28 May 2008
20 May 2008
အနံ့အသက်ကင်းစင်သော
ခြေခင်းလက်ခင်းသာတဲ့တစ်နေ့
မြစ်ကမ်းနံဘေးမှာ သွားထိုင်မယ်
တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေကို
တွေတွေကလေး ငေးကြည့်မယ်
ချုပ်ညရီ ဆည်းဆာဖျော့အေးမှာ
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို ဆွေးမယ်
လရိပ်နုနု သဲမြေစုမှာ
နွေးထွေးခဲ့ဖူးတဲ့ ရာသီတစ်ချို့ ကို လွမ်းမယ်
သာသာပြေပြေတိုက်ခတ်သွားတဲ့ လေညင်းရဲ့ကျောပေါ်
ရန်ကြွေးတွေကို ခ၀ါခ်ျိစွန့်လွှတ်ရင်း အသာတကြည် ပြုံးမယ်
ကမ္ဘာမြေတစ်နေရာက ကူကယ်ရာမဲ့လူသားတစ်ဦးဆီ
စာနာစိတ်ကလေးနဲ့ ကြေးနန်းရိုက်မယ်
လိုအပ်သူအတွက်
ကောက်ရိုးမျှင်ကလေးပဲဖြစ်စေဦးတော့..
ပုလင်းလွတ်တစ်လုံးထဲက
စက္ကူအပိုင်းအစလေးတစ်ခုကို စိတ်လိုလက်ရ မျှော်မယ်
ကိုယ့်ရှေ့ကလူတွေ ရေးခဲ့ကြတဲ့
ရေပေါ်အရုပ်လေးတွေကို ကြိုးစားပန်းစားဖတ်မယ်
...................................
....................................
....................................
ပြီးရင်
သစ်ရွက်ကြွေလေးတွေ မနိုးခင်
သာသာဖွဖွခြေလှမ်းနဲ့ တိတ်တိတ်ကလေး ပြန်ခဲ့မယ်
သတိရသည်ဖြစ်စေ၊ သတိမရတော့သည်ဖြစ်စေ
ကျွန်တော့်ကိုယ်ငွေ့လေးကို ထားခဲ့မယ်
ဒီနေရာမှာ ကျွန်တော်ထိုင်သွားတယ်ဆိုတဲ့အကြောင်း ...။
ညိမ်းညို
Posted by ညိမ်းညို at 23:40 10 comments
Labels: ကဗျာ
17 May 2008
လှောင်အိမ်
ရှိုက်ကြီးတငင်ငိုချလိုက်တော့
မျက်ရည်တွေက မီးထတောက်တယ်
ဆန်တစ်ဆုပ် ဆီတစ်မှုတ်အတွက်
ကိုယ့်ဗုံကိုယ် ကျက်နေရတာနဲ့ပဲ
နေ၀င်သွားတာကို ငါမသိခဲ့ဘူး။
ညိမ်းညို
Posted by ညိမ်းညို at 16:47 10 comments
Labels: ကဗျာ
14 May 2008
ပရမတ်
ပရမတ်
ဘယ်သူလုပ်နေသလဲ…
ဘာတွေလုပ်နေသလဲ…
ဘယ်ကိုရောက်မှာလဲ…
ဘယ်လိုယုံရမှာလဲ…
ဖန်တရာတေနေအောင်မေးကြ
ရေးကြ တွေးကြ ဆဲကြ ဆိုကြ
နှိမ့်ချပုတ်ခတ်ကြ နာမည်ယူပြောဆိုကြ
ဇမ္ဗူတလူ လူတွင်ကျယ်လုပ်ပြ
အရည်မရ အဖတ်မရ ငြင်းခုန်ကြ
အဖြေမထွက်ကြ အသေသတ်ကြ
ဟိုမှာတော့ အစာပြတ်နေကြ၊ ရေငတ်နေကြ…
ဒါတွေမေးနေတဲ့အချိန်မှာ
အပြစ်မဲ့ လူသားတစ်ယောက် သေဆုံးလွင့်ပျောက်သွားနိုင်တယ်
ဒါတွေ ရေးနေတဲ့အချိန်မှာ
ကလေးငယ်တစ်ယောက် ရေထဲမှာ ကယ်သူမဲ့ မျောပါသွားနေနိုင်တယ်
ဒါတွေ တွေးနေတဲ့အချိန်မှာ
လာကယ်မယ့် စက်လှေကို စောင့်နေတဲ့ မိန်းကလေးတစ်ဦး သစ်ပင်ထက်က လိမ့်ကျသွားနိုင်တယ်.
