15 November 2009

လွမ်းတယ်

သစ်တောစိမ်းစိမ်းတွေရယ်
စမ်းချောင်းလေးရယ်
ကျနော့်အိပ်မက်တို့
ယိမ်းထိုးဆိုက်ကပ်လေ့ရှိရာ
အမေ့ရဲ့ ဆိပ်ကမ်းငယ်လေးရယ်၊

စွန်တန် ပူပူရယ်
ငရုတ်သီးစပ်စပ် ပဲပုပ်ထောင်းနဲ့
တောဝက်သားခြောက်ရယ်
တောပန်းလေးတွေနဲ့အပြိုင်
လှိုက်လှိုက်လှဲလှဲ
ဖူးပွင့်နေတတ်တဲ့ ရွာကလေးရယ်
ရွာအ၀င်တောင်ကမူအောက်က
ဝါးဒလျှောက် ရေချိုးဆိပ်လေးရယ်
တောရဲ့ ဂီတကိုဖန်ဆင်းတတ်တဲ့
ကျွဲခလောက်သံ သာသာရယ်
ဧည့်စိမ်းလူစိမ်းတွေကို
ဆွေမျိုးရင်းချာလို နွေးထွေးသွားစေတဲ့
ခေါင်ရည်ချိုမြရယ်
ဆောင်းတွင်း မီးလင်းဖိုနံဘေး
ခေါပုတ်ကင် နွေးနွေးရယ်
အရွယ်ရောက်စ ကျမ်းစာသင်ကျောင်းလေးနဲ့
ကြီးကောင်ဝင်စ မူလတန်းကျောင်းပျိုလေးရယ်
တောင်ပေါ်မြူနှင်းကြား
စကားတွေ တွတ်ထိုးနေတတ်တဲ့
သီးနှံစိုက်ခင်း အဆင့်ဆင့်ရယ်
မြေစေးနီနီ အိမ်ကလေးတွေကြား
ဍ္ဍရင်ကောက်ပင် ပြိုးပြောက်မယ်
ငှက်ကလေးတွေ အစာကောက်နေပုံရယ်၊

ဟိုး အဝေးတစ်နေရာဆီက
တောင်ယာတဲကလေး
မီးခိုးနံ့တသင်းသင်း
လေပြေ တစ်ညင်းညင်း၊

အမေက
ကျောက်တုံးကျောက်ခက်တွေကြား
လျှိုမြောင်ချိုင့်ဝှမ်းတွေကြား
မီးလောင်ပြင် သစ်ငုတ်သစ်ဆုံတွေကြား
စပါးစေ့လေးတွေကို ဆူးထိုးစိုက်ပျိုးနေမှာ၊

အမေ့သား သင်္ဘောလေးက
အမြဲတစေ ဆိပ်ကမ်းနဲ့ ဝေးကွာခဲ့ရာ။

ညိမ်းညို

- တစ်ခါတင်ဖူးပါတယ်။ လွမ်းလို့ ပြန်တင်ပါတယ်။

5 comments:

က+ဗျာ+လှည်း said...

လွမ်းလို့ပြန်လာဖတ်တာ။း)

Sint Si said...

makeing me homesick too.

ယောနက်သန် said...

ဖတ်ပြီး...လွမ်းသွားတယ်။

Ðaywalker[Soul] said...

လာဖတ်တယ်ဗျာ

tin min htet said...

ခင်ဗျား ဒီကဗျာ ဖတ်ရတော့
ခင်ဝမ်း ရဲ့ "တောင်ပေါ်သူလွမ်းတေး" ကို သတိရတယ်။ နားထောင်ကြည့်ပါဦး။

တောင်စဉ်တောင်တန်းတွေ မြူခြေအုံမှိုင်းဝေ
စာသင်ကျောင်းလေး တကျောင်းရှိလို့နေ
တောင်ပေါ်သူလေးရေ ဆရာမလေးရေ
ဒီရင်မှာလေ အမြဲပဲ မိုးဖွဲလေးရွာနေ

http://www.mediafire.com/?nnmienljkmd