12 August 2007

ဆောင်း

စိမ့်အေးမှုဟာ သူ့သွားနဲ့
တို့ရဲ့အရိုးကို ကိုက်ထားတယ်
ရတုဦးဟာ
ပြာနှမ်းနှမ်း ယိုစီးလို့
ကောင်းကင်မှာ
နေမင်းဟာအခဲပြုလို့
မြောက်လေရဲ့ တောင်ပံစိုစိုမှာလည်း
နှင်းဆီရနံ့ အစက်များပြောက်စွန်းလို့
နှင်းကြောင့် ငွေရောင်ပျော်ဝင်နေတဲ့ မနက်ခင်းဟာ
(အသံအေးခဲ) တေးမြုံငှက်များနေရာ
မိုးမခပင် အရွက်များအကြား
လဲကျလို့သွားပေါ့
အရာဝတ္တုတိုင်းဟာ
အေးစက်မှုမှာ လောင်ကျွမ်း
ငြီးငွေ့ ဖွယ်ရာ တွန့်လိမ်
မြူထဲမှာ ဆိတ်ငြိမ်နေရဲ့ ..။

သစ္စာနီ

ဇာတ်ပျက်

ဘယ်အတိမ်း
ညာယိမ်းဖို့ခက် ။

ညာအတိမ်း
ဘယ်ယိမ်းဖို့ခက် ။

မတိမ်းတတ်
မထိန်းတတ်တဲ့ကျွန်တော်
ယိမ်းဇာတ်နဲ့လွဲချော်ပြီး
ပွဲတော်ထဲက ထွက်ခဲ့တယ် ။

မောင်လှမျိုး(ချင်းချောင်းခြံ)

နွားကျောင်းသား

တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့ ။

အိုအောင်

မြစ်ကျိုးအင်း

ပင်လယ်ဆီမသွားတော့ဘူး
ဟောဒီမှာ
ကိုယ်ရပ်နားခဲ့တဲ့ချိုင့်ဝှမ်းလေးကိုခင်တွယ်လို့
ရင်ဘတ်ထဲကရင်ခုန်သံရယ်
ရေကြည်မြက်နုရာရှင်သန်မှု
ကိုယ်ပြုစုရမယ့်ပတ်ဝန်းကျင်မှာ
တန်ဖိုးတစ်ခုတင်ကျန်ခဲ့ရင်ပဲကျေနပ်လှပြီ…။
မေးခွန်းများစွာကိုဖြေကြားဖို့မလိုတော့ဘူး
ထုံအချင်ယောင်ဆောင်လိုက်တော့မယ်
ကိုယ်ကိုယ်တိုင်မမျော်လင့်တော့တဲ့
လှိုင်းတံပိုးတွေအတွက်
မာနတက်နေဖို့မလိုတော့….။

မိုးလှိုင်ည

အလွမ်းများရဲ့ အိတ်ဖွင့်ပေးစာ

မြူခိုးတွေဝေနေတဲ့မနက်မှာ ကံ့ကော်တွေကသူရဲ့ ရနံ့တွေနဲ့
နွေဦးကိုပစ်ပေါက်လိုက်တယ်…..။
ဖြည်းညင်းစွာတိုက်ခတ်လာတဲ့လေပြည်တွေရဲ့နောက်မှာတော့
ရွက်ဝါတွေလှုပ်လီလှုပ်လဲ့ပေါ့…..။
အဲဒီလိုနဲ့မကံ့ကော်ကိုသတိရခြင်းတွေသီးပွင့်လာခဲ့ပြန်ပြီ…..။

ဘယ်လိုမှသီးပွင့်ခွင့်မရခဲ့တဲ့ မကံ့ကော်နဲ့ကျွန်တော်တို့ချစ်ခြင်းကို
လွန်ခဲ့တဲ့အတိတ်တစ်ခုမှာ ကျွန်တော်တို့အတူစိုက်ပျိုးခဲ့ကြဖူးတယ်..။
ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ရင်ခုန်သံကိုယ်စီနဲ့ ကျွန်တော်တို့မျက်ဝန်းတွေက
အဓိပ္ပါယ်ပြည့်စုံခဲ့တာပဲ...မကံ့ကော်။

ဘ၀ကိုဘ၀နဲ့ရင်းဝယ်ဖို့ကျွန်တော်တို့တွေလက်တွန့်ခဲ့ကြလို့
ခံစားချက်ဘေးဖယ်ပြီးလူသားပြီတဲ့ဝါဒလိုက်လျောညီထွေနေတတ်ကြတာပဲ
ဘယ်တော့မှပြန်မရနိုင်တော့မှသာ သတိရခြင်းသေတ္ပ္တာကိုမကြာခဏထုတ်
ဖွင့်ကြည့်တတ်ကြပေါ့…..။မသင်ပဲတတ်ခဲ့ရတဲ့ အသက်မကချစ်ခြင်းဆိုရင်မမြင်ပဲ
သိခဲ့ရတဲ့အသိကအလွမ်းတွေပဲရှိမှာပါ မကံ့ကော်……..။နွေဦးကတော့ဖိတ်စာမပါပဲ
ရောက်ရှိလာပြန်ပြီ…..ကျွန်တော်ကဘယ်လိုများနှင်ထုတ်ငြင်းဆန်ရက်မှာလဲ
ကျွန်တော့်ရင်ထဲမှာလည်း နှလုံးသားကိုထမ်းပိုးထားခဲ့ရတယ်လေ…..။

ရှင်သန်ခဲ့တဲ့ရာစုနှစ်တွေကဆင်ခြင်မှုတွေနဲ့အဆိပ်သင့်ခဲ့ရတယ်…..မကံ့ကော်
ဘယ်သူ့မှာတာဝန်ရှိမှန်းမသိပေမဲ့
ကျွန်တော်တို့ဆီမှာတော့အိပ်မက်တွေမရှိတော့ဘူး။
တကယ်တော့မကံ့ကော်ရယ် ချစ်ခြင်းဆိုတာကြယ်တံခွန်လိုပါပဲ……..ခဏလေးမြင်တွေ့ရဖို့နှစ်ပေါင်းများစွာစောင့်စားခဲ့ရပြီး…….
ကိုယ်ဆီကကျော်ဖြတ်သွားတဲ့အခါ ဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာ
သေချာနေခဲ့ပြန်ပြီ…..ကျွန်တော့်ရင်ထဲမှာတော့အလွမ်းနဲ့ရင့်မှည့်ခဲ့တဲ့
နှလုံးသားဆိုတဲ့သစ်သီးတစ်လုံး မကံ့ကော်စာသုံးဖို့အတွက်တဲ့
ချိုမချိုဆိုတာကြိုတင်မပြောပြနိုင်ပေမယ့် မကံ့ကော်အတွက်
သီးသန့်ဖြစ်ကြောင်းကိုတော့ ကျွန်တော့်ဘ၀တစ်ခုလုံးကို
လောင်းကြေးထားဖို့အသင့်ပါ…….။ဇုံခွဲခြမ်းပြီးကတည်းက
ကျွန်တော့်ကိုယ်တစ်ခြမ်းဟာမကံ့ကော်ဖြစ်လာတာပါ
မကံ့ကော်ရင်ထဲကိုပြန်မေးကြည့်ပါ...
နှလုံးသားထဲမှာကျွန်တော်အမည်ရှိနေလိမ့်မယ်…။

ဒါဆိုရင်သေချာသွားပြီ
အချစ်ဆိုတာထောင်ချောက်တစ်ခုသာမဟုတ်ပါစေနဲ့
ကျွန်တော်ဆီမှာနွေဦးနဲ့အတူလွမ်းနေခွင့်တွေရှိသေးတယ်………….

မိုးလှိုင်ည

ယေဘုယျဝိညာဉ်

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
င်းလက်ထဲကပြောင်းက
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက ..တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။

ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။

ငါက ... သာမညလူ .. ။
ငါက ... ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ ... ။

ဘယ်သူကမှ မသိဘူး ဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။

(ဒီဇင်ဘာ + ဇန္န၀ါရီ ၁၉၉၇+၉၈)
တာရာမင်းဝေ

11 August 2007

ကာလနဂါး

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

“ဘ၀..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး ။

အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့ စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။

မင်းခိုက်စိုးစန်