19 April 2009

မီးခိုးမထွက်သောစက်ရုံ၌ ကြာမျိုးငါးပါး စိုက်ပျိုးခြင်း

မရှိတော့ဘူး တဲ့
မရှိတော့တာမှ ဘာမှမရှိတော့တာထက်ကိုလွန်အောင် ဘာဆိုဘာမှမရှိဖြစ်နေကြ
ခွက်ကပ်နဲ့ မူးဖို့ဆိုရင်တောင်
ငါတို့ခွက်လေးတွေ ဗြောင်းဆန်နေအောင် ဆွဲချည်မှောက်လန် ခံထားရတာပဲ ကြာလှပေါ့၊

ဒီမှာ အယူတိမ်းလို့ နတ်စိမ်းဖြစ်နေကြ
ဒီမှာ နတ်စိမ်းတွေ ကြာမျိုးငါးပါးဆွတ်ယူနေကြ
ဒီမှာ ခင်တန်း၊ တောတန်းနဲ့ တောင်တန်းကြီးတွေ ရှုံ့မဲ့ထော်လန်နေကြ
သူတို့ ခြေသလုံးမွှေးတွေ ဆွဲဆွဲအနှုတ်ခံလိုက်ရချိန်တွေမှာပေါ့
ငါးသည်က သူ့ငါးကို ကိုယ်တိုင်ထုချေပစ်လိုက်သလိုမျိုး
ငါတို့မာနကို ငါတို့ချေချွတ်လိုက်ရပုံ
အိမ်း...ဒါက ဒီလိုရှိပါတယ်လေ
ထမင်းက မာနကိုအနိုင်ယူသွားတယ်ဆိုတာမျိုး
ခြင်္သေ့လဲ ပီပီပြင်ပြင်မဟုတ် မြက်လျှောလဲ ကြည်ကြည်လင်လင်မဖြစ်ကြတော့ကာ
မြက်စားတဲ့အခါ စားလိုက် မာန်ဖီဟိန်းတဲ့အခါ ဟိန်းလိုက်ပေါ့
အရေးကြီးတာ အဆင်ပြေဖို့ ဆိုပဲ
ကဗျာတစ်ပုဒ်ထဲမှာတောင် ပါတယ်ဟုတ်၊

ရဲရဲကြီးတိုးဝင်လိုက်ဖို့ပဲလိုတယ်တဲ့
တိုးဝင်လိုက် တိုးဝင်လိုက်
ရဲရဲကြီး တိုးဝင်ပစ်လိုက်
အလဲလဲအကွဲကွဲ တိုးဝင်ပစ်လိုက်
ကုပ်အားဘယ်လောက်အားကောင်းကောင်း ကော်အားဘယ်လောက်ကောင်းကောင်း
ပစ်စာပုံတွေကြားထဲ ခေါင်းထိုးဝင်ပစ်လိုက်
ဘာဆန်းလဲ
နေရောင်ခြည်ကို ငတ်ကြီးကျနေမှတော့
အမှောင်ထဲ မပျော်နိုင်တော့တာ။

ညိမ်းညို

10 comments:

Unknown said...

နားလည်သလို ဖတ်သွားတယ်နော် ကဗျာဆရာ
ခုတလော ကဗျာဆရာ ဘာတွေဖြစ်နေလဲ
သင်္ကြန်လည်ပြီး နှာစေးနေလား..။ :P

Mogok Thar said...

ခြင်္သေ့လဲ ပီပီပြင်ပြင်မဟုတ် မြက်လျှောလဲ ကြည်ကြည်လင်လင်မဖြစ်ကြတော့ကာ.....

ဲမြသ်စားဖို့ ဟိန်းဟောက်ဖို့တောင် မတတ်နိုင်အောင် ခံစားသွားပါတယ်။
ထမင်းက မာနကိုအနိုင်ယူသွားတယ် တဲ့လား ကဗျာဆရာရယ်....

Unknown said...

မီးခိုမထွက်တဲ့ စက်ရုံထဲမှာ ကြာမျိုးငါးပါလာစိုက်တယ်နယ်ရေ ကောင်းသောနေ့ပါ :)

မယ့်ကိုး said...

“ငါတို့မာနကို ငါတို့ချေချွတ်လိုက်ရပုံ
အိမ်း...ဒါက ဒီလိုရှိပါတယ်လေ
ထမင်းက မာနကိုအနိုင်ယူသွားတယ်ဆိုတာမျိုး”
"ကုပ်အားဘယ်လောက်အားကောင်းကောင်း ကော်အားဘယ်လောက်ကောင်းကောင်း
ပစ်စာပုံတွေကြားထဲ ခေါင်းထိုးဝင်ပစ်လိုက်"

တစ်ခါတစ်လေတော့လည်း ....တစ်ခါတစ်ရံမျှသာပေါ့နော်။

Eaindra said...

ကိုညိမ်းညိုရေ...

ကြာမျိုးငါးပါး တင့်တယ်ဖို့.....
ရေခံမြေခံနဲ့ စိတ်သွားစိတ်လာတွေ ဖြောင့်မတ်ဖို့လိုနေတော့ကာ...

ရဲရဲကြီးတိုးဝင်လိုက်ဖို့ပဲလိုတယ်တဲ့
တိုးဝင်လိုက် တိုးဝင်လိုက်
ရဲရဲကြီး တိုးဝင်ပစ်လိုက်
အလဲလဲအကွဲကွဲ တိုးဝင်ပစ်လိုက်

သေချာပါ့မလား...
ငါတို့တိုးဝင်လိုက်မယ့်ဆီမှာ..
ကြာညိုနံ့ ရှိမရှိ

အိန္ဒြာ

မသက်ဇင် said...

"မီးခိုးမထွက်သောစက်ရုံ၌ ကြာမျိုးငါးပါး စိုက်ပျိုးခြင်း"

ကဗျာဆရာရေ
ခံစားရင်း တွေးတောရင်း
ဖတ်ပါတယ်
ပြန်တော့ ကဗျာလေး ရင်ထဲပါသွားတယ်

emayarKhin said...

ကဗျာရဲ့စာကြောင်းတိုင်းကို
အားကျစွာနဲ့ဖတ်သွားခဲ့ပါတယ်.....

သက်ထွန်းညိမ်း said...

တိုးဝင်လိုက် တိုးဝင်လိုက်
ရဲရဲကြီး တိုးဝင်ပစ်လိုက်
အလဲလဲအကွဲကွဲ တိုးဝင်ပစ်လိုက်
အဲဒီလိုသုံးနှုန်းတာတွေကြိုက်တယ်ဗျ
ကဗျာက မာတယ်ဗျို့...

က+ဗျာ+လှည်း said...

လမ်းလေး နည်းနည်းလောက်ဗျို့... ဟိုးရှေ့က ခပ်ဝဝနဲ့လူ လမ်းနည်းနည်းလောက်ဗျာ... ကျုပ်ရဲရဲကြီး တိုးဝင်ကြည့်ချင်လို့... အဟတ်ဟတ် :D :P

SoeMoe said...

ကဗျာလေးကောင်းတယ်အစ်ကို ...