5 June 2010

အမေရိကားက မခင်နှင်းဆီ

ငါ့မခင်နှင်းဆီဟာ အဖူးအပွင့်တွေတဝေေ၀နဲ့
နွေဦးမှာ လှနေရှာတော့မယ်
ငါ့ဆီမှာတော့ ခြောက်သယောင်းသောနွေဦး။

တစ်ယောက်တည်းရှိနေရတဲ့အဖြစ်ဟာ
ဘယ်လိုမှ ပျော်စရာမကောင်းပါဘူး
ငါ့မခင်နှင်းဆီဟာ
ကမ္ဘာကျော်ရေမွှေးနံ့တွေကြား
သဲတရှပ်ရှပ် ငါ့ဖြတ်သွားဖြတ်လာခြေသံတချို့ ကို
ကြားမိပါစ
ဒေါက်မြင့်ဖိနပ်တွေရဲ့ ခွာသံတဖျောက်ဖျောက်ကြား
ငါသွေးပေးတဲ့ ကရမက်ရနံ့ကို
သင်းပျံ့မိပါစ။

ဟဲလို
တိုးတိုးတိတ်တိတ် ဆွံ့အ
ငါ့မခေါ်ဆိုရဲတဲ့ ဖုန်းနံပါတ်တစ်ခုအတွက်
မခင်နှင်းဆီရဲ့အသံလေး ၀ါယာကြိုးထဲ အိပ်ပျော်နေတော့မယ်။

ငါတို့နှစ်ယောက်အတွက်
ချစ်ခြင်းမေတ္တာဆိုတာ
မီးပူတိုက်ပြီးတစ်ကြိမ်မှ ထုတ်မ၀တ်ရသေးတဲ့ အင်္ကျီတစ်ထည်
သံယောဇဉ်ခေါက်ရိုးကြောင်းရဲ့ လှိုင်းအလျားပေါ်
ကြေကွဲမှုဟာ တိတ်တိတ်လေးတက်ထိုင်နေခဲ့တယ်
အဝေးကြီးထွက်သွားတယ်ဆိုတာ
အနီးဆုံးမှာရှိမနေတော့တာပဲ မဟုတ်လား။

ညညလူခြေတိတ်ပြီဆို
ငါဟာ မခင်နှင်းဆီရဲ့ဓာတ်ပုံလေးကို
စက်ယန္တရားတစ်ခုလို သတိကြီးကြီးထားပြီးကိုင်တွယ်
မပြယ်တဲ့ ရနံ့အဆွေးတွေနဲ့ အတိတ်ကိုတူးဆွမိတော့တာပဲ
အဲဒါ “သတိရတယ်” ခေါ်တာလားကွယ်။

ဇာတိရနံ့တွေထဲမှာ
ငါက ကွန်ဆာဗေးတစ်ဆန်ဆန်
အခု ဒီကဗျာမင်းဆီပျံသန်းလာခြင်းအားဖြင့်
ယနေ့ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ပါရဲ့။

မခင်နှင်းဆီရေ
မင်းခြေပြန်မချလိုတဲ့ မြေကြီးကိုမှ
ငါက ဆတိုးပြီးချစ်နေရ
ဗီလိန်မပါဘဲ ဝေးရတယ်ဆိုလည်း
ဇာတ်မပေါင်းရတာချင်းတော့ ငါတို့တူခဲ့တယ်။

မခင်နှင်းဆီရေ
မြစ်ဆိုတာ ပင်လယ်ဆီဆိုက်ရောက်ရမယ်
လူတစ်ယောက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
သူရဲ့ပင်လယ်နဲ့တူတဲ့မိန်းမတစ်ယောက်ဆီ
စီးဝင်ဆိုက်ရောက်ခွင့်ရှိတယ်မဟုတ်လား
အဲဒီလူတစ်ယောက်ဟာ ငါကွဲ့
သတိရခြင်းကမ်းပါးနှစ်ဖက်နဲ့
ငါ့မြစ်ကြောင်းကို ငါကိုယ်တိုင်စီးနင်းလာခဲ့တာပေါ့
နက်ရှိုင်းတဲ့အိနြေ္ဒနဲ့ ပင်လယ်ဟာလှိုင်းထန်လို့မရဘူးလေ။

ဒီလိုပါပဲ မခင်နှင်းဆီရေ
ငါက လှိုင်းတွေသိမ်းရင်း လာတဲ့မြစ်
အဲဒီမြစ်ကြောင်းဟာ
သူချစ်တဲ့ပင်လယ်ကြီးထဲ
တဖျတ်စာအငေးတစ်ကွက်ရရုံနဲ့
ကိုယ့်ကိုယ်ကို မြုပ်နှံပစ်ဖို့ လုံလောက်ပြီတဲ့။

မခင်နှင်းဆီရေ
အမေရိကားရဲ့ နွေဦးလေပြေထဲ
ပန်းပေါင်းတစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
မနက်ဖြန်ရဲ့နေရောင်ခြည်ထဲ
အိပ်မက်တစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ…ရွှင်လန်းချမ်းမြေ့ပါစေ…။

ညိမ်းညို

18 comments:

ငြိမ်းဝေ said...

စိုပြေလန်းဆန်းတဲ့
နွေဦး
ဆွတ်ခူး
ကြည်နူးနိုင်ပါစေ....။

Unknown said...

ကဗျာဆရာကြီး ဆွေးရိပ်တွေ သန်းပါပေါ့
အို မခင်နှင်းဆီရယ် နှင်းဆီး :)

လင်းဒီပ said...

ဂွတ်တယ် :)

Unknown said...

Mr.NyeinNyo,
You also ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ…ရွှင်လန်းချမ်းမြေ့ပါစေ…။

Unknown said...

ဟိုတစ်ချိန်မှာ..နာမည်ကျော်တဲ့
မခင်နှင်းဆီပေါ့...
အခုတော့...ကိုညိမ်းရဲ့မခင်နှင်းဆီ

Unknown said...

တိတ်ဆိတ်တဲ့ လမ်းအဝေးမှာ တစ်ယောက်တည်း ဆုတောင်းခဲ့ပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေ....။

မနုငယ် said...

သတိတစ်ချက်ရလိုက်ချိန်မှာ..စိတ်တွေကအပူခဲပေါ့
ခံစားချက်ထပ်တူပါ..ဆရာညိမ်း

မေဦးခင် said...

မြစ်ဆိုတာ ပင်လယ်ဆီဆိုက်ရောက်ရမယ်
လူတစ်ယောက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
သူရဲ့ပင်လယ်နဲ့တူတဲ့မိန်းမတစ်ယောက်ဆီ
စီးဝင်ဆိုက်ရောက်ခွင့်ရှိတယ်မဟုတ်လား⋯⋯

မေဦးခင် said...

အကြိုက်ဆုံးစာပိုဒ်ပါညိမ်းညို

အမြဲအားပေးနေပါတယ်

Maung Myo said...

မြစ်က စီးဆင်းခြင်ပေမယ့် ပင်လယ်က ကွေ့ကောက်သွားတယ်ထင်ပါ့ တစ်ခါခါတော့ အနာဂါတ်ဆိုတာဟာလည်း စိတ်ကူးတွေနဲ့ တစ်ခြားစီးဖြစ်သွားတတ်ကြတာပဲနော် ချစ်သောသူတိုင်းညားနိုင်ကြပါစေဗျာ ။

နေ့ သစ် said...

ဟိုအစ်ကိုကြီးရဲ့  ... မခင်နှင်းဆီ။

Mhu Darye said...

ဗီလိန်မပါဘဲ ဝေးရတယ်ဆိုလည်း
ဇာတ်မပေါင်းရတာချင်းတော့ ငါတို့တူခဲ့တယ်....။
.................................

နှစ်ခြိုက်အိပ်ပျော်သွားတာ သေချာပြီဆိုရင်လည်း
အလွမ်းကို အဆုံးထိ အသံတိုး ပေးလိုက်ကြတာပေါ့.....ကိုညိမ်းရေ

အကာအကွယ်မလုံတဲ့
ဝါယာကြိုးလေးက ရှော့ ရှိ နိုင် တယ်လေ။
မဟုတ်ဘူးလား။

း)

ahngai said...

ငါတို့နှစ်ယောက်အတွက်
ချစ်ခြင်းမေတ္တာဆိုတာ
မီးပူတိုက်ပြီးတစ်ကြိမ်မှ ထုတ်မ၀တ်ရသေးတဲ့ အင်္ကျီတစ်ထည်
သံယောဇဉ်ခေါက်ရိုးကြောင်းရဲ့ လှိုင်းအလျားပေါ်
ကြေကွဲမှုဟာ တိတ်တိတ်လေးတက်ထိုင်နေခဲ့တယ်
အဝေးကြီးထွက်သွားတယ်ဆိုတာ
အနီးဆုံးမှာရှိမနေတော့တာပဲ မဟုတ်လား။

တခါတလေတော့လည်း... ချစ်ခြင်းဆိုတာကို နားမလည်နိုင်တော့ပါဘူး... အဝေးဆုံး တနေရာကို ရွေးချယ်သူတွေ.. ရွေးချယ်မှု့တိုင်းမှာ ပျော်ရွင်နိုင်ပါစေလို့ ကျန်ရစ်သူတွေ ဆုတောင်းတတ်တာ ဓမ္မာဓါဘဲလေနော်..

Kyaw Nyo Thway said...

ဒီကဗျာလေး ယူသွားပါတယ်အကို ဘလောဂ့် ရဲ့ ဆိုဒ်ဘားမှာ တင်ချင်လို့ပါ။

Unknown said...

Really nice poem, love it much.

Unknown said...

Really nice poem, love it much.

Unknown said...

Really nice poem, love it much.

lwin said...

ဆွေးရိပ်သန်သန်နဲ့ ဒီကဗျာလေး သိပ်ကြိုက်တယ် ...