29 June 2008

လယ်စောင့်တဲ

ကျနော့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူလေးကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပါရစေ။ ကျနော့်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက ဟိုး..အညာဒေသ အုန်းတပင်ဆိုတဲ့ ရွာလေးဗျ။ အမေဘက်မျိုးရိုးကတော့ တောင်သူလယ်လုပ် ဓားမခုတ်ပေါ့။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ အဖေ့ဘက်မျိုးရိုးကတော့ ၀န်ထမ်းပေါ့ခင်ဗျာ။ ၁၉၉၁ ၊ ကျနော်ပထမတန်းတက်ရမဲ့နှစ်မှာပဲ တောင်ပေါ်မြို့လေးတစ်မြို့ကို မိသားစုလိုက် ပြောင်းရွေ့ခဲ့ကြတယ်။ စာရေးဆရာရူး ရူးနေတဲ့ကောင်လေးတစ်ယောက်ပေါ့ဗျာ..။ သူငါးနှစ်သားအရွယ်လောက်ထိ လက်ပွန်းတတီး ရင်းနှီးထိတွေ့ခဲ့ရတဲ့ ကျေးလက်ပုံရိပ်လေးတွေကို လွမ်းလွမ်းဆွေးဆွေးရှိတိုင်း ကဗျာလေးတွေ၊ ၀တ္ထုတိုလေးတွေထဲ ထည့်ထည့်ရေးမိသပေါ့။ သူ ဒီဝတ္ထုတိုလေးကို ရှစ်တန်းကျောင်းသားဘ၀မှာရေးခဲ့ပြီး၊ ဆယ်တန်းရောက်တော့မှ မြန်မာစာဆရာက တိုက်တွန်းအားပေးတာနဲ့(အမှန်တော့ ဖြစ်ချင်စိတ်ကလေး ရှိမှန်း သိလို့ ဆရာက ကိုယ့်တပည့်ကိုယ် မြှောက်ပေးလိုက်တာဖြစ်မယ်ဗျ :P ) န၀ဒေးမဂ္ဂဇင်းကို ပို့ဖြစ်သွားတယ်။ ကံအားလျော်စွာပဲ အဲဒီဝတ္ထုတိုကလေး န၀ဒေးမဂ္ဂဇင်းမှာ ပါလာပါရောလား..။ စာရေးဆရာရူးရူးနေတဲ့ ကောင်လေးတစ်ယောက် တအားကို ပျော်သွားတာဗျာ။ မှတ်မိသေးတယ်၊ တောင်ပေါ်မြို့ကလေးရဲ့ မိုးသဲသဲအောက်မှာ ဘာနဲ့မှမတူအောင်ကို အဲဒီကောင်လေး တအားပျော်သွားတာ။ စာမူက သြဂုတ်လထုတ်မဂ္ဂဇင်းမှာ ပါတာဆိုတော့ သူနေတဲ့မြို့ကလေးမှာ မိုးသိပ်ကောင်းတဲ့ ရာသီကြီးလေ။ အဲဒီကောင်လေးက ပြောသေးတယ်၊ "ကမ္ဘာပေါ်က ရှိရှိသမျှအလုပ်တွေထဲမှာ ကဗျာရေး၊စာရေးရတဲ့ အလုပ်ကို ငါအကြိုက်ဆုံးပဲကွာ"တဲ့။ သူကတော့ ပျော်လို့မြူးလို့ပေါ့လေ။ အချိန်တိုင်း တက်တက်ကြွကြွနဲ့ကို ပြောနေတတ် တာ။ ကျနော့်အဖို့တော့ သူ့ဝဋ်တွေကို ရှေ့လျှောက် ဒီထက်ပိုခံရဦးတော့မယ်။ အဲဒီ ညိမ်းညိုဆိုတဲ့ ကဗျာရူး စာရူးကောင်လေးကို တခြားသူတွေ မျက်စိမစူးရလေအောင် ကျနော့်ရင်ဘတ်ထဲ ထည့်ထည့်ဝှက်လာ ရတာပဲ အနှစ် ၂၀ ကျော်ခဲ့ပေါ့ဗျာ.. :) :)





(၁)
ကတွတ်ပေါက်မှ ရေ၀င်သံသဲ့သဲ့ကို အတိုင်းသား ကြားနေရသည်။ တတွေတွေစီးဆင်းနေသော ရေသံလေးက တသဲ့သဲ့၊ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် ဘယ်အရာနှင့်မှ မလဲလှယ်နိုင်သော အရသာထူးကြီးကို လယ်စောင့်တဲပေါ်မှ အခန့်သားထိုင်ရင်း ခံစားနေမိ၏။

အဖေကမူ တဲအတွင်းရှိ ၀ါးကွပ်ပျစ်လေးပေါ်တွင် ဆေးတံကြိးကို အသာဖွာရှိုက်ကာ မှိန်းနေရင်း အမိုးပြုထားသော ထန်းရွက်ချပ်ကြီးများကို သေချာစွာ စူးစိုက်ကြည့်နေသည်။ အဖေ၏ မျက်လုံးကြီးများမှာ အမှောင်ထဲ၌ပင် အရောင်လက်နေသည် ထင်ရ၏။

တဲအပြင်ဘက်ဝယ် အမှောင်ထုသည် တဖြည်းဖြည်း ကြီးစိုးလာချေပြီ။ လကွယ်ညဖြစ်သဖြင့် အလင်းရောင်မှာ ပျောက်ချင်းမလှ ပျောက်နေသည်။ ကြယ်ပွင့်ကလေးများ၏ မှိန်ဖျော့ဖျော့ အလင်းရောင်ကသာ လယ်တောတစ်ခွင်နှင့် လယ်စောင့်တဲလေးများအပေါ် လွှမ်းခြုံထားသည်။ မပျောက်တပျောက်ထိုးထားသော အလင်းရောင် ဖျော့ဖျော့လေးအောက်တွင် လယ်စောင့်တဲလေးများကလည်း ငြိမ်ချက်သားကောင်းလှသည်။

