18 January 2010

ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ

လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
စားကြလော့ သောက်ကြလော့
ဒါဟာ ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အမဲရိုးအတွက် ဟင်းအိုးကိုမမှောက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မည်းမည်းမြင်တိုင်း မဟောင်ခဲ့ မကိုက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကတုံးပေါ်ထိပ်မကွက်ခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဘနဖူးကို သိုက်မတူးခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ကမ္ဘာမီးလောင်လို့မှ သားကောင်ကိုချမနင်းခဲ့ဖူးတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးရိုးသားသား ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ခဲ့တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ခရေစေ့တွင်းကျ ပွင့်လင်းပြဖို့ ခက်ခဲလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ဟောင်ဖွာဟောင်ဖွာလုပ်ဖို့ ပျင်းရိလွန်းလှတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ စကားလုံးအကြီးကြီးတွေပြောရင် မထုံတက်တေးလုပ်နေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ ရိုးသားမှုမှမပါရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ အရောင်ပြိုးပြိုးပျက်ပျက်တွေကို မြင်ရတိုင်း အလွယ်တကူ မျက်စိမကျိန်းတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ နွေးထွေးတဲ့လက်အစုံကို အစဉ်သဖြင့် ကမ်းလင့်ကြိုဆိုနေတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

ဒါဟာ မတရားမှုတွေမှာ ကိုယ့်အစွယ်ကိုယ်ချိုး ဂုတ်ပိုးကို ခပ်ဆတ်ဆတ်လေးအုပ်ထားတတ်တဲ့
ခွေးတစ်ကောင်ရဲ့ အမည်နာမခံယူပွဲ ဖြစ်တယ်

တစ်ချိန်တစ်ခါတုံးက
အမည်နာမတွေရဲ့ ပညတ်ချက်ကို
အလေးမထားပါဘူးဆိုတဲ့ ဒေါက်တာသိမ်းမောင်ကို
(မရိုသေ့စကား) ခွေးသိမ်းမောင်ခေါ်ရင် ကြိုက်မလားလို့ မေးခဲ့ကြဖူးရဲ့
နောက်..ဒေါက်တာသိမ်းမောင်ဟာ သခင်သိမ်းမောင်ဖြစ်လာခဲ့တယ်

ယဉ်ကျေးမှုမထွန်းကားပါဘူးဆိုတဲ့
အဆင့်အတန်းမြင့်မြင့် မတွေးခေါ်နိုင်ပါဘူးဆိုတဲ့
ဦးနှောက်အကျဉ်းကျနေရတာပါဆိုတဲ့
ကိုယ့်ဝပ်ကျင်းလေးကိုယ် မစွန့်နိုင်ပါဘူးဆိုတဲ့
ငမြောက်ငခြောက် ချွတ်တားလေးပါဆိုတဲ့
ဟောဒီ အရိုင်းအစိုင်းကောင်ဟာ ခွေးတစ်ကောင်ပေါ့ကွယ်

အို လူကြီးလူကောင်းတို့
နိုင်ငံကြီးသားအပေါင်းတို့
ခေါ်ကြလော့ တွင်ကြလော့
ကျွန်ုပ်ရဲ့ အမည်နာမကို လှိုင်လှိုင်ကြီး သုံးစွဲတော်မူကြလော့
စိတ်ရဲ့အာသာ ပြေရာပြေကြောင်း အလိုရှိသလို ခိုင်းနှိုင်းတော်မူကြလော့
အန္တိမတံခါးအ၀မှာ သင့်ကိုတည့်တည့်ကြည့်လို့ ကျွန်ုပ်ရပ်နေတယ်။

ညိမ်းညို

- အရင်က တစ်ခါတင်ဖူးပါတယ်။ အခုပြန်တင်ပါတယ်။

3 comments:

မယ့်ကိုး said...

ကဗျာနုနုလှလှလေးတွေ ရေးသူဆီမှာ ဒီကဗျာတွေ့ရလို့ မျက်လုံးတောင် ပြူးသွားပါတယ်။
ဒါပေမယ့် မိုက်တယ် ။ကြိုက်ပါတယ် :)

ကိုချစ်ဖေ said...

ကျနော်ကတော့ စိတ်မကောင်းဖြစ်သွားရတာပါ
အန္တိမ တံခါးဝကနေ လိပ်ပြာသန့်သန့်နဲ့ ပြုံးနေနိုင်မယ်ဆိုတာယုံကြည်ပါတယ်ဗျာ.

Anonymous said...

အတွေးအားကောင်းကောင်းနဲ့ရေးထားတော့ မနည်းလိုက်တွေးရတယ်.. နက်ရှိုင်းတဲ့ အတွေးတွေကို ရေးတတ်တဲ့ငါ့ညီ ဆက်လက်ချီတက်နိုင်ပါစေသား..