19 February 2009

ရှေးဦးကဗျာနှစ်ပုဒ်

ကဗျာကို ပထမဆုံး စာနဲ့ရေးကြတာမဟုတ်ဘူး။ ဒါကြောင့်မို့ စာပေထဲမှာ ရှာလို့ မရနိုင်ဘူးလို့ ဂျော့တွမ်ဆန်က ဆိုပါတယ်။ ဒါပေမဲ့ ရှေးအကျဆုံးဆိုတဲ့ အစောဆုံးကဗျာတွေစာတွေရဲ့ ဇစ်မြစ်ကို လိုက်တဲ့အခါ ရှေးအကျဆုံးလို့ ယူဆရတဲ့ အထောက်အထားတွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့သာ ရှာဖွေကြရပြန်တယ်။ တခြားယဉ်ကျေးမှု မျက်နှာစာမှာရှိတဲ့ အနုသုခုမ လက်ရာတွေကို မြို့ဟောင်းတူးဖော်တာတွေ၊ ရှေးခေတ်ဟောင်း လူ့အသုံးအဆောင် ပစ္စည်းတွေစတဲ့ နည်းလမ်းတွေနဲ့ပါ သုတေသနပြု လေ့လာနိုင်ပေမဲ့ ကဗျာစတဲ့ စာပေလက်ရာတွေကျတော့ စာထက်ပေထက် အက္ခရာတင်ခဲ့ကြတဲ့ မှတ်တမ်းများနဲ့ ကျမ်းစာကျောက်စာ များကိုသာ ပိုပြီး အားပြုကြရတယ်။ ဒီထဲကမှ ကဗျာတွေအတွက် ထပ်ပြီး အားနည်းသွားစေတာက ကျောက်စာတွေပေါ်မှာ ကဗျာ၊ လင်္ကာတွေကို မတွေ့ရတာပါပဲ။

စာနဲ့ပေနဲ့ မှတ်တမ်းအတင်မခံလိုက်ရပေမဲ့ အက္ခရာစာလုံးတွေ မပေါ်ခင်ထဲက လူတွေရဲ့ နေ့စဉ်လူမှုဘ၀ထဲမှာ ကဗျာတွေစာတွေ ခိုဝင်ပေါက်ဖွားခဲ့ကြလိမ့်မယ်လို့ ယုံကြည်မိတယ်။

+++

စာတွေပေတွေထဲမှာ မှတ်တမ်းရှိသရွေ့၊ စောနိုင်သမျှစောတယ်လို့ ယူဆရတဲ့ ကဗျာနှစ်ပုဒ်ဟာ မြကန် နဲ့ သိုးကလေပါ။ (အထက်တန်း မြန်မာစာသင်ရိုးမှာတော့ ရွှေနှင့်ယိုးမှား ပန်းစကားလို့ ခေါင်းစဉ်ပြုပါတယ်) မြကန်က မြကန်ဖွဲ့ကဗျာဖြစ်ပြီး၊ သိုးကလေက ပုပ္ပါးတောင်ဖွဲ့နဲ့ မောင်နဲ့မယ်တို့ရဲ့ ချစ်ခြင်းမေတ္တာဖွဲ့ ကဗျာဖြစ်တယ်။ အထက်တန်းမြန်မာစာသင်ရိုးမှာ ပြဌာန်းထားတာမို့ ကဗျာနှစ်ပုဒ်လုံးက ကျနော်တို့နဲ့ သူစိမ်းပြင်ပြင် မဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တယ်လို့ ဆိုနိုင်တာပေါ့။

မြကန်ဟာ သိုးကလေထက် စီနီယာကျတယ်လို့ ပညာရှင်များ တညီတညွတ်ထဲ ယူဆကြတယ်။

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွာ ဟုတ္တာ။

ဆရာဦးဝင်းဖေရဲ့ အင်္ဂလိပ်ဘာသာပြန်ကို လေ့လာနိုင်ပါတယ်။

Emerald Lake

Emerald Lake,
fed by a mountain stream
the waters enter running,
and circle cool and clear,
within unbreachable banks,
water lilies are fragrant
and all types of birds around.
This is so like Nanda
that is in the heavens,
is the perhaps the self-same Nanda lake?

Unknown
c. 13th Century
Translaed by Win Pe


တုရင်တောင်ပေါ်က တွေ့မြင်ရတဲ့ မြကန်ရဲ့အလှ
(ပုံကို ဒီနေရက ယူပါတယ်)

