12 January 2009

ကမ္ဘာတုထဲက ကြွက်ဂိုးဏ်းချုပ်

ကမ္ဘာအတုထဲမှာ

ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။
ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။
ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။
ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။ ဘိုတင့်

+++

အတုကမ္ဘာထဲက တီကြွက်
ခင်မင်ခဲ့တဲ့ အမှတ်တရတွေကို
ပြောဖို့လိုသလားး
အဖြူရောင်စာမျက်နှာပေါ်က သံယောဇဉ်တွေအတွက်
အားပေးခဲ့ဖူးတဲ့ မှတ်ချက်စကားလေးတွေအတွက်
မပြုံးပဲမနေနိုင်အောင် အပြန်အလှန် စနောက်ခဲ့ကြတဲ့ နေ့ရက်တွေအတွက်
တစ်လုံး နှစ်လုံး စာစီကုံးဖို့ မလိုဘူးဆိုတာ
ပြောဖို့လိုသလား
ဂေါ်မစွံ ဂီလာန အခွံကြောင်မျိုးလို့ နာမည်လှလှတွေပေးလို့
အားကျမခံ ဒေါ်အာပလာမေသန်းပု၊
အာလာဒင် စနှိုးဝှိုက် အကယ်ဒမီ ၅ ထပ်ကွမ်းပေးခဲ့တာတွေကို
မှတ်မိသေးလား
ကမ်းကပ်တော့မယ့်
ဘလော့လှေငယ်ကို လှမ်းဆွဲခဲ့တယ်
ကြွက်တွင်းပေါက်ကလေးကနေ
ရောက်အောင်တိုးထွက်ခဲ့တဲ့ ဂိုဏ်ချုပ်ကြီးပေါ့
ပြောရင် ယုံမှာလား
သံယောဇဉ်ကြိုးတွေကို ဒီလိုတစ်စချင်းဆီ
ဆွဲဖြည်လိုက်တော့ လက်တမ်းရေးချလိုက်တဲ့ စာကြောင်းတွေက
တီကြွက် အတွက် အမှတ်တရဖြစ်ရင် ကျေနပ်ပြီ

