17 February 2010

မသူတော်တဦးရဲ့ တနေ့တာမှတ်တမ်းကြီး

အိပ်ယာကနိုးတာနဲ့ ငြီးငွေ့မှုကိုအရင်ခလုတ်တိုက်မိတာပဲ
ကော်ဖီဖျော်တယ် သတင်းစာဖတ်တယ်
(ဘာသတင်းစာဖတ်တာလဲ လာမမေးနဲ့
ကုလားကားထက်ပေရှည်တဲ့ တရုတ်ကားတွေ ကိုရီးယားကားတွေပေါ်ပေါ်နေတာ မကောင်းဘူးပဲ)
နိုင်ငံတကာသုံးဝေါဟာရလေး မတောက်တခေါက်ကျက်တယ်
ကဗျာလေးဘာလေးရေးဖြစ်ရင်တောင် နိုင်ငံတကာကသိအောင်ပေါ့
ဘာဘာညာညာ အဲသလိုမဖြစ်ညစ်ကျယ်အတွေးလေးလဲပါတယ်
(နိုင်ငံတကာစံဆိုတာ သူဌေးတွေစားတဲ့ ပေါ်ဆန်းမွှေးလိုဆန်လား)
ကိုယ့်စိတ်ကိုယ် ယင်မောင်းတယ် ယင်ခြောက်တယ်
သူတို့လာအုံလို့ ကိုယ့်မှာအနာရှိမှန်းသိရတာ၊ ကျေးဇူးတင်တယ်
ထမင်းမစားသေးဘူး ကဗျာတချို့စားတယ်
စားပြီးရင် ပက်လက်ကြီးလှန်ပြီး ကဗျာလုံးစီတယ်(ထမင်းလုံးစီတယ် ကြားဖူးလို့)
ကဗျာကြို့ထိုးတယ် ကဗျာလေချဉ်တက်တယ်
ဒါနဲ့ပဲ နေ့ကိုအလျားလိုက်ဆွဲဆန့်ပြီး ကဗျာနဲ့ပျင်းကြောရှည်တယ်
ညနေစောင်းတော့ ခြင်းကွင်းထဲရောက် ဘောလုံးကွင်းထဲရောက်
ကိုယ့်ခြေထောက်ထဲက ခြင်းလုံး(ဘောလုံး)ကို သူများဆီကန်ပို့
သူများခြေထောက်ထဲက ခြင်းလုံး(ဘောလုံး)ကို ကိုယ့်ဆီအော်ဟစ်တောင်း
ရှုံးရင်ထွက်ပေးရမယ်ဆိုတော့ တွန်းအားနဲ့
နိုင်ရင်ဆက်ကစားရမယ်ဆိုတော့ တွန်းအားနဲ့
တခါလောက် တွေးကြည့်ဖူးလား
ရှုံးလည်းထွက်မပေးရဘူး နိုင်လည်းဆက်မကစားရဘူးဆိုတဲ့အခါ
ဘယ်လိုတွန်းအားတွေ ရှိနိုင်သေးလဲ
မော်တော်တွေရေထဲတော့ သိတယ် ပျော်ပျော်နေသေခဲတော့ စဉ်းစားရဦးမယ်
မနက်ဖြန်ထမင်းစားဖို့ ဒီနေ့လည်းထမင်းစားလိုက်ဦးမယ်(ကြောင်တာ)
မနက်ဖြန်ကဗျာတွေဖတ်ဖို့ ဒီနေ့လည်းကဗျာတွေဖတ်လိုက်ဦးမယ်(ထပ်ကြောင်တာ)
ဂစ်တာမတီးဖြစ်တဲ့ညတွေဟာ အသံတိတ်ကြေကွဲနေလို့
ဘိုင့်ဘိုင် ချဲရီးယို။

