12 September 2008

မယ်ဖ

ကဗျာဆရာဟာ ချစ်သူကို မြတ်နိုးတွယ်တာသလို
မယ်ဖကို မြတ်နိုးတွယ်တာတယ်
သူ့ရင်အုံအတွင်းသားထဲမှာ
သံတောင်ကြီးနဲ့ကျောက်ထီးပမာ ထီးထီးကြံ့ခိုင်နေတဲ့
ရာဇ၀င်စာမျက်နှာတစ်ချပ် ရှိတယ်ဆိုပါစို့
ဘယ်နေရာက စဖတ်ဖတ် မယ်ဖကို တွေ့နိုင်တယ်။

မယ်ဖဟာ
သူ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကို
သူကိုယ်တိုင်ရေတွက်ဖို့ အခွင့်မသာတဲ့အခါ
ကဗျာဆရာကို ချောဆင့်တယ်၊
မယ်ဖကို မယ်ဖဆန်စေချင်လှတဲ့ကဗျာဆရာဟာ
ဒဏ်ရာတွေကို မျက်ရည်အစက်စက်နဲ့ ရေတွက်ခဲ့တယ်။

ကွေ့သောကောက်သောလမ်းတို့ရဲ့အဆုံးမှာ
နှလုံးသားဖြောင့်တဲ့မယ်ဖကိုတွေ့ရမယ်။

ထူအမ်းနီစွေး
မြေစေးဖျော်ရည်ပျစ်ပျစ်တွေ
ရက်လွန်လက်ဖက်ရည်တစ်ခွက်လို
ညိုညစ်ညစ် ကနယ်မှုန်အနယ်အနှစ်တွေ
ပျော်ဝင်ပြည့်သိပ် ဘ၀တူလူသားတွေ
မယ်ဖကိုတန်ဆာဆင်ကြ
မြို့ရဲ့နံရိုးထဲ
အကြိုအကြားမကျန်
ပတ္တရောင်လှည့် ရစ်ခွေစီးဆင်းနေကြ။

အနိမ့်အမြင့် ချိုင့်ဝှမ်းလျှိုမြောင်အသွယ်သွယ်
ခြေချင်းခေါင်းချင်းဆက် ယှက်နွယ်အိမ်စဉ်အိမ်တန်းများ
မယ်ဖဟာ အသက်ငွေ့ငွေ့လေး ရှိနေသေးတယ်။

ခြံတွေထဲမှာ တောင်ကုန်းတွေပေါ်မှာ
သစ်တော်ပင် သစ်တော်သီးတွေ
စိမ်းဖန့်ဝင်းပ ကိုင်းညွှတ်ပြွတ်ခဲ
ဖွံ့ဖွံ့ကားကားနဲ့ အလုံးထွားလှချည့်
မြို့နေလူထုကိုများ လှောင်နေရော့သလား။

ကော်ဖီပင်တွေပေါ့
မာနကြီးတခွဲသားနဲ့
ထည်ထည်ဝါ၀ါတောင်ကတုန်းကြီးတွေပေါ်ကနေ
ပြောင်ပြောင်ရောင်ရောင် စီးမိုးကြည့်နေကြသေး
မယ်ဖဟာ သနားစရာလား။

လက်ဖက်ပင်ပျိုစိမ်းအုပ်အုပ်တို့
သင်္ကြန်ယိမ်းတိုက်နေသလို ညီလှစီလှ
တောင်ပေါ်လေညှင်းသွဲ့သွဲ့မယ်
မယ်ဖက ကွက်ကျားမိုးရွာတယ်။

တိုက်တာအိုးအိမ်ကြီးတွေ ထည်ဝါလှချည့်
ကားကြီးကားငယ်တွေ ဆန်းသစ်တောက်ပြောင်လှချည့်
ပွဲနေပွဲထိုင်အ၀တ်အစားတွေနဲ့ ဂုဏ်ရည်ကြီးမြင့် အသရေတင့်လှချည့်
"ကျွန်တော့ခန္ဓာအိမ်ထဲမှာ ဒီလူလေးတစ်စုထဲ
ကွက်ပြီးနေတာမဟုတ်ဘူးလေဗျာ" တဲ့
လီရှောမီးတောက်အရက်နဲ့ ခပ်ထွေထွေဖြစ်လာပလားဆိုရင်
မယ်ဖဟာ လက်ဖက်ပင်လေးကို ဒီလိုပြောရှာရဲ့။

