ကိုးတန်းဆယ်တန်း
ငယ်တုန်းရွယ်တုန်းကတော့
ကျွန်တော်ဟာ သိပ်ကို ဟန်ကျနေတော့တာပေါ့
လွတ်လပ်စိတ်ကူး ပွင့်ဖူးသစ်စ
လောကကြီးကို
ချစ်ဖို့လည်း ၀န်မလေးဘူး
နှစ်ဖို့လည်း ၀န်မလေးဘူး
အပြစ်ကြီးအပြစ်ငယ်တွေ ဒုနဲ့ဒေး
လူမုန်းဆေးတွေ ဖော်ဖော်ပြီး
တစ်ကိုယ်တော်လည်း ပျော်ခဲ့ဖူးပါရဲ့။
ဘာကြောင့်ရယ် မဆိုနိုင်ဘူး
အသက်ကလေးရလာတော့ အဖော်လေးအပေါင်းလေးမင်လာ
ကိုယ့်အနာကိုယ် လျှာနဲ့သပ်ပြီး ငြိမ်ငြိမ်လေးနေချင်လာ
တစ်ခွက်တစ်ဖလားနဲ့ နေ့တွေညတွေ အိပ်မွေ့ချချင်လာ
ပဋိသန္ဓာရစကားတွေနဲ့ အရေးပေးတာခံချင်လာ
လောကကို ဟားမတိုက်ခင်
ကိုယ့်ရယ်သံနဲ့ကိုယ် ခလုတ်တိုက်မိတာလဲ အခါခါ
အရေးမဟုတ်တာ အရာလုပ်
အရာမဟုတ်တာ အရေးလုပ်
ငုတ်တုပ်မိုးလင်း မနက်ခင်းတွေကို ပွေ့ဖက်ဖူးခဲ့ပြီ။
လူကြီးတစ်ယောက်လို နှုတ်ခမ်းမွေးသပ်
လူငယ်တစ်ယောက်လို ဇတ်ဇတ်ကြဲ
ကိုယ့်ကိုယ်ကို လွန်ဆွဲနေရတာနဲ့ သေတာပဲ
မာယာကော့စကီးက
လူချောလူလှ နှစ်ဆယ့်နှစ်နှစ်သားကလေးတဲ့
ကျွန်တော်တို့က ဒီလို၊ ခေတ်ကြီးကဒီလို
ဒီလိုတွေများစွာနဲ့ အသက်ရှူကျပ် စိတ်ချောက်ချား
ေ၀၀ါးထွေပြား နှစ်ဆယ့်ငါးမှာ
ကျွန်တော် ဘယ်တရားကို နာရပါ့။
ကမ္ဘာကြီးက ဂလိုဘယ်ဆန်လာသလောက်
ဆက်သွယ်မှုကွန်ယက်တွေ ကျုံ့ကျုံ့လာသလောက်
ဆက်သွယ်ရမဲ့လူတွေ ပိုလို့ပါးလျားလာ
သစ်တောသစ်ပင်တွေ ဒိုးလျှိုပေါက်လာ
နေရောင်ခြည်ကို အဖျားအနားလေးရလာ
သဘာဝတရားနဲ့ ဝေးသထက်ဝေးလာ
လူတန်းစားမြေပြန့်လွင်ပြင်တွေ သွေ့သထက်သွေ့လာ
အရင်းနှီးဆုံးမိတ်ဆွေကြီးနှစ်ဦးဟာ
ရိုးသားတာနဲ့ ချစ်တတ်တာလို့ ဖြေခဲ့ဖူး
ဒီလို မမှားနိုင်ဘူးထင်ရ ကိစ္စတစ်ခုအပေါ်မှာတောင်
ကျွန်တော်ဟာ သံသယတွေနဲ့ထွေပြားလာ။
ငါ့ မှုန်ရွှေရည်မလေးရေ
ရွေးချယ်သမျှ
ပထ၀ီဆန်တယ်လား
ရွေးချယ်ခဲ့သမျှ ပထ၀ီဆန်တယ်တဲ့လား
အဲဒီလို ပထ၀ီဆန်တဲ့အနမ်းတွေကိုမှ
ငါက အဆက်မပြတ်ချွေချွေချနေတယ်တဲ့လား
ဆရာချောရေ
ကမ္ဘာကြီးအတွက် မောနင်းပက်
ကျွန်တော့်ရယ်သံတွေ ကွဲအက်ခဲ့ပါတယ်ဗျာ။
တစ်နေ့မှာ ဘယ်နှစ်ကြိမ် နေ၀င်ပါသလဲ
အနောက်အရပ်ကို ကျွန်တော်ကြည့်တယ်
ဘယ်ဘက်ရင်အုံတည့်တည့်ကို ကျွန်တော်ကြည့်တယ်
နေရာနှစ်နေရာမှာ နေဟာဝင်ခဲ့ပြီ
