မောင်းခလုတ်ကို ညှစ်ခဲ့ဖူးပြီ
အလောင်းပုပ်လို ဖြစ်ခဲ့ဖူးပြီ။
မနေ့က၊ ဒီနေ့၊ မနက်ဖြန်
ထူးမခြားနားစက်ဝန်းထဲ
အရေခွံတွေလဲခဲ့
လေတံခွန်လိုဝဲခဲ့။
နီတိက
ယုံကြည်သလိုနေရဲဖို့
ယုံကြည်သလို သေရဲဖို့။
ငါ့အသက်ကို
ငါ့လက်နဲ့ ဖဲ့ထုတ်ခဲ့တယ်
ကြေကြေကွဲကွဲ...။
ညိမ်းညို
22 January 2009
ကိုယ်ရေးကိုယ်တာ
Posted by ညိမ်းညို at 22:49 21 comments
Labels: ကဗျာ
17 January 2009
နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...
"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်
ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊
မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊
နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊
နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊
လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊
ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊
ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊
တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊
သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊
နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊
မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊
ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။
ညိမ်းညို
Posted by ညိမ်းညို at 16:45 12 comments
Labels: ကဗျာ
13 January 2009
အခွံမာသစ်သီးများ
ထိရှမိသမျှ
ဖြာခနဲ
နက်လည်း ထင်းထင်း
ဖြူလည်း လင်းလင်း။
ရှင်းတယ်
ဇာတ်လမ်းရှင်းရှင်း
ဇာတ်ညွှန်းရှင်းရှင်း
ရင်ဘတ်ထဲကလာတဲ့ အသံကို
သွင်းမယ်။
ငါတို့ ဦးခေါင်းမှာ
ခပ်မာမာ ဗီဇဆဲလ်တစ်ခုနဲ့
ငါတို့ နှလုံးသားမှာ
နူးညံ့ပန်းတစ်ပွင့်နဲ့
သွေဖီတတ်၊ ကြေကွဲတတ်
မျက်ရည်၊ အားမာန်
ဘတစ်ပြန် ကျားတစ်ပြန်။
သွေးတွေ
ရိုးရိုးသားသား နီကြ
အိပ်မက်တွေ
ထောက်မမီအောင် နက်ရှိုင်းကြ
လောကဓံ ဓားရှစ်လက်ကြားမှာ
ငါတို့စိတ်ဓာတ်ဟာ
မဆုတ်တမ်းခံစစ်ပဲ။
မြစ်တစ်စင်း
ရှေ့မှာ....
မှောင်မှောင်ပိန်းပိန်း
ဟိန်းဟိန်းညံညံ။
ဝံ့စားတယ်
သစ္စာတရားကို ကြိုးလိုကျစ်ပြီး
အဲဒီမြစ်ကို ကူးမယ်။
လူငယ်
အခွံမာသစ်သီးများ
ပျော့ပျောင်းချိုမြိန်သော အသားမွှာတို့ရှိရဲ့။
ညိမ်းညို
Posted by ညိမ်းညို at 23:51 20 comments
Labels: ကဗျာ
12 January 2009
ကမ္ဘာတုထဲက ကြွက်ဂိုးဏ်းချုပ်
ကမ္ဘာအတုထဲမှာ
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။
ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။
ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။
ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။ ဘိုတင့်
+++
အတုကမ္ဘာထဲက တီကြွက်
ခင်မင်ခဲ့တဲ့ အမှတ်တရတွေကို
ပြောဖို့လိုသလားး
အဖြူရောင်စာမျက်နှာပေါ်က သံယောဇဉ်တွေအတွက်
အားပေးခဲ့ဖူးတဲ့ မှတ်ချက်စကားလေးတွေအတွက်
မပြုံးပဲမနေနိုင်အောင် အပြန်အလှန် စနောက်ခဲ့ကြတဲ့ နေ့ရက်တွေအတွက်
တစ်လုံး နှစ်လုံး စာစီကုံးဖို့ မလိုဘူးဆိုတာ
ပြောဖို့လိုသလား
ဂေါ်မစွံ ဂီလာန အခွံကြောင်မျိုးလို့ နာမည်လှလှတွေပေးလို့
အားကျမခံ ဒေါ်အာပလာမေသန်းပု၊
အာလာဒင် စနှိုးဝှိုက် အကယ်ဒမီ ၅ ထပ်ကွမ်းပေးခဲ့တာတွေကို
မှတ်မိသေးလား
ကမ်းကပ်တော့မယ့်
ဘလော့လှေငယ်ကို လှမ်းဆွဲခဲ့တယ်
ကြွက်တွင်းပေါက်ကလေးကနေ
ရောက်အောင်တိုးထွက်ခဲ့တဲ့ ဂိုဏ်ချုပ်ကြီးပေါ့
ပြောရင် ယုံမှာလား
သံယောဇဉ်ကြိုးတွေကို ဒီလိုတစ်စချင်းဆီ
ဆွဲဖြည်လိုက်တော့ လက်တမ်းရေးချလိုက်တဲ့ စာကြောင်းတွေက
တီကြွက် အတွက် အမှတ်တရဖြစ်ရင် ကျေနပ်ပြီ
ကြည့်စမ်း ကြည့်စမ်း ဒီကြွက်စုတ် ကိုယ့်အဒေါ်ကို စကားပြောတာက လား... လား... လား... နဲ့ မသိတဲ့သူတွေက ထင်ကြအုံးမယ် အကြွေးတောင်နေတာလား ရန်ဖြစ်နေတာလားလို့း) ကျနော်က ဒီဘလော့ရပ်ဝန်းကို ခြေမချခင်တည်းက ကြွက်တွင်းပေါက်ထဲကနေ ဘလော့တွေလိုက်လည် မာနကတော့မသေးဘူးရယ် ကိုယ့်ကို စကားပြန်ပြောတဲ့ ဘလော့မှ နောက်နေ့သွားတယ် စကားပြန်မပြောတဲ့သူဆို ပျင်းလို့ ဘာမှမရေးခဲ့ပဲ တိတ်တိတ်လေးပဲ ခိုးဖတ်တော့တယ်။ ဒါပေမယ့် တီကြွက်တော့ ခြွင်းချက်ပေါ့ ဆီပုံးက ဂျစ်ကန်ကန် ရီပလိုင်းလေးကြောင့် အားတက်ပြီးနောက်နေ့ကစ ခုချိန်ထိ နက်သုံးဖြစ်တိုင်း သူ့ဘလော့ကိုတော့ အမြဲဝင်ဖြစ်တယ်။ စိတ်ကူးလေးတွေကို ပုံဖော်ပြီး ပျော်စရာကောင်းတဲ့ စာတွေ အမြဲရေးခဲ့သူ။ စိတ်ညစ်နေတဲ့ အချိန်တောင် သူ့ရဲ့ကော့မန့်လေးတွေကိုဖတ်ပြီး ပြုံးမိတယ်။ကျနော့် ဘလော့လေးမှာ စရေးတဲ့ အချိန်ကစပြီး ဒီနေ့ထိ မပျက်မကွက် မှတ်ချက်လေးတွေပေးနေတဲ့ ပင်တိုင်အားပေးသူ ရဲဘော်ရဲဘက်တစ်ယောက်ပါ။ ကောင်ကင်ကြီး အကြောင်း ဖော်ကျူးထားတာကလည်း စာဖတ်တဲ့သူတွေကို ကြည်နူးစေတာပါပဲ ( အမှန်ကတော့မသိမသာကြွားတာပါ :P )။ ကြွက်ဂိုဏ်းသားတွေ ဆုံဖြစ်တိုင်း စကားဝိုင်းထဲမှာတော့ ဂိုဏ်းချုပ်က မပါမပြီး ဇတ်လိုက်ကျော်ကြီးပေါ့။ အပြာရောင် ကျောပိုးအိတ်ထဲက လူသားလေးတစ်ယောက်အကြောင်းနဲ့ ကျနော်တို့ကို အားတက်စေခဲ့သလို ရန်ကုန်သတင်းပုံစံနဲ့ မျောက်တွေ သန်းရှာပြီး အတင်းတုတ်နေတဲ့ အကြောင်းတွေနဲ့ ပျော်စေခဲ့သူပါ။ ချောင်းသားက ပြန်လာတော့ မုန့်ဝယ်ခဲ့မယ်ဆိုပြီး ခရုခွံတွေပဲဝယ်ခဲ့တယ်။ တီကြွက်ရေ့ လေကြောရှည်တော့ စာတွေကများနေပြီး အောက်ကကြွက်မကလည်း ၁၀ကြောင်းဆိုပြီး ရေးထားလိုက်တာ ပို့စ်တစ်ပုဒ်တောင် ပြည့်တော့မယ် သားကြွက်ပြောမှာတွေ သူကပြောသွားပြီ၊ အဲ့တော့ကား တိုတိုနဲ့တုတ်တုတ်ပဲ ပြောတော့မယ် မွေးနေ့မှာ အရမ်းအရမ်းကိုပျော်ပြီး ကောင်းကင်ကြီးနဲ့ ပိုပိုတိုးလို့ချစ်နိုင်ပါစေဗျာ။ ပြီးတော့ ချစ်စရာကောင်းတဲ့ သားသားမီးမီး လေးတွေလည်း ၂ ဒါဇင်လောက် နဲ့ ပျော်စရာကောင်းတဲ့ မိသားစု လေးကို အမြန်ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အယ်....မေ့တော့မလို့ တီကြွက်က လေးမဆိုတာ ကမ္ဘာတုမှာပဲရှိတယ်ဆိုပေမယ့် သားကြွက်တို့ မောင်နှမတွေအားလုံးက ကမ္ဘာစစ်မှာလည်း ခင်မင်ခွင့် ရချင်ပါကြောင်း အသံတိတ်ပြောချင်ပါတယ် :)
မွေးနေ့လက်ဆောင် ကောင်းကင်ကြီးဆီက အနမ်းလက်ဆောင်တောင်းနေတယ် ရှက်လည်းရှက်ဘူး :P
"ကမ္ဘာအတုထဲမှာ နေထိုင်တဲ့ တိမ်စိုင်ငယ်ဟာ သူမဖြစ်တယ်။ ရေမှုန်ရေမွှားတွေစုပြီး တိမ်ယောင်ဆောင်နေတဲ့ တိမ်တိုက်ကလေးဟာ ဘယ်လောက်ပဲ သူမစိတ်တွေ မှိုင်းညို့နေပါစေ အမြဲတစေ ငွေနားကွပ်ထားတတ်တယ်။ သူမမှာ ခိုတွယ်စရာ ကောင်းကင်အစစ်တစ်ခု ရှိနေတဲ့အတွက် ကမ္ဘာအတုလေးထဲမှာ သူမခဏတာပဲ ပျော်တယ်"
"အတုတွေထဲမှာ နေထိုင်
အမြင်တွေကို ဖုံးကွယ်
အလင်းတွေထဲကနေ ပုန်းအောင်းနေခဲ့တိုင်း
သံယောဇဉ်အစစ်တွေမဟုတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ"
ဘာဂါလေးလို့ လာလာခေါ်ပြီး အမြဲအားပေးတွဲခေါ်ခဲ့ပါတယ်။ တစ်ခါတစ်လေ သူမပျောက်ကွယ်နေခဲ့ပေမယ့် ဘာဂါလေးကိုတော့ မျက်ခြေပြတ်မသွားခဲ့ဘူး ဆိုတာသိတော့ သိပ်အံ့သြမိတယ်။ သူမရဲ့ ဆဌမအာရုံများလား။ သူမချစ်တဲ့ သံယောဇဉ်ရှိတဲ့သူတွေရဲ့နောက်မှ အရိပ်ကလေးလို လိုက်နေတတ်တဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ဂရုတစိုက် အကျင့်လေးကို ပိုင်ဆိုင်ပါတယ်။ သူတပါးရင်ထဲအထိ ထွင်းဖောက်မြင်နိုင်တာကလဲ သူမရဲ့အရည်အချင်းပဲလေ။ တစ်ခါတစ်လေ နားလည်ပေးနိုင်လွန်းတဲ့ မျှဝေခံစားတတ်လွန်းတဲ့ နှလုံးသားလေးကို လေးစားမိခဲ့ရတယ်။ ထူးထူးခြားခြား သတိထားမိခဲ့တာ တစ်ခုရှိခဲ့တယ်။ သူမရဲ့ ကမ္ဘာလေးထဲမှာ လေးမတော့ စိတ်ညစ်လိုက်တာ ဆိုတဲ့အသံမျိုးလေး တစ်ခါမှမကြားခဲ့ရဘူး။ မငိုနဲ့ဘာဂါလေးရေလို့ အားပေးခဲ့ပေမယ့် သူမကိုယ်တိုင်က စိတ်ဓာတ်ကျ ကြေကွဲအားငယ်မနေတတ်တာ သူမရဲ့ ကံကောင်းခြင်းတွေထဲက တစ်ခုပဲလား။ လူတကာရဲ့ ချစ်ခင်မှုကိုခံစားရသလို ချစ်စရာ အားကျစရာ ဘဝလေးတစ်ခုကို တည်ထောင်ထားနိုင်လိုက်တာ အင်း... သူမနဲ့သူမရဲ့ကောင်းကင်ကြီးဟာ မွန့်အိပ်မက်ထဲက မင်းသားမင်းသမီးတွေကို ဖြစ်လို့။ ဘာဘီနာရီလေးတေ၊ွ အမေးအဖြေ၊ ကိုနဲ့လေးလို့ခေါ်တာတွေ၊ ကမ်းကြိုလာတဲ့ လက်တစ်ဖက်ကို လှမ်းခိုလိုက်ပါတယ်ဆိုတဲ့ အရေးအသား၊ ကျောင်းတုန်းက မုန့်ဝယ်ကျွေးတယ် ဆိုတာကအစ ဟိုး အိပ်မက်ထဲက မြင်းခွါရွက်သုပ်ပန်းကန်အထိ အားကျစရာ ပီတိဖြစ်စရာကြီးတွေကို ဖြစ်နေတော့တယ်။