ဆန်မထွက် ဆီမထွက်ရှာတဲ့မယ်ဖ
ဂေါ်ရခါးသီးနဲ့မုန်ညှင်းကိုသာ ပေါပေါလောလောရနိုင်တဲ့ မယ်ဖရယ်လေ
ဘုစုခရုတံတားလေးတွေအများကြီးထဲက တစ်စင်းတစ်လေ ပျက်ယွင်းသွားရင်ကိုပဲ
ကမောက်ကမကုန်ဈေးနှုန်းနဲ့ တအုန်းအုန်းရိုက်ပုတ်ခံရတတ်သေးတာ။

ရှေးအဘိုးအဘွားတို့က ပြောကြတယ်
မြို့သူမြို့သားတို့ ဆင်းရဲကျပ်တည်းလာပြီဆိုရင်
ကြည့်ရှုစောင့်ရှောက်ပေးတတ်လို့
ပြင်ပေးဆင်ပေးတတ်လို့
ကြမ္မာကောင်း လာဘ်ကောင်းတွေကို ဆောင်ကြည်းပေးတတ်လို့
"မယ်ဖ" လို့တွင်သတဲ့၊
အဲဒီလို ရာဇ၀င်အခင်းအကျင်းနဲ့ မယ်ဖဟာ
သူ့လည်မြိုမှာ တစ်စုံတစ်ရာ ဖိညှစ်ခံထားရပေါ့
အသံမထွက်နိုင်ရှာတော့ဘူး
ကိုယ်ကျပ်အင်္ကျီသေးသေးလေးနဲ့
သူကိုယ်တိုင်မှာ ကျပ်ထုပ်လို့နေပေါ့
လူရိုးလူကောင်းကြီး မယ်ဖ
မြို့သူမြို့သားတို့ရဲ့ ဟီးရိုးကြီး မယ်ဖ
ခွန်အားရှိသမျှ ရုန်းခဲ့လှုပ်ခဲ့တယ်(သူဟာ သူ့ရာဇ၀င်ကို တန်ဖိုးထားတယ်)
၁၉၉၄ အလွန်နှစ်များမှာ အငိုက်မိသွားရရှာသူ မယ်ဖဟာ
၂၀၀၀ ပြည့်နှစ်အလွန် ကာလများမှာတော့
ရုန်းလေနစ်လေ၊ လှုပ်လေမြုပ်လေနဲ့
သူဟာ တုပ်ချည်စည်းနှောင်ခြင်းခံလိုက်ရတော့တယ်။

၁၉၉၅ အလွန်နှစ်များမှာ
မယ်ဖဟာ အချိုးအကွေ့တွေ များလွန်းခဲ့တယ်
သက်ရှိတွေကိုပါ ခါးပိုက်ထဲထည့်ထားလို့ရတယ်ဆိုတာ သိလိုက်ရတော့
မယ်ဖဟာ အံ့သြလှပေါ့
သက်ရှိအကြီးကြီးတွေ၊ သက်ရှိပေါက်စနလေးတွေကလဲ
ခါးပိုက်ထောင်တွေထဲမှာ ပြုံးလို့ပျော်လို့
ဆိုတော့....
မယ်ဖဟာ ထပ်ဆင့်အံ့သြရပြီပေါ့။

ငြိမ်းချမ်းရေး...ငြိမ်းချမ်းရေး
ဒီလိုပဲ စူးစူးဝါးဝါး အော်ခဲ့ကြ
လက်သီးလက်မောင်းတန်းကြ
သစ်သစ်လွင်လွင်ဆိုင်းဘုဒ်ကလေးတွေထောင်ကြ
မယ်ဖနဲ့ဘယ်လိုမှ မအပ်စပ်လှတဲ့
ကိရိယာတန်ဆာပလာတွေ ယူဆောင်လာကြ
(လူတွေက အဲဒီကိရိယာတန်ဆာပလာတွေကို မြင်ရုံနဲ့ကြောက်တယ်)
စာနာစိတ်ပလပ်ခေါင်းအဖြုတ်ခံထားရတဲ့ လူလိုအကောင်ကြီးတွေ
အမည်းတွေကို အဖြူလုပ်ဖို့
မယ်ဖရဲ့ရင်ခေါင်းထဲ ဒရကြမ်းဖြိုဖျက်တွန်းဝင်လာကြ
အူ၊ အသဲ၊ အဆုတ် ကလီစာအမှုန်အမွှားလေးတွေမကျန်
ပုဝါမကူ ရေမရှူစတမ်း စုပ်ယူဝါးမြိုကြ
ဗီဇာသက်တမ်းတွေ အလီလီတိုးကြ
သဘောတူညီမှုတွေ အထပ်ထပ်ယူကြ
အခု မယ်ဖဟာ
ငြိမ်းချမ်းရေးအသံကြားရင်ကိုပဲ
ခြေတွေလက်တွေတုန်လို့...။