အချိန်မနည်းရော့ပြီ။ ခုနစ်စဉ်ကြယ်ပင် အမြီးထောင်နေပေပြီ...။

ဗိုက်ဟာသလိုလိုရှိတာမို့ တဲပေါ်မှ အသာဆင်းကာ လယ်ပုစွန်လုံးကြီးတစ်ကောင်ကို ထင်းမီးဖိုတွင် ကင်လိုက်သည်။ အတန်ငယ်ကြာသောအခါ အဆီတ၀င်ဝင်းနှင့် ရှိနေသော လယ်ပုစွန်လုံးကြီးမှ မွှေးကြိုင်သောရနံ့တို့သည် တဲကလေးအတွင်းဝယ် လှိုင်တက်လာတော့သည်။ ကျွန်တော်က လယ်ပုစွန်လုံးကင်ကြီးကို အသာလှမ်းယူရင်း၊ အဖေ့အားကြည့်လိုက်ရာ တဲခေါင်မိုးကို သေချာစွာ စူးစိုက်ကြည့်နေသောအဖေသည် ရုတ်တရက် ထ,ရပ်လိုက်သည်ကို တွေ့မြင်ရလေသည်။ ကျနော်ပင် လန့်သွားမိသည်။ အဖေက ပုဆိုးကို တိုတိုပြင်ဝတ်ပြီး ပေါက်ပြားဆွဲကာ တဲအပြင်သို့ ထွက်သွားတော့သည်။

ကျနော်လည်း အဖေမရှိတော့မှ တဲခေါင်မိုးကို သေချာစွာကြည့်လိုက်ရာ ထန်းရွက်ချပ်ကြီးများအကြားမှ မောင်ရင်ဆိုင်းထမ်းကြယ်သုံးလုံးကို ထင်းခနဲ တွေ့လိုက်ရသည်။ မှန်ပေသည်။ မောင်ရင်ဆိုင်းထမ်းကြယ်သုံးလုံး ဤနေရာသို့ရောက်လျှင် မူးရေတက်ပေပြီ။ လယ်ထဲသို့ ရေယူရန် အဖေထွက်သွားခြင်း ဖြစ်ပါသည်။

အဖေပြန်လာလျှင် စားရန်အတွက် လယ်ပုစွန်လုံးကြီးတစ်ကောင်ကို ထပ်၍ မီးကင်လိုက်ပြီး သာယာလှသော မိုးကောင်းကင်ကြီးကို တဲပေါက်ဝမှ ကြည့်နေမိသည်။ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ်နှင့် ကျနော့်အား မျက်စပစ်ပြနေသည်ဟု ထင်ရသည်။ ကျနော်မှာ သာယာလှသော မိုးကောင်းကင်ကြီးကို တမေ့တမော ငေးမောကြည့်နေမိရာ မီးကင်ထားသော လယ်ပုစွန်လုံးကြိးမှ မွှေးရနံ့တို့ တလှိုင်လှိုင်ထွက်လာမှပင် သတိပြန်ဝင်လာသည်။

ထိုစဉ်....

"ဟေ့..ထွန်းခင်..ထွန်းခင်၊ ဖိုးလှရေ ထွန်းခင် ရှိသလား"

ကျနော် နားစွင့်လိုက်သည်။ နှစ်ကွက်ခြားလယ်မှ ဦးကြီးမြ၏ အသံပင်။ ခေါ်ပုံက ရေးကြီးသုတ်ပျာ နိုင်လှသည်။

"အဖေမရှိဘူး ဦးကြီးရေ၊ ရေယူသွားတယ်"

ကျနော်က အားကုန်ဟစ်၍ ပြန်ထူးလိုက်သည်။

"ဟေ မင်းတစ်ယောက်ထဲလား ဖိုးလှ"

တစ်ဖက်မှ ဦးကြီးမြအသံက စိုးရိမ်မှုပါလာသည်။ ဘယ်သို့သော အကြောင်းများကြောင့်ပါချိမ့်။

"အေး..အေး၊ ငါ ဖိုးထွန်းကို လွှတ်လိုက်မယ်"

ကျနော့်မှာ ပြန်၍သာ ထူးလိုက်ရသည်။ အကြောင်းအရာ ဇစ်မြစ်ကို မသိသေး။ ဘယ့်နှယ်...၊ ခါတိုင်းလဲ အဖေရေယူသွားရင် ကျနော်တစ်ယောက်ထဲပါပဲ။ ဤညမှ ဦးကြီးမြက ကျနော့်အတွက် စိုးရိမ်နေသည်ဆိုတော့ ...။ ကျနော်တွေး၍မှမဆုံးခင် ဖိုးထွန်း ရောက်ချလာသည်။ တစ်တောင်ထွာခန့်ရှိသော ရှားနှစ်တုတ်ကိုလည်း ကိုင်ထားသေးသည်။ သူ့ပုံစံက တစ်ယောက်တည်းရှိနေသော ကျနော့်အတွက် စိုးရိမ်နေသည့်ပုံ။

"ဟေ့ ..ဖိုးထွန်း၊ ဘာဖြစ်လို့လဲကွ"

ကျနော်က အဖေ့အတွက်ကင်ထားသော လယ်ပုစွန်လုံးကြီးကို ဖဲ့၍ကျွေးရင်း မေးလိုက်သည်။ ဖိုးထွန်းက မဖြေသေး၊ သူ့ရှားနှစ်တုတ်ကို ခပ်ဆဆ လုပ်နေသည်။ ပြီးမှ လေသံတိုးတိုးလေးနှင့် ကပ်၍ ပြောရှာသည်။