"တစ်ခါတစ်ရံ မသိတာတွေက ပိုပြီးခံစားကြည်နူးနေစေတတ်သတဲ့ သူမဟာ ကိုယ့်အတွက်တော့ ထုပ်ပိုးထားတဲ့ လက်ဆောင်လေးတစ်ခုလို စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးခွင့်တွေကို ပေးနေခဲ့တာပါ။ ဒါပေမယ့် ဒီလက်ဆောင်ထုပ်ကလေးနာမည်ကိုက မသိခြင်းလက်ဆောင်တဲ့"
ဂါဂါနဲ့ သူမအကြောင်း သုံးနာရီလောက်ဖုန်းပြောခဲ့ဖူးတယ်။ ဂါ နင်တို့တွေကို ခင်ပေမယ့် ငါအပြင်မှာအတွေ့ချင်ဆုံး ဘလော့ဂါက မမလေးမပဲ လို့မကွယ်မဝှက်ပြောပြခဲ့ဖူးတယ်။ မဖြစ်နိုင်မှန်းသိရဲ့နဲ့ မွန်ပြန်ရောက်ချိန်မှာ သူမစိတ်ကူးအတိုင်း ဒီဇိုင်းဆင် ဆောက်လုပ်ထားမယ့် သူမနဲ့ကောင်းကင်ကြီးတို့ရဲ့ ဂေဟာလေးမှာ သူမတို့ချစ်သူနှစ်ဦးနဲ့ ကလေးမလှလှသေးသေးလေးတစ်ယောက်(အဲဒီအချိန်ရှိနေမယ့် ကလေးလေးကိုပါ ကြိုတင်စိတ်ကူးထားတာ) ကိုမြင်တွေ့ရတယ်လို့ စိတ်ကူးရှည်ရှည်တွေ ယဉ်ခဲ့ဖူးတယ်။ တိမ်ပြာပြာတွေအောက် စကားတွေပြောကြမယ့် မောင်နှမတွေထဲမှာ ကြွက်ဂိုဏ်းချုပ်က မပါမပြီးပါတယ်။ မတွေ့နိုင်ခဲ့ကြရင်တောင် အမည်တပ်လို့မရတဲ့ ဖြူဖြူစင်စင်ခံစားချက်လေးတစ်ခုနဲ့ သူမအကြောင်း နောက်နှစ်တော်တော်ကြာအောင် သတိတရတွေးတောနေမိမယ်။ သူမကတော့ မွန့်ကို မသိခြင်းတွေထဲက ခိုင်မြဲမှုတွေပေးတတ်တယ်။ မရေရာခြင်းထဲက သေချာယုံကြည်မှုတွေပေးခဲ့တယ်။ မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အားအင်တချို့ကို မွန့်လက်ထဲ တနည်းတဖုံထည့်ပေးခဲ့ပါတယ်။ ကျိတ်ပြီးဝမ်းနည်းတတ်တဲ့ မွန့်အကျင့်အတိုင်း သူမမွန့်ကိုလင့်မထားတုန်းက တော်တော်ကြာကြာ တိတ်တိတ်လေးခံစားနေခဲ့ရဖူးတယ်။ ကိုညိမ်းညိုတို့ကြွက်ဂိုဏ်းတည်ထောင်ပြီး ဆော့နေကြတုန်းက သူမနဲ့တခြားမောင်နှမတွေ မွန့်ကိုမခေါ်ပဲဆော့နေကြလို့ တယောက်ထဲစိတ်ကောက်နေဖူးတယ်။ ဦးမောင်တင့်က မွန်ရေ နင်နဲ့မလေးမကတော့ တူတူပဲ ကောမန့်ပေးလိုက်ရင်ရော တွေးလိုက်ရင်ရေးလိုက်ရင်ရော သိပ်တတ်တယ်လို့ တစ်ခါမှတ်ချက်ချတုန်းက သူမနဲ့အနှိုင်းခံရတဲ့အတွက် အကြီးအကျယ် ဂုဏ်ယူနေခဲ့ဖူးတယ်။ ဘာကြောင့်မှန်း ရှင်းမပြတတ်ပေမယ့် သူမဟာ မွန့်ဘဝရဲ့ ပြယုဂ်တစ်ခုလို စွဲမြဲကျန်ရစ်နေတတ်တယ်။
"သူမရောက်လာတယ်
သူမပျောက်သွားတယ်
သူမတိတ်တိတ်ကလေးရှိနေတယ်
သူမတနေရာရာကနေ စောင့်ကြည့်နေတယ်
