27 December 2008

အိုးခြမ်းပဲ့ မှတ်စု

အလှူတစ်ခုတွင် ဖြစ်သည်။ လူငယ်တစ်ဦးက နောက်ဖေးမီးဖိုချောင်တွင် စားသောက်ပြီးသော ပန်းကန်ခွက်ယောက်များကို သိမ်းကြုံးဆေးကြောနေသည်။ ထိုစဉ် အရပ်လူကြီးတစ်ဦး ရောက်လာကာ

“အေး..အေး..၊ ကောင်းတယ်ကွာ။ ဒီလို သူများမလုပ်ချင်တဲ့ အလုပ်ကိုလုပ်တော့ သူများတွေထက် ကုသိုလ်ပိုရတာပေါ့”

အရပ်လူကြီး စကားမဆုံးခင် လူငယ်က ပန်းကန်များဆေးကြောနေရာမှ ထထွက်သွားသည်။ လူငယ်လေး စိတ်ဝင်စားသည်မှာ ကုသိုလ်ပိုရတာ မရတာထက်၊ ဘယ်နေရာမှာ ၀ိုင်းကူဖို့လိုအပ်သလဲ ဆိုတာဖြစ်ကြောင်း အံ့သြစွာကျန်ရစ်ခဲ့သော အရပ်လူကြီး သိကောင်းမှသိပေလိမ့်မည်။

+++

အိမ်တစ်အိမ်တွင် သားဖြစ်သူ ဆယ်တန်းကျောင်းသားကို ဂစ်တာဝယ်ပေးသောကိစ္စနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက-

“မင်းကွာ..၊ ငါသေသေချာချာမှာထားရဲ့နဲ့။ သားကို ဆယ်တန်းအောင်ပီးမှ ဂစ်တာဝယ်ပေးပါလို့။ ချစ်တာလဲ ချစ်တာပေါ့ကွာ။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ ချစ်တတ်ရတယ်ကွ”

ထိုအခါ မိခင်ဖြစ်သူက ခပ်ပြုံးပြုံးပင် ပြောလေသည်။

“အမလေး၊ ကိုစည်းကမ်းကြီးရယ်..။ စည်းနဲ့ကမ်းနဲ့ချစ်တာလဲ ချစ်တာပေါ့ရှင်။ တစ်ခါတစ်ခါတော့ ကလေးကို နှလုံးသားနဲ့လဲ ချစ်တတ်ရသေးတယ်ရှင့်”

+++

မောင်ကကြီးစိတ်ထဲမှာ ကိုယ့်ကိုယ်ကို ဘ၀င်မကျသလိုဖြစ်နေတာ အတော်ကြာပြီ။ သူတို့သူငယ်ချင်းတွေ အရက်ဝိုင်းဖွဲ့မိလို့ နဲနဲလေး အရှိန်ရလာပြီဆိုရင် ဦးတည်မိသည့်အရာ နှစ်ခုသာရှိနေတတ်သည်။ ထိုအရာနှစ်ခုကား ဘာသာရေးနှင့် နိုင်ငံရေး။ ဒါကို မောင်ကကြီး ဘ၀င်မကျဖြစ်နေခြင်းပင်။ သူတွေးကြည့်မိသည်။ သူတို့တတွေသည် ရဲဆေးမတင်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် မဆိုဝံ့ကြပြီလော။

+++

သွားရိုးသွားစဉ်အတိုင်း ဘယ်ဘက်ချိုးရမည်ကို မချိုးဘဲ၊ ညာဘက်သို့ ကွေ့ထွက်သွားသော လူငယ်လေးကိုကြည့်၍ လမ်းဆုံလမ်းခွမှ လူကြီးနှစ်ဦး စကားဆိုနေကြသည်။

“ဒီကောင်လေးတော့ လမ်းလွဲသွားပြီ၊ ဒုက္ခရောက်တော့မယ်ဗျို့”
“အမှန်ပဲဗျ၊ သူကွေ့ထွက်သွားတဲ့လမ်းက ဘယ်သူမှ သုံးကြတာမဟုတ်ဘူး”

ထိုစဉ် လူငယ်လေးရှေ့မှ ဆူးညှောင့်ခလုတ်များ ဘွားခနဲပေါ်ထွက်လာရာ လူကြီးနှစ်ဦးသည် စုပ်တသပ်သပ်နှင့် မျက်နှာလွှဲ ကျောခိုင်းသွားကြလေသည်။ ဆူးညှောင့်ခလုတ်များကို ကျော်လွှားပြီးသွားသော လူငယ်လေးရှေ့မှ ရောင်သွေးစုံလင် ရှုတိုင်းယဉ်လှသော ပန်းဥယျာဉ်ကြီး ပေါ်ထွက်လာသည်ကိုမူ ထိုလူကြီးနှစ်ဦး တွေ့မသွားရှာချေ။

+++

“ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။ ဟုတ်တယ်မို့လား ”

လိုင်စင်ခပ်များများ ပိုင်ဆိုင်ထားသော သူဌေးကြီးက ကားသော့ကို လက်တွင်ဝှေ့ယမ်း၍ သူ့မိတ်ဆွေများကို စကားဆိုသည်။ သူတို့ ဘီယာဆိုင်သို့ သွားကြမည်ဖြစ်သည်။ ထမင်းမစားခဲ့ရသေးသော ထွန်တုံးပေါ်မှ လယ်သမားတစ်ဦးအဖို့မူ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု ထိုသူဌေးကြီးကဲ့သို့ လွယ်လွယ်နှင့် နှလုံးသွင်းနိုင်အံ့မထင်။

+++

“ခင်ဗျားတို့က အသက်မရှိတော့တဲ့ အလောင်းကိုတောင် ဘာဖြစ်လို့ ခဲရာခဲဆစ် တက်ဆွဲနေကြတာလဲဗျ။ ထားခဲ့လိုက်လို့ မရဘူးလား”

လူတစ်ယောက်က စစ်သားတစ်ယောက်ကို မေးနေခြင်းဖြစ်သည်။ စစ်သားက ဖြေးဖြေးဆေးဆေး ပြန်ပြောသည်။

“အသက်ပဲ မရှိတော့တာပါဗျာ။ သူလုပ်ခဲ့တဲ့ အရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့လေ လူကောင်းသူကောင်းတွေကိုတော့ အလွယ်တကူ စွန့်မပစ်ထိုက်ပါဘူးဗျာ”

+++

“ခင်ဗျားတို့ ကဗျာအသစ်အဆန်းတွေကို ကျနော်နားမလည်ဘူးဗျ။ စကားလုံးတွေကလဲ ရှုပ်ရှက်ခတ်နေတာပဲ။ အယုံအကြည်လဲ မရှိဘူး”