ညနေစောင်းပြီဆိုပြန်တော့
ငယ်ငယ်ရွယ်ရွယ်နဲ့ ရလာဦးမဲ့ သံဝေဂတွေကို
အသားကင်များလို တံစို့မှာထိုးသီ
မီးကျီရဲရဲပေါ် ပစ်တင်မိလိုက်ပြန်ပေါ့
ကျွန်တော့်သွေးဟာ
ဒါကို တောင်းဆိုခဲ့တယ်။
မုသားရဲ့ ထမင်းပန်ကန်ကိုမှ
ခြေညှပ်ဖိနပ်နဲ့ ဖြတ်ကန်ချင်တဲ့ကောင်
နောက်ဘ၀စာအတွက်ပါ
ဒီဘ၀မှာ အကုန်သုံးဖြုန်းပစ်တဲ့ကောင်
ကမ္ဘာကြီးခင်ဗျာ
အရေခွံအစုတ်နဲ့ လူငယ်လေးတစ်ယောက်ဟာ
အနုပညာနဲ့သာ မှောက်မှားခဲ့ပါတယ်
ချစ်စွာသောကဗျာများ
အမှောင်ကမ္ဘာတလွှား လင်းနို့များလို ပျံစေသား။
ညိမ်းညို
27 May 2009
ဒိုင်ယာရီ မီးကျိုးမောင်းပျက်
Posted by ညိမ်းညို at 00:04 14 comments Links to this post
Labels: ကဗျာ
23 May 2009
လတ်တလော
(၁)
ကိုယ်မစားဘဲ
ရှင်းပေးရတဲ့ပွဲတွေ များများလာ
မျက်နှာကို တို့ပတ်ရိုက်ပြီး
လူမြင်ကောင်းအောင် ငိုတတ်ချင်တယ်။
(၂)
တစ်မြို့၊ တစ်ရွာ
တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး
ရှိရှိသမျှလူ အကုန်လုံး
ဆူပါ ဆဲပါ ကြိမ်းမောင်းပါ
မင်းတစ်ယောက်တော့ မပါဘူးမဟုတ်လားကွယ်
အဲဒီလို ယုံကြည်နေရတာလေးကို
ငါပျော်တယ်။
(၃)
ပုစွန်ဆိတ်ခေါင်းကလေးတွေ ထင်ပါရဲ့
ယိုသမျှချေးတွေ လာစုကြတယ်
အားကိုးတကြီး ဆုပ်ကိုင်ရလွန်းလို့
ငါ့လက်တွေ အံသေ
ငါ့ကဗျာလေးတွေတောင် ကြေမွပေါ့။
(၄)
မီးခွက်ထွန်းပြီး ပြဿနာမရှာခဲ့ရကြောင်းပါ
မီးခွက်ကိုင်ပြီး အိမ်ပေါ်တက်လာတဲ့ ပြဿနာ
ဖက်လဲတကင်းတော့ ကျွန်တော် မပေါင်းလို။
(၅)
"ဒီခေတ်ကြီးထဲမှာ
ကိုယ်က ဒါဖြစ်နေတဲ့အတွက်ကြောင့်ကို
အများထက် ဆယ်ဆလောက်သည်းခံနိုင်မှ
တန်ကာကျမယ်"
နံနက်၊ နေ့၊ ညဉ့်
သက်စေ့ရွတ်ဖတ်နေတဲ့ ဂါထာ
ကျွန်တော့်ရဲ့ လူငယ်စိတ်ကို
လုံအောင် ကာခဲ့ပါတယ်။
မြောက်စရာ လက်ကို မရှိတော့ပါ
ကျွန်တော့်ဦးခေါင်းကို ထိုးခံလိုက်ပါတယ်
"အလိုရှိသမျှ နိုင်တော်မူ"။
ညိမ်းညို
Posted by ညိမ်းညို at 12:43 14 comments Links to this post
Labels: ကဗျာ
18 May 2009
ပျောက်ဆုံးနေသော တနင်္ဂနွေများ
စူပါဖရိုက်ဒေး တဲ့
စူပါဆန်းဒေး တဲ့
ငါလဲ တဟေးဟေးအော်ဟစ်
ပျော်ပစ်လိုက်ချင်တာပဲပေါ့
ကွယ်...