သူမဘယ်တော့မှ နှုတ်ဆက်မသွားဘူးလို့ပဲ ပရမတ်တရားတွေကို ဆန့်ကျင်ပြီး ယုံကြည်နေတယ်
ဟေး ဂါဂါ တွေ့လား ဟိုးတိမ်တိုက်ကလေးရဲ့ နောက်မှ သူမပုန်းနေတယ်
ပြီးတော့ သူမငါတို့တွေကို ကြည့်နေတယ်"
ချစ်သောမမလေးမ အမှတ်တရဖြစ်ပါစေ
ချစ်တဲ့ ဘာဂါလေး မွန်
+++
သို့ . . .. မွေးနေ့ရှင် မလေးမ
မမြင်ဖူးပေမယ့် အကျွမ်းတ၀င် ရှိလှတဲ့ ပုံရိပ်မှာ သနပ်ခါးပန်းရနံ့တွေ ပါတယ် ...။ မခင်နှင်းဆီ သီချင်းသံ ပါတယ်..။ မိုးပြာရောင်ကို နှစ်သက်တတ်ပြီ . .. ရံဖန်ရံခါ ကောင်းကင်ကြီး ညိုမှိုင်းနေရင် သူမလည်း တုံ့ဆိုင်းနေတတ်တယ်။ တခါတရံမှာတော့ သူမရဲ့  စိတ်အင်အားတွေနဲ့ တိမ်ညိုညစ်များကို မောင်းထုတ်ပစ်နေပါလိမ့်မယ်။ သူငယ်ချင်းတွေကို ပျော်ရွှင်စေတတ် ခင်မင်တတ်တဲ့ စေတနာ အပြည့်ပါတဲ့ စကားလုံးတွေ သီကုံးတတ်တဲ့ မလေးမကို လေးစားအားကျမိပါတယ်။ မလေးမရဲ့ စာတွေ ဖတ်ရတာ တီးလုံးသံမြည်တဲ့ ရတနာသေတ္တာလေးကို ဖွင့်ကြည့်ရတာနဲ့ တူတယ်။ သေတ္တာထဲက ကနေတဲ့ မင်းသမီးရုပ်လေးလို Virtual World မှာ မြင်ရတဲ့ မလေးမကို ပုံဖော်ကြည့်မိတယ်။musical box ဖွင့်လိုက်ရင် သီချင်းသံမြည်ပြီး မင်းသမီးရုပ်လေး က,နေသလို မလေးမရေးတဲ့ စာတွေကို ဖတ်လိုက်ရင် ကဗျာဆန်တဲ့ အနုပညာတစ်မျိုးကို အလိုလို ခံစားနေရတယ်။ မလေးမရဲ့ ဘလော့နဲ့ တူတဲ့ သီချင်းသေတ္တာလေးက သိပ်ကို အသက်ဝင်ပါတယ်။
မှော်ဝင်သေတ္တာထဲက နတ်သမီးနဲ့ တူတဲ့ မလေးမကို ခင်မင်ခွင့်ရတာ ဘလော့ဘ၀ရဲ့ ပျော်စရာ တစ်ခုပါပဲ။ တစ်လတည်း မွေးတဲ့ အစ်မကို ခပ်ဆင်ဆင်တူတဲ့ စရိုက်တွေကြောင့် အချိန်တိုအတွင်း တွယ်တာခင်မင်မိခဲ့ပါတယ်။ သူငယ်ချင်း သံယောဇဉ် ကြီးတာတွေ၊ ရန်ဖြစ်ရမှာ ကြောက်တတ်တာတွေ၊ ကိုယ်ချစ်တဲ့သူတွေကို နားလည်ပေးတတ် အလျော့ပေးတတ်တာတွေကြောင့် အောင်မြင်ပျော်ရွှင်ရသလို တခါတရံ နာကျင်ရတယ်။ သံယောဇဉ် ကြီးပေမယ့် တသီးတခြား အေးအေး နေတတ် တွေးနေတတ်လို့ စိမ်းကားတယ်လို့ ထင်ခံရတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီဖွားတွေဟာ အလွယ်တကူ အားမလျှော့ဘဲ လုပ်စရာတွေ ဖြစ်အောင် လုပ်တတ်တယ်။ ကိုယ့်ပိုင်စိတ်စွမ်းအား မြင့်သလို သူငယ်ချင်းတွေကိုလည်း အားပေးကြင်နာတတ်တဲ့ မလေးမ ဟာ အသက်တစ်နှစ်ပိုကြီးလာတာကိုလည်း ကြံဖန်ဂုဏ်ယူပြီး ပျော်နေဦးမှာပါ။
ပျော်စရာ ရှာကြံတွေးပြီး ပျော်အောင်နေတတ်တဲ့ မလေးမ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။ တကယ်တော့ မွေးနေ့ တစ်ရက်ထဲ မဟုတ်ပဲ နေ့တိုင်း မွေးနေ့ရှင်တစ်ယောက်လို ပျော်ရွှင်နေစေချင်ပါတယ်။ မလေးမ စိတ်ညစ်တာတွေလည်း ရှိရင် ပေါ့ပါးသွားအောင် ရင်ဖွင့်ပြီး ဘလော့မောင်နှမတွေကို ဆက်လက်လမ်းပြနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။ ရွှန်းမီ