"မင်း မကြောက်နဲ့နော်"

"ငါက ဘာကိုကြောက်ရမှာလဲကွ"

ကျနော်က ရင်ကလေးကော့၍ ဆိုလိုက်မှ ဖိုးထွန်းက ဆက်ပြောသည်။

"ငါတို့ရွာ သူခိုးဝင်တယ်။ တစ်ယောက်ထဲ မကဘူး၊ သုံးယောက်ကြီးများတောင်ကွ။ နှစ်ယောက်က ဓားရှည်နဲ့ဟေ့။ ဓားပြလောက်နီးနီး ကြောက်စရာ ကောင်းတယ်တဲ့ကွ။ ရွာလယ်ဘက်ကို ရေယူသွားတဲ့ ဦးသာဒိုးကြီးက ပြောတာပဲ။ ဒီကောင်တွေ တို့ဘက်ကို ပြေးလာတယ်ဆိုပဲ"

ကျနော် ထိတ်ခနဲ စိတ်ပူသွားမိသည်။ ရွာကို သူခိုးဝင်သည် ဆိုပါလား။ ကျတော်တို့ ရွာလေးဝယ် ဤသို့တစ်ခါမျှ မဖြစ်ဖူး။ ပြီး..ဤအချိန်တွင် ယောက်ျားသားကြီးများမှာ ရေယူရန်စောင့်ရသည့်အတွက် လယ်စောင့်တဲလေး များထိုးကာ လယ်တော၌ပင် အိပ်ကြရသည်။ ရွာ၌ကျန်ရစ်ခဲ့သူ အများစုမှာ မိန်းမတွေချည်းသာ ဖြစ်သည်။ ယောက်ျားသားဆို၍ အိမ်အလုပ်ရှိသူ ကာလသား တစ်ယောက်စ၊ နှစ်ယောက်စသာ ကျန်ရစ်သည်။ သူခိုးက လည်း သုံးယောက်၊ ဓားရှည်တွေနဲ့၊ ဓားပြလောက်နီးနီး ကြောက်စရာကောင်းဆိုပဲ။ ထို့ကြောင့်ပင် ဆူဆူညံညံ လိုက်သံများ မကြားရခြင်း ဖြစ်ပေလိမ့်မည်။ ဖိုးထွန်းက ငြိမ်ကျသွားသော ကျနော့်ကို ကြည့်ကာ-

"ဘာလဲ..မင်းကြောက်သွားပြီလား" ဟုမေးလာသည်။

ကျနော်က ဖိုးထွန်း၏အမေးကို မဖြေသေး။ တဲထောင့်တွင်ချိတ်ထားသော လေးခွနှင့်လောက်စာအိတ်ကို သွားဖြုတ်၍ ဖိုးထွန်းအား ထောင်ပြလိုက်သည်။

"ဒီကောင်တွေကို ငါ ဒါနဲ့ဆော်မယ်ကွ၊ မင်းက ရှားနှစ်တုတ်နဲ့ရိုက်"

"ဟာ...ဘယ်ဖြစ်မှာလဲ၊ သူတို့က သူခိုးဓားပြတွေ၊ သုံးယောက်တောင်။ တို့က ကလေးနှစ်ယောက်ထဲ။ အခုတောင် မင်းကိုစိုးရိမ်လို့ ဦးကြီးမြက ငါ့ကို လွှတ်လိုက်တာ"

"ဒါဖြင့် ငါတို့က ဘာလုပ်ရမှာလဲကွ"

"ကိုယ့်ရွာကို လာခိုးပြီး ကိုယ့်ကို ဒုက္ခပေးမဲ့ကောင်တွေကို တို့ကလည်း ဒီအတိုင်းကြည့်မနေပါဘူး ဖိုးလှရ။ တဲတိုင်းက လူတွေအားလုံး ဦးကြီးမြတဲမှာ စုပြီး ဒီသူခိုးတွေကို ဖမ်းလိမ့်မယ်ကွ။ ဦးကြီးမြကတော့ ဒီအတိုင်းပြောတာပဲ"

"အေး..ကောင်းပါ့ကွာ။ ငါတော့ ဒီကောင်တွေကို လေးခွနဲ့ နာနာထုမယ်"

ဖိုးထွန်းက ကျနော့်အား ဘာမျှပြန်မပြောဘဲ မီးကင်ထားသော လယ်ပုစွန်လုံးကြီးကိုသာ တကြွပ်ကြွပ် ၀ါးနေတော့သည်။ ထိုစဉ် ထန်းရွက်ခြောက်နင်းသံကို ကြားလိုက်ရသည်။ တရှပ်ရှပ်မြည်နေသော ခြေသံက တဲပေါက်ဝသို့ ကပ်လာသည်။ ဖိုးထွန်းမှာ လယ်ပုစွန်လုံးကြီးအား တကြွပ်ကြွပ်ဝါးလျက်မှပင် မျက်လုံးပြူးသွားပြီး သူ့ရှားနှစ်တုတ်ကို ကပျာကရာ ကောက်ကိုင်လိုက်သည်။ ကျနော်လည်း လောက်စာအိတ်အတွင်း၌ ကျောက်စရစ်ခဲတစ်လုံးကို သွင်းထားပြီး တဲပေါက်ဝသို့ အဆင်သင့် ချိန်လိုက်သည်။ ခြေသံရှင်က တဲပေါက်ဝသို့ပင် ရောက်ရှိလာချေတော့မည်။ ဖိုးထွန်းနှင့် ကျနော်ကား အဆင်သင့် ဖြစ်နေပေပြီ။ အချက်ပေးပြီးသည်နှင့် ပစ်လိုက်ကြ၊ ရိုက်လိုက်ကြရုံသာ။

သို့သော်....။

တဲအတွင်းသို့ဝင်လာသော ခြေသံရှင်ကို မြင်တွေ့လိုက်ရသည်နှင့် ဖိုးထွန်းရောကျနော်ပါ လက်နက်အသီးသီးကို တပြိုင်နက် ချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုခြေသံရှင်မှာ ရေမရောသော ကျနော့်အဖေ စစ်စစ်ကြီးပါတည်း။ ရွှံ့တွေရေတွေနှင့် ရွှဲရွှဲစိုနေသောအဖေက ပေါက်ပြားကို အသာချထားလိုက်သည်။ ပြီးမှ..

