အလှူတစ်ခုတွင် ဖြစ်သည်။ လူငယ်တစ်ဦးက နောက်ဖေးမီးဖိုချောင်တွင် စားသောက်ပြီးသော ပန်းကန်ခွက်ယောက်များကို သိမ်းကြုံးဆေးကြောနေသည်။ ထိုစဉ် အရပ်လူကြီးတစ်ဦး ရောက်လာကာ
“အေး..အေး..၊ ကောင်းတယ်ကွာ။ ဒီလို သူများမလုပ်ချင်တဲ့ အလုပ်ကိုလုပ်တော့ သူများတွေထက် ကုသိုလ်ပိုရတာပေါ့”
အရပ်လူကြီး စကားမဆုံးခင် လူငယ်က ပန်းကန်များဆေးကြောနေရာမှ ထထွက်သွားသည်။ လူငယ်လေး စိတ်ဝင်စားသည်မှာ ကုသိုလ်ပိုရတာ မရတာထက်၊ ဘယ်နေရာမှာ ၀ိုင်းကူဖို့လိုအပ်သလဲ ဆိုတာဖြစ်ကြောင်း အံ့သြစွာကျန်ရစ်ခဲ့သော အရပ်လူကြီး သိကောင်းမှသိပေလိမ့်မည်။
+++
အိမ်တစ်အိမ်တွင် သားဖြစ်သူ ဆယ်တန်းကျောင်းသားကို ဂစ်တာဝယ်ပေးသောကိစ္စနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက-
“မင်းကွာ..၊ ငါသေသေချာချာမှာထားရဲ့နဲ့။ သားကို ဆယ်တန်းအောင်ပီးမှ ဂစ်တာဝယ်ပေးပါလို့။ ချစ်တာလဲ ချစ်တာပေါ့ကွာ။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ ချစ်တတ်ရတယ်ကွ”
ထိုအခါ မိခင်ဖြစ်သူက ခပ်ပြုံးပြုံးပင် ပြောလေသည်။
“အမလေး၊ ကိုစည်းကမ်းကြီးရယ်..။ စည်းနဲ့ကမ်းနဲ့ချစ်တာလဲ ချစ်တာပေါ့ရှင်။ တစ်ခါတစ်ခါတော့ ကလေးကို နှလုံးသားနဲ့လဲ ချစ်တတ်ရသေးတယ်ရှင့်”
+++
မောင်ကကြီးစိတ်ထဲမှာ ကိုယ့်ကိုယ်ကို ဘ၀င်မကျသလိုဖြစ်နေတာ အတော်ကြာပြီ။ သူတို့သူငယ်ချင်းတွေ အရက်ဝိုင်းဖွဲ့မိလို့ နဲနဲလေး အရှိန်ရလာပြီဆိုရင် ဦးတည်မိသည့်အရာ နှစ်ခုသာရှိနေတတ်သည်။ ထိုအရာနှစ်ခုကား ဘာသာရေးနှင့် နိုင်ငံရေး။ ဒါကို မောင်ကကြီး ဘ၀င်မကျဖြစ်နေခြင်းပင်။ သူတွေးကြည့်မိသည်။ သူတို့တတွေသည် ရဲဆေးမတင်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် မဆိုဝံ့ကြပြီလော။
+++
သွားရိုးသွားစဉ်အတိုင်း ဘယ်ဘက်ချိုးရမည်ကို မချိုးဘဲ၊ ညာဘက်သို့ ကွေ့ထွက်သွားသော လူငယ်လေးကိုကြည့်၍ လမ်းဆုံလမ်းခွမှ လူကြီးနှစ်ဦး စကားဆိုနေကြသည်။
“ဒီကောင်လေးတော့ လမ်းလွဲသွားပြီ၊ ဒုက္ခရောက်တော့မယ်ဗျို့”
“အမှန်ပဲဗျ၊ သူကွေ့ထွက်သွားတဲ့လမ်းက ဘယ်သူမှ သုံးကြတာမဟုတ်ဘူး”