+++
ကျနော်တို့မှာ ကမ္ဘာအတုထဲက အစ်မကြီးတစ်ယောက်ရှိပါတယ်။ ကျနော်တို့က ဂိုဏ်းချုပ်ကြီးလို့ ချစ်စနိုးခေါ်ကြပါတယ်။ ထူးခြားတဲ့ ရှုထောင့်ကနေ တွေးဆခံစားရတာကို နှစ်ခြိုက်သူ၊ ဇ၀နဉာဏ်ရွှင်သူ၊ ကိုယ်ပိုင်စာရေးဟန် သီးသန့်ရှိသူ ကျနော်တို့ အစ်မကြီးဟာ သူ့ရဲ့ ကမ္ဘာတုလေးထဲမှာ သူ့အနုပညာလက်ရာတွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းပြသလေ့ ရှိပါတယ်။ ခင်မင်ဖော်ရွှေတတ်သူမို့ အစ်မကြီးရဲ့အိမ်ကလေးဟာ ချစ်မိတ်ဆွေသူငယ်ချင်းများနဲ့ အမြဲစည်ကားနေလေ့ ရှိပါတယ်။ အစ်မကြီးက ကွန့်မန့် အရေးကောင်းသူလဲ ဖြစ်ပါတယ်။ သူ့ကွန့်မန့်ကို ဖတ်ရတဲ့အခါတိုင်း အော်... ငါရေးထားတာလေးကို သေသေချာချာ ဖတ်ပေးသွားတာပါလား ဆိုတဲ့ ခံစားမှုမျိုး သေချာပေါက် ဖြစ်ပေါ်စေတာပါ။ ပြဿနာများနဲ့ ကြံတွေ့တဲ့အခါတိုင်း အသင့်အတင့် နှလုံးသွင်းဆင်ခြင်နိုင်တဲ့ အစ်မကြီးရဲ့ စိတ်နေစိတ်ထားကို အားကျအတုယူမိပါတယ်။
အပြာရောင်ကျောပိုးအိတ်ကလေး၊ သနပ်ခါးပန်းကလေးတွေရဲ့ပိုင်ရှင်ဟာ သူ့ရဲ့ ကောင်းကင်ကြီးကိုလဲ သိုသိုဝှက်ဝှက်ကလေးနဲ့ ကြွားတတ်သူ ဖြစ်ပါတယ် :P ဗိသုကာသခင်မတစ်ဦးဟာ ရာဇ၀င်ချင်းရာများကိုလဲ ခြေရာကောက်တတ်သူ ဖြစ်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကဗျာပတ်တီးတွေနဲ့ လောကရဲ့အနာတွေကို ကျပ်စည်းပေးတတ်ပြန်ပါတယ်။ ချစ်ခြင်းသီနွဲ့ ဆိုတေးလဲဖွဲ့တတ်ပြန်ပါရဲ့။
စိတ်ရင်းကောင်းတဲ့ အစ်မလေးမတစ်ယောက် ချစ်တဲ့ကောင်းကင်ကြီးနဲ့အတူ သားတစ်ရာမြေးတစ်ဖျာ ရတဲ့အထိ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ရွှင်ပြုံးချမ်းမြေ့စွာနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေခင်ဗျာ။ ကျနော်တို့ အစ်မကြီးအတွက် ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေးဖြစ်ပါစေ :) :) ဘိုညိမ်း
Posted by ညိမ်းညို at 11:27 9 comments
Labels: အမှတ်တရ
10 January 2009
အမေ့ခေါ်သံ
မောင်စွမ်းရည်
အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သားနိုးနေပြီအမေ။
သားကဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။
အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ်သုံးဆယ်ကြာတော့
ပညာပါမက ကြင်ယာပါမက
ရင်အနာပါရခဲ့ပေါ့။
အသက်က လေးဆယ်လွန်
မျက်မှန်တစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။
တစ်ခုသောည
ညဉ့်နက်လှပြီ
ရှိသမျှမြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်အလယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့
မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ။
နွားနှစ်ကောင် စာမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။
အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်းအိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက် ရေနွေးတစ်ကျိုက်
လျောင်းလိုက်ထိုင်လိုက်
တိုးလိုက်ကျယ်လိုက်နဲ့
မငိုက်စတမ်း မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ...
အဲဒါတွေ သတိရပြီး တစ်စကဗျာ
သီမိပါခဲ့။
ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီးဘွားကြီးများ
ဘုရားထူးခံကြတဲ့အကြောင်း။
ငွေဓားတစ်ချောင်း ကြေးမောင်းတစ်လုံး
နှစ်လုံးပူးသေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေဘယ်ကမ်း ဘယ်ထမ်းဘယ်ထင်း
ဘယ်ကွင်းဘယ်ရိုး ဘယ်ကိုလက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစု မြေခွန် မြေကျွန်တွေ တရုန်းရုန်းနဲ့
သုံးမကုန်လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း...။
မြို့ကြီးနဲ့ကွာ ကျေးတောရွာမှာ
တူတန်တာမရှိ ပျင်းရိအားယား
လူပျိုကြီးအပျိုကြီး၊ ဦးကြီးဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့အကြောင်း။
ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန် တော်လှန်သူများ
မောင်များမတ်များ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်၊ ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက်ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။
ထန်းရေအိုးကိုဖက် ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ အိပ်သူအိပ်တဲ့အကြောင်း။
တစ်ချို့က ထွန်စက်မောင်း၊ တစ်ချို့က ထွေလာမောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။
တစ်ချို့ပိန် တစ်ချို့ဝ
တစ်ချို့က သမ၊ တစ်ချို့က ၀ိသမ။
တစ်ချို့က အရည၀ါသီ
တစ်ချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ၊ ၀ါသူဝါ
မဟာဆွေအစ၊ မဟာစည်အစ
ဗကျန်း(ငမိုး)၊ သာနိုး(ဆံရှည်)
ကျူသေကျူရှင်၊ ဗေဒင်ယတြာ
ရိပ်သာအဆုံး..၊
အမုန်းအချစ်၊ ကဗျာသစ်စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များအကြောင်း။
ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းယားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာဘိန်းဝါအထိ
မှတ်မိမှတ်ရာ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေအကြောင်း။
အမေရယ် ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်.."