နိုင်ငံရေးလုပ်တယ် မလုပ်ဘူး
လုပ်စားတယ် မလုပ်စားဘူး
ပါဝါရှိတယ် ပါဝါမရှိဘူး
ငါ့နိုင်ငံရေးမှတ်တမ်းမျက်နှာစာတွေ ဒီလောက်ထူတယ်
နင့်လို နုမှည့်မဟုတ်ဘူး
ဒီလို ငြင်းခုန်ဘေးတီးနေရင်း
ငါတို့ ရွှေမြန်မာပြည် အညွန့်ကျိုးနေရပြီ…
မင်းလည်းမင်းလုပ်နိုင်တာမင်းလုပ်
ငါလည်း ငါလုပ်နိုင်တာ ငါလုပ်မယ်.
သူလည်း သူလုပ်နိုင်တာ သူလုပ်ပါစေ.
နိုင်ငံရေးသမားလည်း လူပဲ
စစ်ဗိုလ်လည်း လူပဲ
ကျောင်းသားလည်း လူပဲ
တော်လှန်ရေးသမားလည်း လူပဲ
လူရဲ့တန်ဖိုးကို ပညတ်တွေနဲ့ မတိုင်းတာနဲ့
ရင်ဘတ်ထဲက ပရမတ်ကို မြင်အောင်ကြည့်
စစ်ဗိုလ်ဆိုတိုင်း လူဆိုးလို့ မသတ်မှတ်နိုင်သလို
ဒီမိုသမားဆိုတိုင်းလည်း အထင်ကြီးလို့ မရဘူး
အခွင့်အရေးသမားဟာ အခွင့်အရေးကိုပဲ မျှော်တယ်
တကယ်လုပ်သူဟာ လုပ်စရာရှိတာကိုပဲ လုပ်တယ်.
တစ်ယောက်နဲ့တစ်ယောက် နှိမ့်ချကြ
ပုတ်ခတ်ကြ၊ မအေနှမတိုင်းထွာဆဲရေးကြ
အိုးမည်းသုတ်ခံထားရတဲ့ အိမ်ကြက်တွေ
လည်စင်းခံရမယ့် ရက်ကို အတူတူချီတက်သွားကြ…
မင်းနဲ့ငါ လမ်းကြောင်းမတူပေမယ့် ဦးတည်ချက်တူတယ်
ဒါဆို မင်းပါးစပ်ကိုပိတ်
ကိုယ့်လိပ်ပြာကိုယ်ငုံ့ကြည့်လို့
နှလုံးသားထဲက မနာလိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေကို
နာဂစ်နဲ့ ဆေးကြောပြလိုက်ပါဦး…
မင်းလုပ်နိုင်တာ မင်းလုပ်
မင်းလုပ်တာကို သမိုင်းက မော်ကွန်းထိုးမယ်
မင်းကိုယ်တိုင်တော့ ၀င်ရေးဖို့ မကြိုးစားနဲ့
လုပ်မပြနဲ့
တကယ်လုပ်ကြ…
ဒေါသထွက်နေရုံ၊ ခံပြင်းနေရုံ၊ မကျေမနပ်ဖြစ်နေရုံ ၀မ်းနည်းပူဆွေးနေရုံနဲ့ မပြီးပါဘူး... မှောင်လှချည်လားလို့ ငြီးတွားအပြစ်တင်နေမယ့်အစား ကျွန်တော်တို့ရဲ့ လက်ထဲက ဖယောင်းတိုင်လေး တစ်တိုင်စီလောက်ကို ထွန်းညှိလိုက်ကြရအောင်....
မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ..
