လုပ်နေတုန်းတော့ ဘာမှမဟုတ်ဘူး
ပြီးတော့မှ ကြီးကြီးကျယ်ကျယ် ပြောကြတာပေါ့။
ညိမ်းညို
24 April 2010
အနုပညာ
Posted by ညိမ်းညို at 15:06 9 comments
Labels: ကဗျာ
22 April 2010
ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား
ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။
ညိမ်းညို
- တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းတစ်ပုဒ်ပါ။ နောက်တစ်ကြိမ် ပြန်တင်ပါတယ်။
Posted by ညိမ်းညို at 07:19 3 comments
Labels: ကဗျာ
19 April 2010
လမ်းနဲ့ လရောင်
တွေးမိပါသလား
ရွှဲရွှဲစိုသွားအောင်
လရောင်နဲ့ အဆမ်းခံထိချင်ခဲ့တဲ့ လမ်းကလေး
တစ်ချိန်မှာ လရောင်ကြောင့် လောင်ကျွမ်းရလိမ့်မယ်လို့၊
တဖြည်းဖြည်း နီးလာတာလား
တဖြည်းဖြည်း ဝေးသွားတာလား
(ဒါတွေ ကိစ္စမရှိ)
သူ့ကိုယ်ငွေ့လေးကျလာရုံနဲ့
ကျွန်တော့်ဗျာပါဒတွေ ငြိမ်းပြီ၊
သိမ်းပိုက်ပိုင်ဆိုင်လို၍ မဟုတ်
ထိတွေ့ကိုင်တွယ်လို၍ မဟုတ်
မျှော်ငေးရုံသက်သက်
မြတ်နိုးရုံသက်သက်
သူ့ထွက်သက်ဝင်သက်လေးကအစ
ထိရှပျော်ဝင်တတ်သူမို့
အခါခါ ကျောခင်းပေးမိပေါ့
ညရဲ့ လရောင်များအောက်။
ညိမ်းညို
Posted by ညိမ်းညို at 12:08 3 comments
Labels: ကဗျာ
16 April 2010
အချစ်ကြောင့်ပါပဲ
ရှဥ့်ငပေါကြီးလို ဆွံ့အလေးလံနေတဲ့ ပက်ကျိလူသားတစ်ယောက်က ဒီလို ငြိမ်းချမ်းစကား ဆိုလိုက်ပါတယ်။
နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားရတာကနေ
နာနာကျင်ကျင် သိမ်ငယ်ရတာအဆုံး
အရာရာ ကျေနပ်တယ်
အချစ်ကြောင့်ပါပဲ*။
ညိမ်းညို
Posted by ညိမ်းညို at 12:22 5 comments
Labels: ကဗျာ
12 April 2010
အစ်ကိုကြီးမောင်ဖိုးဦး ကျန်းမာပါစေ
အစ်ကိုရေ
တိမ်တွေကိုဖြတ်စလုပ်
ချစ်သူအရုပ်လေးကို အလှဆင်ဖို့
ဗြုန်းအိတ်*တွေ မနားတမ်းထမ်းနေတုန်းလား၊
ကျွန်တော်တော့
နှုတ်ခမ်းမွှေးတွေရှည် ဆံပင်တွေရှည်
ခြေသည်းလက်သည်းတွေရှည်ပေါ့
စိတ်မရှည်တတ်တော့တာတော့ ဆိုးတယ်ဗျာ၊
ဒီမှာ လိမ္မာနေကြာင်းပါ အစ်ကို
လမ်းသလားတာတွေလျှော့၊ လည်တာပတ်တာတွေလျှော့
(ကောင်မလေးစကားတစ်ခွန်းနဲ့)
ဆေးလိပ်လည်း ပြတ်နေပြီ အစ်ကို
လက်ဖက်ရည်ဆိုင် မရှိတဲ့အရပ်မို့
လက်ဖက်ရည်ဆိုင်တော့ ငတ်တယ်ဗျာ၊
အစ်ကိုရေ
ခုချိန်ဆို ခါးထောက်နေတဲ့တောင်တန်းကြီးတွေပေါ်
တောင်နေကြာတွေ ငေါက်တောက်ပွင့်နေရောပေါ့
အစ်ကိုက ရောက်ရာအရပ်မှာ သီးပွင့်ပါဆိုလို့
ကျွန်တော်လည်း ဒီမှာ သုညသီးတွေ သီးနေတယ်
အစ်ကို မရီပါနဲ့လားဗျာ၊