ရူပဗေဒပညာရှင်တစ်ဦးက ပြောသည်။ ထိုအခါ ကဗျာဆရာကလည်း-

“အက္ခရာတွေ၊ သင်္ကေတတွေ၊ ကိန်းဂဏန်းတွေနဲ့ ပြွတ်သိပ်နေတဲ့ ရူပဗေဒ အီကွေးရှင်းတွေကို ကျနော်လဲ နားမလည်ပါဘူး။ ဒါပေမဲ့ ဆရာရဲ့ပညာရပ်အပေါ် ကျနော် ယုံကြည်ပါတယ်။ ကျနော်က မယုံကြည်ဘူးဆိုရုံနဲ့လည်း ရူပဗေဒ အမှန်တရားဟာ ပျောက်ပျက်သွားမယ် မထင်ပါဘူး” ဟု ဆိုလေသည်။

+++

မေး။ ဘာဖြစ်လို့ ကဗျာရေးနေတာလဲ။
ဖြေ။ ဘာဖြစ်လို့မှ မဟုတ်ပါဘူး၊ ရေးချင်လို့ ရေးနေတာပါ။

မေး။ ကဗျာတွေကို ဘာအတွက်ရည်ရွယ်ပြီး ရေးပါသလဲ။
ဖြေ။ ဘာအတွက်တွေ၊ ညာအတွက်တွေက ကိုယ်ပြောရမဲ့အလုပ်မဟုတ်ဘူး၊ ကိုယ်ရေးလိုက်တဲ့ကဗျာတွေက သူ့အလိုလို ပြောသွားမဲ့အလုပ်လို့ ထင်ပါတယ်။

+++

မေး ။ အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။

(၁) …………….
(၂) …………….
(၃) …………….
(၄) …………….

စာဖြေကျောင်းသားတို့ကား ၁ မှ ၄ အထိသာ ဘောင်ခတ်၍ စဉ်းစားကြကုန်၏။ အကယ်၍ ဆရာသည် မည်သည့်နံပါတ်ကိုမျှ အဖြေမှန် ထည့်မထားခဲ့သည်ရှိသော်….။

ညိမ်းညို

20 December 2008

တရိပ်ရိပ် ပြေးတက်လာကြ၊ ယဉ်ကျေးသော စာမျက်နှာများပေါ်...

စိမ်းရွှေပုပ်အဲ့ လူသွားလမ်းကလေး...။ လေစကြာပင်တွေ တ၀ှီးဝှီး တိုးဝှေ့နေ၊ အထီးကျန်ငြင်းပယ်ခံရခြင်း သစ်သီးများ ယောင်ကိုင်းပြည်တည် ပုပ်ပွ။ မခွဲမစိတ် သွားနဲ့ဖိကိုက်ထားရသလို စိတ်မှာ အရာထင်ခဲ့၊ ကျနော် ကျမတို့ ရိုရိုကျိုးကျိုး တမိုးချုပ်ခဲ့ပြန်ရာ။ တနေ၀င်ခြင်းအမှုန်အမွှားများ ရွေ့ ပြီးရင်း...ရွေ့။ သက်ဆိုင်သူများ၊ မသက်ဆိုင်သူများ သံတုံးသံခဲတွေလို မာခဲအေးဆတ်။ ဆောင်းရဲ့ ပတ်ကြားအက်ကြီးတွေကြား စိမ့်အေးမှုက တစ်စက်စက်ယိုကျပြန်သေး။ လူသူလေးပါး ကင်းဝေးရာ၊ လူလိုသူလို မနေဖြစ်ကြရာ၊ လူတစ်လုံးသူတစ်လုံး အိပ်မက်များလဲ ထွင်းထုရာ။ စကားတွေ၊ တရားတွေ မကြာမကြာလွတ်ကျ/လွှတ်ချ၊ စကားတွေ၊ တရားတွေ မကြာမကြာ ပြန်ကောက်/ပြန်ဆယ်။ တစ်ယောက်တည်းနေတတ်ဖို့ တစ်ယောက်ယောက်ကို အော်ခေါ်။ မနိုင်ဝန်တွေကိုထမ်းထမ်းပြီးတော့ မနိုင်နိုင်ရာမဲ။ ကျန်ခဲ့ရ...၊ ကျပျောက်ခဲ့ရ... ကြေကွဲထိရှစွာ...။ အရိပ်တွေကတော့ ဟိတ်ဟန်ကောင်းစွာ။ အတောင်တစ်ဖက်ကျိုးနေတဲ့ ပျံလွှားငှက်ကလေးကို အားကျချစ်ခင်မိပါရဲ့။ စိတ်ကို ဆူးစူးမခံခဲ့ပုံ။ ဘိုးဘွားပိုင် ယာမြေကလေးကို တူးဆွကြည့်တော့ အိမ်အပြန်ညနေခင်းတွေက တွန့်ခေါက်မှုန်ဝါးဆဲလေ။ ခပ်ဆွေးဆွေး ချုပ်ရိုးတွေထဲ နလန်မထူနိုင်နေ့စွဲများ ရင့်သီးကွဲအက်၊ အာသီသပ၀ါနွမ်းလေး... ညိုမွဲဆွေးရီ။ နေသည် အရှေ့အရပ်မှ ထွက်မြဲ...။ သူတို့ တရိပ်ရိပ် ပြေးတက်လာကြပြီ။ ယဉ်ကျေးသော စာမျက်နှာများပေါ်...။

ညိမ်းညို

17 December 2008

၁၇၊ ဒီဇင်ဘာသို့ အလင်းစကား

- ရောင်နီဝင်းပြက် အရုဏ်တက်မှာ
ထွက်လာနေမင်း တင့်စေ့မယ်။

- ရာဇ၀င်တောင်တန်း တစ်ခေတ်ဆန်းမှာ
အောင်ပန်းလှိုင်လှိုင် ပွင့်စေ့မယ်။

- စိတ်ဝမ်းလက်ညီ ပြည်သစ်တည်ရာ
ချီကာကြွကြွ ညီညာဖြဖြ
လှသောဘ၀တွေ ပီစေ့မယ်။

- ၁၇၊ ဒီဇင်ဘာ
ချိန်ခါကျရောက် လေးနှစ်မြောက်မှာ
တောက်ကြွားရွှန်းဆို ညီအစ်ကိုတို့
ယို့ယို့ရိုကျိုး ပြည့်အကျိုးကို
ပျိုရွယ်နုဘိ စွမ်းသတ္တိနဲ့
မိုးထိခေါင်ဖျား တို့ကြိုးစားစို့
မားမားမတ်ခိုင် တည်စေ့မယ်။

- အိုဒီဇင်ဘာငဲ့ သင်သိရဲ့လား
ရိုးဂုဏ်ဖွေးလတ် စိတ်ထားမြတ်သော်
ဘယ်သူသတ်လို့ မသေတည်း။