ရန်အောင်
Posted by ညိမ်းညို at 21:02 3 comments
Labels: ကြိုက်သောကဗျာများ
6 May 2008
ဗဟုကဗျာရေစီး နှင့် မော်ဒန်ဝဲ
မြန်မာကဗျာအကြောင်း ပြောကြရအောင်။
အဓိပ္ပါယ်က မြန်မာတွေရေးတဲ့ကဗျာအကြောင်းပေါ့။ အဲဒါကိုပဲ နည်းနည်းတိကျအောင် ထပ်ပြောရရင် ဒီနေ့ ခေတ် မြန်မာကဗျာအကြောင်း ဆိုပါတော့။ (သမိုင်းနဲ့ချီပြီးပြောရအောင် မရည်ရွယ်ပါဘူး။)
အဲသလို ပြောမယ်ဆိုတော့ "ကဗျာဆိုတာ ဘာလဲ" လို့ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ဖို့ စတင်လိုအပ်လာပါတယ်။ အဲဒါကလည်း ကျယ်ဝန်းလွန်းလှတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဆိုတာ အချိန်တိုင်းမှာ နေရာတိုင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတတ်တဲ့အရာလို့ ကျွန်တော်က လက်ခံထားလို့ပဲ။ ဒီတော့ ဒီနေရာမှာ ဒီလောက်ကျယ် ကျယ်ပြန့်ပြန့်မဟုတ်ဘဲ ကဗျာဆိုတာ စာနဲ့ရေးသားတင်ပြထားတဲ့(ဒါမှမဟုတ်) စကားလုံးတွေကို ကြားခံပစ္စည်း အဖြစ် အသုံးပြုထားတဲ့ (ကဗျာ) တစ်မျိုးတည်းကိုပဲ ကွက်ပြီးဆိုလိုတယ်လို့ ကျွန်တော်တို့၊ ခင်ဗျားတို့ ခဏသ ဘောတူထားလိုက်ကြရအောင်။ (နောက်ဆုံးရွတ်တဲ့ကဗျာအတွက်တောင် မရည်ရွယ်ဘူးဆိုပါတော့။)
ကဗျာဆိုတာ ဘာလဲ။
ဒီမေးခွန်းကိုဖြေတဲ့ ကျွန်တော့်ရဲ့အဖြေက ခြွင်းချက်မဲ့ပြီး ပြည့်စုံတဲ့အဖြေ မဖြစ်နိုင်လောက်ဘူးဆိုတာကိုလည်း ကြိုတင်အသိပေးထားလိုပါတယ်။ ကဗျာကို ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေကြ တဲ့အထဲက သမုတိသဘောတစ်ခုလို့သာ သဘောထားကြစေချင်ပါတယ်။
ကဗျာဆိုတာ ဘာလဲ။
ကဗျာဆိုတာ-
၁။ ကဗျာမဆန်ရဘူး။
(ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)
၂။ ဝေါဟာရ ဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်။)
၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆံချောင်နေတာ တွေ့ရတယ်။)
၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတား ဖြစ်နေတယ်။)
၅။ ရိုးသားရမယ်။
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်။)
၆။ သစ်လွင်ရမယ်။
(မဲပြာပုဆိုး မဖြစ်ရဘူး။)
၇။ ဣနြေ္ဒရှိရမယ်။
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့နေတယ်။)
၈။ ခွန်အားရှိရမယ်။
(ပျော့ညံ့ချည့်နဲ့မနေဘူး။)
၉။ တီထွင်မှုရှိရမယ်။
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး။)
၁၀။ ကိုယ်ပိုင်ဟန်ရှိရမယ်၊ ဆန်ရဲရမယ်။
(နာမည်ကြီးတဲ့လူနောက်၊ ရေစီးကြောင်းနောက် လျှောက်လိုက်နေကြတယ်။)
၁၁။ အပြည့်အ၀ လွတ်လပ်မှုရှိရမယ်။
(ကဗျာနဲ့ပတ်သက်ပြီး ငွေကြေးမျှောင်လင့်ချက်ထားသူအင်မတန်နည်းပေမဲ့ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့ အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ်ပဲ ငြိနေတတ်ကြတယ်။)
၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်။
၁၃။ ကာလနဲ့ ဒေသသဘောက ကင်းလွတ်နေရမယ်။
ဒါတွေက လတ်တလောစိတ်ထဲရှိတာလောက် ပြောလိုက်တဲ့ ကဗျာရဲ့ ယေဘုယျလက္ခဏာ(ဒါမှမဟုတ်) ကဗျာ ဂုဏ်ရည်တချို့ပေါ့။ ဒီအချက်အလက်တွေနဲ့ ပြည့်စုံတယ်ဆိုရင်ပဲ ကျွန်တော့်အနေနဲ့ အဲဒီအရာကို ကဗျာလို့ လက် ခံဖို့ ၀န်မလေးတော့ဘူး။
ကဗျာနဲ့ပတ်သက်လို့ ယာယီသဘောတူညီမှုရရင် မျက်မှောက်ခေတ် မြန်မာကဗျာအခြေအနေကို သုံးသပ်ကြည့် ရအောင်။
ဒီနေ့ မြန်မာနိုင်ငံမှာ ထွက်နေတဲ့ မဂ္ဂဇင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ကဗျာကို ထည့်သွင်းဖော်ပြနေတာ တွေ့ရတယ်။ အဲဒီကဗျာတွေကို အမျိုးအစား ခွဲကြည့်လိုက်တော့ -
(က) ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ခင်းခဲ့တဲ့ ခေတ်စမ်းကဗျာလမ်းကြောင်းအတိုင်း လျှောက်နေဆဲဖြစ်တဲ့ က ဗျာများ။ အခုခေတ်မှာတော့ ခေတ်စမ်းသစ်လို့ ခေါ်ကြပါတယ်။ မြ၀တီ၊ ငွေတာရီ အစရှိတဲ့ မဂ္ဂဇင်းတွေထဲမှာ ပါ တတ်တဲ့ ကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။
(ခ) စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာ၊ ပြည်သူ့ကဗျာဝါဒ ခေါင်းဆောင် ဆရာဒေါင်းနွယ်ဆွေတို့ ခင်းခဲ့ တဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြဆဲ ကဗျာများ။ ခုခေတ်မှာ တော်လှန်ကဗျာဆိုတဲ့အမည်နဲ့ အဲဒီ အ မွေကို ဆက်ခံခဲ့ကြပါတယ်။ အကြမ်းအားဖြင့် အနုပညာသည် ပြည်သူ့အတွက်ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံရေးစံကို ကိုင် ဆွဲဖွဲ့ဆိုတဲ့ ကဗျာမျိုးတွေ ဖြစ်ပါတယ်။
(ဂ) နောက်အမျိုးအစားကတော့ ၁၉၇၀ ပြည့်နှစ်တစ်ဝိုက် လူငယ်ကဗျာဆရာတွေ စုစည်းကြိုးပမ်းထူထောင်ခဲ့ ကြတဲ့ မော်ဒန်ကဗျာလမ်းကြောင်းဖြစ်ပါတယ်။ (မော်ဒန်ကဗျာဝါဒ သဘောတရားကို သီးခြားလေ့လာကြစေလို ပါတယ်။)
မျက်မှောက်ခေတ်မြန်မာကဗျာကို လေ့လာလိုက်ရင် အဲသလို သိသာ ထင်သာတဲ့ ကဗျာအမျိုးအစားတွေ ထွေးရောယှက်တင် သူ့နေရာနဲ့သူ ရေးဖွဲ့ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ ဒိနေ့ ကဗျာရေစီးဟာ ဗဟုကဗျာရေစီး လို့ ပြောရရင် လွဲနိုင်စရာမရှိပါဘူး။ အဲဒီရေစီးထဲမှာ အထင်ရှားဆုံး အင်အားအကောင်းဆုံး တွေ့မြင်ရတာက တော့ မော်ဒန်ကဗျာဆိုတဲ့ ၀ဲကတော့ကြီးပါပဲ။ (ရှေးရိုးအစဉ် မြန်မာကဗျာအမျိုးအစား လေးချိုး၊ ရတု၊ တေးထပ် ဆိုတာတွေလဲ လုံးဝ ပျောက်ကွယ်မသွားသေးပါဘူး။ ကျေးလက်အလှူအတန်းတွေ၊ ဇာတ်အငြိမ့်ပွဲတွေနဲ့ မင်းခမ်း မင်းနားတွေမှာ တွေ့နေရပေမဲ့ အားမကောင်းလှတာရယ်၊ ဒီခေတ်ဖွံ့ဖြိုးလာစရာအကြောင်းမရှိတာရယ်ကြောင့် အမျိုးအစားတစ်ခုအနေနဲ့ ထည့်သွင်း မရည်ရွယ်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။)
