28 March 2009

ဇောက်ထိုးကောင်၏ မှတ်စုများ

တစ်ခါက ဇောက်ထိုးကောင်ကဗျာတွေ ရေးဖြစ်ခဲ့ပါတယ်။ ဘလော့စာမျက်နှာ အရှေ့ပိုင်းမှာလည်း တင်ခဲ့ဖူးပါတယ်။ အခုနေပြန်စုတော့ ၇ ပုဒ် အဖတ်တင်နေတာမို့ အဲဒီ ဇောက်ထိုးကောင်တွေကို စုပြီး ဖော်ပြပါရစေ။ ကျေးဇူးတင်ပါတယ်။

ဇောက်ထိုးကောင်၏ မှတ်စုများ

လမ်းကတော့ ချော်နေပြီ
ကိုယ်တိုင်ထွန်းညှိပြီးလင်းချင်တဲ့ ငါနဲ့
ငါ့ကို ထွန်းညှိပေးချင်တဲ့သူတွေ
ကြာလာတော့ သဟဇာတမကျ ။

ခင်းထားတဲ့ လမ်းအတိုင်းမလျှောက်တဲ့ အခါ
ငါ့ကို အမည်နာမအမျိုးမျိုး ပေးလိုက်ကြ
ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ထားပြီးသား
"အလကားကောင်"

အလကားကောင်ကြီး
အလကားဖြစ်နေတာကို
အလကားသက်သက် စိတ်ပူမနေကြပါနဲ့
ခင်ဗျားတို့ သိဒ္ဓိတင်မပေးလေ
ကျွန်တော်က ပိုပြီးနှစ်ခြိုက်လေ..။

ဇောက်ထိုးကောင်၏ မှတ်စုများ (၂ )

စနစ်တကျ
ကျွမ်းကျင်လိမ္မာ ပိရိသေသပ်လှသော ပါးစပ်များနဲ့
စကားလုံးများကို ရှုံ့ချည်နှပ်ချည်
ကြက်ပေါင်ကွင်းလို ကျုံ့လိုက်ဆန့်လိုက်
ပရိယာယ်၊ အတတ်ပညာ၊ နည်းဗျူဟာ ခေါင်းစဉ်တွေအောက်
လိမ်ခဲ့ရင်တော့ လိမ်တာပဲပေါ့
ညာတာကတော့ ညာတာပဲပေါ့
ဝိနည်းလွတ်အောင်ပဲ ရှောင်ရှောင်
အာပါတ်လွတ်အောင်ပဲ ပြောပြော
စကားလုံးတွေ ဖောင်းပွတဲ့ဒဏ် မခံနိုင်တော့ဘူး
နလဗိန်းတုံးတဲ့ ဒဏ်ကိုပဲ ခံလိုက်တော့မယ် ။

ဇောက်ထိုးကောင်၏ မှတ်စုများ (၃)


တစ်ခါတစ်ခါ
ဝေ့လွန်းဝိုက်လွန်းရင်
လမ်းစပျောက်,ပျောက်သွားတတ်လို့
ရိုင်းချင် ရိုင်းပါစေကွာ
ငါ့ကို ..ဒဲ့ဒိုးသာ ပြောကြ
ဟား..ဟား
အဲဒီလို ပြောကြတဲ့အခါ
ငါ့အဖို့ နားဝင်သိပ်ချိုတယ်ပ ။

ရင်ထဲကမဟုတ်တဲ့ စကားတွေ
လာ,လာ မပြောစမ်းနဲ့ကွာ
ဓါးမိုးပြီး ယုံခိုင်းရင်တောင်
ယုံရမှာ ပျင်းလို့ ..။

ဇောက်ထိုးကောင်၏ မှတ်စုများ(၄)

အခုတလော တော်တော်ခေတ်စားနေတယ်
ရောဂါက
လာ တရားနာသွားရအောင်တဲ့..
နိဗ္ဗာန်ဆော် ဇာတ်ကြောင်းတစ်ပုဒ်နဲ့
ဆုလာဘ်ကို အသေအလဲမျှော်ကိုးကြတဲ့အခါ
ငါ့မှာ စားကောင်းခြင်းမစားရ
အိပ်ကောင်းခြင်း မအိပ်ရ
လူကြားကောင်းမဲ့ စကားတွေကို
ရွေး,ရွေးပြီး ကျက်နေရတယ်
နေလည်းအတော်မြင့်လှပါပြီ
ကိုယ့်လမ်းကိုသာ
ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်လိုက်ပါတော့
ကိုယ့်ခရီးကိုသာ
ကိုယ့်ထီးနဲ့ကိုယ် မိုးလိုက်ပါတော့
မင်းကသာငါ့ကို
အတင်းကာရောကြီး လာမဆုံးမဘူးဆိုရင်
နားမထောင်ဘူး ဆိုတဲ့အပြစ်လည်း
ငါ့မှာမရှိတော့ဘူးပေါ့ကွယ်..။

ဇောက်ထိုးကောင်၏ မှတ်စုများ(၅)