ပုဂံခေတ်လက်ရာလို့ ပညာရှင်တွေ အတည်ပြုပါတယ်။ ကဗျာရေးထုံးအနေနဲ့ တစ်ပါဒမှာပါဝင်နေတဲ့ အက္ခရာအရေအတွက်ကို သတိပြုနိုင်တယ်။ ပါဒတိုင်းမှာ လေးလုံးစီအတိအကျ ပါဝင်နေတာမျိုးမဟုတ်ဘဲ 'မြကန်သာ' နဲ့ 'နန္ဒာလော' မှာ သုံးလုံးစီရှိနေတာကို တွေ့ရမယ်။ ဆရာမောင်သာနိုးက တစ်ပါဒမှာ အက္ခရာ လေးလုံးဆီရှိရမယ်ဆိုတာ နောက်မှသတ်မှတ်တာလို့ ယူတယ်။ ကာရန်အားဖြင့်လည်း ကျနော်တို့ သိထားတဲ့ ၄-၃-၂ ဘောင်ထဲကို တည့်တည့်ကြီး ၀င်နေတာ မဟုတ်လေဘူး။ 'ငှက်မျိုးစုံသည်၊ ၀တိံသာက' မှာ ကာရန်လွတ်တယ်။ ပညာရှင်အချို့က ကာရန်မိအောင် 'ဘုံဝတိံသာ' လို့ပြင်ကြောင်း အမှတ်ပြုမိတယ်။ နောက် တချို့မူကွဲမှာ တစ်ပါဒ လေးလုံးပုံစံနဲ့ အံဝင်အောင် 'နန္ဒာပေလော'လို့ ပြင်ထားတာကို တွေ့ကြရမယ်။ ရှေးကဗျာဟောင်းစာဟောင်းတွေကို ပြင်ဆင်တည်းဖြတ်တာမျိုး မလုပ်ဘဲနဲ့ မူလအတိုင်း မပျက်မယွင်း ထိန်းသိမ်းထားသင့်တယ်လို့ ယူဆမိတယ်။

ဘာကြောင့်ဆိုတော့ ကဗျာဟာ ဘယ်ပုံသဏ္ဍာန်၊ ဘယ်သီဝရီ၊ ဘယ်တင်ပြပုံ အားကိုးမှုမှမပါဘဲ သူ့မူလစံနှုန်းသက်သက်နဲ့ ပေါ်ပေါက်လာတာ ဖြစ်လို့ပါပဲ။ သူ့နောက်ကမှ အကြောင်းအရာနဲ့လိုက်ဖက်ညီတဲ့ ပုံသဏ္ဍာန်၊ ခေတ်စနစ်အခြေအနေနဲ့ ကိုက်ညီတဲ့ သီဝရီ၊ လူအဖွဲ့အစည်းနဲ့ ဟန်ချက်ညီတဲ့ တင်ပြပုံတို့ လိုက်ပါလာကြတယ်။ ဆိုရရင် မြကန်ကဗျာမပေါ်ခင်( မြကန်နဲ့တကွ တခြားအစောဆုံးဆိုတဲ့ ကဗျာတွေ မရေးကြသေးခင်) အချိန်တုန်းကတည်းက ကဗျာရေးမယ်ဆိုရင် "တစ်ပါဒကို အက္ခရာလေးလုံးစီထားကြ၊ အသံညီကာရန်ကို အဲဒီအက္ခရာ လေးလုံးဆီကနေ ၄-၃-၂ ယူကြ၊ ရေးလိုတဲ့ အကြောင်းအရာကို အဲဒီဘောင်ထဲမှာ ကိုက်ညီအောင် ပုံစံပြုရေးကြ၊ ဒါမှ ကဗျာဖြစ်တယ်" ဆိုတဲ့ ကဗျာဆိုင်ရာ ဥပဒေသမျိုး ရှိနေမယ် မထင်ပါ။ ကဗျာဟာ သူ့မူလ အရှိတရားနဲ့၊ သူ့ပင်ကိုယ် အလှတရားသက်သက်နဲ့ ပေါ်ထွက်လာပါလိမ့်မယ်။ ဒါကိုမှ အကြောင်းအရာအလိုက်၊ ခေတ်အလိုက်၊ လူအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုစံနှုန်းတွေအလိုက် ကိုက်ညီလိုက်ဖက်အောင်၊ ဟန်ချက်ညီအောင် ရွေ့လျောပြောင်းလဲလာရတဲ့ သဘောဖြစ်မယ်လို့ ထင်ပါတယ်။ လွဲရင် ပြင်ပေးကြပါ။

ဆိုတော့ ပုဂံခေတ် မြကန်ကဗျာကို အင်းဝခေတ်ထွန်း (အင်းဝခေတ်ဦးမှာတောင် လေးလုံးစပ်မှာ ကာရန်မမိတာကို တွေ့ကြရသေးတယ်။ ဥပမာ- ရှင်သူရဲရဲ့ ရတုများ/မောင်သာနိုး-ဂန္ထ၀င်မြန်မာကဗျာ၊စာ-၂) ကဗျာပုံသဏ္ဍာန်တစ်ရပ်နဲ့ ချိန်ထိုးပြီး ဒီကနေ့ခေတ်ကျနော်တို့က ပြုပြင်မယ်ဆိုရင် သဘာဝမကျဘူး။ မူလအရှိကို တမြတ်တနိုးထိန်းသင့်တယ်လို့ ယူဆပါတယ်။