ညိမ်းညို

မိုးပြိုတဲ့နေ့၊ ကျွန်ုပ်ဘာလုပ်မှာလဲနှင့် တနေ့ကုန်တော့ တညလာမှာပေါ့

မိုးပြိုတာမကြုံဖူးတော့ မိုးပြိုတဲ့ဒုက္ခကို မသိဘူးပေါ့
မိုးပြိုခဲ့ရင် ရှောင်လို့လွတ်မှာမဟုတ်ဘူးလောက်ပဲ
နွားခြေရာခွက်လေးထဲကနေ ခပ်တိမ်တိမ် ငါ တွေးခေါ်ခဲ့
တစ်တီတူးငှက်ကလေးတောင် ခြေထောက်နှစ်ချောင်းနဲ့ ကျားကန်ပြင်ဆင်ထား
မိုးပြိုမှာကြောက်တဲ့ငါက ဘာမှပြင်ဆင်မထားခဲ့ဘူးမို့လား
ဘယ်အချိန်မိုးပြိုမှာလဲဆိုတာ စပေါ့ရိုက်စရာမလိုတဲ့မေးခွန်းလို့
သူသူငါငါတွေးသလို ငါတွေးခဲ့တယ်မို့လား
(မအောင်မြင်မှုက အဲဒီလို သူခိုးသေဖော်ညှိရတာ ကောင်းတယ်)
အစွဲအလမ်းက မီးလောင်ရာ၊ တဖက်သတ်က လေပင့်တော့ မိုးကြီးတည့်တည့်ပြိုတာပဲ
ခုချိန်မှ ခြေထောက်နှစ်ချောင်း ထထောင်ရအောင်လည်း ကားယားကြီးဖြစ်မှာ ငါရှက်သေး
ထချည်ထိုင်ချည် ခုတင်ပေါ်လူးလှိမ့်၊ ကြေကွဲရတာအိနြေ္ဒမရဘူးပဲ
တုပ်ကွေးလေးမိပါစေတော့ ဒူးနှစ်လုံးကြားလက်ထည့်ပြီး တုပ်တုပ်ကလေးကွေးနေချင်တယ်
ဘုရင်ကြီးဒယ်ဂျိုယောင်းကားကြည့်တော့ သစ္စာရှိပုံတွေကမီးကုန်ယမ်းကုန်
ကိုယ်က အချိန်ရှိသလောက် သစ္စာဖောက်ဖို့ပဲစဉ်းစားနေတဲ့ကောင်ဆိုတော့ တုန်တောင်တုန်သွားတယ်
ကိုရီးယားတွေ တယ်ယဉ်ကျေးတာပဲ စကားများလွန်းတာလည်း ဖြစ်နိုင်သေးရဲ့
(ဒီအတောအတွင်း နေကောင်းပါရဲ့လား၊ ခရီးအဝေးကြီးလာခဲ့ရတာမို့ ပင်ပန်းကြပြီ)
ဘုရင်မင်းမြတ်သက်တော်ရှည်ပါစေလောက်ကို ထမင်းစားရေသောက်
ဒီလိုပါပဲ လွယ်လွယ်ပြောထွက်တဲ့စကားတွေဆိုတော့ လွယ်လွယ်ပြောရတာပေါ့
တနေ့ “ဒီလိုပါပဲ” ဟာ ဘာသာစကားမှာ အထွတ်အထိပ်ရောက်ဦးမယ်
အိုးတိုးအတ အူတိအူကြောင်အငိုက်မိသွားတဲ့အခါတွေ ဒီစကားလုံးက ကယ်တင်ရှင်ပဲ
အဓိပ္ပါယ်တသိန်းလောက် ကိုယ်စားပြုထားတော့ ပေါ့ပေါ့ပါးပါးပေါ့ “ဒီလိုပါပဲ”
မိုးပြိုလည်း တိမ်တွေခူးစားနေလိုက်တော့မယ်
ဝယ်ထားတဲ့အချဉ်တွေ အချဉ်ပေါက်သွားလည်း ဘာအရေးလဲ
ကိုယ့်ကိုယ်ကို တို့တို့မြည်းနေရတာနဲ့ သွားကြိမ်းနေမှပဲ
မှောက်ရက်အိပ်ကျောပေးနေတာ ငါ့ကိုမလေးစားတာလားဘာလား မေးမနေပါနဲ့
ဟေ့!!! မိုး အခုပဲပြိုလိုက်တော့ ရပြီ။

ညိမ်းညို

16 February 2010

အထီးကျန်

အထီးကျန်

ရပ်နေတာ ဘယ်လောက်ကြာပြီလဲ
အပြင်မှာ မိုးရွာတော့မှာလား
ပြတင်းတံခါးဟာ ဖွင့်လိုက်ပိတ်လိုက်
ညနေခင်းကသူ့အလိုလို ပြိုကျသွားပြီ
ဖွင့်စရာသီချင်းလည်း ကုန်သွားပြီ
သတိရစိတ်က ညတွေလိုနက်ရှိုင်းပြီး
အစဆွဲထုတ်ဖို့ အဆုံးကိုပြန်သွားလို့မရတဲ့အခါ
မလှုပ်သာမလှည့်သာ အခန်းလေးထဲ
အရောင်တွေ မှိုင်းလွန်းလှတယ်။

ညိမ်းညို

15 February 2010

တကိုယ်စာ

အိမ်အလွမ်းက
မျက်နှာကြက်မှာ စွဲလောင်နေတဲ့မီး
ညတွေကို ပိုမိုရှည်လျားစေခဲ့
အိမ်ရနံ့က
အခန်းထဲ တိုးဝင်နေတဲ့လေ
ကျွန်တော့်အဖျားသွေးကို တဒိတ်ဒိတ်တိုးစေခဲ့။

မိုးအညို့ မှာ
အိပ်တန်းပြန်ငှက်ကလေးတွေ ငေးရင်း
သီချင်းလေးတွေ ညည်းတတ်လာတယ်
မေမေရေ
ဒီတစ်ကြိမ်ပွင့်မယ့် ဥသြသံထဲ
ကျွန်တော့်နာမည် ပါပါရဲ့လား။

