5 May 2009

ငါ့ရင်အုံဂူပေါက်ထဲက ခြင်္သေ့မလေး

ငါ့ရင်အုံ ဂူပေါက်ထဲမှာ
ခြင်္သေ့မလေးတစ်ကောင် ရောက်နေတယ်။

ဟိန်းလိုက်ဟောက်လိုက်တာ
တတောတတောင်လုံး မြည်ဟည်း
သားကောင်ကြီးငယ် အပေါင်းတို့က
သူကလေးကို တုန်နေအောင် ကြောက်ရသတဲ့။

သူကလေးက
စွမ်းရည်ထက်မြက် သွက်လက်မြန်ဆန်
ချစ်စဖွယ်ဟန်လေးနဲ့ တောတို့ရဲ့ဘုရင်မတဲ့။

သစ္စာမရှိတဲ့သားကောင်
မရိုးသားတဲ့သားကောင်
ပြီးတော့
တောရဲ့အလှကို ပျက်စီးကြေပြုန်းစေသူ
အဲဒီ သားကောင်သုံးမျိုးကိုမှ
ရွေးချယ်တိုက်ခိုက် ဒဏ်ရိုက်တတ်သတဲ့။

အခု
ရောက်နေရဲ့လေ
ငါ့ရင်အုံ ဂူပေါက်ထဲမှာပေါ့
ခြင်္သေ့မလေးတစ်ကောင်၊

ခြင်္သေ့မလေးတစ်ကောင်
ငါ့ရင်အုံ ဂူပေါက်ထဲမှာပေါ့
ရောက်နေရဲ့လေ
အခု...။

ခြင်္သေ့မလေးရေ
မင်းသာ ပျောက်ရှမသွားစေဖို့ဆိုရင်
ဟောဒီ ဂူပေါက်ထဲ
ငါ့တစ်ကိုယ်လုံး နှုတ်နှုတ်စင်းပြီး
စားရေရိက္ခာတွေ ကြွယ်ဝစေချင်ပါရဲ့။

မလွမ်းရဲလွမ်းရဲနဲ့
လမ်းတော့ မခွဲပါရစေနဲ့ကွယ်
မင်းစိတ်ကလေး မျက်ခဲ့မယ်ဆိုရင်
မင်းစိတ်ကလေး ကွက်ခဲ့မယ်ဆိုရင်
ငါ့နှလုံးသားကို ကိုက်ဖဲ့ဝါးမြိုလိုက်ပါကွယ်
ဟောဒီ... ငါ ရင်အုံကြီးကို ကုတ်ခြစ်စုတ်ဖြဲပစ်လိုက်ပါကွယ်
ငါ့ကို...
ငါ့ကို....
ငါ့ကိုလေ မုန်းရင်လည်း မုန်းပါ
မချစ်ဘဲတော့ မနေလိုက်ပါနဲ့ ခြင်္သေ့မလေးရယ်။

ညိမ်းညို

5 comments:

Unknown said...

မလွမ်းရဲလွမ်းရဲနဲ့
လမ်းတော့ မခွဲပါရစေနဲ့ကွယ်
မင်းစိတ်ကလေး မျက်ခဲ့မယ်ဆိုရင်
မင်းစိတ်ကလေး ကွက်ခဲ့မယ်ဆိုရင်
ငါ့နှလုံးသားကို ကိုက်ဖဲ့ဝါးမြိုလိုက်ပါကွယ်,,,,
မလုပ်ရဲပါဘူးကွယ်... :D

Unknown said...

ကဗျာလေးမိုက်တယ် ...

ကြယ်ပြာ

ရွှန်းမီ said...

ဒီကဗျာကို မထိရဲသလိုတောင် ဖြစ်သွားတယ်..
ဒါက ခြင်္သေ့စာပဲ..

Unknown said...

ဟိုက်....... စိတ်ကြီးလှချေလား
မုန်းချင်မုန်းပါ မချစ်ပဲတော့ မနေပါနဲ့တဲ့.......
ဒီအပြောမျိုးနဲ့ဆို ခြသေ့င်္တောင် ကြောင်ဖြစ်သွားလောက်ပါရဲ့ :D

SoeMoe said...

ငါ့ကိုလေ မုန်းရင်လည်း မုန်းပါ
မချစ်ဘဲတော့ မနေလိုက်ပါနဲ့ ခြင်္သေ့မလေးရယ်။
မိုက်တယ် ..ကဗျာလေး