မြကန်ဟာ အလှပြကန် သက်သက်မဟုတ်ဘဲ လယ်ယာလုပ်ငန်းသုံးကန်၊ ပြည်သူသုံးကန် ဖြစ်တယ်။ ပုဂံမင်းအဆက်ဆက် အရေးတယူ ထိန်းသိမ်းပြုပြင်ခဲ့ကြတာကို သမိုင်းမှာ တွေ့နိုင်တယ်။ ပြည်သူပြည်သားတွေက သူတို့အပေါ် အကျိုးကျေးဇူးကြီးမားလှတဲ့ မြကန်ကို တာဝတိံသာနတ်ပြည်က မဟာနန္ဒာကန်တော်နဲ့ နှိုင်းယှဉ်ဂုဏ်တင်ကြတယ်။ သည်အလှဓာတ်ကို ကဗျာဆရာက အမိအရ ရေးဖွဲ့သွားတယ်။ သူတို့ မြကန်ကို ဘယ်လောက်ထိ ဂုဏ်ယူတယ်၊ ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်ဆိုတာ ကဗျာကို အသံထွက်ပြီး ရွတ်ဆိုကြည့်လိုက်ရုံနဲ့ ရင်းရင်းနှီးနှီး ခံစားနိုင်ပါတယ်။

စိတ်ထဲမှာ ကြည်နူးသွားတယ်။ လန်းဆန်းသွားတယ်။ မြကန်ဟာ အသက်အကြီးဆုံး ကဗျာဆိုပေမဲ့ သူ့အဖွဲ့ဟာ လတ်ဆတ်ဆယ်၊ ကျစ်လစ်တယ်၊ ထီးမူနန်းမူ မရှိဘူး။ ရစ်သမ်(ကာရန်မဟုတ်ပါ) မိနေတယ်။ အဆင်ချောနေတယ်။ ဘယ်အချိန်ပဲဖတ်ရဖတ်ရ အဆင်ပြေနေတယ်။ အသက်အကြီးဆုံး မြကန်ဟာ အခုထိ နုပျိုနေတုန်းပဲ။

+++

သိုးကလေ ကဗျာကိုလည်း ပုဂံခေတ်ကလို့ ယူဆကြတယ်။ တချို့ ၀ိဝါဒ ကွဲတယ်။

လေးလုံးစပ်ခေတ်ဦး ဆိုသည်မှာ ကျေးဇူးရှင် ဆရာကြီး ဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်းကျမ်းအရ 'အင်းဝခေတ်' ကိုဆိုလိုပါသည်။ ပုဂံခေတ်တွင်ပေါ်ခဲ့သည်ဟု ဆရာစဉ်သမားစဉ် အမှတ်အသား အမှာအကြားရှိသော 'မြကန်'၊ 'သိုးကလေ'၊ 'သူတည်းတစ်ယောက်' တို့သည် လေးလုံးစပ်များ ဖြစ်သော်လည်း ကျနော်တစ်ယောက်အနေနှင့် ဘဝင်မကျသေးပါ။ အခိုင်အမာ မပြောနိုင်သော်လည်း ပုဂံခေတ် ကဗျာဟုတ်မဟုတ် ဘဝင်မကျ သေးသည်မှာ ကျနော့် ပြသနာသာ ဖြစ်ပါသည်။ (ဇော်ဇော်အောင် - လေးလုံးစပ် ကာရန်စနစ်၏ တင်းကျပ်ခြင်း ဆောင်းပါးမှ)

သူ့အကြောင်းအရာနဲ့ ဖွဲ့စည်းပုံ စနစ်တို့ကလည်း နောက်ကျကြောင်းကို ပြနေတယ်။ နောက်ကျသမှ ပုဂံခေတ်မှ ဟုတ်ပါလေစ၊ ပင်းယ(၀ါ) အင်းဝခေတ် စောစောပိုင်းများ ဖြစ်လေရော့သလားလို့တောင် သံသယ ၀င်ဖွယ်ဖြစ်တယ်။ (မောင်သာနိုး၊ ဂန္ထ၀င် မြန်မာကဗျာ၊ စာ- ၅)

ဂန္ထ၀င်၊ ခေတ်ပေါ် နှံ့စပ်ကျွမ်းကျင်ပြီး ဝေဖန်ရေးစာပေကို နိုင်နင်းတဲ့ဆရာတွေမို့ မှတ်သားဖွယ် ဖြစ်ပါတယ်။

မြကန် ကဗျာမှာထက် ရေးစပ်ပုံ၊ စကားလုံးအသုံးအနှုန်း ခေတ်ဆန်လာတာကို သတိပြုနိုင်တယ်။ ကဗျာကို အရင်ဆုံး ဖော်ပြလိုပါတယ်။ အင်္ဂလိပ်ဘာသာပြန်ကို မြန်မာဝီကီကနေ ရပါတယ်။ ဘာသာပြန်သူအမည် မတွေ့ရပါ။

သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစကား။

သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည့်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။

သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက
ကျွမ်းဝင်ကြသည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြား စောင့်တရား။

ဆွေမိခင်
မျက်သုတ်နီပင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။

1. Oh Nat-spirit with the headdress of Tho-saung
In the thicket of dense forest on the summit of lofty Mt.Popa
Are the fragrant Champac flowers which bloom seasonally.
And their colour can be mistaken for gold.

2. Oh Nat-spirit with the headdress of Tho-saung
She was the daughter of the brave man
Her beauty could be compared to the Champac flower.
She was brought up under the care of the good brother.
She had a lover kept in the heart of her heart.
He was not with her. He was a serviceman away on a journey.

3. Oh Nat-spirit with the headdressof Tho-saung
Since childhood while she still wore
Myeiklutsu hair knot on her head
The twain were fond of each other
He was a nephew of her father
He was thus related to her
The twain were united by attachment
till the end of their lives
They kept their mutual faith.

4. Her relative lover wore a red towel
And a fine Lenin jacket
He was strong, handsome and manly,
He was a knight-designate
She loved him so much
Her love for him was beyond measure.

(Anonymous, Bagan Period)

Notes

This Linka (လင်္ကာ), the simplest form of Myanmar verse which has exact meter, rhyme and rhythm, was a sort of ode to the Nat-spirit of Mt.Popa composed by an unknown poet.

The content of this Linka suggests the tragic story of a mighty Blacksmith Tint De (ပန်းပဲမောင်တင့်တယ်) and his cousin sister both of whome met violent death and were believed to have become Nat-spirits dwelling on Mt.Popa till today.

ဒီကဗျာကို ညွှန်းတဲ့အခါ ပုပ္ပါးနတ်တောင်ဖွဲ့လို့ အများစု ညွှန်းလေ့ရှိတယ်။ တကယ်တမ်း တောင်ကိုဖွဲ့တာ တစ်ပိုဒ်ပဲ၊ ကျန်သုံးပိုဒ်က မောင့်အပေါ်ထားတဲ့ မယ်ကလေးရဲ့ ချစ်ခြင်းမေတ္တာကို ဖွဲ့တယ်။(မောင်ဖွဲ့၊ မယ်ဖွဲ့လို့လဲ ဆိုနိုင်မယ်ထင်ရဲ့) သိုးကလေ အစပိုဒ်နဲ့ သူ့နောက်က အပိုဒ်တွေ ကာရန်မချိန်မိတာကလွဲရင် ကျန်အပိုဒ်တွေ ကာရန်ညီညွတ်တာကို တွေ့နိုင်တယ်။ ဒီကဗျာကို မြကန်ထက် နောက်ကျမယ်လို့ ပညာရှင်အများ ယူဆပါတယ်။ စကားအသုံးအနှုန်း ခေတ်မီတယ်။ န၀ဒေးကြီးရဲ့ “သာရွှင်ကြည်ပျော်” ချီရတုမှာ ‘မယ်သာကြိုက်မိ၊ တန်ခိုးရှိသည်၊ သီရိဓမ္မ၊ ကျိုင်းရောင်မြကို၊ မြင်ရသည်ကား’ စသည် အတုယူသုံးစွဲထားတာကို တွေ့ရပါတယ်။

အရှင်က၀ိန္ဒရဲ့ ပုပ္ပါးတောင်တော်သမိုင်းမှာ ဒီကဗျာနဲ့ပတ်သက်တဲ့ ထူးခြားချက်တစ်ခုကို တွေ့နိုင်ပါတယ်။ သိုးကလေ ကဗျာကိုရေးသူဟာ မောင်တင့်တယ်ရဲ့နှမ မမြတ်လှရဲ့ ငယ်ရည်းစားလို့ ဖော်ပြပါတယ်။ သိုးကလေ မဟုတ်ဘဲ သိုးကလေးလို့ တွေ့ရတယ်။ သိုးကလေး ဆိုတာ နတ်မိဖုရားငယ်ကို ခေါ်ဝေါ်တဲ့ ရှေးအမည်ပေါ့။ သိုးဆိုတာက အဝတ်တန်ဆာ ပျော့ခမောက်ကို အချွန်တပ်ပြီး အနားလေးဘက် အထက်ကိုလှန်ထားတဲ့ လေးထောင့်စပ်စပ် ခမောက်ကို ခေါ်တာဖြစ်ပြီ သူ့မှာ နားရွက်အုပ် ပါရှိပါတယ်။ ဒီလို ဦးထုပ်ကို ဆောင်းထားတဲ့ နတ်မိဖုရားလေးလို့ အဓိပ္ပာယ်ရကြောင်း ဖော်ပြထားပါတယ်။

မယ်ကလေးရည်းစား မတ်ကြီးလျာရဲ့ ခန့်ခန့်မောင်းမောင်းရှိပုံနဲ့ သူ့အပေါ် မယ်ကလေးထားတဲ့ မေတ္တာတရားရဲ့ ထုထည်ကြီးမားလှပုံကို ပုပ္ပါးတောင်ကြီးရဲ့ အဟုန်နဲ့ နိမိတ်ပုံပြု ဖွဲ့ဆိုလိုက်တာကတော့ အင်မတန် ခန့်ညားပါတယ်။ သစ်လွင်လတ်ဆတ် နေတယ်လို့ ဆိုရမှာပါ။

မြန်မာ့ရှေးဦး ကဗျာနှစ်ပုဒ်ဟာ ကျစ်လျစ်တဲ့အဖွဲ့၊ လတ်ဆတ်တဲ့ စကားအသုံး၊ အားကောင်းတဲ့ နိမိတ်ပုံတွေနဲ့ ခေတ်အဆက်ဆက် ကဗျာခရီးရှည်ကြီးကို ကျော်ဖြတ်ခဲ့ကြတယ်။

ကျောက်ရိုင်း

22 comments:

khine said...
This comment has been removed by the author.
khine said...

ကဗျာဆရာ..ကဗျာနှစ်ပုဒ်ကိုခုလိုသေချာကျကျနနရှင်းပြ
ပေးလို့ ကျေးဇူးနော်..ဆောင်းပါးရေးလည်းကောင်းတာပဲ
အမြဲတမ်းအားပေးနေပါတယ်..
:)

လင်းဒီပ said...

ညီလေးရေ..
ကျောက်ရိုင်းဆိုတာညီလေးကလောင်ကွဲလား..
sharing လုပ်ထားတာလား..မကွဲလို့..

ဘာပဲဖြစ်ဖြစ် သမိုင်းမှတ်တမ်းတွေအရ ဒီကဗျာလေးတွေက ပထမဆုံးပါပဲ။

မြကန်သာ...
တချို့နေရာတွေမှာလေးလုံးစပ်အတိအကျ မဟုတ်ပေမယ့် အသံပြေတယ်....

သိုးကလေ ကဗျာလေးကတော့ ချစ်စရာ အလွန်ကောင်းတယ်။

စာသန့်လေးတွေ တင်တင်ပေးလို့ မင်္ဂလာပါညီလေးရေ..

ရွှန်းမီ said...

သိုးကလေ က အရေးအသားပိုပြေပြစ်လို့ မြကန်သာထက် ပိုနောက်ကျတယ်လို့ ယူဆရတာလား။ တခြားအထောက်အထားများ ရှိသေးလို့လား သိချင်မိတယ်။ ရေးဖွဲ့မှတ်တမ်းတင်တာထက် နှုတ်နဲ့ ရွတ်ဆိုခဲ့ကြတဲ့ ကဗျာလိုစာသားတွေ ရှေးက အများကြီးရှိခဲ့မယ် ထင်ပါတယ်။

မြကန်သာကို ကဗျာအနေထက် တေးဖွဲ့တစ်ခုလို့ မြင်မိပါတယ်။
ကဗျာဆိုတာရဲ့  ဘောင်တွေပုံစံတွေ ဖြစ်မလာသေးခင် နားထောင်လို့ ဆိုလို့လည်း ကောင်းတဲ့ အဓိပ္ပာယ်လည်း ကျစ်လစ်တဲ့ စာဖွဲ့ပုံတစ်မျိုးပါပဲ။ ဒီစာသား ဖွဲ့စည်းထားပုံကိုရော အကြောင်းအရာကိုပါ လူတိုင်းနှစ်ခြိုက်ကြလို့ သမိုင်းတင်ကျန်ရစ်နေပုံရပါတယ်။
ကာရံရစ်သမ်တွေ ရှိတာကြောင့် မှတ်မိလွယ်နေတာကလည်း ထင်ကျန်ခြင်းရဲ့  အကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကာရံတွေကို အလေးထားဖွဲ့ရတဲ့ ခေတ်တစ်ခု ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

သိုးကလေ ကဗျာကတော့ ဆယ်တန်းတုန်းက သင်ရတာနဲ့ နည်းနည်းတော့ လွဲနေတယ်.. တချို့ စာလုံးတွေပါ.. ဘယ်မူရင်းက ယူတာလဲဆိုတာ ကွဲမယ် ထင်ပါတယ်။ အရှေ့က ပြောထားပုံအတိုင်းဆိုရင် စာရေးသူ ကျောက်ရိုင်းက စာလုံးပေါင်း မူရင်းအတိုင်း ပြထားပုံရတယ်။ မှတ်မိထားတဲ့အတိုင်းဆို စကားလုံးမတူတာ ဒီနှစ်ပိုဒ်ပါပဲ။

သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည့်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။

ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။

ခေတ်အဆက်ဆက်မှာ မေ့စရာမဟုတ်တဲ့ ရိုးမသွားတတ်တဲ့ အကြောင်းအရာတွေက လူတွေရဲ့ စိတ်မှာ ထင်ကျန်နေကြတယ်။
တန်ဖိုးမဖြတ်နိုင်ခဲ့တဲ့ မြကန်ရယ် အမျိုးကောင်းသမီးတစ်ယောက်ရဲ့  ချစ်သူရယ်။ သိုးကလေ ဟာ ပန်းပဲမောင်တင့်တယ် မောင်နှမကို သတိတရလည်း ရှိစေတယ်။ ရှေးကဗျာတွေကို ကြည့်ရင်း လူတွေ ဘယ်လိုအရာကို ပိုပြီးမှတ်မိနေချင်လဲ ဆိုတာကို စဉ်းစားမိသွားတယ်။

လုလင်ငယ်သွေး said...

ကိုညိုရေ ကဗျာလေးနှစ်ပုဒ်ကို ဖော်ထုတ်ပေးလို့ ကျေးဇူးပါ။ မြကန်သာမှာ နန္ဒာပေလော ၊ တူစွ ဆိုပြီး ဖတ်ဖူးလို့  နည်းနည်းလွဲနေသလားလို့ ပါ။ ကျွန်တော်ဖတ်ဖူးတာကပဲ မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုကဗျာမျိုးတွေက အတိအကျဖြစ်ရင် ပိုကောင်းမယ် ထင်လို့ ပါ။

မောင်ခင်လေး said...

နယ်ရေ စာတွေကိုနှစ်သက်စွာဖတ်သွားတယ် မှတ်သားစရာလေးတွေလည်းမှတ်သွားတယ်နယ် ကျေးဇူး
ကိုးလင်းဒီပ ပြောသလိုပဲ ကျောင်းရိုင်းက ဘယ်သူလည်းမသိဘူးနော နယ် : )
ဒီလိုအရေးသားလေးတွေဖတ်ရသာ ညီတော့ကြိုက်တယ်နယ်ရေ ကောင်းသောနေ့ပါ :)

မောင်မျိုး said...

ကဗျာဆရာကြောင့် ကဗျာဆိုတာ ဘာလဲသိလာပြီး ထပ်ဆင့် မှတ်သားစရာတွေ အတွက် ကျေးဇူးး) သိပ်မသိတော့ ၀င်မဆွေးနွေးတော့ဘူးနော့် ကိုဒီပ မေးထားတာလေးပဲ သိချင်တယ် ။

ညိမ်းညို said...

khine- သေသေချာချာ တည်းဖြတ်ပြင်ဆင်ပေးလို့ ကျေးဇူး :) :) :)

လင်းဒီပ- အကိုရေ ကျောက်ရိုင်းက ကလောင်ခွဲပါ၊ လောလောဆယ် အွန်လိုင်းမှာခေတ်စားနေသော ပြဿနာများနှင့် ကင်းရှင်းပါကြောင်း :) ညိမ်းညိုနဲ့ စာအစုံလိုက်ရေးနေရင် ဟိုစပ်စပ်ဒီစပ်စပ် သဘောဖြစ်မှာစိုးလို့ ကျောက်ရိုင်း အမည်ယူလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။

ရွှန်းမီ- ဟုတ်ကဲ့ မှဲ့သည်ပင်သည် ခရီးသားက ကျနော်စာလုံးပေါင်းမှားတာပါ။ ပြင်လိုက်ပီဗျ ကျေးဇူးနော :)


ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။

ဒီအပိုဒ်ကိုတော့ ကျောင်းသားတုန်းက မြန်မာကဗျာပေါင်းချုပ်(စာအုပ်အမည်လွဲနိုင်၊ ခေတ်အလိုက် မြန်မာကဗျာတွေကို စုစည်းထုတ်ဝေထားတာပါ။ စာအုပ်လက်လှမ်းမမီတာမို့ ခွင့်လွတ်စေလိုပါတယ်။)ကနေ မှတ်စုယူထားခြင်းပါ။
အကိုးအကားပြုစရာ ဆရာမောင်သာနိုး စာအုပ်တအုပ်ရတော့ သည်မူအတိုင်း တူနေတာမို့ ယူလိုက်ပါတယ်။ မူလအတိုင်းဖြစ်တယ်လို့ ပိုမိုခိုင်မာစွာယူနိုင်တဲ့ စာပိုဒ်ကို တင်နိုင်ဖို့ ကြိုးစားပါမယ်။ ကျေးဇူးတင်ပါတယ် ကြွက်မောင်နှများ :D


လုလင်ငယ်သွေး- ဟုတ်ကဲ့ဗျ မူကွဲတွေ ဖြစ်မယ်ထင်ပါတယ်။ တူစွာဟုတ္တာကို ကိုးကားသူများ အညွှန်းပြုကြတာမို့ သုံးဖြစ်ပါတယ်။ အပေါ်က ရေးမိသလိုပဲ မူလအတိုင်းဖြစ်တယ်လို့ ပိုမိုခိုင်မာစွာယူဆနိုင်တဲ့ စာပိုဒ်ကိုတင်နိုင်ဖို့ ကြိုးစားပါမယ်။ အကိုးအကားပြုဖွယ် စာအုပ်များရှိင်လည်း ညွှန်းစေလိုပါတယ်။ ကျနော်လည်း မှတ်စုစာအုပ်တခုသာ အားပြုနေရတော့ အများကြီး ချွတ်ချော်နိုင်ပါတယ်။ ဝေဖန်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ဗျာ :) :)

မောင်ခင်လေး- နယ်ရေ ကျောက်ရိုင်း ဆိုတာ မိုးကုတ်ကလောင်ခွဲတစ်ခုပေါ့ :) မသွေးရသေးသော၊ မပြုမပြင်ရသေးသော အယဉ်မဟုတ်သော အရိုင်းလေ :)

ညိမ်းညို said...