ထိုစဉ် လူငယ်လေးရှေ့မှ ဆူးညှောင့်ခလုတ်များ ဘွားခနဲပေါ်ထွက်လာရာ လူကြီးနှစ်ဦးသည် စုပ်တသပ်သပ်နှင့် မျက်နှာလွှဲ ကျောခိုင်းသွားကြလေသည်။ ဆူးညှောင့်ခလုတ်များကို ကျော်လွှားပြီးသွားသော လူငယ်လေးရှေ့မှ ရောင်သွေးစုံလင် ရှုတိုင်းယဉ်လှသော ပန်းဥယျာဉ်ကြီး ပေါ်ထွက်လာသည်ကိုမူ ထိုလူကြီးနှစ်ဦး တွေ့မသွားရှာချေ။
+++
“ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။ ဟုတ်တယ်မို့လား ”
လိုင်စင်ခပ်များများ ပိုင်ဆိုင်ထားသော သူဌေးကြီးက ကားသော့ကို လက်တွင်ဝှေ့ယမ်း၍ သူ့မိတ်ဆွေများကို စကားဆိုသည်။ သူတို့ ဘီယာဆိုင်သို့ သွားကြမည်ဖြစ်သည်။ ထမင်းမစားခဲ့ရသေးသော ထွန်တုံးပေါ်မှ လယ်သမားတစ်ဦးအဖို့မူ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု ထိုသူဌေးကြီးကဲ့သို့ လွယ်လွယ်နှင့် နှလုံးသွင်းနိုင်အံ့မထင်။
+++
“ခင်ဗျားတို့က အသက်မရှိတော့တဲ့ အလောင်းကိုတောင် ဘာဖြစ်လို့ ခဲရာခဲဆစ် တက်ဆွဲနေကြတာလဲဗျ။ ထားခဲ့လိုက်လို့ မရဘူးလား”
လူတစ်ယောက်က စစ်သားတစ်ယောက်ကို မေးနေခြင်းဖြစ်သည်။ စစ်သားက ဖြေးဖြေးဆေးဆေး ပြန်ပြောသည်။
“အသက်ပဲ မရှိတော့တာပါဗျာ။ သူလုပ်ခဲ့တဲ့ အရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့လေ လူကောင်းသူကောင်းတွေကိုတော့ အလွယ်တကူ စွန့်မပစ်ထိုက်ပါဘူးဗျာ”
+++
“ခင်ဗျားတို့ ကဗျာအသစ်အဆန်းတွေကို ကျနော်နားမလည်ဘူးဗျ။ စကားလုံးတွေကလဲ ရှုပ်ရှက်ခတ်နေတာပဲ။ အယုံအကြည်လဲ မရှိဘူး”
ရူပဗေဒပညာရှင်တစ်ဦးက ပြောသည်။ ထိုအခါ ကဗျာဆရာကလည်း-
“အက္ခရာတွေ၊ သင်္ကေတတွေ၊ ကိန်းဂဏန်းတွေနဲ့ ပြွတ်သိပ်နေတဲ့ ရူပဗေဒ အီကွေးရှင်းတွေကို ကျနော်လဲ နားမလည်ပါဘူး။ ဒါပေမဲ့ ဆရာရဲ့ပညာရပ်အပေါ် ကျနော် ယုံကြည်ပါတယ်။ ကျနော်က မယုံကြည်ဘူးဆိုရုံနဲ့လည်း ရူပဗေဒ အမှန်တရားဟာ ပျောက်ပျက်သွားမယ် မထင်ပါဘူး” ဟု ဆိုလေသည်။
+++
မေး။ ဘာဖြစ်လို့ ကဗျာရေးနေတာလဲ။
ဖြေ။ ဘာဖြစ်လို့မှ မဟုတ်ပါဘူး၊ ရေးချင်လို့ ရေးနေတာပါ။
မေး။ ကဗျာတွေကို ဘာအတွက်ရည်ရွယ်ပြီး ရေးပါသလဲ။
ဖြေ။ ဘာအတွက်တွေ၊ ညာအတွက်တွေက ကိုယ်ပြောရမဲ့အလုပ်မဟုတ်ဘူး၊ ကိုယ်ရေးလိုက်တဲ့ကဗျာတွေက သူ့အလိုလို ပြောသွားမဲ့အလုပ်လို့ ထင်ပါတယ်။
+++
မေး ။ အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။
(၁) …………….