ညိမ်းညို

16 December 2008

ရွာပုန်း

ယမ်းခိုးဝေေ၀
မီးတောက်တွေနဲ့
စစ်မိုးမစွေလိုက်ပါနဲ့နော်။

ချစ်ကြင်နှောင်ထွေး
ငြိမ်းချမ်းရေးနဲ့
ငါတို့ရွာလေး မတ်တပ်ရပ်ပါရစေဦးကွယ်။

ညိမ်းညို

12 December 2008

အဝေးလူ

ကွဲအက်ဆို့သီး ခရီးတစ်ထောက်
နာနာကျင်ကျင် ရောက်ခဲ့ပြီကွယ်။

စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်။

ခုနေမှာတော့...
လရောင်ခိုးဝှက် အိပ်ပျက်ညတို့
လမ်းစတစ်ဆုံး အမှောင်ဖုံးလဲ
မိုးရဲလို့ဆောင်းရဲ
ပြုံးနေရဦးမှာပဲကွယ်။

သူငယ်ချင်းတို့ရယ်
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်။

ညိမ်းညို

7 December 2008

သက်ငြိမ် ၂

ရိုးရိုးလေးပွင့်နေတဲ့ အလင်းရောင်အောက်
စိတ်တွေမှောင်ရမှာ ကြောက်တယ်အမေ
အစားထိုးအဖြေလွှာနဲ့ရမဲ့ အမှတ်၁၀၀
သားမလိုချင်တော့ပါဘူး။

ကျေနပ်ပါတယ် အမေရယ်
ကိုယ့်အဖြေလွှာကိုယ်ရေး
သုညမှတ်လေးကို ခပ်အေးအေးယူခဲ့ပြီ။

မိတ်ဆွေတစ်ချို့က ပြောတယ်
မင်းကောင်းကင်က နက္ခတ်လဲမစုံဘူးတဲ့
ရှိစေတော့လေ....
ကြယ်ကလေးတစ်လုံးနဲ့ပဲဖြစ်စေ
သားကြည်နူးနေနိုင်တယ်ဆိုတာ
သူတို့မှ မသိကြတာပဲ အမေရယ်။

အမေ့ကို သားဦးညွှတ်ပါတယ်
အလွယ်တကူကြွေကျမပေးဖို့
စိတ်သစ်သီးတွေ အညှာခိုင်ခဲ့ကြပုံ။

ညိမ်းညို

သက်ငြိမ် ၁

3 December 2008

ရင်ချင်းဆက်ဘာသာဗေဒ (၀ါ) ကဗျာ

ကျနော်စုထားဖြစ်တဲ့ ကဗျာစာအုပ်(အီးဘုတ်) တွေကို မျှဝေပါရစေ။ တချို့စာအုပ်တွေ ရှိနေပြီးဖြစ်တယ်ဆိုရင် ခွင့်လွှတ်စေလိုပါတယ်။ စာအုပ်တော်တော်များများကိုတော့ ၀က်ဆိုဒ်တွေကနေ ဒေါင်းလော့ယူပါတယ်။ တချို့ စာအုပ်တွေကိုတော့ ကဗျာရေးသူကိုယ်တိုင်က မြတ်မြတ်နိုးနိုး စာအုပ်လေးလုပ်ပြီး မှတ်မှတ်ရရ ပို့ပေးတာမို့ တလေးတစား သိမ်းထားဖြစ်ပါတယ်။ ခဏခဏလည်း ကြည်ကြည်နူးနူး ထုတ်ဖတ်ဖြစ်ပါတယ်။ ကိုချီရွန်ရဲ့ ကဗျာစုစည်းမှု၊ ဘိုတင့်ကြီးရဲ့ ကဗျာစုစည်းမှု၊ ကိုလင်းဦးရဲ့ ၀မ်းနည်းမှတ်တမ်း ကဗျာတွေပေါ့။

နောက် ဂူဂဲကနေ ကဗျာဆရာနာမည် ရိုက်ထည့်ပြီး အဲဒီကနေ ရလာတဲ့ကဗျာတွေကို အီးဘုတ်လုပ်ထားတာလဲ ပါပါတယ်။ ဆရာဇေယျာလင်း ကဗျာစာအုပ်နဲ့ ဆရာဝင်းမြင့်၊ ခရမ်းပြာထက်လူ ကဗျာတွေကို အဲဒီလိုရှာပြီး စာအုပ်လုပ်ထားတာပါ။ ကိုယ်လေးစားအားကျရတဲ့ ဆရာတို့ရဲ့ကဗျာလက်ရာတွေ တစ်စစီ ပြန့်ကျဲနေတာကို တစ်စုတစ်စည်းထဲအနေနဲ့ ဖတ်လို့၊ လေ့လာလို့ အဆင်ပြေအောင် စုထားတဲ့သဘောပါ။ အခြားဘယ်နေရာမှာမှ အကျိုးစီးပွားအတွက် အသုံးပြုထားခြင်း မရှိပါခင်ဗျာ။ ဆရာတို့ရဲ့ ကလောင်အမည်ကိုလည်း ကဗျာတိုင်းမှာ ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။ ၀ါသနာတူ ကဗျာရောင်းရင်းများ သူငယ်ချင်းများကိုတော့ ကဗျာဆိုတဲ့ အနုပညာတစ်ရပ်အပေါ် ရူးသွပ်ဖော်ရူးသွပ်ဖက်တွေမို့ မေးလ်ကနေ ကြုံတဲ့အခါတိုင်း ပို့ပေးဖူးပါတယ်။ လူချင်းနီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ခွေရိုက်ပြီး ပေးဖြစ်ပါတယ်။ ဟင်းကောင်းကျွေးကောင်းလေး စားရရင် ခင်မင်သူ မိတ်ဆွေတွေကို သတိတရ ရှိတတ်ကြသလိုမျိုးပါပဲ။ ကဗျာကောင်းတစ်ပုဒ် ဒါမှမဟုတ် ကဗျာစာအုပ် အသစ်တစ်အုပ်ကိုများ ဖတ်လိုက်ရပလားဆိုရင် ကျနော်နဲ့ဝါသနာတူ သူငယ်ချင်းတွေကိုလည်း ဖတ်ခွင့်ရစေချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒါကြောင့်မို့ အခွင့်ကြုံတာနဲ့ ကျနော့်မှာရှိတဲ့ ကဗျာတွေကို တစ်ဖက်က သူငယ်ချင်း အားလား၊ မအားလားမှမသိ ဇွတ်အတင်းပေးတတ်တဲ့ အကျင့်ဆိုးကြီး တွယ်ကပ်လာတယ် ဆိုပါတော့ဗျာ :) အခု ဒီအကျင့်ဆိုးကြီးက ဘလော့ပေါ်ထိ ရောက်လာပြီ :D

