23 April 2009

မြိုင်ထကဗျာ

ဝါဒတစ်ခုမဟုတ်
ကြွေးကျော်သံမဟုတ်
နှလုံးသား အစီရင်ခံစာမဟုတ်
ရွှေနားတော်သွင်းဧချင်းမဟုတ်
ယိမ်းတိုက်နေတာ မဟုတ်
မှိန်းလိုက်နေတာ မဟုတ်
ထမင်းဖော်ဆေး မဟုတ်
ဟင်းဖော်ဆေး မဟုတ်
မဟုတ် မဟုတ် မဟုတ်...၊

မဟုတ်တာတွေ ခပ်များများနဲ့
ငါတို့ကဗျာတွေလည်း
ရုပ်နာမ်နှစ်ပါး ကွဲကွဲလာရဲ့
လူကလူ
ကဗျာကကဗျာ ဆိုလား၊

ကိုယ့်လက်ကိုယ်ဖြတ်
ကိုယ့်ကဗျာကိုယ် ပြန်မဖတ်ရဲတဲ့အဖြစ်မျိုး
ရင်တအုံလုံး ကျိုးတယ်၊

ခေတ်ကြီးကို အကျောပေးဖို့
ကဗျာတွေ အမောလုံဖို့လိုရဲ့
နောက်မြီးဆွဲများ မှောက်ပြီးလဲသွား
(ဒါ ငိုရတဲ့ ဟာသပဲ)

ရေချိုးရုံ သက်သက်နဲ့
ပင်လယ်ဆီ မလာကြဘူး
ဒီမှာ ငါတို့ရွက်လွှင့်ဖို့
ကဗျာတွေ လှိုင်လှိုင်တွေးကြစို့
ဒီမှာ ငါတို့ဆက်မြှင့်ဖို့
ကဗျာတွေ မြိုင်မြိုင်ရေးကြစို့၊

ဟေး…ဟေး…ဟေး
အခြောက်အလှန့်မခံနိုင်သော ငှက်ကလေးများ
ပျံကြပလေ့စေ
မိတ်ဆွေတို့
လတ်ဆတ် ကောက်ပဲသီးနှံများ
မြိန်မြိန် သုံးဆောင်ကြပါစို့။

ညိမ်းညို

19 April 2009

မီးခိုးမထွက်သောစက်ရုံ၌ ကြာမျိုးငါးပါး စိုက်ပျိုးခြင်း

မရှိတော့ဘူး တဲ့
မရှိတော့တာမှ ဘာမှမရှိတော့တာထက်ကိုလွန်အောင် ဘာဆိုဘာမှမရှိဖြစ်နေကြ
ခွက်ကပ်နဲ့ မူးဖို့ဆိုရင်တောင်
ငါတို့ခွက်လေးတွေ ဗြောင်းဆန်နေအောင် ဆွဲချည်မှောက်လန် ခံထားရတာပဲ ကြာလှပေါ့၊

ဒီမှာ အယူတိမ်းလို့ နတ်စိမ်းဖြစ်နေကြ
ဒီမှာ နတ်စိမ်းတွေ ကြာမျိုးငါးပါးဆွတ်ယူနေကြ
ဒီမှာ ခင်တန်း၊ တောတန်းနဲ့ တောင်တန်းကြီးတွေ ရှုံ့မဲ့ထော်လန်နေကြ
သူတို့ ခြေသလုံးမွှေးတွေ ဆွဲဆွဲအနှုတ်ခံလိုက်ရချိန်တွေမှာပေါ့
ငါးသည်က သူ့ငါးကို ကိုယ်တိုင်ထုချေပစ်လိုက်သလိုမျိုး
ငါတို့မာနကို ငါတို့ချေချွတ်လိုက်ရပုံ
အိမ်း...ဒါက ဒီလိုရှိပါတယ်လေ
ထမင်းက မာနကိုအနိုင်ယူသွားတယ်ဆိုတာမျိုး
ခြင်္သေ့လဲ ပီပီပြင်ပြင်မဟုတ် မြက်လျှောလဲ ကြည်ကြည်လင်လင်မဖြစ်ကြတော့ကာ
မြက်စားတဲ့အခါ စားလိုက် မာန်ဖီဟိန်းတဲ့အခါ ဟိန်းလိုက်ပေါ့
အရေးကြီးတာ အဆင်ပြေဖို့ ဆိုပဲ
ကဗျာတစ်ပုဒ်ထဲမှာတောင် ပါတယ်ဟုတ်၊