မောင်မျိုး- ညီတော်မောင်ရေ အတူတူပါပဲဝေ့ :)
ဒီနာမည်ကို ဘယ်သူမှ မသိအောင်၊ ကဗျာမဟုတ်တဲ့ တခြားစာတွေကို လွတ်လွတ်လပ်လပ်ရေးနိုင်အောင်
ကေနဲ့တိုင်ပင်ပြီး ယူလိုက်တာ၊ အခုလဲ သိတာပါပဲ :)

အမရာ said...

အကိုရေ...ဒီပို့စ်လေးကိုဖတ်ပြီး
ကဗျာတွေရဲ့လေးနက်မှုတွေကို
ပိုသိလိုက်ရတယ်...မသိတဲ့အကြောင်းအရာတွေပါ
သိလိုက်ရတယ်....ကျေးဇူးတင်ပါတယ်။

ကောင်းကင်ကို said...

မတူတဲ့စာတွေ အတွက် ကလောင်ခွဲပြီးရေးတာ ကောင်းတယ်။း-) ငယ်ငယ်ကတည်းက ကဗျာတွေကို ချစ်ခဲ့ပေမယ့် ကိုးတန်းဆယ်တန်းမှာ ကဗျာတွေကို အတင်းကျက်ရတာတော့ မုန်းမိတယ်။ ကဗျာတိုင်းကိုတော့ မဟုတ်ဘူး။

Mhu Darye said...

မျက်လုံးလေး ကလည်ကလည်နဲ့ လာဖတ်သွားတယ်။ မီးမီး ဘာမှ မသိဘူး ဖြစ်နေတယ်။ ဟီးးးး ဘာပဲဖြစ်ဖြစ် လာဖတ်သွားတယ် အစ်ကိုညိမ်းညို..။

U.G.C said...

(ကို)ကျောက်ရိုင်း တစ်ဖြစ်လဲ (ကို)ညိမ်းညို ရေ
ဖတ်ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။

တစ်ခုပဲ ။ ကျွန်တော်လည်း ကျမ်းကိုးမရှိဘူးဗျ :)
ကိုလုလင်ငယ်သွေးပြောသလိုပါ ။
နန္ဒာပေလော လို့ စိတ်ထဲက ပြန်ရွတ်မိနေလို့ ။
ကျွန်တော်လည်း မသေချာပါဘူး ။ ၀င်ပြီး ဆွေးနွေး
ကြည့်တာပါ ။ (ကို) ညိမ်းညိုရေးတာ မှန်ရင်လည်း
ကျွန်တော့် အမှတ်ပြင်ချင်လို့ပါ ။ အဆင်ပြေစရာ အကြောင်းများရှိရင် တစ်ချက်လောက် (ရှာပြီးတဲ့အခါ) ထပ်ပြီး မျှဝေပေးပါဦး ။
လေးစာလျက်

mgngal said...

အချောဖတ်သွားတယ် ။ ကျေးဇူး ကိုညိမ်း ။ မှတ်သားစရာတွေ ပေးလို့ ကျေးဇူးဗျ ။း)

အိုင်လွယ်ပန် said...

အခုလိုသေသေချာချာရှင်းပြပေးတဲ့
ကျေးဇူးဗျာ ...
ကိုညိမ်းပြောသလိုပဲ မူကွဲတွေအများကြီးရှိနိုင်ပါတယ်...
ကျွန်တော်တို့ ကျောင်းမှာသင်ရတဲ့ ညွှန်းတန်းစာအုပ်မှာက

ဘုံဝတိံသာ
နန္ဒာပေလော
တူစွဟုတ္တာ လို့ ဆိုထားပါတယ် ...

ဘယ်လိုပဲဖြစ်ဖြစ် ကျောရိုးနဲ့ခံစားချက်ကတော့
အသက်ရူသံချင်းအားလုံးနီးပါးထပ်တူကျ ကြတယ်လို့
ယူဆရတဲ့ ကဗျာနှစ်ပုဒ်ပါ .....

စာလုံးပေါင်းမူရင်းအတိုင်း ကို ကိုညိမ်းဖေါ်ပြပေးတဲ့အတွက် ကဗျာနှစ်ပုဒ်လုံးအတွက်ကျေးဇူးပါဗျာ ....
ချမ်းမြေ့ပါစေကိုညိမ်းရေ .....

လွမ်းလုင် said...

မောင် ကျောက်ရိုင်း ဖွင့်ဆိုမှုများ ကောင်း၏။ ကွဲလွဲမှုများလည်း ရှိနိုင်။ သို့သော် မှတ်သားဖွယ်ရာ အပြည့်သာဖြစ်၏ အဆီအနှစ် တဝင့်ဝင့်ဖြင့် ပြည့်နေသော ရေးသားချက်များဖြစ်၏။ :D

လွမ်းလုင် said...

မောင် ကျောက်ရိုင်း ဖွင့်ဆိုမှုများ ကောင်း၏။ ကွဲလွဲမှုများလည်း ရှိနိုင်။ သို့သော် မှတ်သားဖွယ်ရာ အပြည့်သာဖြစ်၏ အဆီအနှစ် တဝင့်ဝင့်ဖြင့် ပြည့်နေသော ရေးသားချက်များဖြစ်၏။ :D

GreenGirl said...