တချို့စာအုပ်တွေကျတော့ မှတ်စုစာအုပ်ထဲမှာ ကြိုက်လို့ မှတ်ထား၊ တေးထားတဲ့ကဗျာတွေကို စာပြန်ရိုက်ပြီး အီးဘုတ်လုပ်ထားတာပါ။ ဒါကလည်း အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ တစ်စုတစ်စည်းထဲနဲ့ အလွယ်တကူ ဖတ်နိုင်အောင်လို့ပါပဲ။ နောက် မဂ္ဂဇင်းတွေကနေ ကဗျာနဲ့သက်ဆိုင်တဲ့ ဆောင်းပါးတွေကို သတ်သတ်ရွေးထုတ်ပြီး စုထားတာလေးတွေလည်း ပါသေးသဗျ။ မှတ်မှတ်ရရ ဆရာမောင်ဒီရဲ့ ဆောင်းပါးကတော့ ကိုညိုထက်ညိုကြီး စကန်ဖတ်ပြီး ပို့ပေးထားတာ။ ကျေးဇူးတင်ပါတယ် အကိုကြီးရေ :)

ဆရာပိုင်စိုးဝေရဲ့ သိန်းစွန်ငှက်ရဲ့ အပြန်လမ်း ကဗျာရှည်ကို ဆရာနေ၀င်းမြင့်ရဲ့ အက်ဆေးတွေကနေတစ်ဆင့် ရင်းနှီးနေတာ ကြာပါပြီ။ တစ်စွန်းတစ်စ ဖတ်ရတာနဲ့ကို စွဲလမ်းနေခဲ့ရတာလည်း ကြာပါပြီ။ ဒါပေမဲ့ ကဗျာကို တစ်ခါမှ ဖတ်ခွင့်မရခဲ့ဘူး။ တွေ့လည်းမတွေ့ခဲ့ရဘူး။ အခုတော့ အဆင်သင့်လေခြင်းဗျာ။ မြန်မာကျူးပစ်မှာ သိန်းစွန်ငှက်ရဲ့အပြန်လမ်း ကဗျာရှည်ကြီးကို အစအဆုံးဖတ်ခွင့်ရလိုက်တယ်။ တင်ပေးတဲ့ ကဗျာချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ဒါနဲ့ အခြားစွဲလမ်းနှစ်ခြိုက်ခဲ့ရတဲ့ ကဗျာရှည်တစ်ပုဒ် (ဆရာအောင်ချိမ့်ရဲ့ ဂန္တ၀င်မမ ) ကိုလည်း ကျူးပစ်မှာ ဖတ်ခွင့်ကြုံခဲ့ပါတယ်။ တအား ၀မ်းသာမိပါတယ်။ ဒါနဲ့ အဲဒီကဗျာနှစ်ပုဒ်ကိုလည်း ကျနော် စုထားလိုက်ဖြစ်ပါတယ်။

နောက် မုတ်ဆိတ်ပျားဆွဲလို့ ဆိုရမဲ့ အမျှော်ကြီးမျှော်နေတုန်း ပေါ်လို့လာတာကတော့ ဆရာသုခမိန်လှိုင်ရဲ့ ဂျွန်လ၏မိုးရေများနဲ့ ဆရာဖော်ဝေး၊ ဆရာမောင်ချောနွယ်၊ ဆရာအောင်ချိမ့်တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ကဗျာစာအုပ်နှစ်အုပ်ပါပဲ။ ဆရာမ မနော်ဟရီပြန်တင်ပေးထားတဲ့ ကဗျာတွေကို ၀မ်းသာအားရ စုထားလိုက်ဖြစ်ပါတယ်။ ဆရာမကို ကျေးဇူးတင်ပါတယ်။ နောက် ဆရာနှင်းခါးမိုးနဲ့ ကိုနေမွန်းသင်တို့ ဘလော့ပေါ်က ကဗျာတွေကိုလည်း ခဏခဏ ပြန်ဖတ်ဖြစ်နေတာမို့ တစ်စုထဲ သိမ်းထားဖြစ်ပါတယ်။ ဆရာစိုင်းဝင်းမြင့်ရဲ့ များများမြန်မြန်ကျတော့ ကိုတောကျောင်းရဲ့ စာအုပ်အညွှန်း ဖော်ပြထားတာကတစ်ဆင့် လမ်းအိုလေးက အီးဘုတ်လုပ်ထားပေးတာကို ဒေါင်းလော့ယူပါတယ်။ ကိုတောကျောင်းကိုရော၊ လမ်းအိုလေးကိုရော ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

အောက်မှာ စာရင်းပြထားတဲ့ ကဗျာစာအုပ်တွေကတော့ ဆိုခဲ့ပြီးသလို နည်းလမ်းအသွယ်သွယ်နဲ့ စုဆောင်းထားတာတွေပါပဲ။ ကဗျာတွေကို ကနဦး မွေးဖွားပေးခဲ့ကြတဲ့ ကဗျာဆရာတွေနဲ့ တဆင့်ပြန်လည် ဖော်ပြပေးကြတဲ့၊ မျှဝေပေးကြတဲ့ ကဗျာချစ်သူတွေကို ကျနော်က လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်မိပါတယ်။ ကျနော့်မှာရှိနေသလောက်လေးကိုလည်း မိတ်ဆွေတို့ဖတ်ဖို့ ပြန်ပြီးတော့ မျှဝေချင်ပါတယ်။

ကျနော်တို့ဆီမှာ အင်တာနက်က လစ်မစ်နဲ့(တစ်ရက် ၃၅၀မက်) သုံးရတာမို့ စာအုပ်တွေအားလုံးကိုတော့ အပ်လုပ်တင်ပြီး လင့်မချိတ်တော့ပါဘူး။ မိတ်ဆွေတို့ နှစ်သက်တဲ့ ကဗျာစာအုပ်များကို စီးပုံးမှာဖြစ်ဖြစ်၊ ကွန့်မန့်မှာဖြစ်ဖြစ် စာရင်းတို့ခဲ့နိုင်ပါတယ်ခင်ဗျာ။ အဲဒီမိတ်ဆွေတို့ စာရင်းတို့ခဲ့တဲ့ ကဗျာစာအုပ်ကို အတ်လုပ်တင်ပြီးတော့ လင့်ထားပေးပါ့မယ်ခင်ဗျာ။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များကိုလည်း လက်တို့ခဲ့ပါဦးလို့ ခင်မင်ရင်းနှီးစွာ အမှာစကားဆိုပါရစေလားခင်ဗျာ :)

