2 June 2010

အမေးအမြန်း၊ စပ်စပ်စုစု၊ ကျီးကြည့်ကြောင်ကြည့်၊ ဟိုပြောဒီပြောထူထပ်တောင်ကုန်းများနှင့် အသားလွတ်တရားခံလိုစစ်ဆေးအရသာခံချင်သော အာတာလွတ်ဥများ

ရေထဲပြုတ်ကျရတဲ့ဖြစ်စဉ်မှာ
- မိမိကိုယ်တိုင် အနေအထိုင်မတတ်လို့ ဖြစ်နိုင်သလို
- တခြားလူက တွန်းချလို့လည်း ဖြစ်နိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် တခြားလူတွန်းချလို့ရေနစ်သေရရင်တော့ မတန်ဘူး
ရအောင်ရုန်း ရအောင်လှုပ်ပြီး ကူးခပ်ရမှာပဲ။

“လူဆိုတာ အဖွဲ့အစည်းနဲ့နေရတဲ့သတ္တ၀ါ”
အာတာလွတ်ဥတွေထဲရောက်သွားတဲ့အခါ
ဒီစကားပုံကို ခင်ဗျားရယ်မိမှာပဲ။

သူများတွေအနွေးထည်ကိုယ်စီနဲ့ မင်းကော
သူများတွေအင်္ကျီပါးလေးတွေနဲ့ မင်းကျမှ အနွေးထည်ကြီးတဖားဖား
သောက်လေကွာ ဆေးဖြစ်ဝါးဖြစ်၊ ဘာလဲကံငါးပါးထိန်းနေတာလား(သရော်တော်တော်)
စားစမ်းပါဟ ဒီရောက်တုန်း၊ သေရင်ကိုယ့်နောက်ဘာမှမပါဘူး
အဲဒီမျက်မှန်ကြီးက လိုလို့လား(မျက်စိနာနေတာကို သူမသိဘူး)
ဘာလဲ အိမ်ကဘိုးတော်ကို ရှိန်နေတာလား(အဖေကိုရည်ညွှန်းမှန်း တော်တော်ကြာကြာမှ သိရ)
ဝိုး..ဒီလူကြီးက စာလည်းရေးတာပဲလား၊ သူရေးတာ ရင်သိမ့်တုန်လေးတွေရောပါရဲ့လား(ဆရာတို့ရေ စာအုပ်တွေသိမ်းမထားမိတာကိုသာ ခွင့်လွှတ်ပါတော့)
အများကြီး အများကြီး
ငါမှတ်မထားချင်လို့ မေ့ပစ်လိုက်တဲ့စကားတွေအများကြီး
မနက်အိပ်ယာထ ငါ့ခေါင်းနောက်မှာ ရေဒါတစ်ခုတပ်ဆင်လို့
ပုံရိပ်တွေစုပ်ယူရုံအားမရသေးပဲ
သွားတယ် လာတယ် စားတယ် သောက်တယ်
အသံလှိုင်းများဟာမေးဖျားတဆတ်ဆတ်တုန်ခါလို့ အထိုင်စက်ကြီးများ
ထိုမှတဆင့် ကိုယ်တိုင်ဖော် စံချိန်စံညွှန်းများဘောင်ထဲ
ငါဟာ သူတို့ရဲ့ လွဲချော်နေသော သနားစရာသတ္တ၀ါတကောင်
ငေါင်စင်းလို့ ပေစောင်းလို့ ရွဲ့စောင်းလို့
ဒီမိုးဟာ တို့မြို့ကစရွာတာ ဒီအရုပ်ဟာ တို့ဆီကဆေးစက်စကျတာ
ဒီသီချင်းဟာ တို့စပြီးတီးတာ
ဒီဂိမ်းဟာ တို့ရိုးသွားလို့အောက်လိုက်တာ
ဒီဘောင်းဘီဟာ….ဒီအင်္ကျီဟာ…ဒီပလေယာဟာ...ဘာဟာ...ညာဟာ
ကလေးကလားပဲ ကလေးကလားပဲ
လေတယ် လေတယ်၊ ပင့်ကူအိမ်ထဲငြိနေတဲ့ယင်တစ်ကောင်လို ငါလေတယ်
စာမတတ်ဘူး စာမတတ်ဘူး
စာမတတ်တော့ ဒီစာတွေကို ဘယ်လိုဖတ်ရမလဲ ငါမသိဘူး။

ဘိန်းရှူနေတာလားဆိုတော့လည်း
ဘိန်းရှူနေတာပါပဲပေါ့
အရေမရအဖတ်မရတွေပါကွာဆိုတော့လည်း
ဟုတ်ပါတယ်ပဲပေါ့
နားအေးချင်တယ်
ဘာမှပြန်မပြောတာ အဖက်မလုပ်တာလားဆိုလာပြန်တော့
ငါ ငုတ်တုတ်သေတာပဲ။

ဆက်လျှောက်သွားတဲ့နှစ်ယောက်က
ဖိနပ်ကြိုးထိုးဖို့ကျန်ခဲ့တဲ့ တယောက်အကြောင်းကိုပြောဆိုလို့
အာတာလွတ်ယဉ်ကျေးမှုဟာ ကမ္ဘာပေါ် ဓားသွားလိုမြိလို့။

ညိမ်းညို

7 comments:

Unknown said...

မမေးဘူး မမြန်ဘူး တောင်ကြည့် မြောက်ကြည့်နဲ့
နူတ်ဆိတ်စွာ လွင်တီးခေါင်ဆန်သော အတွေးမျှင်စများနှင့်
ပလိမ်းပဲ တရာခံမဲ့စွာ မစစ်မဆေး မမေးမမြန် အရသာမြည်းကြည့်
လိုက်တယ် နယ်သား အာတာလွတ်ဥများကို :))
အရသာရှိတယ် ဖတ်ရတာ :)

johnmoeeain said...

နေ့စဉ်ရက်ဆက် မရိုးအီအောင်စားသုံးနေမိသော
ကျွန်တော်တို့ရဲ့ အာတာလွတ်ဥများ.... :P

Unknown said...

နားအေးချင်တယ်
ဘာမှပြန်မပြောတာ အဖက်မလုပ်တာလားဆိုလာပြန်တော့
ငါ ငုတ်တုတ်သေတာပဲ။
great..:P

Unknown said...

ဖတ်ရတာ အရသာရှိလိုက်တာ

Unknown said...

အာတာလွတ်ဥလေးတွေ...
ဆီလေး..ဆားလေးနဲ့..ဆို
ရှယ်ပဲ....
:P

လင်းဒီပ said...

အာတာလွတ်မြို့စားကြီးကို သတိရတယ်
အာတာလွတ်ဥ စားချင်တယ်..:P

ShwunMi- said...

အသားလွတ် အာတာလွတ်ဥတွေကို မြေကြီးထဲ ပြန်မြှုပ်ထားလို့ရရင် ကောင်းမှာပဲ :)
အသားမှ မပါဘဲ..