နေကြာပန်းပန်ချီကားထက် လှပတဲ့တင့်တယ်မှုမျိုး
နေကြာပန်းရုပ်ရှင်ဇာတ်ကားထက် သာလွန်တဲ့စွဲမက်ဖွယ်ရာမျိုး
တောင်နေကြာတွေ ၀ါရွှေထိန်တောက်လို့
တောတွေအဆင့်ဆင့် တောင်တွေအထပ်ထပ်
နနွင်းရည်တွေ လိမ်းကျံပက်ဖြန်းထားသလို
ဟည်းဟည်းထရွှေတောင်ကြီးတွေကြားမှာ
မယ်ဖဟာ ဖော်ဖော်ရွေရွေပြုံးလို့
မယ်တော်ကြီးတောင်၊ ဆင်ဖြူတောင်
တောင်တော်အထွတ်အမြတ်တို့မှာ
တရားဓမ္မသံတို့ ငြိမ်းအေးကြည်သာစွာ ပျံ့လွင့်လို့
ဆည်းလည်းသံလေးတွေ တေးဆိုလို့
ကျေးငှက်ကလေးတွေ ပျံဝဲလှုပ်ရှားလို့
လက်ဖက်ရနံ့လေးတွေ သင်းပျံ့လို့
ရှမ်းဇီးသီးအ၀ါကလေးတွေ ပျောင်းအိညွှတ်တွဲလို့
ဗမာ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါးနဲ့ ငါတို့ရဲ့မိတ်ဆွေများဟာ
သာရေးနာရေး အစုစုအမှုမှု၊ ဒေသရိုးရာပွဲတော်အသီးသီးမှာ
ချစ်ခင်စည်းလုံးစွာ ညီညွှတ်စုဝေးလို့
မြို့သူမြို့သားတွေက ဘုရားသွားကျောင်းတက်ပြုလို့
မယ်ဖဟာ လူ့ဂုဏ်သိက္ခာမီးရှူးတန်ဆောင်ကို အမြင့်မားဆုံးထွန်းညှိလို့
မယ်ဖဟာ စားဝတ်နေရေး အမှုကြီးသုံးပါးကို နိုင်နိုင်နင်းနင်း ထမ်းပိုးလို့
မယ်ဖဟာ နှင်းမြူဖွေးဖွေးကြားမှာ နွေးထွေးလုံခြုံလို့
မယ်ဖဟာ ဇာပုဝါပါးပါးလေး ခြုံလို့
ကမ္ဘာကြီးနဲ့လဲ အဆက်အဆံမပျက်ခဲ့ဘူး
အမျိုးကောင်းပီသမို့ အိနြေ္ဒလဲမကလက်ခဲ့ဘူး
ယိုးဒယား၊ လန်ဒန်၊ အမေရိကား မြို့ကြီးပြကြီးတွေနဲ့
ရိုးရိုးဖြောင့်ဖြောင့် ကူးလူးဆက်သွယ်လို့
မယ်ဖဟာ တကယ်ကိုနူးညံ့သိမ်မွေ့စွာ လှပခဲ့ပါတယ်လေ။

အခုတော့
ည ၈နာရီကျော်ရုံလေးနဲ့
မယ်ဖဟာ အိပ်မောကျသွားရှာပြီ
မယ်ဖကလမ်းတွေဟာ
မယ်ဖကလူတွေအတွက် ပျော်ရွှင်ဖွယ်မကောင်းတော့
မယ်ဖကပွဲလမ်းသဘင်တွေဟာ
မယ်ဖကလူတွေအတွက် သိုက်သိုက်ဝန်းဝန်းမရှိတော့
မယ်ဖကထွက်ရှိသမျှတွေဟာ
မယ်ဖကလူတွေအတွက် မဟုတ်တော့
ယုတ်စွအဆုံး
လက်ဖက်ရည်ဆိုင်က သီချင်းသံတောင်
မယ်ဖကလူငယ်တွေအတွက် ပီပီသသမရှိတော့
နေ့စဉ်နဲ့အမျှ လူငယ်တွေဟာ
ကျောက်ဖျာကြီးကို ကျော်ခွခုန်ထွက်ပြီး
မယ်ဖနဲ့ဝေးရာဆီကို ပြေးနေကြပြီ။