ရဲရဲကြီးတိုးဝင်လိုက်ဖို့ပဲလိုတယ်တဲ့
တိုးဝင်လိုက် တိုးဝင်လိုက်
ရဲရဲကြီး တိုးဝင်ပစ်လိုက်
အလဲလဲအကွဲကွဲ တိုးဝင်ပစ်လိုက်
ကုပ်အားဘယ်လောက်အားကောင်းကောင်း ကော်အားဘယ်လောက်ကောင်းကောင်း
ပစ်စာပုံတွေကြားထဲ ခေါင်းထိုးဝင်ပစ်လိုက်
ဘာဆန်းလဲ
နေရောင်ခြည်ကို ငတ်ကြီးကျနေမှတော့
အမှောင်ထဲ မပျော်နိုင်တော့တာ။

ညိမ်းညို

11 April 2009

ရီရတယ်

ရီရတယ်
ကျွန်းပင်တွေကို ခြေထောက်ရိုက်ချိုးပြီး
ကမ္ဘာကြီး စိမ်းလန်းစိုပြေရေး ဘာညာဘာညာ၊

ရီရတယ်
လက်နှစ်ဖက်လုံးကို နောက်ပြန်ကြိုးတုပ်စေပြီး
ကြိုးဝိုင်းပေါ်မှာ ဆုံကြတာပေါ့ ဘာညာဘာညာ၊

ရီရတယ်
သူ့နားထင်ကိုယ့်နားထင် သေနတ်နဲ့တေ့တေ့ပြီး
ငြိမ်းချမ်းရေးစကားဆိုမယ် ဘာညာဘာညာ၊

ရီရတယ်
လုံခြုံရေးအကြောင်းပြု သံသယမျက်မှန်ကြီး တပ်တပ်ပြီး
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် ဘာညာဘာညာ၊

ရီရတယ်
ကိုယ့်ဆွေမှကိုယ့်မျိုး သာသာထိုးထိုးလေး ပွဲထုတ်တတ်ပြီး
ဂြိုလ်ကြီးကိုးလုံး တက်ခူးဦးမယ် ဘာညာဘာညာ၊

ရီရတယ်
ထိန်းသိမ်းကာကွယ်ပါ့မယ် မန္တာန်ကို အထပ်ထပ်ရွတ်ဖတ်ပြီး
ပဲကြီးလှော်နဲ့ လဲစားပစ်လိုက်တယ် ဘာညာဘာညာ

ရီရတယ်
ဆပ်ပြာပူပေါင်းလေးများလို ခပ်ပါးပါး အဆက်မပြတ်လွှင့်ထုတ်ပြီး
အနုပညာအတွက် ခါးတောင်ကျိုက်ထားတယ် ဘာညာဘာညာ၊

ရီရတယ်
ဝေးဝေးကန်ဝေးဝေးရောက် တစ်ပွဲတိုးကန်ချက်တွေ ပစ်ပစ်သွင်းပြီး
မဝေးတော့တဲ့ အနာဂတ်မှာ....ဘာညာဘာညာ၊

ရီရတယ်
လိုသလောက် ချေးခြောက်လေးကို လိုသလောက် ရေပြန်ပြန်နှူးပြီး
စိုသောလက်မခြောက်စေဖို့ ဘာညာဘာညာ၊

ရီရတယ်
"တရားနှင့်ဓား အားနှစ်အားတွင် တရားကိုချစ် ဓားကိုပစ်အံ့" ဆိုပြီး
အာခီလက်လို ဓားခုတ်ကျင့်နေတယ် ဘာညာဘာညာ၊