တနင်္ဂနွေကိုတောင် မပိုင်မှတော့
၇ ရက်တစ်ပတ်ဆိုတာကြီးကို
မျှော်မကြည့်ချင်တော့ဘူး။
ညိမ်းညို
Posted by ညိမ်းညို at 00:12 8 comments Links to this post
Labels: ကဗျာ
12 May 2009
အတွင်းတိမ်
သူတစ်ပါးကို မြင်ရသလောက်
ကိုယ့်ကိုယ်ကို မမြင်၊
ထိုမျက်လုံး
တိမ်တစ်လုံး ဖုံးအုပ်နေပြီဆိုလျှင်...။
ညိမ်းညို
Posted by ညိမ်းညို at 00:06 8 comments Links to this post
Labels: ကဗျာ
10 May 2009
မုန်းသူမရှိ ချစ်သူသာရှိ ၊ ရန်သူမရှိ မိတ်ဆွေသာရှိ
(က)
၁၉၈၆က ကျွန်တော်သည် မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း ကဗျာတွင် "မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ" ဆိုသော စကားရပ် ပါရှိသည်။ ကျွန်တော်သည် မြို့တော်မှ ခွာ၍ တောကျေးလက်တွင် သွားရောက်နေထိုင်စဉ်က ရေးခဲ့သောကဗျာ။ ကျွန်တော်၏ ခံစားမှုကို ဖော်ပြသောကဗျာ။ ကျွန်တော်၏ ယုံကြည်ချက်ဟူ၍လည်း ဆိုနိုင်သည်။ ထိုအခါက ကျွန်တော်သည် အသက် ၆၇ နှစ်အရွယ်၊ ကျွန်တော်သည် သမိုင်းခေတ်များ၊ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းပြီးနောက် ရရှိခဲ့သော အတွေးအခေါ်ဖြစ်သည်။ စိတ်ကူးသက်သက် မဟုတ်။ ကျွန်တော်နေထိုင်ရာ မဲဇာမှာ တောကျေးလက်။ ငှက်သံ၊ ချိုးကူသံ၊ ရေစပ်တွင် ဖြူဖွေးသော ဗျိုင်းများ ကူးခတ်သံ၊ အဝေးတွင်ရှိ ပဲခူးရိုးမ အစွန်အဖျားမှ သစ်ပင်တောအုပ်စိမ်းစိမ်း၊ ပန်းပွင့်များ၏ မွှေးရနံ့၊ စိမ်းလဲ့သောစပါးကွင်း၊ ပြာလဲ့လဲ့နီဝါ၀ါ ချောင်းကလေး စသော ကျေးလက်ပတ်ဝန်းကျင်တွင် အေးအေးဆေးဆေးနေသည်။
ကျွန်တော်သည် မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကို ဖွဲ့နွဲ့မိခြင်း ဖြစ်သည်။ စကားလုံး သက်သက်မဟုတ်။ အတွေ့အကြုံမှ စီးဆင်းလာသော ရင်တွင်းမှ ဖြာကျလာသော ကဗျာ။
(ခ)
ယင်းကဗျာလေးကို ခင်နှင်းယုက တုံ့ပြန်၍ ကဗျာဖြင့် ဖွဲ့လိုက်သည်။ ကဗျာက "မဲဇာမြိုင်မှ ဆရာအိုသို့" ဖြစ်သည်။ ကျွန်တော် ယင်းကဗျာလေးကို အလည်ရောက်နေသော ကဗျာဆရာမ မနုယဉ်က ဖတ်ပြသည်။ ကျွန်တော် မျက်ရည်စို့လာသည်။ သူမက ကျွန်တော် ကျေးလက်သို့ သွားရောက်ခိုအောင်းနေသည်ကို စိတ်ခံစား၍ မြို့သို့ပြန်လာရန် ခေါ်သောကဗျာ။
တကယ်ကတော့ ကျွန်တော်သည် မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်းဖြစ်သည်ကို သူမ သိမှသိပါလေစ။ ကျွန်တော်က ခင်နှင်းယုတို့ ကျွန်တော်တို့သည် စိတ်ချင်းဆက်သွယ်မိကြပါပြီ ဟူ၍ စာရေးလိုက်သည်။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဟူသော အယူအဆကို မနှစ်သက်သူ၊ လက်မခံသူများအားလည်း တွေ့ရသည်။ တစ်ယောက်က "မြွေပွေးကို မိတ်ဆွေဖွဲ့လို့ ရမလားဗျ" ဟု ပြောသည်။ ကျွန်တော် ပြုံး၍ နေလိုက်သည်။
ဟိုတလောလေးကလည်း ကိုဝင်းဦးနှင့် ကျွန်တော်တို့ ဆက်သွယ်မှုကို သာဓကထူကာ တစ်ဖက်ကတော့ ရန်ငြိုးရှိနေတာပဲ မဟုတ်လားဟူသော စောဒကတက်သံ ဆောင်းပါးဖတ်ရသည်။ ကျွန်တော် ပြုံးမိလိုက်သည်။ ကျွန်တော်က စိတ်ကူးသက်သက်ဖြင့် တွေးခေါ်ရေးလိုက်ခြင်း မဟုတ်ပေ။ ကျွန်တော်၏ စာပေဘ၀၊ လူ့ဘ၀သမိုင်း အတွေ့အကြုံများမှ ထုတ်၍ရရှိသော အတွေးအခေါ်။
ဘာကြောင့် ရန်သူမရှိရမှာလဲ၊ ဘာကြောင့် အမုန်းမရှိရမှာလဲ။ ကျွန်တော် ငယ်စဉ်ဘ၀ကို တွေးလိုက်လျှင် ကျွန်တော် မည်သူနှင့်မျှ ရန်မဖြစ်ဘူးသည်ကို သတိရနေမိသည်။
အငြင်းအခုံတော့ ကျွန်တော်က သန်သည်။ ကျွန်တော် သဘောမတူလျှင် ပြန်ပြောတတ်သည်။ ကျွန်တော် ပါဝင်ဆောင်ရွက်ခဲ့သော စာရေးဆရာအဖွဲ့အစည်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ မိတ်ဆွေဖြစ် အဖွဲ့အစည်းများတွင် ပြဿနာတစ်ရပ်ကို စဉ်းစားသောအခါ ကျွန်တော် သဘောမတူသောကိစ္စများတွင် ငြိမ်မနေတတ်။
၁၉၅၆ က ဟန်ဂေရီပြည်သို့ ဆိုဗီယက်တပ်များ တင့်ကားများနှင့် ၀င်ရောက်ပြီး လူထုကို ပစ်ခတ်သောကိစ္စတွင်
ကျွန်တော် ကန့်ကွက်ခဲ့သည်။ ဆိုဗီယက်တပ်များ ဟန်ဂေရီပြည်မှ ဆုတ်ခွာပေးရမည်ဟု ကျွန်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။ သူတို့ကတော့ ဆိုရှယ်လစ်စနစ်အတွက် ကာကွယ်သည်ဟူ၍ အကြောင်းပြပြီး ကျွန်တော်၏ အယူအဆကို သဘောမတူကြ။ ထိုအခါက ကျွန်တော် တစ်ယောက်တည်း၊ ဗန်းမော်တင်အောင် စကားနှင့်ဆိုလျှင် ဘုန်းမောင်တစ်ယောက်တည်းရယ်။ ကျွန်တော်က ကျွန်တော်၏ အယူအဆကို မှတ်တမ်းတင်ရန် အစည်းအဝေးတွင် ပြောသည်။ ထိုအခါက ကမ္ဘာတွင်လည်း ထိုဟန်ဂေရီ အရေးအခင်းက ရိုက်ခတ်နေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ ဌာနချုပ်တွင်လည်း အငြင်းပွားကြသည်။ အငြင်းပွားပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးတွင် ဟန်ဂေရီအစိုးရနှင့် ဆိုဗီယက်အစိုးရတို့၏ သဘောတူညီချက်အရ ဆိုဗီယက်တပ်များ ဟန်ဂေရီမှ ဆုတ်ခွာရမည်ဟု ဆုံးဖြတ်သည်။ ထိုအခါ ကျွန်တော်နှင့် သဘောချင်း တူသည်။ သို့သော် ဆိုဗီယက်အစိုးရနှင့် ဟန်ဂေရီအစိုးရတို့၏ သဘောတူညီချက်အရဟူသော အတွေးအခေါ်ကို ထိုအခါက မရရှိခဲ့။