(၂) …………….
(၃) …………….
(၄) …………….
စာဖြေကျောင်းသားတို့ကား ၁ မှ ၄ အထိသာ ဘောင်ခတ်၍ စဉ်းစားကြကုန်၏။ အကယ်၍ ဆရာသည် မည်သည့်နံပါတ်ကိုမျှ အဖြေမှန် ထည့်မထားခဲ့သည်ရှိသော်….။
ညိမ်းညို

18 comments:
ဘယ်လိုလဲကဗျာဆရာ..၀တ္ထုပါရေးနေပီပေါ့လေ..
ဘာရေးရေးအားပေးနေပါတယ်..စာလည်းကြည့်အုံးနော်
.. :) :ilu
အတွေးအခေါ်ပိုင်းဆိုင်ရာ မှတ်စုလေးတွေ ဂရုတစိုက် ဖတ်
မှတ်သွားတယ် ဘရို ။ ကျေးဇူးပါ။ :)
သဘောကျတယ်
ဒါမျိုးလေးတွေလည်း ဆက် ရေးပါဦး
နံပါတ် ၃ ကိုရွေးတယ်း) အဖြေမှန်မှထည့်မထားတာ ဘောင်ခတ် ခံရရင်တော့ မုန်းစရာ မွန်းကြပ်တယ်။
ကြိုက်တယ်ညီ။ ဒါကိုတော့ အကြိုက်ဆုံးပဲ။
"သူတို့တတွေသည် ရဲဆေးမတင်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် မဆိုဝံ့ကြပြီလော။"
်စာစုလေးတွေကောင်းလိုက်တာအစ်ကိုရာ....
ကဗျာဆရာက ဒီလိုလဲ ရတယ်နော်..။ ကောင်းတယ်..။ ဘိုညိမ်း.. ဆက်လျှောက်...။
တကယ်မိုက်တယ်.. အတွေးအခေါ်မှတ်စု...။
အိုးခြမ်းပဲ့လေးတွေ ထပ်စုထားပါဦး..။
တွေးစရာတွေသယ်သွားပါတယ်ဗျ
ထိုအရာနှစ်ခုကား ဘာသာရေးနှင့် နိုင်ငံရေး။ ဒါကို မောင်ကကြီး ဘ၀င်မကျဖြစ်နေခြင်းပင်။ သူတွေးကြည့်မိသည်။ သူတို့တတွေသည် ရဲဆေးမတင်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် မဆိုဝံ့ကြပြီလော။ .......ဟဟဟ နယ်သား ငါကတော့ အချိန်မရွေးဘူးဗျ။
ငါကတော့ မင်း အိုးခြမ်းပဲ့နဲ့ ထွေပစ်မယ်။ ဟဲဟဲ
ဖတ်လို့ ကောင်းတယ် ပညာလည်း ရပါတယ်
အားပေးလျက်ပါ
အိုးခြမ်းပဲ့လေးတွေတော့ ကောက်သိမ်းသွားပြီဗျာ..
chicken soup for the soul လို့ပဲလိုက်ပြောမလား..
တကယ်ကောင်းတဲ့ မှတ်စုလေးတွေပဲ..
:)
မိုက်တယ်ဟေ့ ညိမ်းညိုရေ... :)
ဘိုညိမ်းရေ ကြိုက်တယ်ကွာ
အစ်ကိုရေးတာလေးကိုနှစ်သက်စွာဖတ်သွားတယ်နော်..
ကောင်းတယ် ညီလေးရေ.. အတွေးလေးတွေလှတယ်..
Post a Comment