ရီရတယ်
မုဆိုးကျော်ကြီးတွေ ဆင်ဖမ်းမယ်ကျားဖမ်းမယ် တောထဲဝင်သွားပြီး
ဟင်းရွက်ကန်စွန်းတွေ ခူးခူးလာတယ် ဘာညာဘာညာ၊

ရီရတယ်
သီလမကျိုးအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး
ကန်တော့ခံအရက်ပုလင်းကို လူကြုံနဲ့မှာလိုက်တယ် ဘာညာဘာညာ၊

ရီရတယ်
ချူတံတွေ၊ ကရိန်းတွေကို ခပ်ဝေးဝေးလွှင့်ပစ်ပြီး
အဖျားကအသီး မမှီရုံနဲ့ ပင်စည်ကိုခုတ်ပစ်လိုက်တယ် ဘာညာဘာညာ၊

ရီရတယ်
ကိုယ့်သားလေးခြေထောက်မှာ ဖိနပ်မရှိတာကို ပစ်ထားပြီး
ကမ္ဘာကျော်ဘောလုံးသမားကို ရွှေဖိနပ်ဆုချလိုက်တယ် ဘာညာဘာညာ၊

ရီရတယ်
အားလုံးကိုတန်းတူလေးစားပါကြောင်း သက်သေစပိတွေ အမြန်နှုန်းတင်တင်ပြီး
နိမ့်နေတဲ့မြေကွက်လေးကိုမှ ရွေးရွေးပြီးလှံစိုက်သွားတယ် ဘာညာဘာညာ၊

ရီရတယ်
သဒ္ဓါတရားဓားမြှောင်ကို မြိနေအောင် သွေးထားပါတယ်ဆိုပြီး
ကွမ်းကလေး ဆေးကလေးကို ခါးပုံစထဲ ထည့်လိပ်ထားတတ်တယ် ဘာညာဘာညာ၊

ရီရတယ်
ကမ္ဘာကြီးကို ခါးစောင်းတင်မယ်ဆိုပြီး
ထိုင်ရာက အထခက်နေတဲ့ ကဗျာဆရာ၊

ရီရတယ်
ညိမ်းညိုဆိုတဲ့ ငနဲကလည်း
အက္ခရာလေး ၃၃လုံးနဲ့
ကဗျာတွေက ဘာညာဘာညာ။

ညိမ်းညို

7 April 2009

Carry On

ဖြစ်ခဲ့တယ် ပျက်ခဲ့တယ်
နွေ ၂၄
မိုး ၂၄
ဆောင်း ၂၄၊

ဖြစ်ဦးမယ် ပျက်ဦးမယ်
နွေဘယ်လောက်
မိုးဘယ်လောက်
ဆောင်းဘယ်လောက်၊

ကိုယ့်လမ်းကိုယ်ထမ်း
ကဗျာတွေဖမ်းရင်း
အသက်ပန်းကို နမ်းရှိုက်လိုက်ရုံပါပဲ။

ညိမ်းညို

နွေနေ့များ

ကားများ မုတ်ဆိတ်များ
လှိမ့်လှိမ့်ပြီး ၀င်လာ
ဟွန်းသံများ ယားယံခြင်းများ
ပွက်ပွက်ပြီး အန်လာ
စတိုးဆိုင်ကြီးတွေက
ဖက်ရှင်ကို သစ်သီးလိုကိုက်စားပြီး
သစ်သီးများက ဖက်ရှင်လို အဆန်းတကြယ်
လမ်းတွေက အဆုံးမရှိတာလား
အဆုံးမရှိတာက လမ်းတွေလား
တနံတလျားကြီး ငေး....လိုက်ရတာ
နေပူကြီးထဲ မုန့်လက်ဆောင်းသောက်ရသလို
ဝမ်းအေးဖို့ ကျောပူခံရခြင်းများ၊

ပင်စည်အောက်
မီးထတောက်မဲ့ စမ်းချောင်းလေး
ကိုယ့်လက်ဖျံကိုယ် ခေါင်းအုံးလို့
ခပ်မဆိတ် နေတတ်ခဲ့ပါရဲ့
သူတို့ အိပ်မက်တွေအပေါ်
ရွရွကလေး ဖြတ်ပျံသွားတဲ့
ဘုရားစူးရစေ့ နွေနေ့များ။