နောင်နှစ်များကြာသောအခါ ကျွန်တော်၏ ဟန်ဂေရီကိစ္စ အယူအဆကို လက်ခံသူများ တစ်စတစ်စ များလာသည်။ တစ်နေ့ကပင် ပျဉ်းမနားမှရောက်လာသော မိတ်ဆွေတစ်ဦးက အစက ထိုအယူအဆကို လက်မခံ၊ ယခုမှ မှန်သည်ဟု ပြောသွားသည်။ သည်လိုပါပဲ၊ သမိုင်းခေတ်များကို ဖြတ်သန်းပြီးလျှင် အတွေ့အကြုံတို့က အမှန်တရားကို တွေ့ရှိနိုင်ကြပြီကော။
(ဂ)
အစည်းအဝေးများတွင် ကျွန်တော် အငြင်းသန်သည်ကို နိုင်ငံရေးသမားအချို့က ကပ်သည်ဟု ဝေဖန်သံ ကြားရသည်။ တကယ်တော့ ကပ်ခြင်းမဟုတ်ပါ။ ကျွန်တော် ဘ၀င်မကျမချင်း ငြင်းခုံတတ်သည်ကို နောက်တော့ သိသွားသည်။ သခင်လွင်ကပင် အစည်းအဝေးတစ်ခုတွင် သူနှင့် မတိုက်ဆိုင်သောကိစ္စတစ်ခု ငြင်းခုံရင်းက "ဒဂုန်တာရာက ဖီလော်ဆော်ဖာ" ဟု လွှတ်ခနဲ ပြောလိုက်သည်။ သူပြောသော ဖီလော်ဆော်ဖာဆိုသည်က ဒဿနဗေဒသမား(သို့မဟုတ်) အမှန်တရား ရှာဖွေရေးသမားဟု ဆိုလိုခြင်းဖြစ်သည်။ သူက ရိုးရိုးသားသားပင် ပြောခြင်းဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းအမြင်တွင် သူတစ်ပါး၏ နိုင်ငံကို စစ်တပ်ဖြင့် ၀င်ရောက် ကျူးကျော်စွက်ဖက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိပါးသည်ဟူသော သဘောတရားပါသည်။ ယင်းသဘောတရားအတိုင်း ကျွန်တော် တစ်သဝေမတိမ်း လိုက်နာပြောဆိုခြင်း ဖြစ်သည်။ ယင်းသည် ဘာမျှ ဆန်းသည့်ကိစ္စမဟုတ်။ ကျွန်တော်၏ ငြိမ်းချမ်းရေး အတွေးအခေါ်ကလည်း ရိုးရိုးစင်းစင်းမျှသာ။
ကျွန်တော်က မိမိကိုယ်ကို ရိုးရိုးအအဟု ဝေဖန်သည်မှာ ကြာပါပြီ။ မတတ်နိုင်။ ကျွန်တော်၏ ဘ၀အတွေ့အကြုံ၊ အဖွဲ့အစည်း အတွေ့အကြုံ၊ သမိုင်းခေတ်အတွေ့အကြုံမှ ရရှိသော အတွေးအခေါ်သာလျှင် ဖြစ်ပါသည်။ ကျွန်တော်၏ အတွေ့အကြုံများကို ပြန်လည် တွေးတောနေမိပေသည်။
ဒဂုန်တာရာ
စတိုင်သစ်၊ စက်တင်ဘာ၊ ၂၀၀၃
+++
မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း
တရံရောခါ
ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့်
ခန့်မသင့်၍၊ ဘုရင့်အာဏာစက်
လက်ဝဲသုန္ဒရ၊ မင်းခကဗျာဆရာ
မဲဇာသို့ ပို့လိုက်သတည်း။
ငါ တစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည်။
ခေတ်သစ်မဲဇာ
ထိုနေရာကား၊ ကတ္တရာလမ်းမှ
ဝေးကွာလှလျက်၊ လယ်ကွင်းတစ်ဘက်
တစ်ဘက်မှာတော၊ တောင်တစ်ကြောနှင့်
အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့်
ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့်
ရေကန်အတွင်း၊ နေနှစ်စင်းတည်း
ထွက်စပုလဲ၊ ၀င်ကရွှေဝါ
နေစကြာ၊ လစကြာ၊ ရေကန်သာတွေင်
ဖန်လွှာမှန်လွှာ၊ ရေကန်သာတွင်
စကြာမှန်ပြောင်း လှည့်လည်လျက်။
ကြယ်၊ လ၊ နေနှင့်
ရေမြေကောင်းကင်၊ သစ်ပင်တောတောင်
အမှောင်အလင်း၊ နဂိုရင်းဖြင့်
ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ
ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ
အစစ်အမှန်၊ အရိုးခံလျှင်
သဘာဝ၏ ဟန်အတိုင်း။
တစ်နေရာတွင်
ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ်
ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ထွက်
လယ်ကွက်ကန်သင်းကြား၊ ဖြတ်သန်းသွားရာ
ငါးများခုန်ထွက်၊ ဂဏန်းတက်ကြ
ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင်
လယ်ကန်စွန်းပင်၊ စားချင်ခူးသွား
ဖထီးစကား၊ ကြားရလေပြန်
သူ့ဆီးခြံအပေါက်ဝ၊ တစ်ခေါ်လောက်ဝေး
ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည်
အေးချမ်းပေစွ။
မိုးသက်လေဆင်
ရေပြင်လယ်ကွင်း၊ ရွှေရောင်ငွေရောင်
မြရောင်စိန်ရောင်၊ တိမ်တောင်ရိပ်ထင်
စိမ်းမျှင်စနု၊ မြတုံးမျှောတင်
နေ့တွင်ဖိတ်လက်၊ ညတွင်မှိုင်းမြ
လမှုန်၊ ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ
ဖြူငုံလူးလွန့်
ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့်
ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။
ကောက်စိုက်ချိန်တွင်
ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား
နေ့စားလုပ်သား၊ ကောက်စိုက်သမများ
လှုပ်လှုပ်ရွရွ၊ ထဘီတိုမ
ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ
ကားချပ်ခြယ်သ၊ ဘ၀ရသ
လှပပေစွ။
နေ့အခါတွင်၊ ဟင်းလင်းပြင်မို့
လေထန်ပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း
နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ
အစာရှာကြ၊ အော်မြည်ကြနှင့်
ဘဲတစ်မလည်း၊ ရေစချောင်းတိမ်
မြည်ကျူးသံယှက်၊ ကြက်သံဘဲသံ
ညယံတွင်ကား၊ ဖားအော်သံကား
ပိုးမွှားပုစဉ်းသံ၊ ပုရစ်သံတို့
တစ်ယံမဆိတ်၊ တောသံခိပ်မှာ
သာယာပေစွ။
ဤမဲဇာကျွန်း
စခန်းသာမော၊ ကျေးလက်တောတွင်
ငါလျှင်မွေ့ပျော်၊ တစ်ကိုယ်တော်တည့်