ကျမ်းစာအုပ်ကြီးကို ရှိခိုး
စာလုံးတွေကို ဒိုးဒိုးဒေါက်ဒေါက် ရွတ်မပြပါရစေနဲ့
ကျမ်းစာအုပ်ကြီးကို ခေါင်းအုံးအိပ်
တိုးတိုးတိတ်တိတ်ကလေးလည်း ဆွံ့ အမနေပါရစေနဲ့
စာအုပ်ကြီးရဲ့ ကိုယ်ထည်အတွင်းသားကို ဖြတ်သန်းခံစား
ငါလင်းပွင့်သလိုသာ ဖတ်ပါရစေ
ငါမှတ်ချင်တာတွေကို မှတ်ထားလိုက်မှာပေါ့
ကျန်ချင်တာတွေလည်း ကျန်ခဲ့မှာပေါ့
ချန်ချင်လို့ ချန်ခဲ့တာတွေလည်း ရှိဦးမှာလေ
စာအုပ်ကြီးကဖြင့် စိတ်မဆိုးတန်ရာ
စီးဆင်းမှုတိုင်းကတော့ သူ့သီချင်းနဲ့သူပေါ့ကွယ်..။

ဇောက်ထိုးကောင်၏ မှတ်စုများ (၆)

ငါ့မှာ အစွယ်လည်းမရှိဘူး
လက်သည်းလည်းမရှိဘူး
လူတစ်ယောက်အဖြစ် ရပ်တည်နေသေးတယ်ဆိုတဲ့သင်္ကေတ
ထိပ်ကိုပုတ်ရင်တော့ ခေါင်းထောင်လာတတ်ပါသေးတယ်
မငိုကြေး မရယ်ကြေးလေ
ငါကိုက သမိုင်းသင်ခန်းစာတွေကို မကြေညက်ခဲ့တာထင်ပါရဲ့
ဟုတ်တာပေါ့ ... ပြဿနာတိုင်းသာ
သံခင်းတမန်ခင်းသက်သက်နဲ့ ဖြေရှင်းလို့ရခဲ့မယ်ဆိုရင်
ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ဘယ်ရှိလိမ့်မလဲ
ကဲဗျာ.."ခင်ဗျားတို့ကို စိန်ခေါ်တယ်"
အပေအတေလေလွင့်နေစဉ်ဖတ်ခဲ့ဖူးတဲ့ စာတစ်အုပ်ရဲ့ခေါင်းစီး
အဲဒီမှာ ကျစ်ဆံမြီးလိုတွယ်ငြိနေတဲ့ စိတ်
မိအောင်ဖမ်းချိတ်ချင်သပဆိုရင်လဲ ချိတ်ကြပေရော့။

နှုတ်ဆိတ်သွားတဲ့ ဇောက်ထိုးကောင်

သူငယ်ချင်းရယ်
စကားလဲ ကုန်ပါပြီကွာ
မင်းမှာထမ်းထားရတဲ့ "၀န်" ကြီးကလည်း
ကျပ်တည်းလေးလံလိုက်တာ..
အရှိဟာ အရှိလေးပေါ့
အသိဟာ အသိလေးပေါ့
ဘာဖြစ်လို့ ကဗ္ဗည်းတွေလိုက်ထိုးနေမှာလည်းကွာ
လေညင်းက လေညင်းလိုတိုက်ခတ်သွားလိမ့်
မြစ်တစ်စင်းက မြစ်တစ်စင်းလို စီးဆင်းသွားလိမ့်
တောင်တွေက တောင်တွေလို ရပ်တည်နေလိမ့်
ငါတို့ မပါဝင်ခဲ့သည့်တိုင်အောင်...။

"ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်" တဲ့
တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲမှာ
ပျော်ဝင်ညွှတ်နူးမိဖူးရဲ့ ကွယ်
သံသရာကိုဆွဲဆန့်စေတဲ့ တဏှာတွေထဲမှာ
ကဗျာတွေ စာတွေလည်းပါတာမို့
သူငယ်ချင်းက မဖတ်ဖူးနော်
အေးကွယ်..
ငါကလည်း ကဗျာရဲ့ ရင်ချင်းဆက်ဘာသာဗေဒထဲမှာမှ
အသံတွေကို အသက်သွင်းတတ်တဲ့ကောင်ဆိုတော့
တို့တောအုပ်ကို ဒီမှာပဲ ငြိမ်းမှုတ်လိုက်ကြစို့ရဲ့ ..။

ညိမ်းညို

22 comments:

Anonymous said...

သဟဇာတဘယ်သူနဲ့ မကျပေမဲ့ ဒီကနဲ့ တော့ကျအောင်နေနော်.. :P

Anonymous said...

ဇောက်ထိုးကောင်(၂) အတွက်...
ပိရိသေသပ်လှသော ပါးစပ်များနဲ့
စကားလုံးများကို ရှုံ့ချည်နှပ်ချည်
ကြက်ပေါင်ကွင်းလို ကျုံ့လိုက်ဆန့်လိုက်
ပရိယာယ်၊ အတတ်ပညာ၊ နည်းဗျူဟာ ခေါင်းစဉ်တွေအောက်
လိမ်ခဲ့ရင်တော့ လိမ်တာပဲပေါ့
ညာတာကတော့ ညာတာပဲပေါ့
ဝိနည်းလွတ်အောင်ပဲ ရှောင်ရှောင်
အာပါတ်လွတ်အောင်ပဲ ပြောပြော
စကားလုံးတွေ ဖောင်းပွတဲ့ဒဏ် မခံနိုင်တော့ဘူး
မရဘူးလေ
လူလောကမှာနေရင်တော့အနည်းအများတော့ကြုံရမှာဘဲ..အားတင်းထား
:P :p

Anonymous said...

ဇောက်ထိုးကောင်ရဲ့ မှတ်စု(၃)အတွက်
ယုံရမှာ ပျင်းလို့ ...ဒါဆိုယုံနဲ့ လေ.... :P

Anonymous said...

ဇောက်ထိုးကောင်ရဲ့ မှတ်စု(၄)အတွက်
မင်းကသာငါ့ကို
အတင်းကာရောကြီး လာမဆုံးမဘူးဆိုရင်
နားမထောင်ဘူး ဆိုတဲ့အပြစ်လည်း
ငါ့မှာမရှိတော့ဘူးပေါ့ကွယ်..မဆုံးမရဲပါဘူးကွယ်
:) :)

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဇောက်ထိုးကောင်ရဲ့ မှတ်စု(၅)အတွက်
စာအုပ်ကြီးကစိတ်ဆိုးဘူးတဲ့ သိလား :P

Anonymous said...

ဇောက်ထိုးကောင်ရဲ့ မှတ်စု(၆)အတွက်
ချိတ်မှာပဲ ..ရဘူး.. :) :)

Anonymous said...

ဇောက်ထိုးကောင်ရဲ့ မှတ်စု(၇)အတွက်
သဘော..သဘော...ကဗျာဆရာသဘောပါပဲ..။
:P :P

Anonymous said...

ဇောက်ထိုး (၆) ကိုကြိုက်တယ် ။

GreenGirl said...

အစ်မလည်း ၆ ကိုကြိုက်တယ် :)

Anonymous said...

နယ်ရေ စုစုစည်းစည်းလေးပြန်တင်ထားတာ ကျေးဇူး
ဖတ်ရတာတွေကတော့ ကဗျာတိုင်းမှာ ခံစားမှုတမျိုးစီရလိုက်တယ် :)
ဇောက်ထိုးကြီးလုပ်မနေနဲ့ဦးနော် တွဲလောင်းကြီးဖြစ်နေဦးမယ် :P
ကောင်းသောနေ့နယ် :)

လင်းဒီပ said...

တစ်စုတစ်စည်းထဲ ပြန်ဖတ်လို့ရလို့ ဝမ်းသာတယ်ညီလေး...

အိန္ဒြာ said...

ကဗျာဆရာ စစ်စစ်တစ်ယောက်

တွေ့ပြီ........

Mhaw Sayar said...

ဇောက်ထိုးကောင် (၇) ကောင်ကိုဖမ်းသွားတယ်။ အခန်းထဲက မျက်နှာကျက်မှာ ချိတ်ဖို့။ :)

အိုင်လွယ်ပန် said...

ဇောက်ထိုးကောင် (၄) နဲ့

နှုတ်ဆက်သွားတဲ့ဇောက်ထိုးကောင်ကို

ရင်ထဲအရောက်ဆုံးပဲ ....

စုစည်းပေးတဲ့အတွက်ကျေးဇူးဗျာ .....


ကောင်းသောနေ့ကိုညိမ်းရေ ........

MANORHARY said...

ဇောက်ထိုးကောင် ကဗျာတွေသေချာဖတ်ဖို့ ကူးယူသွား
ပါတယ်။

Anonymous said...

ကောင်းလိုက်တဲ့ ဇောက်ထိုးကောင်၏မှတ်စုများ...။
နှစ်လို အားရစွာ ဖတ်သွားတယ်။

Unknown said...

(၁) နဲ့ (၄) ကိုကြိုက်၏

ကြယ်ပြာ

လုလင်ငယ်သွေး said...

ဇောက်ထိုးကောင် ၄ ကို ကြိုက်သဗျ။ တရားပွဲတွေ မြန်မာပြည်မှာ ခေတ်စားနေတော့ လာခေါ်ရင်
တစ်ခါတစ်လေ အဲလိုပြန်ပြောချင်တယ်။

မသက်ဇင် said...

"ဇောက်ထိုးကောင်၏ မှတ်စုများ"

အားလုံးကြိုက်တယ်-ကဗျာဆရာ--

SoeMoe said...

မှတ်စုတွေအားလုံးကြိုက်တယ် ..

ဖြိုးငယ် said...

အခုလို အတွဲလိုက်ဖတ်ရတာ ကျေးဇူးပဲဗျို့ ..
တော်တော်များများကိုကြိုက်တယ်ဗျာ