"ရွာကို သူခိုးတွေ ၀င်တယ်တဲ့ဟေ့။ ဟိုဘက်တဲက ပြောလိုက်တာ၊ ငါ့သားတစ်ယောက်ထဲ စိတ်မချလို့ အဖေပြန်လာတာပဲ။ ဖိုးထွန်းလဲ ရောက်နေတာကိုး။ ကြောက်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီကောင်တွေ တို့ဘက်ကို ပြေးလာတယ် ဆိုပါလားကွဲ့"

"ဟုတ်တယ် ဦးလေးထွန်းခင်။ ဒါကြောင့် ဦးကြီးမြက သူ့တဲမှာ အားလုံးလူစုပြီး ဒီသူခိုးတွေကို ဖမ်းမယ်တဲ့"

"အေး..ကောင်းတယ်၊ ဖိုးထွန်းရေ။ တို့ သိမ်းစရာရှိတာသိမ်းပြီးရင် ဦးကြီးမြတဲကို သွားကြတာပေါ့။ ကဲ..ငါ့သား မင်းလည်း လေးခွလေးဘာလေး ယူခဲ့ဦး"

အဖေက ပြောပြောဆိုဆိုပင် ပုဆိုးတစ်ကွင်းကို စလွယ်သိုင်းလိုက်ရင်း ဓားမတိုတစ်ချောင်းအား ခါးကြားသို့ ထိုးလိုက်သည်။ ထို့နောက် လက်နှိပ်ဓာတ်မီးအား ဖွင့်ချည်၊ မှိတ်ချည်ပြုလုပ်ကာ အလင်းအားကောင်းမကောင်း စမ်းသပ်သည်။ ဖိုးထွန်းကလည်း အားကျမခံ၊ သူ့ရှားနှစ်တုတ်ကို ဆကာ၊ ဆကာဖြင့် ပုဆိုးတိုတို ပြင်ဝတ်နေသည်။ ကျနော်လည်း မနေသာ။ လေးခွမှ သားရေပင်ကို ဆွဲချည်ဆန့်ချည် ပြုလိုက်သည်။

"ကဲ..သွားကြစို့ဟေ့"

အဖေက ရှေ့မှဦးဆောင်၍ ထွက်သွားသဖြင့် ကျနော်နှင့် ဖိုးထွန်းလည်း အမှောင်ထဲဝယ် ခပ်သုတ်သုတ်လေး လိုက်သွားရသည်။ အဖေက ယူဆောင်လာသော လက်နှိပ်ဓာတ်မီးကို လုံးဝ အသုံးမပြု။ သူခိုးများအား ပိရိသေသပ်စွာ ဖမ်းနိုင်ရန်အတွက် အလင်းရောင်ကို ဤမျှ ချွေတာနေရခြင်း ဖြစ်ပါလိမ့်မည်။

*** *** ***

(၂)
ကျနော်တို့ ရောက်သွားချိန်မတော့ ဦးကြီးမြတို့ တဲအတွင်း၌ အားလုံးလူစုံတက်စုံပင်။ ကျနော်တို့ ရောက်လျှင် ရောက်ချင်း ဦးကြီးမြက....

"ကဲ..ထွန်းခင်ရေ သိပ်ကြာနေလို့ မဖြစ်ဘူးဟေ့။ ဒီကောင်တွေလွတ်သွားမှာလည်း စိုးရသေးတယ်။ တို့ မြန်မြန်သာ စီမံကြစို့" ဟုဆော်သြလိုက်သည်။

အဖေလည်း ခါးကြားမှ ဓါးမတိုကို ဆွဲထုတ်လိုက်ကာ-

"ကိုင်း..ဒါဖြင့် ပြောနေကြာရော့မယ်၊ အခုပဲ စကြစို့လား။ မောင်ထွန်း မင်းက လူငယ်တွေကို ဦးဆောင်ပြီးတော့ အရှေ့ဘက် ကန်သင်းရိုးတွေဘက်ကနေစောင့်၊ လေးသာဒိုးကြီးတို့ လူစုက ရွာဘက်လမ်းကို သွားပိတ်။ ကျနော်တို့အဖွဲ့က လယ်ကွက်တွေဘက်က ညှပ်ပိတ်လိုက်မယ်။ ဒီကောင်တွေ ပြေးပေါက် မရှိတော့ပါဘူး"

အဖေ၏ စကားအဆုံးတွင် ကိုမောင်ထူးနှင့် လေးသာဒိုးကြီးတို့သည် ကိုယ့်လူကိုယ်စုကာ အသီးသီး ထွက်ခွာသွားကြတော့သည်။ အဖေဦးဆောင်သော ကျနော်တို့လူစုလည်း လယ်ကွင်းတွေဘက် ထွက်လာခဲ့ကြသည်။ ဦးကြီးမြလယ်ကွက်၏ ကန်သင်းဘောင်အနီးသို့ ရောက်သောအခါ အဖေက လက်ကာပြပြီး ကန်သင်းဘောင်အောက်သို့ တိုးဝင်ခိုလိုက်သဖြင့် ကျနော်တို့လည်း အသာကပ်လိုက်ရသည်။