ညဘက် ဂစ်တာတီးကြတော့
ရင်ခုန်သံတွေ အရင်လိုနွေးသေးရဲ့လား အစ်ကို
ကျွန်တော်တော့ ဒီနှစ်ထဲမှာ အချစ်ရေးကံမကောင်းဘူး
တည့်နေတဲ့လမ်းတွေ စောင်းကုန်တော့
ကောင်မလေးလည်း ဦးတည်ရာပြောင်းသွားတယ်ထင်ပါရဲ့ဗျာ၊
“ချစ်ခင်ပေါင်းသင်း နေထိုင်ခြင်းကား
ကွေကွင်းနောက်ဆုံး ရှိချေ၏” တဲ့
ချစ်ခြင်းမေတ္တာကို
ခါးပုံစထဲထည့်ထားတဲ့ လူငယ်တစ်ယောက်
သံဝေဂ၀ါးခမောက်ကို တုတ်နဲ့ထိုးခဲ့တာ အပြစ်လား အစ်ကို
နဖူးစာမင်ရည်ကျဲတာမဟုတ်
နဖူးစာမင်ရည်အသွန်ခံလိုက်ရတဲ့အခါ
ဒီလောက်တော့ ကြေကွဲခွင့်ရှိတယ်မို့လားဗျာ၊
ကိုယ်ပိုင်တာ ကိုယ်လုပ်လို့ရတယ်ဆိုပေမဲ့
ကိုယ့်အိမ်ကိုယ် မီးရှို့မရသလိုပါပဲ
ဘယ်သူမှမထိခိုက်ရအောင် အသဲကွဲကြေးဆို
ကျွန်တော့်ရုပ်နာမ်နှစ်ပါးလုံးက out of bound တွေပါပဲဗျာ၊
ဒီတော့လည်း
တစ်ကိုယ်စာအလင်းလေးနဲ့ မီးအိမ်လိုငြိမ်ငြိမ်ကုပ်ကုပ်
အလုပ်ရှုပ်ချင်ယောင်ဆောင်ခဲ့တယ် အစ်ကို
ကျွန်တော့်မှာ မီးဇာတွေသီးနေတာ
ဘယ်သူမြင်မှာလဲဗျာ
နေ့နေ့ညည
ကဗျာလေးတွေဖတ် သီချင်းလေးတွေနားထောင်နဲ့
ပေါက်ကွဲမယ့်မီးတောင်တစ်လုံးကို မြုံအောင်ပြုစားရတာ
တိုက်နေတဲ့လေကို လက်နဲ့တားရသလိုပါပဲဗျာ၊
အစ်ကိုရေ
မြေစိုင်တွေက ၀ှက်ထားတဲ့ပတ္တမြားတစ်ပွင့်**အတွက်
တစ်ဘ၀လုံး ရွက်လွှင့်နေတုန်းလား
ကျွန်တော်တော့ shopping mall တွေထဲ
ချောကလက်တစ်တောင့်အတွက်
စိတ်တွေယောက်ယက်ခတ်နေတာပေါ့ အစ်ကို၊
ဟိုဝါဒနည်းနည်း ဒီဝါဒနည်းနည်း
ဘူဖေးလို ကျွန်တော်ယူစားခဲ့တယ်
ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ကျွန်တော်ရင်ဖိုနေတုန်းပါ အစ်ကို
ဒုတိယဘုရားသခင်ကိုရှာဖို့
ကဗျာတွေကျင်ယူနေတုန်းပေါ့
အစ်ဇင်တွေက မိုးတိုးမတ်တပ်
ထထ သတ်နေကြတော့
အသက်ရှူတော့ နည်းနည်းကျပ်တယ် အစ်ကို၊
အစ်ကိုရေ
ကနယ်ရေ အင်းရေတွေနဲ့
ခိုက်ခိုက်တုန် အိမ်အပြန်လမ်းမှာ
လီရှောမီးတောက်***တွေက အရင်လို ဖမ်းစားထားတုန်းလား
ကျွန်တော်တော့ သူငယ်ချင်းတွေ စုံတဲ့အခါ
နည်းနည်းပါးပါး ကစ်တတ်နေပြီ အစ်ကို၊
ပုံနှိပ်စာမျက်နှာတွေပေါ်ရောက်ဖို့
သူငယ်ချင်းတွေက အတင်းထိုးတင်ကြတယ်
ဘာပဲပြောပြော
အရက်ဝိုင်းမှာ စကားပြောရတာ
လူရောစိတ်တင်မကဘူး
နားရွက်တွေပါ နွေးတယ် အစ်ကို၊
အစ်ကိုရေ
ငွေကြေးနည်းနည်း ရင်ခုန်သံများများနဲ့
လူငယ်တွေ အရင်လို သွေးရဲတုန်းလား
ကောင်းကင်တစ်ခုလုံး ကျိန်စာသင့်ထားတဲ့ မြို့လေးမှာ
လမ်းဘေးအုတ်ခုံပေါ် လဲကျသေဆုံးနေတဲ့ လူငယ်အိပ်မက်တွေက
ညည ကျွန်တော့်ကို ခြောက်လှန့်တယ် အစ်ကို၊
အစ်ကိုရေ
ညနေရီတရောဆို မျိုးစေ့တွေကြဲချပေးလေ့ရှိတဲ့
သဟာယစာကြည့်တိုက်ဘက် ခြေဦးလှည့်တုန်းလား
ဖတ်ဖြစ်တဲ့စာအုပ်တွေ လက်တို့ပါဦးအစ်ကို
ကျွန်တော်တော့ အီးဘုတ်တွေဖတ်
အီးပို့စ်စကဒ်တွေငေး အီးမေးလ်တွေစစ်နဲ့
အီးကမ္ဘာထဲ ချာချာလည်နေပေါ့ အစ်ကို
ရပ်ဝေးမှပို့သသော အီးမေတ္တာများနဲ့
အီးကမ္ဘာတစ်ဝှမ်း စိမ်းလမ်းသယောင်ရှိပေမဲ့
တစ်ခါတစ်ခါတော့
မမြင်ရတဲ့ အီးရန်သူတွေလည်း ရှိတာပေါ့ အစ်ကို၊
အတုအယောင်ထဲက အစစ်အမှန်
အစစ်အမှန်ထဲက အတုအယောင်
2 in 1 မှာတင် မျက်ခြေပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ
3 in 1 ခေတ်ကြီးထဲ 3D version နဲ့ကြည့်ဖို့
နည်းနည်းတော့ အားမွေးထားရမယ် အစ်ကို၊
အစ်ကိုရေ
စာရေးစားပွဲကို လက်နဲ့ခေါက်သလို
Enter ကို ခေါက်ချလိုက်တာပါပဲ
အကြောင်းတွေမတူတော့ အကျိုးတွေကွဲရတယ်
မယ်နန်းကြည်တောင်ပေါ်တက်
လက်ဖက်ရွက်လေးတွေ အသာအယာလိပ်
မြင်ကွင်းတွေစိမ်းစိုအောင်ကြည့်တတ်ဖို့
ကျွန်တော်တို့ ကလေးဘ၀တွေ ကျန်ခဲ့ပြီ အစ်ကို၊
အစ်ကိုရေ
ရိုးသားမှုနဲ့ သွေးသားတော်စပ်လို့
အရင်လို ပြောင်ပြောင်ရောင်ရောင် နွမ်းပါးနေတုန်းလား
ဒီလိုဆိုရင်ဖြင့်
ကျွန်တော့်ကို တစ်ဆိတ်မျှပါ အစ်ကို
ကျန်းမာပါစေခင်ဗျာ။
ညိမ်းညို
Posted by ညိမ်းညို at 15:42 6 comments
Labels: ကဗျာရှည်
11 April 2010
ကျပ်ပြင် ၂
မြေသားနီနီလမ်းများ
ရုန်းကြွခုန်းထလို့
မီးခိုးလုံးညိုညိုများ
ယာမီးတစ်ဆုံးကြွေ့လို့
တောင်စဉ်နဲ့တောတန်းနဲ့
အကွေ့တစ်ထောင်လမ်းကို ငေးလို့
ရေနွေးကြမ်းလို ခါးသက်တယ်
တောင်နေကြာလို ၀ါထိန်တယ်
လက်ဖက်ပင်လို စိမ်းဖန့်တယ်
မုန်ညှင်းငေါက်လို ရွှန်းစိုတယ်
ဂေါ်ရခါးဥလို မြေအောင်းတယ်
တအယ်မှိုလို အရိုင်းဆန်တယ်
မှန်ခိုသီးလို ရဲပတယ်
ကော်ဖီပင်လို ညွှတ်သီးတယ်
မျှစ်စို့လို ဖွံ့ထွားတယ်။
ပစ်စာခဲတွေ စောကူနဲ့သယ်ပြီး
အိပ်မက်ကို ကနယ်(နွံ)ရေနဲ့ ဆမ်းတယ်
လူငယ်ဘ၀ကို
အသားတောဝါးတောမှာ ထုတ်လှမ်းပြီး
အရိုးထဲဝင်ကိုက်တဲ့ ဆောင်းကို
ဂစ်တာတစ်လက်နဲ့ မောင်းတယ်။
ဆိုင်ကယ်ပေါ်ကသူငယ်ချင်းက ပေါလံသား
ငါတို့က တွင်းထဲမှာ ရယ်ရယ်မောမော
စာသင်တယ်၊ တွင်းဆင်းတယ်
မြေကြီးထဲဝင်အောင်းနေတဲ့ ကန်စွန်းဥလေးတွေဟာ ငါတို့
တစ်နေ့ ထိုးဆွဖော်ယူကြလိမ့်။
အို...ငါ့ရဲဘော်ရဲဘက်ရေ
တောင်ပေါ်မှာနေပြီး
တောင်အောက်ကိုမမြင်ရတဲ့မြို့
ရွှေထီးဆောင်းပြီး
နေလောင်နေတဲ့မြို့
မင်္ဂလာဆိုင်းဘုတ်ထောင်ပြီး
ကျိန်စာသင့်နေတဲ့မြို့
အဲဒီလို
ငါမစွပ်စွဲရက်ပါဘူးကွာ
ရင်နာစရာတွေကို ရတနာတွေပါလို့
မင်း ဘာလို့လျှို့ဝှက်ထားရတာလဲ
ဒါပဲ၊ ငါ...သိချင်ရဲ့ ။
ညိမ်းညို
ကျပ်ပြင် ၁
Posted by ညိမ်းညို at 03:15 3 comments
Labels: ကဗျာ
6 April 2010
နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်
ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ
ကျေနပ်မှုအပြည့်အ၀ရတဲ့ ချစ်သမီးလေးရယ်
ဒီလိုသာ အမြဲရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ
လူဆိုတာ တပ်မက်မှုနောက်လိုက်မိရင်
လိုက်ရင်းနဲ့ နစ်သထက်နစ်ကာ ရေမကူးတတ်ခင်
ပင်ကိုယ်စိတ်ချမ်းမြေ့မှုတွေ မသိမသာ ပျောက်သွားမယ်
(...အပင်ထက်ပွင့်တဲ့ အမြင့်ပန်းကို ပန်ဆင်ချင်လာတတ်တဲ့တစ်နေ့ကျရင်
မင်းကမ္ဘာဟာတဖြည်းဖြည်း ရှုပ်ထွေးလို့လာမယ်
ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ
ပျော်တတ်တဲ့ ရိုးသားမှုကို ချစ်သမီးလေးရယ်
ဘယ်လိုလူလောကစည်းစိမ်အတွက်မှ မစတေးနဲ့...) ၂
နှစ်ရှည်ကြာမြင့်စွာ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဒီသီချင်းလေးဟာ လောလောဆယ် ရက်သတ္တပတ်များကို အုပ်မိုးကာကွယ်ဖို့ ကျနော်ကိုင်စွဲထားတဲ့ ဒိုင်းတစ်လက်လည်း ဖြစ်ပါတယ်။
Posted by ညိမ်းညို at 01:38 3 comments
Labels: သီချင်း
2 April 2010
ပျော်ယောင်ဆောင်သူတို့
ကြယ်တွေ ကြယ်တွေ
ရင်ခွဲပြပါရစေတဲ့
သူတို့ရင်ထဲက သိမ်ငယ်နာကျင်မှုကို
ဘယ်လိုတို့မြည်းရက်ပါ့မလဲ။
မိုးခေါ်လို့ မိုးမလာဘူး
ဆောင်းခေါ်လို့ ဆောင်းမလာဘူး
နွေခေါ်လို့ နွေမလာဘူး
သစ်ရွက်ကြွေလေးကအစ ပုန်ကန်တယ်။
မြေသားပြောင်ပြောင် တလင်းပြင်ထဲ
အတိတ်ကစမ်းစိုခဲ့မှုဟာ ပက်လက်။
လက်ယက်တွင်းကလေးပါပဲကွယ်
အကောင်းမြင်လိုက်ရုံနဲ့
ဘယ့်နှယ်လုပ် အ၀ိစိတွင်းကြီးဖြစ်သွားရမှာလဲ။
ပျော်ယောင်ဆောင်သူတို့
ပျော်ဖို့ အင်မတန်ခက်ခဲ့လေတယ်။
ညိမ်းညို
Posted by ညိမ်းညို at 10:59 8 comments
Labels: ကဗျာ
စိမ်းစို စိမ်းစို အရာအားလုံးစိမ်းစို
စိမ်းလန်းသော မြို့ရွာများ ရှုခင်းများ
အိုးအိမ်တိုက်တာများ လမ်းများ
လမ်းများပေါ်ကလူများ လူပေါ်ကအ၀တ်အစားများ
စိမ်းစို စိမ်းစို အရာအားလုံးစိမ်းစို
ဘာကိစ္စဘောလုံးကွင်းတွေ နေရာအနှံ့ရှိနေရတာလဲ
အဲသလောက်ထိအောင် မြင်ကွင်းများစိမ်းစို
လွန်ရော အံ့ရော အရာအားလုံးစိမ်းစို
ဟောဒီမျက်မှန်ကို ချွတ်မပစ်ချင်လောက်အောင်ကိုပဲ စိမ်းစို။
ညိမ်းညို
Posted by ညိမ်းညို at 10:58 1 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web