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဘုံဝတိံသာ
နန္ဒာပေလော

တူစွာ ဟုတ္တာ။

ကိုးတန်းမြန်မာစာ သင်ရိုးမှာ အဲ့ဒီလိုကျက်ဖူးပါတယ် မောင်လေး။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ အစ်မ သတိရနေတဲ့ "င်္ရေနှင့်ရိုးမှား ပန်းစကား"ကဗျာကို ဖတ်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကိုးတန်း၊ ဆယ်တန်း မြန်မာကဗျာသင်ရိုးမှာ ပုဂံခောတ်က အဲ့ဒီကဗျာနှစ်ပုဒ်ကိုတော့ အသည်းစွဲအောင်ကြိုက်တယ်။ ရွှေနှင့်ရိုးမှားကို ပိုကြိုက်တယ်။း)

ရွှန်းမီ said...

ဆရာမောင်သာနိုးရဲ့  ဘယ်စာအုပ်လဲ မသိ..
စာအုပ်နာမည် Reference ကို လေ့လာခွင့်ရအောင် ဖော်ပြပေးစေချင်ပါတယ်။ သူ့ခေတ်နဲ့သူ စကားလုံး ပြင်ခံရတာတွေလည်း ရှိမှာပါ။
မြန်မာစာသင်ရိုးထဲမှာ မူရင်းကို ပြုပြင်ထားတာတွေ ပါနိုင်ပါတယ်။

(ပုဂံခေတ်လက်ရာလို့ ပညာရှင်တွေ အတည်ပြုပါတယ်။ ကဗျာရေးထုံးအနေနဲ့ တစ်ပါဒမှာပါဝင်နေတဲ့ အက္ခရာအရေအတွက်ကို သတိပြုနိုင်တယ်။ ပါဒတိုင်းမှာ လေးလုံးစီအတိအကျ ပါဝင်နေတာမျိုးမဟုတ်ဘဲ 'မြကန်သာ' နဲ့ 'နန္ဒာလော' မှာ သုံးလုံးစီရှိနေတာကို တွေ့ရမယ်။ ဆရာမောင်သာနိုးက တစ်ပါဒမှာ အက္ခရာ လေးလုံးဆီရှိရမယ်ဆိုတာ နောက်မှသတ်မှတ်တာလို့ ယူတယ်။ ကာရန်အားဖြင့်လည်း ကျနော်တို့ သိထားတဲ့ ၄-၃-၂ ဘောင်ထဲကို တည့်တည့်ကြီး ၀င်နေတာ မဟုတ်လေဘူး။ 'ငှက်မျိုးစုံသည်၊ ၀တိံသာက' မှာ ကာရန်လွတ်တယ်။ ပညာရှင်အချို့က ကာရန်မိအောင် 'ဘုံဝတိံသာ' လို့ပြင်ကြောင်း အမှတ်ပြုမိတယ်။ နောက် တချို့မူကွဲမှာ တစ်ပါဒ လေးလုံးပုံစံနဲ့ အံဝင်အောင် 'နန္ဒာပေလော'လို့ ပြင်ထားတာကို တွေ့ကြရမယ်။ ရှေးကဗျာဟောင်းစာဟောင်းတွေကို ပြင်ဆင်တည်းဖြတ်တာမျိုး မလုပ်ဘဲနဲ့ မူလအတိုင်း မပျက်မယွင်း ထိန်းသိမ်းထားသင့်တယ်လို့ ယူဆမိတယ်။)

ဆိုတဲ့ စာပိုဒ်ကို လေးလေးနက်နက် ထပ်ဖတ်သွားပါတယ်။

SoeMoe said...

ကဗျာနှစ်ပုဒ်ကိုလာဖတ်ဖြစ်တယ်အစ်ကို..ကလောင်အသစ်
လား ဖတ်နေတာကြာပီးအခုမှပီးလို့ comment ပေးတာပါ ။

လင်းဦး(စိတ်ပညာ) said...

မြကန်သာ ကဗျာကို အလွန်ကြိုက်နှစ်သက်ခဲ့သည်... အခုလို ညီက ပြန်ဖော်ပြပေးလိုက်တာ အလွန်ကို ကျေးဇူးတင်မိ၏။ အဆင်ပြေပါစေ :)

Layma said...

ဆရာကျောက်ရေ.. ကဗျာနဲ့ ပတ်သက်ရင် အတော်
နှ့ံစပ်တယ်ဆိုတာ ဟိုအရင်ကသိခဲ့ပေမယ့် အခုပို ချီးကျူးမိတယ်...။
ဆယ်တန်းတုန်းက
မတ်ကြီးလျာကို
မယ်သာကြိုက်မိ.. တုမရှိ..
ဆိုတဲ့ အပိုဒ်လေးကို ဘယ်လို သဘောကျမှန်းမသိ သဘောကျခဲ့ရတဲ့ feeling လေးကို သတိရသွားတယ်..။