ဒါကြောင့် ဒီနေ့မြန်မာကဗျာရဲ့ လက္ခဏာကို မော်ဒန်လက္ခဏာလို့ အကဲဖြတ်သူတွေက အကဲဖြတ်ပါတယ်။ အဲဒီ မှာလဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်း မော်ဒန်ကဗျာတွေဟာ အရောရော အထွေးထွေး ဖြစ်နေပါတယ်။ မူလအယူဝါဒကို အစွန့်ဘဲ အကြောင်းတစ်ခုခုကြောင့် မော်ဒန်အလံအောက် ခိုဝင်လာတဲ့သူတွေ ရှိတယ်။ အဲဒီမှာ ခေတ်စမ်းမော် ဒန်တို့၊ တော်လှန်မော်ဒန်တို့ ဖြစ်လာတာပါပဲ။ မော်ဒန်မှ မော်ဒန်ဆိုတဲ့နေရာမှာလည်း အစ်ဇင်အမျိုးမျိုး၊ အယူ အဆအမျိုးအမျိုး၊ ထင်ရာမြင်ရာ ကွဲပြားနေတာ တွေ့ရတယ်။ အဓိကကတော့ မော်ဒန်သဘောတရားရေးရာ အားနည်းတဲ့ ချို့ယွင်းချက်ကြောင့်ပါပဲ။
ဒိနေ့ခေတ် လူငယ်မော်ဒန်ကဗျာဆရာတွေရဲ့ အလုပ်(တာဝန်)ဟာ ကြန်အင်လက္ခဏာ၊ ကဗျာဂုဏ်ရည်ပြည့်ဝတဲ့ ကဗျာတွေနဲ့ စစ်မှန်တဲ့ မော်ဒန်သဘောတရားရေးကို ပေါင်းစပ်ပေးရေးပဲလို့ ယူဆပါတယ်ခင်ဗျား။ ဆက်လက် လေ့လာနိုင်ကြပါစေ။
သစ္စာနီ
Posted by ညိမ်းညို at 13:30 4 comments
Labels: ကဗျာမှတ်စု/စာမှတ်စု
4 May 2008
ရေးသူဖတ်သူ
ဒီနေ့
သူက ကျွန်တော့်ကိုစိမ်းတယ်
မုန်းတယ်..မုန်းတယ်လို့ အခွန်း၂၀ကျော်ပြောတယ်
(၃၀ နားကပ်သွားမယ်ထင်တယ်)
ကျွန်တော့်ကိုယ်ကျွန်တော် ဆန်းစစ်ကြည့်တယ်
ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ခဲ့ဘူး
(ဟုတ်တယ်လို့ပြောရင် ကျွန်တော်ညာတာ)
ဒါပေမဲ့ သေချာတာ၂ခု ရှိတယ်
ကျွန်တော် ဖိနပ်မှားမစီးခဲ့ဘူး
တခြားလူလမ်းကြောင်းကို လုမလျှောက်ခဲ့ဘူး
ဝါးကျည်တောက်စုဗူးလေးထဲ
ရှိရှိသမျှပိုက်ဆံတွေကို အမြတ်တနိုးခေါက်ခေါက်ထည့်သလိုမျိုး
အချစ်ကို မစားရက်မသောက်ရက်စုခဲ့တယ်
ရေလောင်းနေရင်း… ပေါင်းသင်နေရင်းမှာပဲ
ဥယျာဉ်လေးနဲ့ကျွန်တော်က ပိုပိုဝေးကွာ
ဘာကြောင့်ပါလိမ့်…
ခေတ်ပျက်ကြီးထဲမှာဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့
လမ်းတွေကိုယ်၌က သစ္စာမဲ့ကုန်ပြီလား
သူက ရီစရာမောစရာ ကျီစားလိုက်တာပါတဲ့
ဟောဒီကဗျာဆရာငတုံးကြီးမှာသာ ရီစရာနောက်ကမောစရာတွေနဲ့
ဖျတ်ဖျတ်ကိုလူးလို့...
နေပူပူသဲပူပူ သောင်ပြင်ပေါ်လွတ်တဲ့ငါးတစ်ကောင်လို..။
ညိမ်းညို
Posted by ညိမ်းညို at 03:43 7 comments
Labels: ကဗျာ
1 May 2008
ဖျက်မြင်း
ဟော… ဟိုမှာ လာနေပြီ
မလုပ်နဲ့ ! မလုပ်နဲ့ !
သွားမတားလေနဲ့
ခင်ဗျား အဝေးကြီးလွင့်စင်ထွက်သွားမယ်
အမှန်တရားဆိုတာ...
အား ကောင်း မောင်း သန် ။
ညိမ်းညို
Posted by ညိမ်းညို at 23:20 13 comments
Labels: ကဗျာ
Diseño por headsetoptions | A Blogger por Blog and Web