သန္တာ၊ မြ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ကြောင်
သွေးရဲ့အဆင်းလိုလှပ
နီစွေးပတ္တမြားနဲ့ မိုးပြာရောင်နီလာညီနောင်တို့လဲရှိ
တွင်းထွက်ကျောက်မျက်ရတနာတွေ အမျိုးစုံလင်လှချည့်
ရတနာတွေဖင်ခုထိုင်ထားတဲ့မယ်ဖဟာ
အထည်ကြီးပျက်တစ်ယောက်လို
ရွှေထီးဆောင်းဇာတ်လမ်းတွေနဲ့ နှစ်သိမ့်ခံထားရပြီ။

ခွေးတွေကြက်တွေလို မြေကြီးကို နာနာယက်ကြ
ကြွက်တွေလို ဂလိုင်တွေတူးဆွကြ၊ လိုဏ်ခေါင်းတွေဖောက်ကြ
စစ်ပွဲကြီးတစ်ပွဲဆင်နွှဲနေသလို
ဒိုင်းနမိုက်တွေ၊ ယမ်းအားပြင်းပြင်းတွေနဲ့ ဖောက်ခွဲလိုက်ကြ
တောင်တန်းတွေကို အပိုင်းပိုင်းခုတ်ထစ်လိုက်ကြ
မယ်ဖရေ....
စမ်းချောင်းကလေးရေ.......
စိမ်းညို့တောအုပ်တို့ရေ.........
ဒဏ်ရာတွေနိုင်းချင်းနဲ့ အားတင်းလို့ဆိုကြ
ငါတို့ အနိုင်ကျင့်ခံရတယ်
ဒါ..မတရားမှုသက်သက်ကြီးပါကွယ်။

သရဲသဘက် မြေကော်စက်ကြီးတွေ
တစ္ဆေလက်တံအရှည်ကြီးတွေ
ယမ်းပေါက်ဖော် လွန်ပူသေနတ်ကြီးတွေ
ဖွတ်ချက်ဖွတ်ချက်နဲ့ မယ်ဖရဲ့ရင်သားတွေကို
၂၄နာရီ ထိုးဆွမွှေနှောက်နေတဲ့
အစားကြူးသူ စက်ယန္တရားကြီးတွေ
ကျွန်တွေလိုမောင်းနှင်တတ်တဲ့ ခရာတွတ်သံတွေ
ရမ်းရမ်းကားကားမောင်းတတ်တဲ့ ဘီးခွံထူထူနဲ့ ကားအမြင့်ကြီးတွေ
နူးညံ့မှုကိုရှာဖွေကြည့်ဖို့
ကျောက်မျက်ရတနာထက်တောင် ရှားပါးခက်ခဲနေတဲ့ လူသေမျက်နှာကြီးတွေ
တရားစီရင်ခွင့်ကို လိုအပ်သလိုပိုင်ဆိုင်နေတဲ့ ဧရာမပုဂ္ဂိုလ်ကြီးတွေ
ကိုယ့်ကြီးထွားမှုကလွဲရင် အခြားဘာကိုမှ မြင်နိုင်စွမ်းမရှိတဲ့
ပြူးကျယ်သောမျက်ပေါက်ကျဉ်းကျဉ်းတွေ.....။

အဲဒီထောင်ချောက်တွေထဲမှာ
အိမ်တွေကျွံကျ မြေတွေကျွံကျ
ကတ္တရာလမ်းမကြီးတွေ ကျွံကျ
စည်ကားအပ်သောနေရာတွေကျွံကျ
ဈေးတွေကျွံကျ၊ လူနေရပ်ကွက်တွေကျွံကျ
ဘုရား၊ ကျောင်း၊ ကန် အကာအရံတံတိုင်းတွေ ကျွံကျ
အဆိုးရွားဆုံးကတော့
လူနေမှုဘ၀အာမခံချက်တွေ ကျွံကျခဲ့ရတာပဲ မယ်ဖရေ။

"စေတနာဆိုမှပဲ
ဖြူပြီပေါ့ဗျာ၊ မည်းပါဦးမလား" လို့ဆိုကြ
စေတနာတစ်ဆကို အခွင့်အရေးဆယ်ဆနဲ့ရော
ငွေကြေးနဲ့နာနာဖျော်
အကျော်အမော်လူတော်ကြီးတွေ ကျက်စားတဲ့နေရာ
မယ်ဖမှာ ဖျာတစ်ချပ်စာအတွက်
ဘွာခတ်နိုင်သူတွေ နေရာရမယ်။

လင်သားကစွန့်ပစ်ခြင်းခံထားရတဲ့ မိန်းမတစ်ယောက်လို
ဝမ်ဗိုက်ဟောင်းလောင်းနဲ့မယ်ဖဟာ
ဆရာကြီးဆိုသူတွေရဲ့ သူကောင်းပြုပေးခြင်းအမှုကို
အတင်းရော ဇွတ်ရော အဓမ္မရော ခံစားကြုံတွေ့နေရပေါ့။

မယ်ဖမှာ ဦးချရမဲ့လူတွေကများတယ်
ဒါကြီးတွေကိုပဲ
ဖူးမ၀ဖြစ်နေတဲ့ ပုပုရွရွဝေနေယျတွေကလဲ ဒုနဲ့ဒေး
ဟေးးးမယ်ဖ
လူရည်လည်ကြီးတွေက မင်းကိုနေ့ပြန်တိုးနဲ့ ချေးစားနေကြပြီကွ
စိတ်မရှည်ကြတော့ဘူးတဲ့ မစောင့်နိုင်ကြတော့ဘူးတဲ့
အမြီးကျက်ဖို့လဲ မလိုတော့ဘူး၊ ခေါင်းကျက်ဖို့လဲ မလိုတော့ဘူးတဲ့
သူတို့ မင်းကိုအစိမ်းလိုက် ၀ါးစားနေကြပြီ မယ်ဖ။

ခံစားနေရတာကို ခံစားနေရတယ်ပြောလို့
ကြုံတွေ့နေရတာကို ကြုံတွေ့နေရတယ်ပြောလို့
ယဉ်ကျေးမှုမရှိဘူးဆိုရင်
ငါ လူရိုင်းပဲလုပ်တော့မယ် မယ်ဖ။

မယ်ဖရေ
မင်းဒဏ်ရာတွေကို ငါဆေးထည့်မယ်
မျက်ရည်တွေကို သုတ်လိုက်တော့
ဒဏ္ဍာရီထဲကဖီးနစ်ငှက်လို ပြာပုံထဲကနေတိုးထွက်ပျံသန်းကြစို့
ဒီတွင်းနက်ကြီးထဲကနေ ငါတို့ အတူတူခုန်တက်ကြစို့။

ညိမ်းညို
(၇-၁၁၊ ၉၊ ၂၀၀၈)

16 comments:

khine said...

ကဗျာဆရာချစ်တဲ့ မယ်ဖ ဟို အရင်လိုပြန်လည် လှပနိုင်ပါစေ..။
အမြဲအားပေးနေမယ်နော်.. ကေအို :)

pandora said...

ကဗျာရှည်ကြီးကို မောမောနဲ့ ဖတ်သွားတယ်။ စကားလုံးတွေက ဖမ်းစားတယ်။
တကယ်တော့ မယ်ဖဟာ
တစ်မြို့တည်း မကဘူး။

mgngal said...

စာပိုဒ်တိုင် စာပိုဒ်တိုင်း ပုံဖော်တာတွေ ပီပြင်တယ် နောင်တော် ။ ငါတို့ (ပြည်သူ့ ပြည်သားအားလုံး) ရဲ့ 
"မယ်ဖ" ဟာ မဝေးတဲ့ တစ်နေ့ မှာ ငြီမ်းချမ်းစည်ပင်
ခြင်းရဲ့ အနှစ်ကို ခံစားစေကြရဖို့ အကာတွေလည်း ကျက် ဖို့ လိုတယ် နောင်တော်။