၁။ ကဗျာ ၅၀၀ မှ
၂။ ဆရာမောင်ဒီဆောင်းပါး
၃။ ဒဂုန်တာရာ-ကဗျာဆရာ၏ ရိုးဖြောင့်မှု
၎။ ဒဂုန်တာရာ-မုန်းသူမရှိ ချစ်သူသာရှိ
၅။ မဂ္ဂဇင်းကဗျာများ
၆။ မင်းကိုခါး(ကွမ်းခြံကုန်း)-ဒဂုန်တာရာ၏အချစ်ဦး
၇။ မင်းကိုခါး(ကွမ်းခြံကုန်း)-ဖျားနာခဲ့သည်
၈။ မင်းကိုခါး(ကွမ်းခြံကုန်း)-မြစ်ကိုကျောပိုးသွားတဲ့
၉။ မောင်ပြည့်မင်း၊ခင်အောင်အေး-လူနှစ်ယောက်ရဲ့ကဗျာ
၁၀။ လွတ်လပ်အိမ်-ပို့စ်မော်ဒန်ဝါဒ၊ ပို့စ်မော်ဒန်ခေတ်၊ ပို့စ်မော်ဒန်ယဉ်ကျေးမှု

၁၁။ ၀င်းမြင့်+ဝေမှူးသွင်-လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ
၁၂။ ၀င်းမောင်-အပြုံးရောင်သီချင်း
၁၃။ road-to-mandalay
၁၄။ ဧကစာမီးခိုးများ- ခေတ်ပေါ်ကဗျာ
၁၅။ ကဗျာဆရာများ- ပထမဆုံးလိပ်စာ
၁၆။ ကဗျာအလုပ်ရုံကလေး(၂)
၁၇။ ကိုချီရွန် ကဗျာများ download
၁၈။ ကြိုက်သောကဗျာများ
၁၉။ ကျွန်တော်ကြိုက်သောကဗျာများ(ကဗျာရှည်)
၂၀။ ခင်မြဇင်-မိုးရွာပြီးစညနေခင်း

၂၁။ ခရမ်းပြာထက်လူ+၀င်းမြင့်-စုထားသောကဗျာများ
၂၂။ ချစ်သူဖတ်ဖို့ အချစ်ကဗျာများ
၂၃။ စိုင်းဝင်းမြင့်-တစ်ယောက်တည်းစကား
၂၄။ စိုင်းဝင်းမြင့်-နားနားပြီးပြော
၂၅။ စိုင်းဝင်းမြင့်-များများမြန်မြန်
၂၆။ ဆရာနှင်းခါးမိုး၏ကဗျာများ
၂၇။ ဆရာချောကဗျာများ
၂၈။ ညီလင်းဆက်-စုန်းတစ်ကောင်နဲ့မျက်ကန်းတေးသွား၂၀၀၅
၂၉။ ညိုထက်(လမ်းသစ်ဦး)-မချစ်မနှစ်သက်သူတို့နှင့်ကွေကွင်းပြီးနောက်
၃၀။ တက္ကသိုလ်ဘုန်းနိုင်- ရှားလော့ဒေ၀ီနှင့် ဘာသာပြန်ကဗျာများ

၃၁။ တင့်ထူးရွှေ-ရင်ခုန်သံနဲ့ တူးဆွမိတဲ့ရတနာသိုက်
၃၂။ တာရာမင်းဝေ-ပြိုင်မြင်းတို့ရဲ့ခွာသံ download
၃၃။ တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ download
၃၄။ ထွန်းဝေမြင့်-ချစ်ခြင်းမေတ္တာတရား
၃၅။ ဗိုလ်ချုပ်အောင်ဆန်းကဗျာများ
၃၆။ မြင့်စိုးလှိုင်- ငှက်တေလေ
၃၇။ မြင့်စိုးလှိုင်- တဂိုး(ချစ်သူ့လက်ဆောင်)
၃၈။ မြင့်စိုးလှိုင်-ရာဘင်ဒြာနသ်တဂိုး၏ အချစ်ကဗျာ ၁၀၁ပုဒ်
၃၉။ မြနှင့်အခြားကဗျာများ
၄၀။ မင်းထက်မောင်-အကြောင်းရှာသူရဲ့ ပျိုးခင်း

၄၁။ မြင်းမူမောင်နိုင်မိုး-နွေမိုးဖျန်းပက်...ကဗျာများ
၄၂။ မင်းသုဝဏ်-မောင်ခွေးဖို့ကဗျာများ
၄၃။ မြန်မာ့ရိုးရာကဗျာများ
၄၄။ မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တပြက်ရုပ်ပုံလွှာ
၄၅။ မြသန်းတင့်(ဘာသာပြန်ကဗျာ)
၄၆။ မြသန်းတင့်-တိမ်းရှောင်သူ
၄၇။ မြသန်းတင့်-လမင်းကိုထရံပေါက်မှချောင်းကြည့်ခြင်း download
၄၈။ မြသန်းတင့်-မော်ဒန်ကဗျာနှင့်ပတ်သက်၍ download
၄၉။ မဟာဗောဓိမြိုင်ဆရာတော်-ကဗျာ့နန်းတော်
၅၀။ မိုယ်းဇော်+၀င်းမြင့်- လူစီရဲ့ အမှုန်အမွှားကင်းစင်သော...

၅၁။ ယပ်ဖ်တူရှင်ကိုနှင့်တွေ့ဆုံခြင်း
၅၂။ ယဉ်မင်းဦး-အဖြူရောင်ပိတောက်ပျို
၅၃။ လူငယ်ကဗျာဆရာလေးဦး၏ ခေတ်ပေါ်ကဗျာများ
၅၄။ လင်းတည်ဦး-အဖြူရောင်သစ်တောလမ်းကလေး
၅၅။ လင်းဦး-၀မ်းနည်းမှတ်တမ်း
၅၅။ လှသန်း-လက်မရွံ့ကဗျာ
၅၆။ လှကျော်ဇော-အလွမ်းစာပန်းခြင်းကလေး
၅၇။ လူဇော်သစ်ရေးတဲ့ကဗျာတွေ
၅၈။ လွတ်လပ်အိမ်-သင်းဖွဲ့ကဗျာ
၅၉။ သစ္စာနီ(ဘာသာပြန်)- ဂျပန်ကဗျာများ
၆၀။ သစ္စာနီ-သက္ကရာဇ်မျဉ်းများ ခေတ်ပြိုင်အနုပညာဂရပ်

၆၁။ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ
၆၂။ သန်းထိုက်-ဘာသာပြန်ကဗျာများ
၆၃။ သိန်းသန်းထွန်း-ပန်းပွင့်ငှက်၏တေးသံများ
၆၄။ ပိုင်စိုးဝေ၊အောင်ချိမ့်-သိမ်းစွန်ငှက် အပြန်လမ်း၊ ဂန္ထ၀င်မမ
၆၅။ သုခမိန်လှိုင်-ဂျွန်လ၏မိုးရေများ
၆၆။ အချစ်ကဗျာ(၉၈)-(၉၈) အချစ်ကဗျာ
၆၇။ နိုင်ငံရပ်ခြား ခေတ်သစ်ကဗျာများ
၆၈။ ဝေမှူးသွင်-သစ်ရွက်တို့၏ ပေါ့ဆခြင်းများ download
၆၉။ ဝေမှူးသွင်-အချစ်အကြောင်း download
၇၀။ ကောင်းကင်ကို-ကဗျာစုစည်းမှု

