[၁]
ဗြောသံ
ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ၀ါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။
အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးလှပါဘိ၊
"တစ်လတာ သည်အရေးကိုလ
မဟ၀ှာ ကြည်ကြည်ပေးပါ" တဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။
မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ
ကညာလုံ ကြာမုံညွှတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
"မတွယ်တာ ဆယ်ခါလွှတ်မယ်" တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့မဆုံး။
ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊
"လှောင်ချက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှတ်ပေမဲ့
သာသနာ ၀ါဝါ၀တ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပါ့
တစ်လဆို ရက်ကို ချဉ်းပါဖျာ့"
ဘွာခတ်ကာ ခမျာငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီးကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။
မင်းသုဝဏ်
[ ၂ ]
ဗြောသံကား အဝေးဆီမှပင် ကြားနိုင်သောအစွမ်း ရှိချေ၏။ ပီလှမြည်လှ စည်လှသော ဗြောသံပါပေ။ အလှူတော်မင်္ဂလာနှင့် တွဲဖက်၍ ပွဲထွက်လာချေပြီကော။ အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား၊ အလှပေါ်အယဉ်ဆင့် တင့်လှပါ၏။ တဗြုန်းဗြုန်းရွှမ်းစည်၍ ပီသကြည်မြ ခန့်ညားလှပါဘိ။ ဗြောသံကား ဆင့်၍ဆင့်၍ ထွက်ပေါ် လာချေပြီ။
ထိုပီလှမြည်လှသော ဗြောသံသည် အဘယ်အရပ်မှလာသနည်း။ အဘယ်ကြောင့် ဤမျှထိုမျှ ခန့်ထည်စည်ကား၍ နေပါသနည်း။
တောင်ကုန်းရွာနေ ဦးရေချမ်း၊ ဒေါ်ရွှေမေတို့၏ အလှူတော်မင်္ဂလာမှ ထွက်ပေါ်လာသော ဗြောသံပင်ဖြစ်ပါတော့သည်။ သားတော်မောင် ကိုရင်လောင်းကို သာသနာ့ဘောင်သို့ သွပ်သွင်းချီးမြှင့်သော ပွဲဖြစ်သည်။ သာသနာတော်တင့်လန်းစေခြင်းငှာ ဆန်းညွှန့်ဝေစည်သော ဗြောသံဖြစ်ပေရကား ဤမျှထိုမျှ ခန့်ထည်နေရခြင်းပါပေ။
ဗုဒ္ဒဘာသာ မြန်မာယောက်ျားလေးများအဖို့ ရှင်ပြုပွဲသည် အရေးပါလှပါသည်။ ရှင်မပြုရသေးပါက ကြီးကြီးငယ်ငယ် လူဘော်မ၀င်သေးဟုပင် အသိအမှတ်ပြုကြလေ့ရှိသည်။ မိဘနှစ်ပါးအဖို့မှာလဲ "မင်းတို့သား ရှင်ပြုပီးပလား" ဟု မေးလာပါက ရင်ကော့၍ ဖြေလိုကြသည်။ သားယောက်ျားလေးမွေးထားပြီဆိုလျှင် ဤတာဝန်ကို မကျေကျေအောင် ထမ်းကြတော့သည်။ ဦးရေချမ်း၊ ဒေါ်ရွှေမေတို့သည်လည်း သားတော်မောင် ရှင်ပြုပွဲအတွက် အားခဲ၍ နွှဲခဲ့ကြသည်။ ကြိုးစားပမ်းစား လုပ်ကိုင်ရှာဖွေ၍ ချွေချွေတာတာ စုဆောင်းပြင်ဆင် ခဲ့ကြသည်။ သို့ဖြစ်လင့်ကစား မိုးမမှန်လေမမှန် ကျေးလက်တောနေ သမရိုးကျမိသားစုလေးဖြစ်သော သူတို့အဖို့ သားလေးလူပျိုပေါက်ဖြစ်မှပင် ရည်မှန်းချက်ပြည့်မြောက်၍ ခရီးပေါက်ရတော့သည်။ ၁၅နှစ်၊ ၁၆နှစ်အရွယ် သားလေးပင် လူပျိုပေါက်ကြီးဖြစ်နေပြီဆိုတော့ ရှင်လောင်းအ၀တ်အစားများနှင့် ရှက်၍များ နေလေမလား။ မိဘနှစ်ပါးမှာ တွေး၍များ ပူမိသေးတော့။ ဘယ်သို့ပင်ဖြစ်စေ ဦးရေချမ်းနှင့် ဒေါ်ရွှေမေတို့ ရှင်လောင်းအမိအဖ ဖြစ်ကြလေပြီ။ “သစ်ပင်အမြင့်မတက်နဲ့ လူလေးရဲ့၊ မြစ်ကူးချောင်းကူး မသွားလေနဲ့ကွဲ့” စသည်စသည် မှာရပြောရတာကိုက အရသာရှိလှပါ၏။ ရပ်ဝေးရပ်နီး အသီးသီးမှာရှိနေကြတဲ့ ဆွေမျိုးညာတိ၊ မိတ်ဆွေ သင်္ဂဟအပေါင်းကိုလဲ လူကြုံနှင့်တစ်မျိုး စာနှင့်တစ်တန် အသိပေးဖိတ်ကြားလိုက်ပြီ ဖြစ်သည်။
သားတော်မောင်ကိုမူ ရွာဦးကျောင်းဆရာတော်ထံသို့ အပ်နှံလိုက်ပြီ။ ဆရာတော်က ပုတီးစိပ်၊ သင်္ကန်းတောင်း၊ သေခိယ စသည်တို့ကို သင်ကြားပေးမည်။ သာသနာတော်စည်းကမ်းတို့ကို ညွှန်ကြားပြသပေးမည် ဖြစ်သည်။
သို့နှင့် ဦးရေချမ်း၊ ဒေါ်ရွှေမေတို့၏သားလေး ကိုရင်လောင်းဘ၀ရောက်တော့မည်။ အလှူတော်မင်္ဂလာကား နီးသထက် နီးခဲ့လေပြီ။
ကိုရင်လောင်းတစ်ယောက် နား၊ မျက်စိတို့လည်ရလေပြီ။ မဏ္ဍပ်ကြီးမှာ ခမ်းနားလှပါကလား။ သင်္ဃာစင်မှာလည်း မှိုင်းလုံးကော်ဇောကြီးတွေကာလို့။ ပွတ်လုံးပုံတွေ၊ ပန်းရာဇမတ်ပုံတွေနှင့် ၀င့်ထည်ခန့်ငြားနိုင်လွန်းပါဘိ။ ရောင်စုံစက္ကူ ဖြူနီညိုပြာတို့ဖြင့် မဏ္ဍပ်တိုင်များကို အလှဆင်ထားသည်မှာ နတ်ဘုံနတ်နန်းသို့ ရောက်နေပြီလောဟု ထင်မှတ်စေ၏။ ငှက်ပျောခိုင်၊ အုန်းခိုင်နှင့် ဓနိခိုင်များကိုလည်း ဆွဲထားသေး၏။ အလို မဏ္ဍပ်တိုင်တစ်ခုမှာ ဆွဲထားတဲ့ ငှက်ပျောပွဲက ထူးခြားလှပါကလား၊ သြော်.. မိုးမရွာအောင် ကိုးထားတာတဲ့။ အဲ သည်ပွဲထဲမှာ ငွေမတ်စေ့တစ်စေ့လဲ ပါသေးသဗျ။
ကိုရင်လောင်းလူပျိုပေါက်မှာ မျက်နှာတွင် သနပ်ခါးအဖွေးသားနှင့် နေရထိုင်ရ ခက်လှချည့်။ ၀တ်လဲတော်ပုဆိုးက အသစ်စက်စက်၊ ထိုင်းမသိမ်းအင်္ကျီဆိုတာကြီးကလည်း အသားကပ်နေသေး။ ဘယ်နှယ့်ပါလိမ့်နော်။ ကြွက်နီတို့ ခွေးပုတို့ကလည်း တစ်ချိန်လုံး ကိုရင်လောင်းကို စ,နေကြတော့တာပဲ။
ဟော..အရုဏ်တက်ကတည်းက တီးမှုတ်နေကြတဲ့ ဗြောဆရာကြီးတို့ ရောက်လာကြပြီ။ မြင်းဖြူကြီးကလည်း ၀င့်ဝင့်ကြွားကြွား မြင့်မြင့်မားမားနှင့် အသင့်ရှိနေပြီ။ ဘုန်းကြီးကျောင်းမှ ရွှေထီးလဲ ငှားလာကြပြီ။ အဘယ်သော အမှုကျန်သေးသနည်း။
ကျန်ပါသေး၏။ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်ကိစ္စ...။