ညိမ်းညို

13 February 2010

ဟုတ်ယောင်ထင်မှုနဲ့ ပျော်ရွှင်လိုမှုနဲ့ အိုင်ပျက်ထဲမှာပျော်ပျော်ကြီး

တံဆိပ်လှတယ်ဆိုရင်ပဲ မတော်တဲ့အင်္ကျီတွေဝယ်ဝတ်လို့
လူကြိုက်များတယ်ဆိုရင်ပဲ ကီးမ၀င်တဲ့သီချင်းတွေအော်ဆိုလို့
ကြွေတယ်ဆိုတဲ့စကားကို အရင်းအတိုင်းအဓိပ္ပါယ်ဖွင့်လို့
တဖြောင့်ထဲပြေးလာခဲ့တဲ့လမ်းကြီး ရုတ်တရက်ကောက်ကွေးသွား အဲဒီမှာ ငါဟာသွေးပျက်လို့
ရောင်းရင်းများ အပေါင်းအသင်းများ မိတ်ဆွေများ ငါဟာအားကိုးရာရှာလို့
ဝယ်ထားတဲ့အင်္ကျီတွေပြန်စစ်ဆေးလို့
အော်ဆိုခဲ့တဲ့သီချင်းတွေ လက်ဖ၀ါးပေါ်တင်လို့
(စေ့စေ့စပ်စပ်ကြီး) လွဲခဲ့တာလွဲ တည့်ခဲ့တာတည့် အဖြစ်အပျက်ဟာဖြစ်ပျက်လို့
ဆိုပါစို့ ကြယ်သီးတွေ နောက်ကျောမှာရောက်နေတာမျိုး
တီးလုံးတွေ စာသားနဲ့အပြန်အလှန်ရန်ဖြစ်နေတာမျိုး
ဆိုဖွယ်ရာမရှိ ငါ့သွေးပျက်မှုဟာ အထွတ်အထိပ်ပဲ
လယ်ကွင်းတွေထဲပြေး တောင်ယာတွေပေါ်တက်
တောပန်းလေးတွေခူးလိုခူး တိုက်အမြင့်ကြီးတွေပေါ်ရောက်လိုရောက်
ကွန်ပျူတာ၊ အင်တာနက် အီလက်ထရောနစ်ပစ္စည်းများ ငါဟာ လက်ပစ်ကူးလိုကူး
ပင်ပန်းတကြီး ပျောက်သွားတဲ့အရာလေးကိုပြန်ရှာလို့
ဒီတခါပြန်တွေ့ရင်တော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားတော့မယ်ရယ်လို့
မောရပန်းရမှန်းမသိ ရပ်တကာရွာစဉ်လှည့်လို့
ရေစီးကြောင်းဆိုတာကို ချောင်းကလေးထဲလောက် အောက်မေ့မှတ်ထင်လို့
တကယ်ဆို ပင်လယ်ထဲက ရေစီးကြောင်းကြီးပဲ အထိတ်တလန့်တွေ့ရှိသွား
သိပ်ကိုကျယ်လွန်းရှည်လျားလွန်းလို့ အသာလေးကိုယ်ဖော့လိုက်သွားမယ်ဆိုရင်တောင်
ခရီးမဆုံးခင် လက်ပန်းကျနိုင်လို့ ကမ္ဘာကြီးကို(အလို..ကဗျာကြီးလည်းပါ) အရင်းအတိုင်းရှုမြင်
တကယ်ဆို ဟုတ်ယောင်ထင်မှုနဲ့ပျော်ရွှင်လိုမှုနဲ့ အိုင်ပျက်ထဲမှာပျော်ပျော်ကြီး
အနည်အမှုန်တွေပွထလာအောင် ဆော့ကစားခဲ့ခြင်းတစ်မျိုးပဲ
တော်လောက်ပြီ။

ညိမ်းညို

8 February 2010

ကျေးလက်ရိုးရာ သစ်စေ့ချတေး


ထစမ်းကွယ်
မနက်
မနက်
မျက်ရည်လေးခေါက်သိမ်းပြီး
သမီးရေ
ကိုကိုတို့နဲ့ ကျောင်းလိုက်သွားပါကွယ်
ဒါ
နားဆွဲကြီး ကြီးကြီးသီးလာအောင်
နားဆွဲ သေးသေးလေးကို ဖြုတ်ပြီး
စိုက်ပျိုးထားရတာပေါ့။

ခင်မောင်နိုင်ဦး
ပေဖူးလွှာ၊ ဖေဖော်ဝါရီ၊ ၂၀၁၀

4 February 2010

သိင်္ဂါရလမင်း


သိင်္ဂါရလမင်းကို တညလုံး မျှော်ခဲ့မိတယ်။
ကံဆိုးမှုတခုပါ။ လရောင်ကို ဦးဦးဖျားဖျား မခံယူခဲ့ရသလို
နောက်ကျတဲ့အထိလည်း ခံယူခွင့် မရခဲ့ပါဘူး။
လရောင်နဲ့ဝေးကွာတဲ့ အမှောင်တနေရာမှာ အဆိပ်သင့်မိုင်တိုင် ၂၅ကို စိုက်ခဲ့ပါရဲ့ ...။


သိင်္ဂါရလမင်း (download)