"ငါတို့ ဒီမှာ ခဏညှပ်ပိတ်ကြမယ်။ မောင်ထူးတို့ လေးသာဒိုးကြီးတို့ဆီက အခြေအနေကိုလည်း နားစွင့်လို့ရတယ်။ ပြေးပေါက်ပိတ်ဖို့လည်း ဒီနေရာဟာ အကွက်အကွင်း အကောင်းဆုံးပဲ။ အတော်ကြာလို့ အကြောင်းမထူးတော့မှ ရှေ့တိုးပြီး ညှပ်ပိတ်ကြမယ်"

အဖေက ကျနော်တို့လူစုကို လေသံကလေးဖြင့် ရှင်းပြလိုက်ရင်း ရွာအထွက်လမ်းဘက်ဆီသို့ မျက်လုံးအစုံကို အစွမ်းကုန်ဖွင့်ကာ စူးစူးစိုက်စိုက် ကြည့်နေသည်။ ဤသို့စောင့်ကြည့်နေရင်းနှင့်ပင် အချိန်တို့မှာ ကုန်မှန်းမသိ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လေးသာဒိုးကြီးတို့ လူစုထံမှလည်း ဘာသံမျှ မကြားရချေ။ မှက်၊ ဖြုတ်၊ ခြင်တို့ကလည်း ကိုက်လွန်းလှသဖြင့် ရှေ့သို့တိုး၍ ညှပ်ပိတ်ကြရန် ကြံကြပြန်၏။

ဤသို့ဖြင့် ရှေ့လယ်နှစ်ကွက်ကျော်သို့ တိုး၍ ညှပ်ပိတ်ပြီးသောအခါ အဖေက ကိုမောင်ထူးတို့ လူစုနှင့်ဖြစ်စေ၊ လေးသာဒိုးကြီးတို့ လူစုနှင့်ဖြစ်စေ ဆက်သွယ်ရန် ကြိုးစားကြည့်သည်။ သို့ရာတွင် အသံကို လျှို့ဝှက်စွာ အသုံးပြုနေရသဖြင့် ထင်သလောက် အရာမရောက်ချေ။ ဤလိုနှင့်ပင် အချိန်ကလည်း သန်းခေါင်တိုင်လာပြီ ဖြစ်၏။

ကျနော်တို့လူစုလည်း အဖေ၏ ဦးဆောင်မှုဖြင့် ရှေ့သို့ တိုး၍တိုး၍ ညှပ်ပိတ်လာခဲ့ကြရာ တဖြည်းဖြည်း နယ်ကျဉ်းလာ၏။ ဤသည်ကိုပင် အဖေက သဘောကျနေသည်။ ရွာကို ဒုက္ခပေးသော သူခိုးဓားပြသုံးယောက် အား သုံးဖက်သုံးတန်ညှပ်၍ ဖမ်းရတော့မည်ဟု ဆို၏။ ကျနော်နှင့် ဖိုးထွန်းမှလည်း လေးခွလေးပြင်လိုက်၊ ရှားနှစ်တုတ်လေး ဆလိုက်ဖြင့် မျက်လုံးများကို ကျီးကန်းတောင်းမှောက် ကြည့်ထားကြသည်။ နားကိုလည်း တတ်နိုင်သမျှ စွင့်ထားရသေး၏။ ထိုစဉ် ဖိုးထွန်းက-

"ဦးလေး..ဦးလေး ရှေ့လယ်ကွက်က ဆီးချုံမှာ ဆေးလိပ်မီးမြင်ရတယ်ဗျ" ဟု ပျာပျာသလဲ လေသံလေးဖြင့် ပြောလိုက်ရာ အဖေလည်း ချက်ချင်းပင် နေရာမှထ၍ ရှေ့လယ်ကွက်ဆီသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွား တော့သည်။ ကျနော်တို့လူစုလည်း နောက်မှ အသာအယာ တိုးကပ်သွားကြသည်။ ထိုဆီးချုံအနီးသို့ရောက် သောအခါ ဆေးလိပ်မီးခိုးတို့မှာ တထောင်းထောင်းထ၍ နေ၏။

"သူတစ်ပါးအိမ်ကို ခိုးဆိုးနေပြီး သတိနည်းနည်းလေးမှ မရှိတဲ့ကောင်တွေ၊ ဒီတစ်ခါဖြင့် သိကြရောပေါ့ကွာ" အဖေက ကျိတ်၍ကြိမ်းလိုက်ရင်း ကျနော်တို့လူစုကို ထိုဆီးချုံအား ၀ိုင်းစေလိုက်သည်။ အဖေက ဓားမတိုကို ဆီးချုံပေါ်သို့ ၀ဲ၍ မြှောက်ထား၏။ "ကဲ..အထဲကကောင်တွေ အသာတကြည် ထွက်ခဲ့ကြပေတော့" ဟူသည့် အဖေ၏ ခပ်မာမာ ဟောက်သံနှင့်အတူ "ဟာ..ဦးလေးထွန်းခင်၊ ကျုပ်တို့ပါဗျ..မောင်ထူးတို့အဖွဲ့ပါဗျ" ဟူသော ဆီးချုံအတွင်းမှ ပျာပျာသလဲထူးသံကိုပါ တစ်ဆက်တည်း ကြားကြပေရာ ကျနော်တို့ လူစုမှာ မျက်လုံးပြူးသွားရပါသည်။ ကံကြီးပေလို့ပါလား။ ကိုယ့်လူအချင်းချင်းများ လက်လွန်ကုန်ကြရင်ဖြင့်..။ ကျနော့်မှာ ကလေးတွေးတွေးကာ စိတ်ပူလိုက်ရသေးသည်။

