည်းရှိတယ်ဟုတ်လား။
ဖြစ်နိုင်ရင်တော့ အားလုံးလိုချင်တယ်ဗျာ။ ကျွန်တော့်မှာတစ်အုပ်
မှပါမလာဘူး။ ကျွန်တော်အခု ဘလော့မှာပြန်တင်ပေးနေတဲ့ကဗျာ
တွေကလည်းကျွန်တော်အလွတ်ရနေတဲ့ဟာတွေပဲပြန်တင်ပေးနိုင်
တာ။ဒိုင်ယာရီပါမလာဘူးဗျာ။ နိုင်ငံခြားမှာအကြောင်းတစ်ခုခုနဲ့ 
ပျောက်ရှသွားမှာစိုးလို့ ထားခဲ့ရတယ်။သစ္စာက စာအုပ်တွေလည်း
ဖတ်လို့ ကုန်ပြီ။ ကိုသင့်ကာဘလော့က စာအုပ်လင့်တွေလည်း
ကုန်ပြီ။ တခြားသိသလောက်တွေလည်းကုန်ပြီ။ ခု ကိုညိမ်းညိုပို့ 
ပေးမယ်ဆိုတဲ့ဟာပဲအားထားရတော့မယ်။ ကဲဗျာ....စာလည်းရှည်
သွားပြီ။ ကိုညိမ်းညိုပို့ ပေးမယ်ဆိုရင်တော့ nyohtet@gmail.com ဆိုရပါပြီ ဗျာ။ ကဲ...မျှော်နေပြီ ဗျို့ ...အခု
ကစပြီး.........ကျန်းမာပါစေ....ညိုထက်ညို

စာကြွင်း....ဒါနဲ့ ကိုတည်ရ ကမြန်မာပြည်ကမဟုတ်ဘူးလားဗျ။ သူအခုတလော မြန်မာမဂ္ဂဇင်းကဗျာတွေတင်တာသိပ်မတွေ့ လို့ ၊
ပြီးတော့ ရုရှားက ကိုညိမ်းညိုတို့ ဘော်ဒါတွေက စာရေးတဲ့သူ
တော်တော်များသားပဲဗျ။ စုစုပေါင်းလူဘယ်နှစ်ယောက်လောက်ရှိ
လဲ။ကိုညိမ်းညိုဘလော့က သူငယ်ချင်းကဗျာဆရာ ဆိုတာအကုန်ရုရှားကပဲလား...ဘလော့တွေမှာ ဖတ်ရတဲ့ကဗျာတွေ အကြောင်းတော့သတ်
သတ်ပို့ စ်တစ်ခုလောက်ရေးဦးမယ်ဗျာ။ ခက်တာကကျွန်တော်
ကိုယ်တိုင်ကလဲ အယ်ဒီတာစားပွဲဖြတ်ဖူးတဲ့သူမဟုတ်ပြန်ဘူး။ဆ
ရာကြီးလုပ်တယ်လို့ အထင်လွဲခံရ မှာကလည်းစိုးရိမ်မိသေးတယ်။
ဖတ်သူ့ အမြင်ပေါ့ဗျာ ။ ရေးတော့ရေးချင်သေးတယ်....

Anonymous said...
This comment has been removed by a blog administrator.
ညိမ်းညို said...

အကိုညိုထက်ညိုရေ ဟုတ်တယ်ဗျ ကျွန်တော်မှားပြီး သုံးမိတာ စိတ်မရှိပါဘူးဗျာ ကျေးဇူးတောင်တင်ရပါတယ် အခုပြင်လိုက်ပီ နောက်လဲအမှားတွေ့ရင် အကို့ညီကို အားမနာတမ်းပြောပါနော :) တခြားမဂ္ဂဇင်းတွေလဲ ရှိသေး e-book ကဗျာလုံးချင်းတွေချည်းပဲ ၄၃ အုပ်ရှိသဗျ ကျွန်တော်ပို့ပေးမယ်နော ပျော်ရွှင်ပါစေ :) :)

ကလိုစေးထူး said...

အိမ်အလွမ်း ပို့စ်ကို ကျနော်လဲ ခံစားဖတ်ရှုသွားပါတယ် ကိုညိမ်းညို။ အလွမ်းချင်တော့ ပြိုင်မနေတော့ပါဘူး။ :)

ခင်မင်းဇော် said...

အိမ်လွမ်းနာကတော့ အန်တီတို့က ပိုဆိုးပေါ့...
တကယ့်ကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ချင်တယ်ဟယ်..
ဒီစာကို လာဖတ်မိတော့ ပိုလို့ဆိုးသွားပြီ...