16 January 2010

အနုပညာဟူသမျှ လှိုင်ကြပါစေ

‘အနာဂတ်အကြောင်း ပြောတယ်ဆိုတာ၊ တမင်လိမ်တာ မဟုတ်ပေမဲ့ မုသားဖြစ်ချင်လဲ ဖြစ်သွားတတ်တယ်။’ (အာရပ်စကားပုံ)

လူ့သမိုင်းတစ်လျောက် ဖြစ်ပျက်ခဲ့တာတွေက အတော်ပဲ ရှုပ်ထွေးတယ်။ အလှည့်အပြောင်း များတယ်။ ဘာပြီးရင် ဘာဖြစ်မယ်ဆိုတဲ့ စီစဉ်တကျရှိမှုမျိုး၊ နေသားတကျရှိမှုမျိုး အတော့်ကိုရှားတာ တွေ့နိုင်ပါတယ်။ ပညာရှင်အထွေထွေက နယ်ပယ်အသီးသီးမှာ ရှေ့အလားအလာအတွက် ဟောကိန်းတွေ ထုတ်ပေးလေ့ရှိကြတယ်။ ဟောကိန်းဆိုတာထက် မျှော်ခေါ်ချက်၊ ယူဆချက်တွေပေါ့။ ဖြစ်လာနိုင်စွမ်းရှိတဲ့ အကြောင်းအရာတွေကို သက်သေအစုံအလင်၊ စမ်းသပ်မှုအပုံအပင်နဲ့ ကျိုးကြောင်းဆီလျော် ဖော်ထုတ်တင်ပြကြတာပါပဲ။ သို့ပေမဲ့ ကံသေကံမ ဖြစ်ကိုဖြစ်ရမယ်လို့ ဘယ်ပညာရှင်မှ အာမ မခံပါဘူး။ လူအဖွဲ့အစည်းရဲ့စံနှုန်းနဲ့ လိုအပ်ချက်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးရဲ့ အရွေ့တွေ၊ ပါရာဒိုင်းတွေက ‘မမြဲခြင်း’ ဆိုတဲ့ အနှစ်ချုပ်သဘောကို ဆောင်နေလို့ဖြစ်မယ် ထင်ပါတယ်။

အကြားအမြင်ပေါက် ဟောကိန်းတွေ မထုတ်သင့်တဲ့အထဲမှာ အနုပညာဟာ ထိပ်ဆုံးကပါမယ် ထင်ပါတယ်။ ဘယ်လိုအမျိုးအစားတွေကတော့ တချိန်မှာ မုချကျဆုံးမယ်၊ ဘယ်အမျိုးအစားတွေကတော့ မှတ်တမ်းဝင်ကျန်ရစ်ခဲ့မယ်။ အဘယ်အမျိုးအစားမှသာလျှင် ပြည်သူနဲ့ထပ်တူကျတယ်၊ ဘယ်အယူအဆ…၊ ဘယ်ဝါဒမှ….. စသည်ဖြင့်ပေါ့။ ယူဆချက်၊ သုံးသပ်ချက်အနေနဲ့ ဘောင်တစ်ခုအတွင်းမှာ အကြုံးဝင်ပေမဲ့ သေချာပေါက် အတပ်ဟောကိန်းကြီးအနေနဲ့ အကြားအမြင်ပေါက်ပြတဲ့ အခါမျိုးကျ အချိန်ကာလရဲ့ စမ်းသပ်မှုအောက်မှာ အတော်လေး အရုပ်ဆိုးသွားတတ်တာမျိုးပါ။ အနုပညာကိစ္စမှာ လတ်တလော အဆင်ပြေမှုတစ်ခုကိုသာ ကြည့်ပြီး၊ နောက်အနှစ် ၆၀မှာ ဆင်ဖြူတော်ကြီး ဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ဦးပေါ်ဦးရဲ့ လျှောက်ထားချက်မျိုးကို အားမကျသင့်ပါဘူး။ နောင် အနှစ် ၆၀မှာ ကျနော်တို့အားလုံး သေသွားပြီထား၊ ကျနော်တို့ တွေးခဲ့ရေးခဲ့ကြတဲ့ စာတွေကတော့ ဆက်ပြီး ကျန်နေခဲ့ဦးမှာ မို့ပါပဲ။

+++

၂၀ရာစု စာရေးဆရာ မာဘယ်လ်ပရော့စ်ရဲ့ စကားကို ကိုးကားခွင့်ပြုပါ။

‘ဟုတ်ပါတယ်။ စကြာဝဠာကြီးဟာ ကျနော်တို့အားလုံးအတွက် အမှန်တရားပေါ့။ တစ်ဦးတစ်ယောက်ချင်းစီ အတွက်တော့ တစ်ကျောင်းတစ်ဂါထာပေါ့။’

+++

အတွေးအခေါ်ဟူသမျှ ပြိုင်ကြပါစေ
ပန်းဟူသမျှ လှိုင်ကြပါစေ- မင်းသုဝဏ်

အနုပညာဟူသမျှ ပြိုင်ကြပါစေတော့ မရှိကောင်းဘူးပေါ့။ အနုပညာဟူသမျှ လှိုင်ကြပါစေ။

ညိမ်းညို

3 comments:

pandora said...

အနုပညာတွေ ပြိုင်နေကြတာကိုတော့ မဖြစ်ကောင်းသော်လည်း တွေ့နေရသလိုပဲ ညိမ်းညို...
အင်း... ပြိုင်နေတဲ့အရာတွေဟာ အနုပညာလည်း ဖြစ်ချင်မှဖြစ်မှာပေါ့လေ။

သက်ထွန်းညိမ်း said...

အေးအေး အေးပါဟ
ရေးရေး ရေးပါဟ
တွေးတွေး တွေးပါဟ
ငါလည်း
နှေးနှေး နှေးနေတုန်း
မင်းလည်း သွားသွား သွားနေတုန်း
အရင်ရောက်ရင် နောက်လှည့်ကြည့်ကြေး
ဟဟး)

Ðaywalker(စိုးလှိုက်ဦး) said...

ကဗျာတွေလာဖတ်သွားတယ်