ထိုအခါမှပင် အဖေက သူ၏ ဓားမတိုကိုချကာ-

"ဟာ... မောင်ထူးတို့ပါလား။ တို့လည်း မင်းတို့ဆီက ဘာသံမှမကြားရလို့ ရှေ့ကို တိုးရင်းတိုးရင်းနဲ့ ရောက်လာကြတာပဲဟေ့။ တွေ့မဲ့တွေ့တော့ မင်းတို့ တွေ့ပါရောလား ..ဟာ..ဟ" ဟု အရယ်လေးတစ်ဝက်နှင့် ပြောရှာသည်။ ပြီး... ကိုမောင်ထူးတို့လူစုနှင့် ကျနော်တို့လူစုပေါင်း၍ သူခိုးဖမ်းပွဲကျင်းပရာတွင်လည်း မအောင်မြင်ခဲ့ပေ။

အရှေ့ဆီမှ အရုဏ်တက်ရန် လင်းရောင်ခြည်တန်းများပင် ပျို့တက်လာချေပြီ။ အချို့သူများ ငိုက်မျဉ်းနေကြ၍ အချို့သူများ ဖြစ်သလိုပင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေကြပေပြီ။ ဤအချိန်ထိ လေးသာဒိုးကြီးတို့လူစုကို အရိပ်အယောင်မျှ မတွေ့ရသေး။

*** *** ***

(၃)
"ကဲ...မောင်ထူးရေ၊ မင်းလူတွေသာ နှိုးပေတော့ဟေ့။ ဆက်စောင့်နေလည်း အကြောင်းထူးမယ် မထင်ပါဘူး။ တဲသာ ပြန်ကြပါစို့ရဲ့။ လေးသာဒိုးကြီးတို့ဆီကလည်း ဘာသံမှ မကြားရဘူး။ သူတို့လည်း အကြောင်းမထူးဘူး ထင်ပါရဲ့ကွာ။ လူသုံးယောက် ဓားရှည်နှစ်လက်နဲ့ဆိုတာကလည်း သူများ မျက်စိမှားလေသလားမှ မသိတာ"

"လေးသာဒိုးကြီး မျက်စိမှားတာ ဖြစ်ပါလိမ့်မယ် ဦးလေးထွန်းခင်ရာ။ နို့မို့ရင် ဒီကောင်တွေ ကျနော်တို့လက်က ဘယ်ပြေးလွတ်ပါ့မလဲ"

"ကိုင်း..ကိုင်း ကိုယ့်တဲကိုယ်ပြန်ပြီး သိမ်းစရာရှိတာသိမ်း၊ ရွာထဲဝင်ကြတာပ။ ရောင်နီလည်း ပျို့လာပြီပဲ။ ရွာရောက်မှ အခြေအနေမှန်ကို သိရမှာ"

ထိုသို့ဖြင့်ပင် အခြားသူများလည်း မိမိတို့တဲများရှိရာဆီသို့ အသီးသီးထွက်ခွာသွားကြ၍ ကျနော်တို့ သားအဖနှစ်ယောက်လည်း တဲဆီသို့ပြန်လာခဲ့ကြသည်။ တဲအတွင်းမှ မီးခိုးအူနေသည်ကို မြင်တွေ့ရသဖြင့် တဲဘက်ဆီသို့ ခပ်သုတ်သုတ် လျှောက်ခဲ့ကြသည်။

လား..လား၊ တဲအတွင်း၌ကား ၀ါးကွပ်ပျစ်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေပါသော ရွာတောင်ပိုင်းမှ ကိုဖိုးတုတ်။ ပျော်ရွှင်ကြည်နူးစွာ တစ်ယောက်ခါးကို တစ်ယောက်ဖက်လျက် မီးမှုတ်ကာ ရေနွေးအိုးတည်နေ ကြသော ကိုလေးမောင်နှင့် မထွေးညိုတို့နှစ်ယောက်။

"ဟေ"

အဖေ့ထံမှ အံ့သြလွန်းလှသဖြင့် ထွက်ပေါ်လာသည့် "ဟေ" ဟူသော အာမေဍ္ဍိတ်အသံကြီးကို ကြားရသောအခါ တစ်ယောက်ခါးကို တစ်ယောက်ဖက်ထားကြသော ကိုလေးမောင်နှင့် မထွေးညိုတို့မှာ လန့်၍ လွှတ်လိုက်ကြ သည်။ ပြီးမှ ရှက်သွားဟန်ဖြင့် ကိုလေးမောင်က-

"ကန်တော့..ကန်တော့ ဦးလေး။ ကျနော်တို့ ညက ကြံရာမရဖြစ်နေတာနဲ့ ဦးလေးတို့တဲဝင်လာတာ။ ဒါနဲ့ ညက ဦးလေးတို့လည်း မရှိပါလား။ ဘယ်များသွားနေကြပါသလဲခင်ဗျာ" ဟု ရည်မွန်စွာ မေးလိုက်သည်။

အဖေက ကိုလေးမောင်၏အမေးကို ပြန်မဖြေနိုင်သေးဘဲ တဲထောင့်တွင် ထောင်ထားသော ဓားရှည်ကြီးနှစ် လက်ကို မြင်ရသောအခါတွင်မှ ဟက်ဟက်ပက်ပက် ရယ်နေပါတော့သည်။ ထိုအခါမှပင် ကျနော်လည်း ဇာတ်ရည်လည်သွားပါတော့သည်။ ကိုလေးမောင်မှာမူ ကျနော်တို့ သားအဖနှစ်ယောက် အဘယ်ကြောင့် ဤမျှရယ်မောနေရသည်ကို မသိရသဖြင့် ကြောင်ငေးကြည့်နေရာ အဖေက ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်တော့မှပင် အူတက်မတတ် ရယ်မောလေတော့သည်။ မထွေးညိုမှာမူ ရှက်ပြုံးကလေး ပြုံးနေရှာ၏။

"ကံကြီးလို့ပါလားဗျာ...ဦးလေးတို့က ကျနော်တို့ကို သူခိုးတွေ ထင်နေတာကိုး။ ဘယ်လိုကနေဘယ်လို လမ်းလွဲသွားတယ်တော့ မပြောတတ်ဘူးဗျို့။ အရီးခင်က သဘောမတူသေးဘူးဆိုလို့ ကျနော်လည်း ဖိုးတုတ်ခေါ်ပြီး ထွေးညိုကို ခိုးပြေးလာတာ။ ရွာပြင်ရောက်တော့မှ ဘယ်သွားလို့ သွားရမှန်းမသိတာနဲ့ 'လယ်စောင့်တဲတွေဘက် သွားကြတာပေါ့။ မနက်ကျမှပဲ ဦးကြီးမြတို့၊ ဦးလေးထွန်းခင်တို့ခေါ်ပြီး မိသားဖသားပီပီ ရွာပြန်ဝင်ကြတာပ' ဆိုပြီး လာတာပဲခင်ဗျ။ တဲရောက်တော့မှ ဦးလေးတို့မရှိမှန်း သိရတာပဲ။ ဘယ်သွားလို့ ဘာလုပ်နေတယ်ဆိုတာဖြင့် ကျနော်တို့လည်း အခုမှ သိရတော့တာပဲ ဦးလေးရေ..။ ကျနော်တို့အတွက်နဲ့ ဦးလေးတို့ တစ်ဖွဲ့လုံး အိပ်ရေးပျက်ရတာ တောင်းပန်ပါတယ်ဗျာ။ မင်္ဂလာဆောင်ကျတော့မှပဲ အ၀ကျွေးရမယ်ဗျို့"

အိပ်ချင်မူးတူးဖြင့်ထလာသော ကိုဖိုးတုတ်မှာလည်း ဇာတ်ကြောင်းကုန်စင် သိရသောအခါ တသောသော ရယ်မောလေတော့သည်။ သူ၏ နှမ၀မ်းကွဲ မထွေးညိုအားလည်း စလိုက်နောက်လိုက်သေးသည်။ မိမိနှမကိုပင် လိုက်၍ခိုးပေးသည့် အလွန်သဘောကောင်းသော ရွှေယောက်ဖပေတကား။

*** *** ***

(၄)
နံနက်မိုးသောက် အလင်းရောက်ချိန်ဝယ် လယ်စောင့်တဲများမှ လူအားလုံးတို့သည် ဖြစ်ကြောင်းကုန်စင် စုံလင်အောင် သိသွားကြပြီ ဖြစ်သည်။

ထို့နောက် လယ်စောင့်တဲများမှ လူစုကြီးမှာ ဦးကြီးမြနှင့် အဖေတို့၏ ဦးဆောင်မှုကိုခံယူကာ သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့အား ခြံရံလျက် ရွာဘက်သို့ ပျော်ရွင်စွာ ထွက်ခွာလာခဲ့ကြလေတော့သတည်း။

ညိမ်းညို
န၀ဒေး၊ သြဂုတ်၊ ၂၀၀၀

19 comments:

khine said...

ကဗျာတင်အရေးကောင်းတယ်ထင်တာ..၀တ္ထုလည်းအရေး
ကောင်းတာဘဲ...ဘာရေးရေးကောင်းနေတယ်..
ဆရာ..အားပေးနေတယ်..။ :P

Kay said...

ညိမ်းညိုရေ- ၈ တန်း ကျောင်းသား လက်ရာက..မယုံနိုင် စရာပါလား။း)
စာရေးဆရာ ညိမ်းညို ကို..ရင်ဘတ်ထဲ ထဲ့ သိမ်းမထား နဲ့တော့လေ။

ခင်မင်လျက်-

ဇနိ said...

၈ တန်းကျောင်းသားလက်တဲ့လား...
မချီးကျူးဘဲမနေနိုင်ဘူးဗျို့.....
ဆရာဦးသိန်းဖေမြင့်တို့တုန်းကလည်း ၈ တန်းလောက်နဲ့ ပြဇာတ်တွေရေးနေပြီဆိုလား ကြားဖူးတယ်..
ဒါမျိုးလူတော်တွေရှားတယ်...
ချီးကျူးပါ၏။

ထိပေ့သျှင် said...

သူခိုးဖမ်းတဲ့ ဇာတ်ကွက်လေးက တစ်ကယ်ကြုံးဖူးလား သူငယ်ချင်း။

ထိပေ့သျှင် said...
This comment has been removed by the author.
SoeMoe said...

အာ..ဒီလိုရတာဘဲ..စာရေးဆရာအစ်ကိုတစ်ယောက်တော့
ရပြီ..၈.တန်းကျောင်းသားတစ်ယောက်ရဲ့ အတွေးအရေးတွေ
က....အားကျလေးစားမိပါတယ်.. :)

အညာသား said...

ကိုယ့်လူက ငယ်ငယ်ကတည်းက ဇ နဲ့ကိုး...။ ကောင်းပါ့ဗျာ ကောင်းပါ့။ :D

မောင်မျိုး said...

တကယ့် နာမည်ကြီးစာရေးဆရာလေးနဲ့  ခင်မင်ခွင့်ရတာ ဂုဏ်ယူပါတယ်ဗျာ ဇတ်ကွက် ဇတ်လမ်း အားလုံးကောင်းတယ် တဲပုံလေး ယူသွားပြီး :)

အိုင်လွယ်ပန် said...

ကောင်းတယ်အစ်ကိုရေ!
မြန်မာဝတ္ထုတိုတွေငတ်နေတာနဲ့အတော်ပဲ.....
ကျေးဇူးဗျာ....

တင့်ထူးရွှေ said...

သူငယ်ချင်းရေ အဲဒီဝတ္ထုလေး စဖတ်ပြီးကတည်းက မင်းကို စာရေးဆရာလို့ပြောပါတယ် န၀ဒေးမှာ ကလောင်သစ်နဲ့ ပထမဆုံးဖော်ပြခံရတဲ့ စာမူလေး ပြန်ဖတ်ခွင့်ရတာ ကျေးဇူး ၊ တစ်ခါဖတ်ဖူးကတည်းက ပြန်ဖတ်ချင်နေတာ အခုမှ ပြန်ဖတ်ရတော့တယ် ၊ အဲဒီအချိန်တုံးက ဘယ်လောက် ကြည်နူးပိတိ ဖြစ်ခဲ့ရသလဲ ဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ် အာစရိရေ ....။ ။

brave said...

လယ်စောင့်တဲ ပုံလေး ယူသွားပါတယ်။ :P ကိုညိမ်းညို
တဲလေး Gtalk img မှာတင်ပရစေ။

white said...

ကိုညိမ်းညို..စိတ်ဝင်တစားဖတ်သွားတယ်..စာရေးဆရာကြီး
တစ်ယောက်လက်ရာအတိုင်းဘဲနော်..အချစ်ဇတ်လမ်းလေး
တပုဒ်လောက်ရေးကြည့်ပါအုံးရှင်..အားပေးလျှက်ပါ..။
:P

white said...

ကိုညိမ်းညို..စိတ်ဝင်တစားဖတ်သွားတယ်..စာရေးဆရာကြီး
တစ်ယောက်လက်ရာအတိုင်းဘဲနော်..အချစ်ဇတ်လမ်းလေး
တပုဒ်လောက်ရေးကြည့်ပါအုံးရှင်..အားပေးလျှက်ပါ..။
:P

မွန် said...

လူကြီးဖြစ်မှရေးတဲ့ ဝတ္ထုတွေရောရှိသေးလား ဖတ်ချင်တယ်

Layma said...

အဆုံးသတ်မှာ ပြုံးသွားစေတဲ့ ဒီ ၀တ္ထုလေး ဖတ်ရတာ တစ်ခါမှ မရောက်ဖူးတဲ့ လယ်စောင့်တဲလေးဘေးမှာ ကြယ်တွေ ကြည့်ရင်း လယ်ပုစွန်လုံးကင်
ထိုင်စားနေရသလို လည်း ခံစား၇တယ်..။

“ ကိုယ့်ရွာကို လာခိုးပြီး ကိုယ့်ကို ဒုက္ခပေးမဲ့ကောင်တွေကို တို့ကလည်း ဒီအတိုင်းကြည့်မနေပါဘူး ” ဆိုတဲ့ စာသားလေးထဲက တာဝန်ယူတတ်တဲ့ အသိစိတ်ကလေးရယ် ... ရွာသားတွေရဲ့ စည်းလုံးညီညွတ်မှုတွေ ရယ်ကို လှစ်ခနဲ တွေ့ လိုက်တယ် ။
အစုံစား နဲ့ ကေ ပျော်ပါစေ ။
ခင်တဲ့
လေးမ

မျှားပြာ said...

အပေါ်က အစ်မကြီးပြောသလိုပဲ ....။

Heartmuseum said...

ကိုညီမ်းညိုရဲ့ ၀တ္တုတိုကို တခါမှမဖတ်ဖူးသူးဗျ။ ဒီဝတ္တုတိုကိုတော့ ဖတ်ဖူးတယ်ဗျ။ မဂ္ဂဇင်းနာမည်သာ မမှတ်မိတာ။ ဆရာ ဖိုးကျော့ရဲ့ လက်ရာနဲ့ဆင်လို့ စဖတ် ကတည်းက ကြိုက်တာဗျ။ ဒါကြောင့် မှတ်မိနေတာ....
အညာသားမို့ အညာရနံ့သင်းတဲ့ အရေးအသားကို အရမ်း ချစ်တယ်ဗျ။ ဆက်ချဗျို့ .... ဒီမှာ အမာခံ ပရိတ်သတ် တယောက် ရှိတယ်........

ညိမ်းညို said...

ကျေးဇူးတင်ပါတယ် ကိုပြတိုက်ရေ ။ န၀ဒေးမဂ္ဂဇင်းခင်ဗျ နောက်ရပ်သွားတယ်။ စာပေသက်သက်မဂ္ဂဇင်းဆိုတော့ လည်ပတ်ဖို့ခက်ခဲတာလားတော့မဆိုနိုင်ဘူးဗျ။ ရန်ကုန်နာရေးကူညီမှုအသင်းကြီးဟာ အဲဒီမဂ္ဂဇင်းကနေ ဆရာကြီးဦးသုခတို့ ဆရာအောင်သင်းတို့ နာယကပြုစည်းဝေးပြီးတော့ ပေါ်လာတာဗျ။ အဲဒါလေးတွေ မှတ်မိနေတယ်။ အဲတုန်းက ကလောင်နာမည်ကတော့ ဆာယာညိမ်းညို ဗျ။ အခုကျနော်က ညိမ်းညိုပဲ အသုံးပြုနေပြီမို့ ညိမ်းညိုလို့တပ်လိုက်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Mhaw Sayar said...

သိပ်ကောင်းတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ပဲ ညီရေ... နောက်လဲ ဒါမျိုးလေးတွေ ဆက်ရေးဖို့ အားပေးနေတယ်ဗျာ. :)