ညိမ်းညို

5 April 2009

ပေါင်းစည်းခြင်း


ကျနော်ဆိုနေတဲ့ သီချင်းတစ်ပိုဒ်၊ သူ ညည်းနေတဲ့ တေးတစ်စ
ပေါင်းလိုက်တော့ သံစုံတီးဝိုင်းကြီး ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အခက်အခဲများ၊ သူ့မှာရှိတဲ့ အခက်အခဲများ
ပေါင်းလိုက်တော့ သစ္စာပန်းတွေ ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အားနည်းချက်တချို့၊ သူ့မှာရှိတဲ့ အားနည်းချက်တစ်ချို့
ပေါင်းလိုက်တော့ ဖေးမစာနာမှု ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အိပ်မက်တစ်ခု၊ သူ့မှာရှိတဲ့ အိပ်မက်တစ်ခု
ပေါင်းလိုက်တော့ နားလည်မှု ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ မိသားတစ်စု၊ သူ့မှာရှိတဲ့ မိသားတစ်စု
ပေါင်းလိုက်တော့ မေတ္တာဂေဟာကြီး ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ ညည်ဆိုးတချို့၊ သူ့မှာရှိတဲ့ သည်းခံစိတ်နားဆွဲလေး
ပေါင်းလိုက်တော့ ငဲ့ညှာမှုပန်းတစ်ခင်း ဖြစ်သွားတယ်။

ကျနော့်မှာရှိတဲ့ အကြည်ဓာတ်နည်းနည်း၊ သူ့မှာရှိတဲ့ ဖြူစင်မှုအများအပြား
ပေါင်းလိုက်တော့ စကြာဝဠာကြီးကို ချစ်တတ်လာတယ်။

ကျနော်က ကူးခပ်နေတဲ့ ချောင်းကလေး၊ သူက စီးဆင်းနေတဲ့ မြစ်တစ်သွယ်
ပေါင်းလိုက်တော့ တံတားကြီးတစ်စင်း ဖြစ်သွားတယ်။

ကျနော်က တောက်လောင်တဲ့ နွေဆိုး၊ သူက စိမ်းမြတဲ့ ပင်ပျို
ပေါင်းလိုက်တော့ ဘ၀တစ်ခု ဖြစ်သွားတယ်
အဲဒီဘ၀လေးထဲမှာ ကျနော်တို့ ပျော်ပါတယ်။

ညိမ်းညို

- ကဗျာရေးပြီးတော့ အသံဆင်းတာ ပြေမပြေသိဖို့ အကျင့်အတိုင်း အထပ်ထပ်ရွတ်မိပါတယ်။ ရွတ်နေရင်းနဲ့ပဲ ဒီကဗျာအလိုက်ကို အရင်တုန်းကရင်း ရင်းနှီးနေသလိုခံစားမိပါတယ်။ စိတ်မှာ ဇဝေဇ၀ါမို့ ဖတ်ခဲ့ဖူးတဲ့၊ ဖြစ်နိုင်မဲ့လင့်တွေ ပြန်ရှာတော့ ကိုမိုးလှိုင်ဆီမှာ တွေ့ရပါတယ်။ ဟုတ်ကဲ့၊ ကျနော်ကြိုက်သောကဗျာများ ကဏ္ဍမှာ ကိုမိုးလှိုင် ပြန်တင်ပေးထားတဲ့ ဆရာနေမျိုးရဲ့ "ကျနော်နဲ့ မ၀င်းမေ" ကဗျာပါပဲ။ ဆရာ့ကဗျာကို နားစွဲခဲ့တာမို့ အရိပ်တို့ လွှမ်းခဲ့တာထင်ပါရဲ့။ သို့ပေမဲ့ တမင်လုပ်ယူရသည် မဟုတ်သော၊ ထိုထိုသော အရိပ်တို့ကို ကျနော်က မြတ်နိုးစွာ ချစ်ခင်မိပါရဲ့။ ဆရာ့ကဗျာကို ဒီမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ။