6 May 2008

ဗဟုကဗျာရေစီး နှင့် မော်ဒန်ဝဲ


မျက်မှောက်ခေတ် မြန်မာကဗျာလေ့လာချက်
သစ္စာနီ


မြန်မာကဗျာအကြောင်း ပြောကြရအောင်။


အဓိပ္ပါယ်က မြန်မာတွေရေးတဲ့ကဗျာအကြောင်းပေါ့။ အဲဒါကိုပဲ နည်းနည်းတိကျအောင် ထပ်ပြောရရင် ဒီနေ့ ခေတ် မြန်မာကဗျာအကြောင်း ဆိုပါတော့။ (သမိုင်းနဲ့ချီပြီးပြောရအောင် မရည်ရွယ်ပါဘူး။)

အဲသလို ပြောမယ်ဆိုတော့ "ကဗျာဆိုတာ ဘာလဲ" လို့ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ဖို့ စတင်လိုအပ်လာပါတယ်။ အဲဒါကလည်း ကျယ်ဝန်းလွန်းလှတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဆိုတာ အချိန်တိုင်းမှာ နေရာတိုင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတတ်တဲ့အရာလို့ ကျွန်တော်က လက်ခံထားလို့ပဲ။ ဒီတော့ ဒီနေရာမှာ ဒီလောက်ကျယ် ကျယ်ပြန့်ပြန့်မဟုတ်ဘဲ ကဗျာဆိုတာ စာနဲ့ရေးသားတင်ပြထားတဲ့(ဒါမှမဟုတ်) စကားလုံးတွေကို ကြားခံပစ္စည်း အဖြစ် အသုံးပြုထားတဲ့ (ကဗျာ) တစ်မျိုးတည်းကိုပဲ ကွက်ပြီးဆိုလိုတယ်လို့ ကျွန်တော်တို့၊ ခင်ဗျားတို့ ခဏသ ဘောတူထားလိုက်ကြရအောင်။ (နောက်ဆုံးရွတ်တဲ့ကဗျာအတွက်တောင် မရည်ရွယ်ဘူးဆိုပါတော့။)

ကဗျာဆိုတာ ဘာလဲ။

ဒီမေးခွန်းကိုဖြေတဲ့ ကျွန်တော့်ရဲ့အဖြေက ခြွင်းချက်မဲ့ပြီး ပြည့်စုံတဲ့အဖြေ မဖြစ်နိုင်လောက်ဘူးဆိုတာကိုလည်း ကြိုတင်အသိပေးထားလိုပါတယ်။ ကဗျာကို ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေကြ တဲ့အထဲက သမုတိသဘောတစ်ခုလို့သာ သဘောထားကြစေချင်ပါတယ်။

ကဗျာဆိုတာ ဘာလဲ။
ကဗျာဆိုတာ-

၁။ ကဗျာမဆန်ရဘူး။
(ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)

၂။ ဝေါဟာရ ဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်။)

၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆံချောင်နေတာ တွေ့ရတယ်။)

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတား ဖြစ်နေတယ်။)

၅။ ရိုးသားရမယ်။
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်။)

၆။ သစ်လွင်ရမယ်။
(မဲပြာပုဆိုး မဖြစ်ရဘူး။)

၇။ ဣနြေ္ဒရှိရမယ်။
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့နေတယ်။)

၈။ ခွန်အားရှိရမယ်။
(ပျော့ညံ့ချည့်နဲ့မနေဘူး။)

၉။ တီထွင်မှုရှိရမယ်။
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး။)

၁၀။ ကိုယ်ပိုင်ဟန်ရှိရမယ်၊ ဆန်ရဲရမယ်။
(နာမည်ကြီးတဲ့လူနောက်၊ ရေစီးကြောင်းနောက် လျှောက်လိုက်နေကြတယ်။)

၁၁။ အပြည့်အ၀ လွတ်လပ်မှုရှိရမယ်။
(ကဗျာနဲ့ပတ်သက်ပြီး ငွေကြေးမျှောင်လင့်ချက်ထားသူအင်မတန်နည်းပေမဲ့ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့ အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ်ပဲ ငြိနေတတ်ကြတယ်။)

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်။

၁၃။ ကာလနဲ့ ဒေသသဘောက ကင်းလွတ်နေရမယ်။

ဒါတွေက လတ်တလောစိတ်ထဲရှိတာလောက် ပြောလိုက်တဲ့ ကဗျာရဲ့ ယေဘုယျလက္ခဏာ(ဒါမှမဟုတ်) ကဗျာ ဂုဏ်ရည်တချို့ပေါ့။ ဒီအချက်အလက်တွေနဲ့ ပြည့်စုံတယ်ဆိုရင်ပဲ ကျွန်တော့်အနေနဲ့ အဲဒီအရာကို ကဗျာလို့ လက် ခံဖို့ ၀န်မလေးတော့ဘူး။

ကဗျာနဲ့ပတ်သက်လို့ ယာယီသဘောတူညီမှုရရင် မျက်မှောက်ခေတ် မြန်မာကဗျာအခြေအနေကို သုံးသပ်ကြည့် ရအောင်။

ဒီနေ့ မြန်မာနိုင်ငံမှာ ထွက်နေတဲ့ မဂ္ဂဇင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ကဗျာကို ထည့်သွင်းဖော်ပြနေတာ တွေ့ရတယ်။ အဲဒီကဗျာတွေကို အမျိုးအစား ခွဲကြည့်လိုက်တော့ -

(က) ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ခင်းခဲ့တဲ့ ခေတ်စမ်းကဗျာလမ်းကြောင်းအတိုင်း လျှောက်နေဆဲဖြစ်တဲ့ က ဗျာများ။ အခုခေတ်မှာတော့ ခေတ်စမ်းသစ်လို့ ခေါ်ကြပါတယ်။ မြ၀တီ၊ ငွေတာရီ အစရှိတဲ့ မဂ္ဂဇင်းတွေထဲမှာ ပါ တတ်တဲ့ ကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။

(ခ) စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာ၊ ပြည်သူ့ကဗျာဝါဒ ခေါင်းဆောင် ဆရာဒေါင်းနွယ်ဆွေတို့ ခင်းခဲ့ တဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြဆဲ ကဗျာများ။ ခုခေတ်မှာ တော်လှန်ကဗျာဆိုတဲ့အမည်နဲ့ အဲဒီ အ မွေကို ဆက်ခံခဲ့ကြပါတယ်။ အကြမ်းအားဖြင့် အနုပညာသည် ပြည်သူ့အတွက်ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံရေးစံကို ကိုင် ဆွဲဖွဲ့ဆိုတဲ့ ကဗျာမျိုးတွေ ဖြစ်ပါတယ်။

(ဂ) နောက်အမျိုးအစားကတော့ ၁၉၇၀ ပြည့်နှစ်တစ်ဝိုက် လူငယ်ကဗျာဆရာတွေ စုစည်းကြိုးပမ်းထူထောင်ခဲ့ ကြတဲ့ မော်ဒန်ကဗျာလမ်းကြောင်းဖြစ်ပါတယ်။ (မော်ဒန်ကဗျာဝါဒ သဘောတရားကို သီးခြားလေ့လာကြစေလို ပါတယ်။)

