11 April 2010

ကျပ်ပြင် ၂

မြေသားနီနီလမ်းများ
ရုန်းကြွခုန်းထလို့

မီးခိုးလုံးညိုညိုများ
ယာမီးတစ်ဆုံးကြွေ့လို့

တောင်စဉ်နဲ့တောတန်းနဲ့
အကွေ့တစ်ထောင်လမ်းကို ငေးလို့

ရေနွေးကြမ်းလို ခါးသက်တယ်
တောင်နေကြာလို ၀ါထိန်တယ်
လက်ဖက်ပင်လို စိမ်းဖန့်တယ်
မုန်ညှင်းငေါက်လို ရွှန်းစိုတယ်
ဂေါ်ရခါးဥလို မြေအောင်းတယ်
တအယ်မှိုလို အရိုင်းဆန်တယ်
မှန်ခိုသီးလို ရဲပတယ်
ကော်ဖီပင်လို ညွှတ်သီးတယ်
မျှစ်စို့လို ဖွံ့ထွားတယ်။

ပစ်စာခဲတွေ စောကူနဲ့သယ်ပြီး
အိပ်မက်ကို ကနယ်(နွံ)ရေနဲ့ ဆမ်းတယ်
လူငယ်ဘ၀ကို
အသားတောဝါးတောမှာ ထုတ်လှမ်းပြီး
အရိုးထဲဝင်ကိုက်တဲ့ ဆောင်းကို
ဂစ်တာတစ်လက်နဲ့ မောင်းတယ်။

ဆိုင်ကယ်ပေါ်ကသူငယ်ချင်းက ပေါလံသား
ငါတို့က တွင်းထဲမှာ ရယ်ရယ်မောမော
စာသင်တယ်၊ တွင်းဆင်းတယ်
မြေကြီးထဲဝင်အောင်းနေတဲ့ ကန်စွန်းဥလေးတွေဟာ ငါတို့
တစ်နေ့ ထိုးဆွဖော်ယူကြလိမ့်။

အို...ငါ့ရဲဘော်ရဲဘက်ရေ

တောင်ပေါ်မှာနေပြီး
တောင်အောက်ကိုမမြင်ရတဲ့မြို့
ရွှေထီးဆောင်းပြီး
နေလောင်နေတဲ့မြို့
မင်္ဂလာဆိုင်းဘုတ်ထောင်ပြီး
ကျိန်စာသင့်နေတဲ့မြို့

အဲဒီလို
ငါမစွပ်စွဲရက်ပါဘူးကွာ

ရင်နာစရာတွေကို ရတနာတွေပါလို့
မင်း ဘာလို့လျှို့ဝှက်ထားရတာလဲ
ဒါပဲ၊ ငါ...သိချင်ရဲ့ ။

ညိမ်းညို

ကျပ်ပြင် ၁

3 comments:

မောင်ခင်လေး said...

လွမ်းတယ်နယ်ရေ ... :)
မိုးကုတ် ကျပ်ပြင် မိုးကုတ် ကျပ်ပြင်
အရှေ့ပိုင်း အရှေ့ပိုင်းကို ဆွဲဆရာရေ့ ...:)

Kay said...

ညိမ်းညို ရေ..နှုတ်မဆက်ဖြစ်တာ ကြာပေါ့..
ရင်နာစရာ တွေကို ရတနာ တွေ အဖြစ် ပွေ့ပိုက် ထားရတဲ့..မြို့လေးကို..ခံစားမိလို့...

johnmoeeain said...

တောင်စဉ်နဲ့တောတန်းနဲ့
အကွေ့တစ်ထောင်လမ်းကို ငေးလို့
-------
ဝေးကွာသွားတဲ့အရာတွေက
ဘ၀မှာ များများလာခဲ့....