မယ်ဖမှာ ဦးချရမဲ့လူတွေကများတယ်
ဒါကြီးတွေကိုပဲ
ဖူးမ၀ဖြစ်နေတဲ့ ပုပုရွရွဝေနေယျတွေကလဲ ဒုနဲ့ဒေး
ဟေးးးမယ်ဖ
လူရည်လည်ကြီးတွေက မင်းကိုနေ့ပြန်တိုးနဲ့ ချေးစားနေကြပြီကွ
စိတ်မရှည်ကြတော့ဘူးတဲ့ မစောင့်နိုင်ကြတော့ဘူးတဲ့
အမြီးကျက်ဖို့လဲ မလိုတော့ဘူး၊ ခေါင်းကျက်ဖို့လဲ မလိုတော့ဘူးတဲ့
သူတို့ မင်းကိုအစိမ်းလိုက် ၀ါးစားနေကြပြီ မယ်ဖ။

အကြိုက်ဆုံး စာပိုဒ်ပဲ။

နောင်တော် လူရိုင်းပဲလုပ်တော့ ။ တို့ လူရိုင်းတွေ အမျိုး
ဘာသာ သာသနာ နဲ့ နိုင်ငံကိုတော့ ပိုချစ်တတ်တယ်
နောင်တော်။လေးစားပါတယ် ။

mgngal said...
This comment has been removed by the author.
thihanyein said...

ဘိုညိမ်းရေ မိုက်တယ်ဗျ အဟားးး
ဘယ်လိုတွေးပြီးများရေးလိုက်သလဲ မသိဘူး
ဒီလောက်ရှည်ကြီးကို...ကောင်းတယ်ဗျို့

အိုင်လွယ်ပန် said...

ကောင်းတယ်ဗျာ......
အပိုဒ်တိုင်းအပိုဒ်တိုင်းကရင်ထဲကိုတန်းကနဲ့ရောက်တယ်
နောက်ထပ်နောက်ထပ်တွေကိုမျှော်နေပါတယ်ဗျာ...

လွမ်းလုင် said...

ဆြာညိမ်းရေ... ကောင်းလိုက်တဲ့ ကဗျာ... မိုက်တယ်... အလွမ်းကဗျာ အကွဲကဗျာတွေ ဒီကဗျာလောက် မခံစားရဘူးဗျ... တစ်ခုခုကို မကျေနပ်သလိုပဲဗျာ...

မောင်မျိုး said...

ဟူးး.....မောလိုက်တာ ဒီနေရာလေး ဘာပြောတာပါလိမ့်ဆိုပြီး ၂ ခေါက် ဟိုနေရာက မပေါက်သေးဘူးထပ်ဖတ်အုံးမှ ၃ ခေါက် ကဗျာလည်းဆုံး လူလည်း မျော့မျော့ပဲကျန်တော့တယ် မယ်ဖရယ် ....သိတာ မယ်ဖ တစ်ခုခုကို တင်းနေသလားလို့  သေချာတော့မသိ ပညာတွေ သိပ်မသုံးပါနဲ့ ဝေ့ တား က မမှီ့ တမှီနဲ့  ခုန်ဖတ်နေရတား)

Kay said...

ညိမ်းညို -
မယ်ဖ အတွက် တကယ် စိတ်မကောင်းဘူး။ မယ်ဖ အတွက်..တို့တွေ အားလုံး လည်း ခံစား ရတယ်။ ပန် ပြောသလို မယ်ဖ တွေ အများကြီး ရှိ နေ ခဲ့ပြီ။

မယ်ဖ ပိုင် ရှင် ဟာ တကယ့် ကဗျာ ဆရာ တယောက်ပါပဲ။

စိုင်းလောဝ်ပိန်း said...

မယ်ဖ ငြိမ်းချမ်းပါစေ။
မယ်ဖ...လောဘဒေါသတွေကို အဖျားတစ်ခုလို နှင်ထုတ်လိုက်
မယ်ဖ...ဗိုက်ဟောင်းလောင်းတွေနေရာမှာ
ငါတို့ ကဗျာနဲ့ စာနာခြင်းတွေ ဖြည့်ပေးမယ်
ကဗျာဆရာ ဆန္ဒလို့
မယ်ဖ ...မယ်ဖဆန်ပါစေပေါ့
မယ်ဖ ...မယ်ဖ ပြန်ဖြစ်ပါစေပေါ့
မယ်ဖ ငြိမ်းချမ်းပါစေပေါ့

ကိုညိမ်းညိုရေ ... လေးစားလျက်

Mhaw Sayar said...

သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲညီရေ...

ငြိမ်းဝေ said...

i know well..what and where you means by this
poem...you are verytalentpoet..
Is it right?

လင်းဦး(စိတ်ပညာ) said...

မယ်ဖကို တကယ်မြောက်အောင် စပ်နိုင်ပေ၏

SoeMoe said...

" မယ်ဖ" အစစအရာရာအဆင်ပြေပါစေအစ်ကိုရေ..။

မင်းကျန်စစ်။ said...

ကားခမကုန်ပဲ မယ်ဖကို အရောက်လာခဲ့ပီကွ။
မိုက်တယ် ဆြာညိမ်းရေ
လန်းတယ် ရှည်တယ် ဖတ်ရတာတော့ မောတယ် :D

white said...

နေကြာပန်းပန်ချီကားထက် လှပတဲ့တင့်တယ်မှုမျိုး
နေကြာပန်းရုပ်ရှင်ဇာတ်ကားထက် သာလွန်တဲ့စွဲမက်ဖွယ်ရာမျိုး
တောင်နေကြာတွေ ၀ါရွှေထိန်တောက်လို့
တောတွေအဆင့်ဆင့် တောင်တွေအထပ်ထပ်
နနွင်းရည်တွေ လိမ်းကျံပက်ဖြန်းထားသလို
ဟည်းဟည်းထရွှေတောင်ကြီးတွေကြားမှာ
မယ်ဖဟာ ဖော်ဖော်ရွေရွေပြုံးလို့
မယ်တော်ကြီးတောင်၊ ဆင်ဖြူတောင်
တောင်တော်အထွတ်အမြတ်တို့မှာ
တရားဓမ္မသံတို့ ငြိမ်းအေးကြည်သာစွာ ပျံ့လွင့်လို့
ဆည်းလည်းသံလေးတွေ တေးဆိုလို့
ကျေးငှက်ကလေးတွေ ပျံဝဲလှုပ်ရှားလို့
လက်ဖက်ရနံ့လေးတွေ သင်းပျံ့လို့
ရှမ်းဇီးသီးအ၀ါကလေးတွေ ပျောင်းအိညွှတ်တွဲလို့
ဗမာ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါးနဲ့ ငါတို့ရဲ့မိတ်ဆွေများဟာ
သာရေးနာရေး အစုစုအမှုမှု၊ ဒေသရိုးရာပွဲတော်အသီးသီးမှာ
ချစ်ခင်စည်းလုံးစွာ ညီညွှတ်စုဝေးလို့
မြို့သူမြို့သားတွေက ဘုရားသွားကျောင်းတက်ပြုလို့
မယ်ဖဟာ လူ့ဂုဏ်သိက္ခာမီးရှူးတန်ဆောင်ကို အမြင့်မားဆုံးထွန်းညှိလို့
မယ်ဖဟာ စားဝတ်နေရေး အမှုကြီးသုံးပါးကို နိုင်နိုင်နင်းနင်း ထမ်းပိုးလို့
မယ်ဖဟာ နှင်းမြူဖွေးဖွေးကြားမှာ နွေးထွေးလုံခြုံလို့
မယ်ဖဟာ ဇာပုဝါပါးပါးလေး ခြုံလို့
ကမ္ဘာကြီးနဲ့လဲ အဆက်အဆံမပျက်ခဲ့ဘူး
အမျိုးကောင်းပီသမို့ အိနြေ္ဒလဲမကလက်ခဲ့ဘူး
ယိုးဒယား၊ လန်ဒန်၊ အမေရိကား မြို့ကြီးပြကြီးတွေနဲ့
ရိုးရိုးဖြောင့်ဖြောင့် ကူးလူးဆက်သွယ်လို့
မယ်ဖဟာ တကယ်ကိုနူးညံ့သိမ်မွေ့စွာ လှပခဲ့ပါတယ်လေ။
ကောင်းလိုက်တဲ့ အဖွဲ့ အနွဲ့တွေတကယ်ကိုလေးစားတယ်ကိုညိမ်းညို
ကဗျာတွေနဲ့ ရင်ထဲထိအောင်ရေးဖွဲ့ နှိင်တယ်
အရာအားလုံးအဆင်ပြေပါစေ။