ကြည့်စမ်း ကြည့်စမ်း ဒီကြွက်စုတ် ကိုယ့်အဒေါ်ကို စကားပြောတာက လား... လား... လား... နဲ့ မသိတဲ့သူတွေက ထင်ကြအုံးမယ် အကြွေးတောင်နေတာလား ရန်ဖြစ်နေတာလားလို့း) ကျနော်က ဒီဘလော့ရပ်ဝန်းကို ခြေမချခင်တည်းက ကြွက်တွင်းပေါက်ထဲကနေ ဘလော့တွေလိုက်လည် မာနကတော့မသေးဘူးရယ် ကိုယ့်ကို စကားပြန်ပြောတဲ့ ဘလော့မှ နောက်နေ့သွားတယ် စကားပြန်မပြောတဲ့သူဆို ပျင်းလို့ ဘာမှမရေးခဲ့ပဲ တိတ်တိတ်လေးပဲ ခိုးဖတ်တော့တယ်။ ဒါပေမယ့် တီကြွက်တော့ ခြွင်းချက်ပေါ့ ဆီပုံးက ဂျစ်ကန်ကန် ရီပလိုင်းလေးကြောင့် အားတက်ပြီးနောက်နေ့ကစ ခုချိန်ထိ နက်သုံးဖြစ်တိုင်း သူ့ဘလော့ကိုတော့ အမြဲဝင်ဖြစ်တယ်။ စိတ်ကူးလေးတွေကို ပုံဖော်ပြီး ပျော်စရာကောင်းတဲ့ စာတွေ အမြဲရေးခဲ့သူ။ စိတ်ညစ်နေတဲ့ အချိန်တောင် သူ့ရဲ့ကော့မန့်လေးတွေကိုဖတ်ပြီး ပြုံးမိတယ်။ကျနော့် ဘလော့လေးမှာ စရေးတဲ့ အချိန်ကစပြီး ဒီနေ့ထိ မပျက်မကွက် မှတ်ချက်လေးတွေပေးနေတဲ့ ပင်တိုင်အားပေးသူ ရဲဘော်ရဲဘက်တစ်ယောက်ပါ။ ကောင်ကင်ကြီး အကြောင်း ဖော်ကျူးထားတာကလည်း စာဖတ်တဲ့သူတွေကို ကြည်နူးစေတာပါပဲ ( အမှန်ကတော့မသိမသာကြွားတာပါ :P )။ ကြွက်ဂိုဏ်းသားတွေ ဆုံဖြစ်တိုင်း စကားဝိုင်းထဲမှာတော့ ဂိုဏ်းချုပ်က မပါမပြီး ဇတ်လိုက်ကျော်ကြီးပေါ့။ အပြာရောင် ကျောပိုးအိတ်ထဲက လူသားလေးတစ်ယောက်အကြောင်းနဲ့ ကျနော်တို့ကို အားတက်စေခဲ့သလို ရန်ကုန်သတင်းပုံစံနဲ့ မျောက်တွေ သန်းရှာပြီး အတင်းတုတ်နေတဲ့ အကြောင်းတွေနဲ့ ပျော်စေခဲ့သူပါ။ ချောင်းသားက ပြန်လာတော့ မုန့်ဝယ်ခဲ့မယ်ဆိုပြီး ခရုခွံတွေပဲဝယ်ခဲ့တယ်။ တီကြွက်ရေ့ လေကြောရှည်တော့ စာတွေကများနေပြီး အောက်ကကြွက်မကလည်း ၁၀ကြောင်းဆိုပြီး ရေးထားလိုက်တာ ပို့စ်တစ်ပုဒ်တောင် ပြည့်တော့မယ် သားကြွက်ပြောမှာတွေ သူကပြောသွားပြီ၊ အဲ့တော့ကား တိုတိုနဲ့တုတ်တုတ်ပဲ ပြောတော့မယ် မွေးနေ့မှာ အရမ်းအရမ်းကိုပျော်ပြီး ကောင်းကင်ကြီးနဲ့ ပိုပိုတိုးလို့ချစ်နိုင်ပါစေဗျာ။ ပြီးတော့ ချစ်စရာကောင်းတဲ့ သားသားမီးမီး လေးတွေလည်း ၂ ဒါဇင်လောက် နဲ့ ပျော်စရာကောင်းတဲ့ မိသားစု လေးကို အမြန်ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အယ်....မေ့တော့မလို့ တီကြွက်က လေးမဆိုတာ ကမ္ဘာတုမှာပဲရှိတယ်ဆိုပေမယ့် သားကြွက်တို့ မောင်နှမတွေအားလုံးက ကမ္ဘာစစ်မှာလည်း ခင်မင်ခွင့် ရချင်ပါကြောင်း အသံတိတ်ပြောချင်ပါတယ် :)
မွေးနေ့လက်ဆောင် ကောင်းကင်ကြီးဆီက အနမ်းလက်ဆောင်တောင်းနေတယ် ရှက်လည်းရှက်ဘူး :P

မောင်မျိုး

+++

"ကမ္ဘာအတုထဲမှာ နေထိုင်တဲ့ တိမ်စိုင်ငယ်ဟာ သူမဖြစ်တယ်။ ရေမှုန်ရေမွှားတွေစုပြီး တိမ်ယောင်ဆောင်နေတဲ့ တိမ်တိုက်ကလေးဟာ ဘယ်လောက်ပဲ သူမစိတ်တွေ မှိုင်းညို့နေပါစေ အမြဲတစေ ငွေနားကွပ်ထားတတ်တယ်။ သူမမှာ ခိုတွယ်စရာ ကောင်းကင်အစစ်တစ်ခု ရှိနေတဲ့အတွက် ကမ္ဘာအတုလေးထဲမှာ သူမခဏတာပဲ ပျော်တယ်"