မဏ္ဍပ်အ၀န်းအ၀ိုင်းထဲသို့ ကိုရင်လောင်း မျက်စိကစားရလေပြီ။ အဒေါ်ကြီးတစ်ဦးသည် မိန်းမပျိုလေးများကို အကျွေးအမွေးကိစ္စအတွက် စီမံညွှန်ကြားနေဟန်ရှိ၏။ ဟော..ဟော ကွမ်းတောင်၊ ပန်းတောင်ကိုင်ရန် ခန့်ခွဲနေပြီ။ ဟင်..အဒေါ်ကြီး မျက်နှာလိုက်လိုက်တာ၊ သူဌေးသမီးကို ကွမ်းတောင်ကိုင်ရမတဲ့။ လှလဲမလှဘဲနဲ့။ ဟိုမိန်းမပျိုလေးကို မကိုင်ခိုင်းရကောင်းလော။ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ကလေး။ မျက်နှာကလေးကလည်း ယဉ်ပါဘိသနဲ့။ စိန်တွေရွှေတွေမဆင်နိုင်ပေမဲ့ စံပယ်ပန်းကုံးလေးပန်ထားပုံများ အလှပေါ်အယဉ်ဆင့်လို့ တင့်လှပါဘိ။ သူ့ကိုပဲ ကွမ်းတောင် ကိုင်ပါစေတော့လား။ အဒေါ်ကြီး မျက်နှာကိုလိုက်တယ်။ ကိုရင်လောင်းမျက်နှာ လငပုပ်ဖမ်းရလေပြီ။ ညိုညိုမှောင်၍ မည်းပြီတကား။ သူဌေးသမီး၊ ပွဲစားသမီး၊ သူကြီးသမီးတို့ ကွမ်းတောင်အစေ့အငှ ရကြလေပြီ။ အမယ် ကွမ်းတောင်တစ်ခု ပိုနေပါသေးကလား။ မျက်နှာလိုက်တဲ့ အဒေါ်ကြီး သည်တစ်ခါဖြင့် ဘယ်သူ့ကို ပေးမှာပါလိမ့်။
"ရော့..ညည်းကောင်းကောင်းကိုင်ခဲ့၊ လွတ်မကျစေနဲ့"
ကိုရင်လောင်း၏ မျက်နှာသည် တိမ်ကင်းစင်သော လနှယ်၊ ကြည်လင်ဝင်းပလာ၏။ ရိုးရိုးယဉ်ယဉ် မိန်းမပျိုကလေးသည် ကွမ်းတောင်ကို ဣနြေ္ဒရရ လက်ခံယူ၏။ ယင်းနောက် သင်္ဃာစင်ဘက်သို့ ကြည့်လိုက်ရာ ဘသားချော ကိုရင်လောင်းနှင့် အကြည့်ချင်းဆုံမိကြသည်။ ဘာကြောင့်မှန်းမသိ၊ သူတို့နှစ်ဦး မျက်နှာနွေးသွားသည်။ လူအများနှင့် အုတ်အုတ်သဲသဲ စည်ကားကျယ်ဝန်းလှသော မဏ္ဍပ်ကြီးသည် နှစ်ဦးသားအဖို့ ခဏမျှေ၀၀ါးသွားရလေ၏။
မြင်းဖြူကြီး ကဏ္ဍိကသည် ကကြိုးတန်ဆာ စုံလင်စွာဖြင့် မဏ္ဍပ်ဝတွင် အသင့်ရှိနေလေပြီ။ ဗြောဆရာကြီးတို့သည် ဗြောသံနှင့်အတူ ကိုရင်လောင်းကို မြင်းပေါ်သို့ တင်ကြလေ၏။ "ကဏ္ဍိကရေ၊ မောင်ရင်လောင်း သာသနာ့ဘောင်အတွင်း သက်ဆင်းတော့မှာမို့ ပါရမီဖြည့်ဖော်ဖြည့်ဖက်အနေနဲ့ ကောင်းမွန်စွာ လိုက်ပို့ပါ" ဟု အဓိပ္ပါယ်ရသော လင်္ကာရှည်ကြီးဖြင့် အမိန့်တော်ပြန်၏။
ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ်၊ ယောက်ျားမိန်းမ အစုစုတို့သည် ဗြောသံကို နာခံရင်း မဏ္ဍပ်မှ စီရရီ ညီညာစွာ ထွက်ကြလေပြီ။
ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ၀ါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။
နေမင်းသည် တောကိုလည်းကျော်၊ တောင်ကိုလည်း ကျော်ခဲ့လေပြီ။ ၀ါရွှေသောအလင်းတန်းတို့ကို တောင်ကုန်းရွာလေးအပေါ်သို့ သွန်းပက်ဖြန့်ကြဲလေပြီ။ နေရောင်ဝယ် ရွှေထီးတို့သည် ၀င်းဝင်းပြက်ပြက်။ ရွာသူရွာသားတို့သည် ၀တ်ကောင်းစားလှများဖြင့် တင့်လှယဉ်လှပါ၏။ အတင့်ဆုံးအ၀င့်ဆုံးကား သူတို့ဆင်မြန်းထားသည့် ရိုးဂုဏ်မြင့်သော အပြုံးပွင့်လေးများပင်။
အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးလှပါဘိ၊
ဗြောဆရာကြီးတို့က လက်စွမ်းပြ၏။ ကာလသားတို့က ချပ်၍ညှပ်၍ ရတုဆို၏။ "စာပုလွေရှေ့မှာခင်းပါလို့ ရုပ် တွက်ရင်းရယ်တဲ့ မောင်ကငို" ဟု ရတုသမားကတိုင်လျှင် ကာလသားတို့က တိုင်ပင်ကျယ်ကျယ်ခေါ်၍ "ရွှဲ" လိုက်ကြ၏။ ရတုအမျိုးမျိုးရှိသည့်အနက် ကိုရင်လောင်းနှင့် စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင် မိန်းကလေး၏ စိတ်ကို အထိခိုက်ဆုံးသောရတုကား သာသနာ့ဘောင်မှာ သာသနာ့ဝန်ကို ထမ်းလိုတာမို့ တစ်လလောက်ခွင့် ပြုဖို့အရေး အခွင့်တောင်းသော ရတုပင်ဖြစ်သည်။ ဤရတုသည် ကိုရင်လောင်း၏ စိတ်ကို ထိခိုက်လှချေ၏။ မြင်းပေါ်မှ ကိုရင်လောင်းသည် ရုတ်ချည်းပင် မျက်နှာညှိုးနွမ်း၍ ဦးခေါင်းငိုက်စိုက် ကျရလေပြီ။ မြင်းဖြူကြီး ကဏ္ဍိကသည်ပင် သူ့သခင်စိတ်နှလုံးညှိုးနွမ်း၍ ဣနြေ္ဒမဆည်နိုင် ဖြစ်ရလေပြီ။
"တစ်လတာ သည်အရေးကိုလ
မဟ၀ှာ ကြည်ကြည်ပေးပါ" တဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။
ကိုရင်လောင်းသည် တစ်ပူပေါ်နှစ်ပူ ဆင့်ရလေပြီ။ အမိအဖတို့၏ ရင်ငွေ့မှခွဲခွာ၍ ကျောင်းကြီးပေါ်မှာ နေရတော့မည်။ ကစားဖော်ချင်း သူငယ်ချင်းများနှင့်ခွဲ၍ ဆရာတော်ကြီးရှေ့ဝယ် ပုတီးစိပ်ရတော့မည်။ သားတော်မောင် ကိုရင်လောင်းကား အတော်လေး လူလားမြောက်၍ လူပျိုပေါက်ကြီးဖြစ်ခါစ။ အလှူတော်မင်္ဂလာပွဲကို ဆင်နွှဲနေရလင့်ကစား သူ့မှာလဲ နှလုံးသားရေးရာ ပြဿနာလေးများက ရှိနေပြန်ပါသေး၏။ ကိုရင်လောင်းအဖို့ စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင်မိန်းမပျိုလေးဆီမှ တစ်လတာဝေးကွာရမည်မှာ အဆိုးဆုံး ဖြစ်ချေတော့သည်။ ကိုရင်လောင်းသည် စိတ်နှလုံး ကြေကွဲလျက် ကွမ်းတောင်ကိုင်ကလေး ရှိရာသို့ ငဲ့စောင်း၍ ကြည့်မိလေသည်။
မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ၊
ကွမ်းတောင်ကိုင်မလေးသည်လည်း ကိုရင်လောင်းနည်းတူ ထိုရတုကို ကြားရပါ၏။ အကယ်စင်စစ် ထိုရတုကို မိန်းမပျိုလေး မကြားလိုပါလေ။ တစ်လတောင် ခွင့်ပေးရမတဲ့။ များလွန်းလှချည့်။ ခွဲထွက်ရှောင်သွေ နေနိုင်လွန်းလှချည့်။ တကထဲ သည်လောက်တောင် ရှိလှမင့်ဟာ...။ တစ်လမဟုတ်ဘူး၊ ဆယ်လ။ တစ်ကြိမ်မဟုတ်ဘူး၊ ဆယ်ကြိမ်။ ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်။ ကြွတော်မူပါတော်ရေ...။ မိန်းမပျိုလေး၏ စိတ်ထဲဝယ် ဂရုဏာဒေါသတို့ လှိုင်းထလျက်ရှိသည်။ သည်လောက်တောင် ရက်ရက်စက်စက် ခွင့်တောင်းရပါမည်လားဟု ရှက်လဲရှက်မိ၊ ဒေါသစိတ်ကလေးလဲ ဖြစ်မိရကား ခမျာမှာ လက်ထဲမှကွမ်းတောင်ကလေးပင် မြေသို့ ခ,ရရှာတော့ သည်။
ကညာလုံ ကြာမုံညွှတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
"မတွယ်တာ ဆယ်ခါလွှတ်မယ်" တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမြက်ရည်
လည်တယ်လို့မဆုံး။
ခမျာလေးမှာ လူကသာ ရှင်လောင်းလှည့်နေရသော်ငြား စိတ်ဝယ် တိတ်တိတ်ကလေး ပူဆွေးနေရချေပြီ။ သြော်...သူတို့တွေ ပျော်နိုင်ရက်ပါပေ့နော်...။ ဗြောဆရာကြီးတွေကလဲ တီးလိုက်ခေါက်လိုက်ကြတာ၊ နှဲဆရာကြီးကလဲ မှုတ်နိုင်ပါပေ့။ ကာလသားတသိုက်ကလဲ "ရွှဲ" လိုက်သံ တညံညံနဲ့ မစာနာ၊ မသနား အငြိုးနဲ့များ လှောင်ကြလေသလားနော်..။ ဒီမှာဖြင့် မပူရုပ်နဲ့ ဟန်လုပ်နေရပါတယ် တော်ရယ်..။
ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊
စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင်လုံမလေးမှာ ၀မ်းနည်းစိတ်တို့ တလိပ်လိပ်..။ မျက်ရည်ကလေးများပင် လည်ရှာလေပြီ။ အမယ်မင်း ကိုရင်လောင်းကြီးဘုရား။ ကျွန်တော်မျိုးမကို ဒီလူရှုပ်လူပွေတွေကြားထဲ စိတ်ချလက်ချ ထားခဲ့တော့မှာလားတော်။ တစ်ကောင်ကြွက် တစ်မျက်နှာ မျက်စိသူငယ် နားသူငယ်မို့ များလွန်းလှတဲ့ ရက်သုံးဆယ်ကို လျှော့တော်မူပါဦးလားတော်ရယ်..။ စောစောကလေ ကျွန်တော်မျိုးမ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောခဲ့မိပါတယ်။ တစ်လမဟုတ် ဆယ်လလွှတ်မယ်ဆိုတဲ့စကား၊ ဘွာခတ်လို့ ပြန်လည်ရုတ်သိမ်းပါရစေလား တော်ရယ်..။
"လှောင်ချက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှတ်ပေမဲ့
သာသနာ ၀ါဝါ၀တ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပါ့
တစ်လဆို ရက်ကို ချဉ်းပါဖျာ့"
ဘွာခတ်ကာ ခမျာငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီးကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။
ဗြောသံသည် တဖြေးဖြေး ဝေး၍ဝေး၍ သွားလေပြီ။ ပီသကြည်မြလှသော ဗြောသံသည် တောင်ကုန်းရွာလေးကို တစ်ပတ်ပတ်မိချေပြီတကား။ မကြာမီ ရွာဦးကျောင်းသို့ တစ်ကျော့ဝင်လာတော့မည်။ အလို...ပီလှမြည်လှ စည်လှသော ဗြောသံဝယ် ရှိုက်သံသဲ့သဲ့ကလေးသည် ဘဇာကြောင့် ကပ်ငြိ၍ ပါလာရပါသနည်း။
ညိမ်းညို

13 comments:
ကဗျာဆရာက ဒီလိုမျိုး စိတ်ဝင်စားအောင်လဲ ရေးတတ်တယ်နော်၊ ဆက်ရေးနော်..။
ကေက ဘာရေးရေး အားပေးနေမှာပဲ :)
ဖတ်ရင်းနဲ့တောင်ဗြောသံကြားမိသလိုပါပဲဗျာ...
မဝေဖန်ရဲလောက်အောင်ကောင်းပါတယ်ဗျာ...
သူငယ်ချင်းပျော်ရွှင်ပါစေ
နမူနာ ဥပမာ ထုတ်ပြလိုက်တဲ့ စကားပြေလေးလား ဘိုညိမ်းရေ ..
ဆရာရဲ့ .....
"ရွှဲ..."
ဗြောနဲ့ အလှူ ... အလှူနဲ့ ဗြော က မြန်မာ့ဓလေ့မှာ ခွဲမရအောင်ပဲနော် ... ကောင်းတယ် သူငယ်ချင်းရေ ...
ပလုတ်ဗြုန်းရယ်နဲ့ နယ်သားရေ ရေးသားချက်တွေက တွေးတောချက်တွေကတော့ ကောင်းလှချေရဲ့ နယ်ရေ :D
ရွာကိုတောင်သတိရမိသွားတယ်...ကောင်းပုံက
ဘိုညိမ်းတို့ ကတော့ တော်တော်အပြေးသန်တယ်ဗျို့..
ဒို့လည်း ဘိုညိမ်းသား ရှင်ပြုရင်
ရွှဲ ချဲလိုက်ဟေ့...း)

ဘိုညိမ်း..
စကားပြေရေးသားရာမှာ ပညာရှင် အဆင့်ရောက်နေပြီ..။
အင်းလေ... အစတည်းက ပညာသည်ပဲနော...။ အဟဲ.. နောင်တော့သာ နိုင်ငံကျော်စာရေးဆရာကြီး ဖြစ်သွားရင် အစ်မကို မေ့မထားနဲ့ ..။ အစားကောင်းလေး ၀ယ်ကျွေး..။
ကိုရင်ညို
ကျုပ်တို့ အလှူကျရင်လာအုံးနော်။
အခု ကိုရင်ရေးတဲ့ စာထဲက ဗြောဝိုင်းကို ငှားရင်၊ ဘယ်လောက်ကျလဲ။ သိပ်မများရင် ငှားချင်တယ်။
ရှိလွန်းလွန်းလို့ လှူတာတော့ မဟုတ်ဘူး။သာသနာ့အမွေ ခံရမဲ့ ကိစ္စမို့ ။
ကျုပ်သားမောင်ရင်လောင်း က ရည်းစားသနာတော့ ရှိဟန်တူသေးဘူးထင် တာပဲ။
နောင်တော်ကြီး မင်းဒင်။
အစ်ကို..ဗြောသံ..တဲ့ ..စိတ်ဝင်စားစရာကေင်းတဲ့ရှင်ပြုအလှူတစ်ခုအကြောင်းဘဲ
နော်..အစ်ကိုကစကားပြေရေးလိုက်တော့ဖတ်ရတာစိတ်ဝင်
စားဘို့ ပိုကောင်းသွားတယ်။
ဘယ်လိုများရေးလည်းမသိဘူး အံ့ကို သြရော ..။:)
ကောင်းတယ်ဗျာ။
အရေးအသားကတော့စာဖတ်သူကိုဆွဲခေါ်သွားနိုင်တယ်
၃ခါဖတ်သွားတယ်နော်..အရမ်းကောင်းတဲ့အက်ဆေးတပုဒ်ပါ။
ကိုညို ငယ်ငယ်တုန်းက ဗျောသံကို ခုပြန်ခံစားရတာ ခင်ဗျားဖွင့်ဆိုချက်နဲ့ တော်တော် ရွာကိုလွမ်းသဗျာ.အလျဉ်းသင့်တဲ့အခါ ဆရာကြီးကဗျာတွေထဲက ဖိုးမောင်လာပြီ ကိုလည်း ပြန်ရေးပါဦးဗျာ.
Post a Comment