ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။
ညိမ်းညို
- တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းတစ်ပုဒ်ပါ။ နောက်တစ်ကြိမ် ပြန်တင်ပါတယ်။
22 April 2010
ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
3 comments:
တို့ များဘ၀တွေက ... မိုးရွာပြီးစ ညနေခင်းတွေလို။
ွGood!!!
တင်ပီးသား ကဗျာနောက်တစ်ခေါက်ထပ်ဖတ်သွားပါတယ်။
စာသားလေးတွေအရမ်းကြိုက်တယ်..
Post a Comment