မျက်မှောက်ခေတ်မြန်မာကဗျာကို လေ့လာလိုက်ရင် အဲသလို သိသာ ထင်သာတဲ့ ကဗျာအမျိုးအစားတွေ ထွေးရောယှက်တင် သူ့နေရာနဲ့သူ ရေးဖွဲ့ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ ဒိနေ့ ကဗျာရေစီးဟာ ဗဟုကဗျာရေစီး လို့ ပြောရရင် လွဲနိုင်စရာမရှိပါဘူး။ အဲဒီရေစီးထဲမှာ အထင်ရှားဆုံး အင်အားအကောင်းဆုံး တွေ့မြင်ရတာက တော့ မော်ဒန်ကဗျာဆိုတဲ့ ၀ဲကတော့ကြီးပါပဲ။ (ရှေးရိုးအစဉ် မြန်မာကဗျာအမျိုးအစား လေးချိုး၊ ရတု၊ တေးထပ် ဆိုတာတွေလဲ လုံးဝ ပျောက်ကွယ်မသွားသေးပါဘူး။ ကျေးလက်အလှူအတန်းတွေ၊ ဇာတ်အငြိမ့်ပွဲတွေနဲ့ မင်းခမ်း မင်းနားတွေမှာ တွေ့နေရပေမဲ့ အားမကောင်းလှတာရယ်၊ ဒီခေတ်ဖွံ့ဖြိုးလာစရာအကြောင်းမရှိတာရယ်ကြောင့် အမျိုးအစားတစ်ခုအနေနဲ့ ထည့်သွင်း မရည်ရွယ်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။)

ဒါကြောင့် ဒီနေ့မြန်မာကဗျာရဲ့ လက္ခဏာကို မော်ဒန်လက္ခဏာလို့ အကဲဖြတ်သူတွေက အကဲဖြတ်ပါတယ်။ အဲဒီ မှာလဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်း မော်ဒန်ကဗျာတွေဟာ အရောရော အထွေးထွေး ဖြစ်နေပါတယ်။ မူလအယူဝါဒကို အစွန့်ဘဲ အကြောင်းတစ်ခုခုကြောင့် မော်ဒန်အလံအောက် ခိုဝင်လာတဲ့သူတွေ ရှိတယ်။ အဲဒီမှာ ခေတ်စမ်းမော် ဒန်တို့၊ တော်လှန်မော်ဒန်တို့ ဖြစ်လာတာပါပဲ။ မော်ဒန်မှ မော်ဒန်ဆိုတဲ့နေရာမှာလည်း အစ်ဇင်အမျိုးမျိုး၊ အယူ အဆအမျိုးအမျိုး၊ ထင်ရာမြင်ရာ ကွဲပြားနေတာ တွေ့ရတယ်။ အဓိကကတော့ မော်ဒန်သဘောတရားရေးရာ အားနည်းတဲ့ ချို့ယွင်းချက်ကြောင့်ပါပဲ။

ဒိနေ့ခေတ် လူငယ်မော်ဒန်ကဗျာဆရာတွေရဲ့ အလုပ်(တာဝန်)ဟာ ကြန်အင်လက္ခဏာ၊ ကဗျာဂုဏ်ရည်ပြည့်ဝတဲ့ ကဗျာတွေနဲ့ စစ်မှန်တဲ့ မော်ဒန်သဘောတရားရေးကို ပေါင်းစပ်ပေးရေးပဲလို့ ယူဆပါတယ်ခင်ဗျား။ ဆက်လက် လေ့လာနိုင်ကြပါစေ။

သစ္စာနီ

4 comments:

မောင်မျိုး said...

ပို့ စ်ကောင်းလေး အတွက် ကျေးဇူးး)
ကာရန်တွေနဲ့ မှ ကဗျာလို့ ထင်နေတာ အခုမှပဲ ရှင်းတော့တယ် ။
ပျော်ရွှင်ပါစေ အစ်ကိုရေ့

မင်းကျန်စစ်။ said...

ကဗျာရေးသူတွေတိုင်း ဖတ်သင့်တဲ့ပို့စ်ပဲ သယ်ရင်းရေ။

မျှားပြာ said...

အပေါ်ရော ဒါရော ဖတ်ဖူးတယ် ကောင်းတဲ့စာတွေပဲ ..။

soemoe said...

မြန်မာကဗျာအကြောင်းတွေသေချာဖတ်သွားတယ်မျှဝေပေးလို့ ကျေးဇူးနော်...