ရေးဖော်မရှိ၊ ဖတ်ဖော်မရှိ
ဝေဖန်သူမရှိ၊ တိုက်ခိုက်သူမရှိ
အမိန့်မရှိ၊ လျှောက်လွှာမရှိ
ငါ့ကိုမသိ၊ ငါ့စာမသိ
အမုန်းမရှိ၊ စစ်ပွဲမရှိ
ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ်
လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။
ဒဂုန်တာရာ
မိုးဝေ၊ သြဂုတ်၊ ၁၉၈၆
Posted by ညိမ်းညို at 00:08 4 comments Links to this post
Labels: ကဗျာမှတ်စု/စာမှတ်စု
6 May 2009
ကျပ်ပြင်
ရတနာတွေဖင်ခုထိုင်ထားတဲ့ ဒယ်အိုးသဏ္ဍန်မြို့ကလေး
ကိုယ့်အသက်မွေးမှုနဲ့ကိုယ်
အပ်နဖားပေါက်ထဲ ၀င်ဝင်တိုးနေရ၊
မီးမလင်းသော ဓာတ်တိုင်များ
မျက်စိ ပိုမိုစွေစောင်းတတ်
အမတ်မင်းကား
နားပင်းရှာ၏၊
ကာလရှည်ကြာခဲ့ပြီ
ဒီမြို့လေးမှာ
ဧည့်သည်က အိမ်သည်ကို ရိုက်မောင်းပုတ်မောင်း။
ညိမ်းညို
Posted by ညိမ်းညို at 17:27 13 comments Links to this post
Labels: ကဗျာ
5 May 2009
ငါ့ရင်အုံဂူပေါက်ထဲက ခြင်္သေ့မလေး
ငါ့ရင်အုံ ဂူပေါက်ထဲမှာ
ခြင်္သေ့မလေးတစ်ကောင် ရောက်နေတယ်။
ဟိန်းလိုက်ဟောက်လိုက်တာ
တတောတတောင်လုံး မြည်ဟည်း
သားကောင်ကြီးငယ် အပေါင်းတို့က
သူကလေးကို တုန်နေအောင် ကြောက်ရသတဲ့။
သူကလေးက
စွမ်းရည်ထက်မြက် သွက်လက်မြန်ဆန်
ချစ်စဖွယ်ဟန်လေးနဲ့ တောတို့ရဲ့ဘုရင်မတဲ့။
သစ္စာမရှိတဲ့သားကောင်
မရိုးသားတဲ့သားကောင်
ပြီးတော့
တောရဲ့အလှကို ပျက်စီးကြေပြုန်းစေသူ
အဲဒီ သားကောင်သုံးမျိုးကိုမှ
ရွေးချယ်တိုက်ခိုက် ဒဏ်ရိုက်တတ်သတဲ့။
အခု
ရောက်နေရဲ့လေ
ငါ့ရင်အုံ ဂူပေါက်ထဲမှာပေါ့
ခြင်္သေ့မလေးတစ်ကောင်၊
ခြင်္သေ့မလေးတစ်ကောင်
ငါ့ရင်အုံ ဂူပေါက်ထဲမှာပေါ့
ရောက်နေရဲ့လေ
အခု...။
ခြင်္သေ့မလေးရေ
မင်းသာ ပျောက်ရှမသွားစေဖို့ဆိုရင်
ဟောဒီ ဂူပေါက်ထဲ
ငါ့တစ်ကိုယ်လုံး နှုတ်နှုတ်စင်းပြီး
စားရေရိက္ခာတွေ ကြွယ်ဝစေချင်ပါရဲ့။
မလွမ်းရဲလွမ်းရဲနဲ့
လမ်းတော့ မခွဲပါရစေနဲ့ကွယ်
မင်းစိတ်ကလေး မျက်ခဲ့မယ်ဆိုရင်
မင်းစိတ်ကလေး ကွက်ခဲ့မယ်ဆိုရင်
ငါ့နှလုံးသားကို ကိုက်ဖဲ့ဝါးမြိုလိုက်ပါကွယ်
ဟောဒီ... ငါ ရင်အုံကြီးကို ကုတ်ခြစ်စုတ်ဖြဲပစ်လိုက်ပါကွယ်
ငါ့ကို...
ငါ့ကို....
ငါ့ကိုလေ မုန်းရင်လည်း မုန်းပါ
မချစ်ဘဲတော့ မနေလိုက်ပါနဲ့ ခြင်္သေ့မလေးရယ်။
ညိမ်းညို
Posted by ညိမ်းညို at 08:20 5 comments Links to this post
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web