"ဘုန်းမောင်တစ်ယောက်ထဲရယ်"
"..........တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား သားနဲ့အဖေ
စာတွေပေတွေထဲမှာ သူရဲကောင်းရှာခဲ့တဲ့အကြောင်း။
အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ ကာရန်ကစားခဲ့ကြတဲ့အကြောင်း။
ညီငယ်နဲ့ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွှမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်တဲ့မင်းနန်၊ နောင်တော်ကိုချန်
ဆံတော်ကိုမချ သပိတ်သံမပြဘဲ
နိက္ခမကျင့်တဲ့အကြောင်း။
မိခွေးရယ် မိအေးရယ်
ကျွန်တော်ရယ် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ခင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက်ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး အသည်းအေးအောင်
အမြဲလွေးကြတဲ့အကြောင်း။
ဝါခင်းအစပ် မားမတ်တဲ့ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက် သားတစ်ယောက်
လုယက်လို့ကောက်ကြ
သုံးယောက်ရဲ့အသံ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။
ဘိုးဘွားကုသိုလ်၊ ကန်ပေါက်လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင်ကျောင်းလို့
ထနောင်းလည်းတုံး၊ ထန်းလည်းပြုန်းတဲ့
သင်္ချိုင်းကုန်းက သုံးပင်ဇရပ်
ကြက်လျှာဆူး နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်၊
ရွာဦးကျောင်းက ခေါင်းလောင်းတွေလည်း
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်၊
ကဗျာမှာ စာမှာ၊ ငါ-ငါ-ငါနဲ့
ငါ-သူတစ်ပါး၊ ကျားကျား မမ
တစ်နေ့ကျတော့
သင်္ခါရတံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။
ဟိုအကြောင်း ဒီအကြောင်း
အကြောင်းမျိုးစုံ ဖြစ်မျိုးစုံ
ပြောမကုန် မရိုးနိုင်
သန်းခေါင်တိုင် သန်းလွဲကျော်
ကျွန်တော်အသိသား
စကားဟာ ပဓာနမဟုတ်ဘူးလို့။
ဒီသား...
အကြီးသား ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွားနက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။
သားဖြစ်သူအပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေဆိုပေမယ့်လည်း
အမေမသွား၊ အမေမနား
သားသက်လျာကို ကြုံလာတုန်းမှာ
ပြုံးကာရယ်ကာ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံမှေးရှာတယ်။
အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး
တီးတိုးတီးတိုးနဲ့၊ ရွာရိုးကိုလျောက်ခဲ့
သားမြေးတွေသောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေအလုပ်ရှုပ်ခဲ့ပြီ။
ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ်အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ်ရွာရိုး၊ လွန်းထိုးလာသွား
ငှားလိုက်ချေးလိုက်၊ ကျွေးလိုက်တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကိုကျွေးလို့ မောတယ်မရှိ။
သြော်...ခုအခါ အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာခဲ့ပြီ။
အမေ့စာ
သားအမြန်လာတဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား အမေ့သား
ဓားတောင်မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သားမလာ မြေးမလာ
ကဗျာတို ပူပုံပန်းနဲ့
စာတစ်ညို လူကြုံကမ်းရတယ်။
အမေစားဖို့
ဘားပလက် တစ်ဘူး၊ နှစ်ဘူး
ဂကူးဘိုး တစ်ထုပ်စ၊ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါနှစ်ခါ
စတိသာပို့အားတဲ့ သားခမျာ
အမေပေးတဲ့ ဆယ့်လေးတန်းပညာနဲ့
မြို့ပေါ်မှာသောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက်ဒီကော်
တစ်နေ့သော် ပိုင်နိုးနိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။
သြော်...အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာ သုံးဝါရွေ့ဆိုင်း၊
"မလာဖြစ်နိုင်ဘု
ဝါခေတ် တစ်ခါကုန်တော့" ရယ်လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ဗန်းတပြာပြာ၊ အိမ်ကြမ်းတခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ၊ စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့၊ နေညိုချိန်တိုင်း။
မောင်စွမ်းရည်
မိုးဝေမဂ္ဂဇင်း။ ဇွန်၊ ၁၉၇၉
Posted by ညိမ်းညို at 01:08 10 comments
Labels: ကြိုက်သောကဗျာရှည်များ
5 January 2009
ချစ်သူ
အကွာအခြား မသိ
အလွှာအတား မရှိ၊
အပေးအယူမသိ
ဖေးကူ၏၊
စွဲမြဲခိုင်ကျည်သော သစ္စာ
ဖြာဝေအေးမြသော ချစ်ခြင်း
ကျနော့်ရင်မြေတလင်း၌ ထာဝရလင်းစေခဲ့သူ။
ညိမ်းညို
Posted by ညိမ်းညို at 01:14 23 comments
Labels: အမှတ်တရ
1 January 2009
နှစ်သစ်ဆုမွန်
နှစ်သစ်ဆုမွန်
၂၀၀၈
ချန်ရစ်ကြစို့
အတ္တ၊ မာန ကင်းပကြဉ်ခွာ။
၂၀၀၉
ရှေ့တိုးလှမ်းစို့
ပရ၊ ဉာဏ လင်းမြညီစွာ။
ညိမ်းညို
Posted by ညိမ်းညို at 00:15 11 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web