13 February 2010

ဟုတ်ယောင်ထင်မှုနဲ့ ပျော်ရွှင်လိုမှုနဲ့ အိုင်ပျက်ထဲမှာပျော်ပျော်ကြီး

တံဆိပ်လှတယ်ဆိုရင်ပဲ မတော်တဲ့အင်္ကျီတွေဝယ်ဝတ်လို့
လူကြိုက်များတယ်ဆိုရင်ပဲ ကီးမ၀င်တဲ့သီချင်းတွေအော်ဆိုလို့
ကြွေတယ်ဆိုတဲ့စကားကို အရင်းအတိုင်းအဓိပ္ပါယ်ဖွင့်လို့
တဖြောင့်ထဲပြေးလာခဲ့တဲ့လမ်းကြီး ရုတ်တရက်ကောက်ကွေးသွား အဲဒီမှာ ငါဟာသွေးပျက်လို့
ရောင်းရင်းများ အပေါင်းအသင်းများ မိတ်ဆွေများ ငါဟာအားကိုးရာရှာလို့
ဝယ်ထားတဲ့အင်္ကျီတွေပြန်စစ်ဆေးလို့
အော်ဆိုခဲ့တဲ့သီချင်းတွေ လက်ဖ၀ါးပေါ်တင်လို့
(စေ့စေ့စပ်စပ်ကြီး) လွဲခဲ့တာလွဲ တည့်ခဲ့တာတည့် အဖြစ်အပျက်ဟာဖြစ်ပျက်လို့
ဆိုပါစို့ ကြယ်သီးတွေ နောက်ကျောမှာရောက်နေတာမျိုး
တီးလုံးတွေ စာသားနဲ့အပြန်အလှန်ရန်ဖြစ်နေတာမျိုး
ဆိုဖွယ်ရာမရှိ ငါ့သွေးပျက်မှုဟာ အထွတ်အထိပ်ပဲ
လယ်ကွင်းတွေထဲပြေး တောင်ယာတွေပေါ်တက်
တောပန်းလေးတွေခူးလိုခူး တိုက်အမြင့်ကြီးတွေပေါ်ရောက်လိုရောက်
ကွန်ပျူတာ၊ အင်တာနက် အီလက်ထရောနစ်ပစ္စည်းများ ငါဟာ လက်ပစ်ကူးလိုကူး
ပင်ပန်းတကြီး ပျောက်သွားတဲ့အရာလေးကိုပြန်ရှာလို့
ဒီတခါပြန်တွေ့ရင်တော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားတော့မယ်ရယ်လို့
မောရပန်းရမှန်းမသိ ရပ်တကာရွာစဉ်လှည့်လို့
ရေစီးကြောင်းဆိုတာကို ချောင်းကလေးထဲလောက် အောက်မေ့မှတ်ထင်လို့
တကယ်ဆို ပင်လယ်ထဲက ရေစီးကြောင်းကြီးပဲ အထိတ်တလန့်တွေ့ရှိသွား
သိပ်ကိုကျယ်လွန်းရှည်လျားလွန်းလို့ အသာလေးကိုယ်ဖော့လိုက်သွားမယ်ဆိုရင်တောင်
ခရီးမဆုံးခင် လက်ပန်းကျနိုင်လို့ ကမ္ဘာကြီးကို(အလို..ကဗျာကြီးလည်းပါ) အရင်းအတိုင်းရှုမြင်
တကယ်ဆို ဟုတ်ယောင်ထင်မှုနဲ့ပျော်ရွှင်လိုမှုနဲ့ အိုင်ပျက်ထဲမှာပျော်ပျော်ကြီး
အနည်အမှုန်တွေပွထလာအောင် ဆော့ကစားခဲ့ခြင်းတစ်မျိုးပဲ
တော်လောက်ပြီ။

ညိမ်းညို

3 comments:

tin min htet said...

ပင်လယ်ထဲက ရေစီးကြောင်းကြီးတဲ့လား ..
ကျွန်တော်ကတော့ တံဆိပ်ကြိုက်ရုံနဲ့ မဝယ်တော့ဘူး၊ ဒစ်စကောင့်လည်း ရမှ၊ တော်တယ်ထင်မှ ဝယ်တာတောင် မတော်တာတွေ ရှိသေးတယ်။ (ကဗျာကြီးရော၊ ကမ္ဘာကြီးရောပေါ့)

Nyi naung said...

တ၀ကြီးဖတ်ပြီး လိုချင်တာတွေ သိမ်းထားဖို့ ကူးသွားပါတယ် ။
ပြီးတော့ ခံစားချက်တူမယ့် သူငယ်ချင်းတချို့ဆီ မျှဝေပါရစေ ။ ပိုင်ရှင် နာမည်ကို မချန်ခဲ့ပါဘူး ။

အတွေးများ ၊ ရသများအတွက် ကျေးဇူးအထူးနော် ။

Mhu Darye said...

တော်ချိန်သင့်ရိုးမှန်ရင် တော်လိုက်ကြတာပေါ့..။

အဆင်ပြေပါစေ။ အဆင်ပြေမှာပါ။း)

မှူးဒါရီ