တိမ်တိုက်ကလေးဟာ နေရောင်အောက်မှာဆို ပုန်းအောင်းနေတတ်တဲ့အတွက် သူမလေးကို ဘယ်အခါမှ တိတိကျကျပုံဖော်လို့မရခဲ့ဘူး။ သူမနှစ်သက်တဲ့ ဒစ်စနီကာတွန်းထဲက အရုပ်မကလေးတွေလို ချစ်စရာကောင်းမယ် အပြစ်ကင်းစင်မယ် ပြုံးပျော်နေမယ်လို့ ယုံကြည်ရတဲ့ အဲဒီ့တိမ်တိုက်ကလေးဟာ တစ်ခါတစ်လေ မိုးတွေရွာချတယ်။ ဥပမာ ကမ်းနားသစ်ပင်လို မခင်နှင်းဆီလို ကဗျာမျိုးနဲ့ပေါ့။ တစ်ခါတစ်လေလဲ ပူနေတဲ့နေတွေကိုကာပြီး အေးမြမှုတွေပေးတတ်တယ်။ သူတို့လိုပျော်မိသည် ရူးသူများမဖတ်ရတို့လို စာလေးတွေနဲ့ ပြုံးသွားအောင် တိမ်တိုက်လေးက တတ်နိုင်တယ်လေ။ တစ်ခါတစ်လေလဲ သူလေ ပျောက်ချင်းမလှပျောက်ပြီး အတိတ်လမ်းတွေကို ပြန်လျှောက်နေပြန်ရော။ ပုဂံခေတ် အင်းဝခေတ်ထိကို လွင့်သွားတော့တာပဲနော် တိမ်တိုက်ကလေးရေ။ သူမလေးက ပုန်းပုန်းနေတတ်ပေမယ့် စိတ်ကောင်းလေးဝင်ပြီးတော့ သူ့အကြောင်း တစိတ်တဒေသလေးတွေကို တိုးတိုးလေး လာပြောတတ်တာတွေလဲ ရှိသေးတယ်။ သူမခိုဝင်မှေးစက်ရာ ကောင်းကင်ကြီးကတော့ တိမ်တိုက်လေးရဲ့ စကားသံလေးတွေမှာ မပါမပြီးပေါ့။ တိမ်တိုက်ကလေးက အရှုပ်တွေအမှိုက်တွေဆို ဟားတိုက်ပစ်တတ်သေးတာလေ။ မိုးရွာနေသည် ယနေ့ရန်ကုန်တို့ အွန်လိုင်းပေါ်က ညီမလေးတို့လို ပို့စ်မျိုးတွေဆို သူမရဲ့သရော်ဓာတ်က အဲ့ဒီလို။ ကိုပြူးနဲ့မပြုံးတို့လို ချစ်စရာဇာတ်ကောင်လေးတွေကို ခေါ်ခေါ်လာပြီး မွန်တို့ကိုအပြုံးမိုးရွာချအောင် တတ်နိုင်တဲ့ တိမ်တိုက်ကလေးမို့ နောက်တစ်ခါ ကျောက်ဆောင် ပင်လယ်ကြီးဆီ မိန်းကလေးသွားတဲ့အခါ ခေါ်သွားဖြစ်မယ့် သူမအသေးစားလေးတွေကိုလဲ ကိုပြူးနဲ့မပြုံးလို့ ချစ်စနိုး နာမည်ပေးဖို့ မွန်က တိတ်တိတ်လေး တွေးရယ်နေခဲ့မိဖူးတယ်။

"အတုတွေထဲမှာ နေထိုင်
အမြင်တွေကို ဖုံးကွယ်
အလင်းတွေထဲကနေ ပုန်းအောင်းနေခဲ့တိုင်း
သံယောဇဉ်အစစ်တွေမဟုတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ"

ဘာဂါလေးလို့ လာလာခေါ်ပြီး အမြဲအားပေးတွဲခေါ်ခဲ့ပါတယ်။ တစ်ခါတစ်လေ သူမပျောက်ကွယ်နေခဲ့ပေမယ့် ဘာဂါလေးကိုတော့ မျက်ခြေပြတ်မသွားခဲ့ဘူး ဆိုတာသိတော့ သိပ်အံ့သြမိတယ်။ သူမရဲ့ ဆဌမအာရုံများလား။ သူမချစ်တဲ့ သံယောဇဉ်ရှိတဲ့သူတွေရဲ့နောက်မှ အရိပ်ကလေးလို လိုက်နေတတ်တဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ဂရုတစိုက် အကျင့်လေးကို ပိုင်ဆိုင်ပါတယ်။ သူတပါးရင်ထဲအထိ ထွင်းဖောက်မြင်နိုင်တာကလဲ သူမရဲ့အရည်အချင်းပဲလေ။ တစ်ခါတစ်လေ နားလည်ပေးနိုင်လွန်းတဲ့ မျှဝေခံစားတတ်လွန်းတဲ့ နှလုံးသားလေးကို လေးစားမိခဲ့ရတယ်။ ထူးထူးခြားခြား သတိထားမိခဲ့တာ တစ်ခုရှိခဲ့တယ်။ သူမရဲ့ ကမ္ဘာလေးထဲမှာ လေးမတော့ စိတ်ညစ်လိုက်တာ ဆိုတဲ့အသံမျိုးလေး တစ်ခါမှမကြားခဲ့ရဘူး။ မငိုနဲ့ဘာဂါလေးရေလို့ အားပေးခဲ့ပေမယ့် သူမကိုယ်တိုင်က စိတ်ဓာတ်ကျ ကြေကွဲအားငယ်မနေတတ်တာ သူမရဲ့ ကံကောင်းခြင်းတွေထဲက တစ်ခုပဲလား။ လူတကာရဲ့ ချစ်ခင်မှုကိုခံစားရသလို ချစ်စရာ အားကျစရာ ဘဝလေးတစ်ခုကို တည်ထောင်ထားနိုင်လိုက်တာ အင်း... သူမနဲ့သူမရဲ့ကောင်းကင်ကြီးဟာ မွန့်အိပ်မက်ထဲက မင်းသားမင်းသမီးတွေကို ဖြစ်လို့။ ဘာဘီနာရီလေးတေ၊ွ အမေးအဖြေ၊ ကိုနဲ့လေးလို့ခေါ်တာတွေ၊ ကမ်းကြိုလာတဲ့ လက်တစ်ဖက်ကို လှမ်းခိုလိုက်ပါတယ်ဆိုတဲ့ အရေးအသား၊ ကျောင်းတုန်းက မုန့်ဝယ်ကျွေးတယ် ဆိုတာကအစ ဟိုး အိပ်မက်ထဲက မြင်းခွါရွက်သုပ်ပန်းကန်အထိ အားကျစရာ ပီတိဖြစ်စရာကြီးတွေကို ဖြစ်နေတော့တယ်။

"တစ်ခါတစ်ရံ မသိတာတွေက ပိုပြီးခံစားကြည်နူးနေစေတတ်သတဲ့ သူမဟာ ကိုယ့်အတွက်တော့ ထုပ်ပိုးထားတဲ့ လက်ဆောင်လေးတစ်ခုလို စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးခွင့်တွေကို ပေးနေခဲ့တာပါ။ ဒါပေမယ့် ဒီလက်ဆောင်ထုပ်ကလေးနာမည်ကိုက မသိခြင်းလက်ဆောင်တဲ့"

ဂါဂါနဲ့ သူမအကြောင်း သုံးနာရီလောက်ဖုန်းပြောခဲ့ဖူးတယ်။ ဂါ နင်တို့တွေကို ခင်ပေမယ့် ငါအပြင်မှာအတွေ့ချင်ဆုံး ဘလော့ဂါက မမလေးမပဲ လို့မကွယ်မဝှက်ပြောပြခဲ့ဖူးတယ်။ မဖြစ်နိုင်မှန်းသိရဲ့နဲ့ မွန်ပြန်ရောက်ချိန်မှာ သူမစိတ်ကူးအတိုင်း ဒီဇိုင်းဆင် ဆောက်လုပ်ထားမယ့် သူမနဲ့ကောင်းကင်ကြီးတို့ရဲ့ ဂေဟာလေးမှာ သူမတို့ချစ်သူနှစ်ဦးနဲ့ ကလေးမလှလှသေးသေးလေးတစ်ယောက်(အဲဒီအချိန်ရှိနေမယ့် ကလေးလေးကိုပါ ကြိုတင်စိတ်ကူးထားတာ) ကိုမြင်တွေ့ရတယ်လို့ စိတ်ကူးရှည်ရှည်တွေ ယဉ်ခဲ့ဖူးတယ်။ တိမ်ပြာပြာတွေအောက် စကားတွေပြောကြမယ့် မောင်နှမတွေထဲမှာ ကြွက်ဂိုဏ်းချုပ်က မပါမပြီးပါတယ်။ မတွေ့နိုင်ခဲ့ကြရင်တောင် အမည်တပ်လို့မရတဲ့ ဖြူဖြူစင်စင်ခံစားချက်လေးတစ်ခုနဲ့ သူမအကြောင်း နောက်နှစ်တော်တော်ကြာအောင် သတိတရတွေးတောနေမိမယ်။ သူမကတော့ မွန့်ကို မသိခြင်းတွေထဲက ခိုင်မြဲမှုတွေပေးတတ်တယ်။ မရေရာခြင်းထဲက သေချာယုံကြည်မှုတွေပေးခဲ့တယ်။ မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အားအင်တချို့ကို မွန့်လက်ထဲ တနည်းတဖုံထည့်ပေးခဲ့ပါတယ်။ ကျိတ်ပြီးဝမ်းနည်းတတ်တဲ့ မွန့်အကျင့်အတိုင်း သူမမွန့်ကိုလင့်မထားတုန်းက တော်တော်ကြာကြာ တိတ်တိတ်လေးခံစားနေခဲ့ရဖူးတယ်။ ကိုညိမ်းညိုတို့ကြွက်ဂိုဏ်းတည်ထောင်ပြီး ဆော့နေကြတုန်းက သူမနဲ့တခြားမောင်နှမတွေ မွန့်ကိုမခေါ်ပဲဆော့နေကြလို့ တယောက်ထဲစိတ်ကောက်နေဖူးတယ်။ ဦးမောင်တင့်က မွန်ရေ နင်နဲ့မလေးမကတော့ တူတူပဲ ကောမန့်ပေးလိုက်ရင်ရော တွေးလိုက်ရင်ရေးလိုက်ရင်ရော သိပ်တတ်တယ်လို့ တစ်ခါမှတ်ချက်ချတုန်းက သူမနဲ့အနှိုင်းခံရတဲ့အတွက် အကြီးအကျယ် ဂုဏ်ယူနေခဲ့ဖူးတယ်။ ဘာကြောင့်မှန်း ရှင်းမပြတတ်ပေမယ့် သူမဟာ မွန့်ဘဝရဲ့ ပြယုဂ်တစ်ခုလို စွဲမြဲကျန်ရစ်နေတတ်တယ်။

"သူမရောက်လာတယ်
သူမပျောက်သွားတယ်
သူမတိတ်တိတ်ကလေးရှိနေတယ်
သူမတနေရာရာကနေ စောင့်ကြည့်နေတယ်
သူမဘယ်တော့မှ နှုတ်ဆက်မသွားဘူးလို့ပဲ ပရမတ်တရားတွေကို ဆန့်ကျင်ပြီး ယုံကြည်နေတယ်
ဟေး ဂါဂါ တွေ့လား ဟိုးတိမ်တိုက်ကလေးရဲ့ နောက်မှ သူမပုန်းနေတယ်
ပြီးတော့
သူမငါတို့တွေကို ကြည့်နေတယ်"

ချစ်သောမမလေးမ အမှတ်တရဖြစ်ပါစေ
ချစ်တဲ့ ဘာဂါလေး မွန်

+++

သို့ . . .. မွေးနေ့ရှင် မလေးမ

မမြင်ဖူးပေမယ့် အကျွမ်းတ၀င် ရှိလှတဲ့ ပုံရိပ်မှာ သနပ်ခါးပန်းရနံ့တွေ ပါတယ် ...။ မခင်နှင်းဆီ သီချင်းသံ ပါတယ်..။ မိုးပြာရောင်ကို နှစ်သက်တတ်ပြီ . .. ရံဖန်ရံခါ ကောင်းကင်ကြီး ညိုမှိုင်းနေရင် သူမလည်း တုံ့ဆိုင်းနေတတ်တယ်။ တခါတရံမှာတော့ သူမရဲ့  စိတ်အင်အားတွေနဲ့ တိမ်ညိုညစ်များကို မောင်းထုတ်ပစ်နေပါလိမ့်မယ်။ သူငယ်ချင်းတွေကို ပျော်ရွှင်စေတတ် ခင်မင်တတ်တဲ့ စေတနာ အပြည့်ပါတဲ့ စကားလုံးတွေ သီကုံးတတ်တဲ့ မလေးမကို လေးစားအားကျမိပါတယ်။ မလေးမရဲ့ စာတွေ ဖတ်ရတာ တီးလုံးသံမြည်တဲ့ ရတနာသေတ္တာလေးကို ဖွင့်ကြည့်ရတာနဲ့ တူတယ်။ သေတ္တာထဲက ကနေတဲ့ မင်းသမီးရုပ်လေးလို Virtual World မှာ မြင်ရတဲ့ မလေးမကို ပုံဖော်ကြည့်မိတယ်။musical box ဖွင့်လိုက်ရင် သီချင်းသံမြည်ပြီး မင်းသမီးရုပ်လေး က,နေသလို မလေးမရေးတဲ့ စာတွေကို ဖတ်လိုက်ရင် ကဗျာဆန်တဲ့ အနုပညာတစ်မျိုးကို အလိုလို ခံစားနေရတယ်။ မလေးမရဲ့ ဘလော့နဲ့ တူတဲ့ သီချင်းသေတ္တာလေးက သိပ်ကို အသက်ဝင်ပါတယ်။

မှော်ဝင်သေတ္တာထဲက နတ်သမီးနဲ့ တူတဲ့ မလေးမကို ခင်မင်ခွင့်ရတာ ဘလော့ဘ၀ရဲ့ ပျော်စရာ တစ်ခုပါပဲ။ တစ်လတည်း မွေးတဲ့ အစ်မကို ခပ်ဆင်ဆင်တူတဲ့ စရိုက်တွေကြောင့် အချိန်တိုအတွင်း တွယ်တာခင်မင်မိခဲ့ပါတယ်။ သူငယ်ချင်း သံယောဇဉ် ကြီးတာတွေ၊ ရန်ဖြစ်ရမှာ ကြောက်တတ်တာတွေ၊ ကိုယ်ချစ်တဲ့သူတွေကို နားလည်ပေးတတ် အလျော့ပေးတတ်တာတွေကြောင့် အောင်မြင်ပျော်ရွှင်ရသလို တခါတရံ နာကျင်ရတယ်။ သံယောဇဉ် ကြီးပေမယ့် တသီးတခြား အေးအေး နေတတ် တွေးနေတတ်လို့ စိမ်းကားတယ်လို့ ထင်ခံရတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီဖွားတွေဟာ အလွယ်တကူ အားမလျှော့ဘဲ လုပ်စရာတွေ ဖြစ်အောင် လုပ်တတ်တယ်။ ကိုယ့်ပိုင်စိတ်စွမ်းအား မြင့်သလို သူငယ်ချင်းတွေကိုလည်း အားပေးကြင်နာတတ်တဲ့ မလေးမ ဟာ အသက်တစ်နှစ်ပိုကြီးလာတာကိုလည်း ကြံဖန်ဂုဏ်ယူပြီး ပျော်နေဦးမှာပါ။

ပျော်စရာ ရှာကြံတွေးပြီး ပျော်အောင်နေတတ်တဲ့ မလေးမ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။ တကယ်တော့ မွေးနေ့ တစ်ရက်ထဲ မဟုတ်ပဲ နေ့တိုင်း မွေးနေ့ရှင်တစ်ယောက်လို ပျော်ရွှင်နေစေချင်ပါတယ်။ မလေးမ စိတ်ညစ်တာတွေလည်း ရှိရင် ပေါ့ပါးသွားအောင် ရင်ဖွင့်ပြီး ဘလော့မောင်နှမတွေကို ဆက်လက်လမ်းပြနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ ရွှန်းမီ

+++

ကျနော်တို့မှာ ကမ္ဘာအတုထဲက အစ်မကြီးတစ်ယောက်ရှိပါတယ်။ ကျနော်တို့က ဂိုဏ်းချုပ်ကြီးလို့ ချစ်စနိုးခေါ်ကြပါတယ်။ ထူးခြားတဲ့ ရှုထောင့်ကနေ တွေးဆခံစားရတာကို နှစ်ခြိုက်သူ၊ ဇ၀နဉာဏ်ရွှင်သူ၊ ကိုယ်ပိုင်စာရေးဟန် သီးသန့်ရှိသူ ကျနော်တို့ အစ်မကြီးဟာ သူ့ရဲ့ ကမ္ဘာတုလေးထဲမှာ သူ့အနုပညာလက်ရာတွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းပြသလေ့ ရှိပါတယ်။ ခင်မင်ဖော်ရွှေတတ်သူမို့ အစ်မကြီးရဲ့အိမ်ကလေးဟာ ချစ်မိတ်ဆွေသူငယ်ချင်းများနဲ့ အမြဲစည်ကားနေလေ့ ရှိပါတယ်။ အစ်မကြီးက ကွန့်မန့် အရေးကောင်းသူလဲ ဖြစ်ပါတယ်။ သူ့ကွန့်မန့်ကို ဖတ်ရတဲ့အခါတိုင်း အော်... ငါရေးထားတာလေးကို သေသေချာချာ ဖတ်ပေးသွားတာပါလား ဆိုတဲ့ ခံစားမှုမျိုး သေချာပေါက် ဖြစ်ပေါ်စေတာပါ။ ပြဿနာများနဲ့ ကြံတွေ့တဲ့အခါတိုင်း အသင့်အတင့် နှလုံးသွင်းဆင်ခြင်နိုင်တဲ့ အစ်မကြီးရဲ့ စိတ်နေစိတ်ထားကို အားကျအတုယူမိပါတယ်။

အပြာရောင်ကျောပိုးအိတ်ကလေး၊ သနပ်ခါးပန်းကလေးတွေရဲ့ပိုင်ရှင်ဟာ သူ့ရဲ့ ကောင်းကင်ကြီးကိုလဲ သိုသိုဝှက်ဝှက်ကလေးနဲ့ ကြွားတတ်သူ ဖြစ်ပါတယ် :P ဗိသုကာသခင်မတစ်ဦးဟာ ရာဇ၀င်ချင်းရာများကိုလဲ ခြေရာကောက်တတ်သူ ဖြစ်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကဗျာပတ်တီးတွေနဲ့ လောကရဲ့အနာတွေကို ကျပ်စည်းပေးတတ်ပြန်ပါတယ်။ ချစ်ခြင်းသီနွဲ့ ဆိုတေးလဲဖွဲ့တတ်ပြန်ပါရဲ့။

စိတ်ရင်းကောင်းတဲ့ အစ်မလေးမတစ်ယောက် ချစ်တဲ့ကောင်းကင်ကြီးနဲ့အတူ သားတစ်ရာမြေးတစ်ဖျာ ရတဲ့အထိ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ရွှင်ပြုံးချမ်းမြေ့စွာနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေခင်ဗျာ။ ကျနော်တို့ အစ်မကြီးအတွက် ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေးဖြစ်ပါစေ :) :) ဘိုညိမ်း

9 comments:

khine said...

အစ်မလေးမရေ
happy birthday နော် :)

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ... :)

ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ...

မောင်မျိုး said...

ကြွက်ကြီးညိမ်းညို / ညိမ်းညိုကြွက်ကြီး ဒိုင်ညှောင့် ဒိုင်ညှောင့် ဒိုင်ညှောင့် ပို့စ်တင်နောက်ကျတဲ့ အတွက် လေသေနပ်နဲ့ သုံးချင်တိတိ ပစ်သွားတယ်း) ။

happy birthday တီကြွက်း)

meimeistar said...

ပျော်စရာကြီး

ဝိုင်းပြီးဆုတောင်းပေးနေကြတာ
း)

Layma said...

အားလုံးကို ကျေးဇူးတင်တယ်.။ ကေရေ.. ကျေးဇူးနော်..။ မီးမီး ..ပျော်သွားတာ သိရလို့  ၀မ်းသာတယ်.။
ဘိုညိမ်း.. အစ်မ ဇော်ဂျီပြန်ရပြီလို့  ဘိုတင့်ကို ပြောလိုက်ပါဦး။။

Layma said...

မွေးနေ့ အမှတ်တရ အနေနဲ့  လေးမရဲ့ အိမ်.. စိတ်ထား.. လေးမ ရေးတတ်တာလေးတွေ... လေးမရေးတဲ့ ကွန်မန့် လေးတွေ အပေါ် အကောင်းမြင်ရှုထောင့်က သုံးသပ်ထားတာလေး ဖတ်ရတော့ ကြည်နုးမိတယ်..။
ဒါပေမယ့်
သားတစ်ရာ.. မြေးတစ်ဖျာ ဆိုတာကြီးတော့ ကြောက်တယ်..။ အဲဒီဆုတော့ ပြည့်ချင်ဘူး..။ အဲလောက်အများကြီး ကြီးပြင်းလူလားမြောက်အောင် စောင့်ရှောက်ရရင် သေရောပေါ့..။ ရက်စက်ပ..။

Eduking said...

အစ်ကိုရေ.. ကောင်းကင်ကြီးဆိုတာ ကဗျာစာမျက်နှာထဲက ကောင်းကင်ကြီးကို ပြောတာလားဗျ?

SoeMoe said...

မမ..ပျော်ရွှင်စရာမွေးနေ့ ပေါင်းများစွာကိုပိုဆိုင်နိုင်ပါစေနော်....။

ညိမ်းညို said...

Eduking- မဟုတ်ပါဘူး ညီလေးရေ အစ်မလေးမ ကောင်းကင်ကြီးက အပြင်က သပ်သပ်ပါ :)

Eduking said...

သြော်.. မသိပါဘူးဗျာ..
ကျွန်တော်က ကိုကောင်းကင်လားလို့
:D