၇၁။ ကောင်းကင်ကိုကဗျာများ(၂)
၇၂။ ကောင်းကင်ကို-အချစ်ကဗျာစုစည်းမှု
၇၃။ ကျော်လှိုင်ဦး-မျက်ရည်စများနှင့်ရယ်သံ
၇၄။ စောဝေ-ရွက်ပုန်းသီးမြို့ပြတိုက်
၇၅။ ဇေယျာလင်း ကဗျာများ download
၇၆။ ဇော်ဂျီ- ညီသစ်ဆင်းကဗျာများ
၇၇။ ဇော်ဂျီ-ဗေဒါလမ်းကဗျာများ
၇၈။ ဇော်ဇော်အောင်- ပို့စ်မော်ဒန်သီဝရီများ
၇၉။ ဇော်ဇော်အောင်-နွားကျောင်းသားကဗျာ ၁၀ ပုဒ်
၈၀။ နေမျိုး-ကဗျာဆရာဝံပုလွေ

၈၁။ နေမွန်းသင်၏ကဗျာများ
၈၂။ မြေချစ်သူ- မြေချစ်သူကဗျာများ
၈၃။ မောင်ခိုင်မာ- ရှင်မရေ (၁)
၈၄။ မောင်ခိုင်မာ- ရှင်မရေ (၂)
၈၅။ မောင်ရန်ပိုင်-ချစ်သူစာအုပ်
၈၆။ မောင်သက်ကြူ-မိုးတိမ်မျက်နှာကဗျာများ
၈၇။ မောင်သစ်တည်-ခေတ်ပေါ်နိုင်ငံတကာကဗျာရှည် ၃ပုဒ်
၈၈။ မောင်သိန်းဇော်- နှင်းရည်စက်လက်+ ရှုမျှော်ခင်း ၂၁
၈၉။ မောင်သာနိုး- ဂန္ထ၀င်မြန်မာကဗျာ
၉၀။ မောင်သာနိုး- နိုင်ငံခြားမြန်မာကဗျာခံစားချက်များ

၉၁။ မောင်ချောနွယ်- ရထား(ကဗျာရှည်စုစည်းမှု)
၉၂။ မောင်ချောနွယ်+အောင်ချိမ့် -သမိုင်းဖတ်စာ
၉၃။ မောင်ချောနွယ်ကဗျာပြပွဲ download
၉၄။ မောင်သွေးသစ်-တတိယမျက်လုံး
၉၅။ အောင်တင်ဝင်း(ငါ့သရောက်)-နားလည်ခြင်းနှင့်အမေ့မေတ္တာကဗျာများ
၉၆။ အောင်ဝေး- လူငယ်တွေရဲ့ကဗျာ(၂၀၀၃)
၉၇။ အောင်ဝေး-ကဗျာလက်ရွေးစင်
၉၈။ အောင်ဝေး-ကဗျာအလုပ်ရုံကလေး
၉၉။ အောင်ဝေး-မဲဆောက်ကွန်မြွမ်းမှ တိုက်ပွဲဝင်ကဗျာများ
၁၀၀။ အောင်ဝေး-လူငယ်တို့ရဲ့ကဗျာ

၁၀၁။ အောင်ဝေး-လရောင်တစ်ခြမ်း
၁၀၂။ အောင်ဝေး-အေးမြမြမီးလျှံ
၁၀၃။ အောင်ကောင်း-ချစ်သူမှာတမ်း
၁၀၄။ ဦးသန်းထွတ်-ကျွန်တော်နှစ်သက်မိသောကဗျာများ
၁၀၅။ မင်းယုဝေ-အိုမာခယမ်

1. William Shakespeare(1564-1616)- Sonnets
2. Александр Пушкин-Сказка о царе салтане (ပွတ်ရှကင်- ဧကရာဇ်အကြောင်း ပုံအလင်္ကာ)
3. Сказки Пушкина (ပွတ်ရှကင်ရဲ့ ပုံအလင်္ကာများ)
4. Bret Harte- East And West Poems
5. Robert Louis Stevenson- New Poems
6. Geoffrey Chaucer- The Canterbury Tales And Other Poems
7. Emily Dickinson- Poems Three Series Complete
8. Omarkhayyam Of Naishapur - Translated By EDWARD FITZGERALD
9. Gilbert Chesterton- The Wild Knight And Other Poems
10. Lewis Carroll- Phantasmagoria And Other Poems
11. 100 poems

အင်္ဂလိပ်ကဗျာစာအုပ်တွေကို ကျနော် သေသေချာချာ မဖတ်တတ်သေးပါဘူး။ အင်္ဂလိပ်စာကျွမ်းကျင်တဲ့ သူငယ်ချင်းတွေ ဖတ်လိုတဲ့အခါ ပေးလို့ရအောင် ဒေါင်းလော့ယူထားပါတယ်။

အထက်အောက် စဉ်တာကိုတော့ ၀ါစဉ်ကြီးငယ်သဘောရယ်လို့ မဟုတ်ပါဘူးခင်ဗျာ။ စာအုပ်ထွက်ရှိရာ နှစ်အလိုက်ရယ်လို့ စဉ်ထားတာလဲ မဟုတ်ပြန်ပါဘူး။ အဲဒီလို အထက်အောက်စဉ်ဖို့ကျပြန်တော့ အခက်အခဲရှိနေတာမို့ စာအုပ်စာရင်း ရှိနေတဲ့အတိုင်း random သဘောမျိုးပဲ စဉ်ထားလိုက်ရပါတယ်။ ဒီအတွက် အမြင်မတော်တာမျိုး ဖြစ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ။

ညိမ်းညို

1 December 2008

ဆောင်းည

လရောင်အေးအေး နှင်းဖွေးဖွေးမှာ
နွေးနွေးရင်ငွေ့ တမ်းတသည်၊
လရောင်မြမြ နှင်းလွလွမှာ
လွမ်းညရေးရေး မှန်းဆရည်...။

ညိမ်းညို

25 November 2008

မသန့်စင်တဲ့ကဗျာ

သဘာဝကျကျ မသန့်မစင်ဖြစ်တည်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးရှိပါတယ်
မသန့်စင်တဲ့လူတွေကို သူ့ဝမ်းဗိုက်ကြီးထဲ ထည့်ထည့်မျိုလို့
မသန့်စင်တဲ့အရာတွေကို သူ့ကျောကုန်းကြီးပေါ် ဆွဲဆွဲတင်လို့
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပါပဲ။

ဣဌာရုံအညွှန့်အဖူးလေးတွေနဲ့ ကဗျာတွေလူလူသူသူဖြစ်ခဲ့သေးတာပဲ
အနိဌာရုံအကြမ်းအခက်ကြ
ီးတွေနဲ့ ဘာဖြစ်လို့ ကဗျာတွေထက်ထက်မြက်မြက်မဖြစ်ရမှာလဲ။

မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲဖြစ်ပါတယ်၊ အရုပ်ဆိုးအကျည်းတန်ခြင်း မဟုတ်ပါဘူး
မသန့်စင်ခြင်းဟာ မသန့်စင်ခြင်းပဲ ဖြစ်ပါတယ်၊ တရားလက်မဲ့ဖြစ်ပျက်နေတာ မဟုတ်ပါဘူး
(သူကသာ တရားလက်မဲ့ပြုမူခံနေရတတ်တာပါ)

ကဗျာအများစုက မှန်နန်းဆောင်ဇာခန်းဆီးအတွင်း ၀ပ်ဆင်းကျရောက်နေချိန်
ဝန်ကြီးတစ်ဦးက ထန်းသမားမိသားစုနဲ့အတူ ထမင်းလက်ဆုံစားခဲ့တယ်
ကုန်တင်လှေကြီးနဲ့အတူ ရွက်လွှင့်ခဲ့တယ်
မသန့်စင်တဲ့နယ်ပယ်တွေထဲ သူ့ကဗျာဝိညာဉ်ကိုစေလွှတ်ကျက်စားခဲ့တယ်
သူဟာ မသန့်စင်တဲ့အကြောင်းတရားတွေအပေါ် စာနာတိမ်းညွှတ်ခဲ့တယ်
သူဟာ မသန့်စင်တဲ့ကဗျာတွေကို ရေးဖွဲ့ခဲ့တယ်
ဒါဟာ ဒီမြေပေါ်မှာ အမှန်တကယ်ရှိနေတဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်
မသိယောင်ဆောင်ရုံ၊ မျက်ကွယ်ပြုရုံနဲ့ ပပျောက်မသွားမဲ့ မသန့်စင်ခြင်းတွေ ဖြစ်တယ်။

လူများစုဟာ မသန့်စင်ခြင်းရဲ့အရသာကို တင်းကြမ်းခံစားနေရတယ်
မသန့်စင်ခြင်းဟာ ဒီကမ္ဘာကြီးရဲ့ အနှံ့အပြားမှာရှိနေတယ်
မသန့်စင်ခြင်းဟာ ဖုန်တွေသဲတွေအထွေးထွေးနဲ့
မသန့်စင်ခြင်းဟာ ချွေးတွေသံတွေအလိမ်းလိမ်းနဲ့
မသန့်စင်ခြင်းဟာ ထမင်းတစ်လုပ်အတွက် ပင်ပန်းကြီးစွာ၊ အညှာအတာကင်းစွာ၊ လူ့ဂုဏ်သိက္ခာချို့တဲ့စွာ
မသန့်စင်ခြင်းဟာ တစ်ဝမ်းတစ်ခါးအတွက် မှောင်ခိုလဲကူးရ
တစ်ပြားတစ်ချပ်အတွက် စက်ရုံကြီးတွေထဲမှာလဲ ပိတ်လှောင်ခံရ
ကျောက်မီးသွေးတွင်းကြီးတွေမှာ၊ ဒြပ်သတ္တုလုပ်ငန်းခွင်ကြီးတွေမှာ၊ စစ်ပွဲတွေမှာ
ပတ်ကြားအက် ရိုးပြတ်ငုတ်တိုလယ်ကွင်းပြင်တွေမှာ၊ နောက်ကျန်ဘီးများနဲ့ ကြက်ယက်သလိုယက်နေရတဲ့နေရာတွေမှာ
ရောဂါဘယကပ်ဆိုးတွေနဲ့ လူလူသူသူ နေလို့၊ စားလို့၊ တွေးလို့၊ တောလို့ မရတဲ့ ဒေသတွေမှာ
မသန့်စင်ခြင်းတွေဟာ နေလောင်ချွေးစားပြီး ထွားကျိုင်းသန်မာနေကြ၊ လှိုင်လှိုင်ကြီးသီးပွင့်လာနေကြ
အပ်ဖျားတစ်ထောက်စာ အရေပြားပေါ်က ဖြူတယ်မဲတယ်ဆိုတဲ့ အရောင်အတွက်နဲ့လဲ သင်းကွဲနှိပ်ကွပ်ခံရ
ငြိမ်းချမ်းမွန်မြတ်တဲ့ဘာသာရေးဝတ်ရုံအောက်မှာ လက်နက်ပုန်းတွေ ကိုင်ဆောင်လာကြ
ကျောင်းတော်သာရဲ့ ဆွတ်ပျံ့ဆွေးဖွယ်လမ်းမကြီးတွေပေါ်မှာတောင် မသန့်စင်ခြင်းတွေဟာ စိမ့်ဝင်နေကြ
စိန်စီရွှေချခန်းမကြီးတွေအတွင်းမလဲ ဒီမသန့်စင်ခြင်းတွေပဲ ပွဲတက်ကခုန်နေကြ
မသန့်စင်ခြင်းတွေဟာ ချစ်ခြင်းမေတ္တာကိုတောင် ဓားထက်ထက်နဲ့ လှီးဖြတ်နေကြ
မသန့်စင်ခြင်းတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို လွှမ်းမိုးလာကြ
လူနည်းစုဟာ မိမိရဲ့သန့်စင်မှုအတွက် လူများစုကို မသန့်မစင်တဲ့အခြေအနေတွေထဲ တွန်းပို့နေကြ
အရှိန်နဲ့၊ ပါဝါနဲ့၊ စွမ်းအားတွေနဲ့ မသန့်စင်ခြင်းအပေါ် လက်လွှတ်စပယ်ပြောဆိုကြ၊ ဖိနှိပ်ကြ
ကျနော်တို့ဟာ ဒီမသန့်စင်ခြင်းတွေကို ကဗျာပြုကြတာဖြစ်တယ်၊ ဒီမသန့်စင်ခြင်းတွေကိုပဲ ဆွဲကူထူမကြတာဖြစ်တယ်
မသန့်စင်ရခြင်းရဲ့ ရင်းမြစ်တွေကို စီစစ်ရှာဖွေကြတာဖြစ်တယ်
ဒါဟာ မသန့်စင်တဲ့ ကဗျာပါအကြောင်းတရားတွေပဲဖြစ်တယ်။

မသန့်စင်ခြင်းတွေဟာ ကင်းဘတ်စတွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ဆေးစက်တွေဖြစ်တယ်
မသန့်စင်ခြင်းတွေဟာ ကဗျာနဲ့ထုံကူးခံရတော့
လှပတဲ့ပန်းချီကားတွေ ဖြစ်လာကြတယ်။

ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်း ကိုယ့်ရင်ဝကိုယ် ဓားနဲ့ထောက်ကြည့်ရတာ ရင်ခုန်စရာကောင်းလှပါတယ်
မသန့်စင်တဲ့ကဗျာတွေကို ကျေကျေနပ်နပ်ကြီးရေးရင်း ကျွတ်ဆတ်ဆတ်ရင်ဘတ်တစ်နေရာကို စာနာမှုပလပ်ခေါင်း ထိုးချလိုက်ပြီ
ကဗျာတွေ ဒီအတိုင်းစီးဝင်စေတော့။

ညိမ်းညို

19 November 2008

ပိုးဟပ်တွေ ၂

ပိုးဟပ်တွေ ပိုးဟပ်တွေ
ကမ္ဘာကြီးရဲ့ဘယ်နေရာကများ ပေါက်ဖွားနေပါလိမ့်
ငါတို့မြင်ကွင်းတွေထဲ တရွေ့ရွေ့တွားတက်ပြီး လာနေ
အစောပိုင်းကာလတွေမှာတော့ တစ်ကောင်ချင်းပေါ့
နောက်ပိုင်းမှာ အုပ်စုတွေဖွဲ့ပြီး ချီတက်လာကြ
ရေထု လေထု မြေထု
တစ်လောကလုံး အောက်သိုးသိုးအနံ့တွေ မွှန်စော်ထူပိန်းလို့
ပိုးဟပ်တွေ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာကြပုံ
ပိုးဟပ်တွေ အချင်းချင်းကူညီရိုင်းပင်းကြပုံ
ပိုးဟပ်တွေ တစ်ကောင်နဲ့တစ်ကောင် ထောက်ခံအားပေးကြပုံ
ဟော...ဟော သိပ်မကြာလိုက်ဘူး
ပိုးဟပ်တွေ တစ်ကောင်နဲ့တစ်ကောင် ရိုက်ကုန်ကြပြီ
သေချင်တယ်ကွာ
အာ ယောင်လို့ ယောင်လို့
ဒီစကားကိုသာ ပိုးဟပ်တွေကြားသွားရင်
ငါလဲ ချက်ချင်းသေပြီပဲ
ပိုးဟပ်တွေက ပိုးဟပ်တရားပဲဟောမယ်
ကမ္ဘာကြီးကို ခါးပတ်လိုပတ်မယ်
လူအရိုးနဲ့ သွားကြားထိုးမယ်
ကြာလာတော့ အကျည်းတန်နေတာကြီးကိုက လှသလိုဖြစ်
အသိဉာဏ်တွေ ထစ်အ,ကုန်မယ်
ပိုးဟပ်တွေ ပိုးဟပ်တွေ
အဆမတန် ၀ဖီးကြီးထွားလာကြ
ချပ်ဝတ်တန်ဆာတွေ ပိုမိုပြည့်စုံလာကြ
မကြာခင် ကမ္ဘာကြီးကို ၀ါးမြိုပစ်တော့မယ်တဲ့
ဟေ့လူ ခင်ဗျားမကြောက်ဘူးလား
ခင်ဗျားနေပုံထိုင်ပုံကြီးက သွေးအေးလွန်းတယ်ဗျာ
ဒီလို ဒီလို အစရှိနောက်နောင်
စကားနောက်တရားတွေပါလာရင် ခက်မယ်ဆရာ
ဟုတ်တယ် ခင်ဗျားပဲ
ပြဿနာကိုမီးထွန်းရှာတာ ခင်ဗျား
ခင်ဗျားလုပ်ပုံမဟုတ်လို့ လူတွေထိတ်လန့်ကုန်တာ
ဘာကိစ္စပိုးဟပ်တွေအကြောင်း အရေးတယူစာဖွဲ့နေရတာလဲ
အချိန်တန်ရင်ပြီးသွားမဲ့အရာတွေထဲ ပိုးဟပ်တွေထိပ်ဆုံးကပါတယ်ဗျ
အာ ဘာတွေလာပြောနေတာလဲ
ခင်ဗျားဟာ လူကြီးလူကောင်းအယောင်ဆောင်ထားတဲ့ ခပ်လည်လည်ပိုးဟပ်တစ်ကောင်ပဲ
ပိုးဟပ်တွေ ပိုးဟပ်တွေ
သိပ်လည်တဲ့ပိုးဟပ်တွေ လူနပ်ချမ်းသာပိုးဟပ်တွေ
ဆိုက်ဝါးတွေ အသွယ်သွယ်သုံးပြီး
တိုက်ကားတွေ အလှယ်လှယ်သိမ်းကြုံးနေကြပြီ
ကမ္ဘာကြီးတစ်ခုလုံးကို ပိုးဟပ်မြို့တော်ကြီး လုပ်ပစ်မယ်တဲ့
ကမ္ဘာကြီးတစ်ခုလုံးက ပိုးဟပ်တွေအတွက် ပျော်တော်ဆက်ဖြစ်စေရမယ်တဲ့။

ဟေး
ခုခံကြ ကာကွယ်ကြ
သတိရှိကြ
ကခုန်ချည်းမနေကြနဲ့
ပိုးဟပ်တွေ ခြေတော်တင်တာခံလိုက်ရတဲ့
ခပ်ညံ့ညံ့ကမ္ဘာကြီးတော့ မဖြစ်စေနဲ့။

ညိမ်းညို

15 November 2008

ပိုးဟပ်တွေ ၁

ပိုးဟပ်တွေက
လူမိသွားလည်း ခပ်တည်တည်ပဲ
မျက်နှာပိုးသိပ်သေတယ်
လူကိုတွေ့တာနဲ့
ဘယ်ဖက်အိတ်ကပ်ကို စမ်းမယ်
ညာဘက်အိတ်ကပ်ကို စမ်းမယ်
မရှိမဲ့ရှိမဲ့ရင်ခုန်သံငွေ့ငွေ့လေးကို
ငွေစကြေးစလေးနဲ့ ကလော်ထုတ်ပီး ခတ်ကြည့်မယ်
ငွေသံကြေးသံလေးများကြားလိုက်ရ နားဆင်လိုက်ရရင်
ကမ္ဘာကြီးကတယ်လှသကိုးဆိုတဲ့မျက်နှာပေးနဲ့
ဆောင့်ကြွားကြွားလုပ်မယ်
ဒီကမ္ဘာပေါ်မယ်
ပိုးဟပ်တွေထက် လူလည်ကျတဲ့သတ္တ၀ါတွေတောင်
ပိုးဟပ်တွေလောက်တော့ လူလည်ကျနိုင်မယ်မထင်။

ဒီမယ် ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေနဲ့အမျိုးတော်သလား
ဒါကို ကျုပ်သိချင်တယ်။

ဒီမယ် ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေရဲ့အချစ်တော်လား
ဒါကို ကျုပ်သိချင်တယ်။

ဒီမယ်ကဗျာဆရာ
ခင်ဗျားက ပိုးဟပ်တွေနဲ့တစ်စားပွဲထဲထိုင်ပြီး
အသားကင်တွေကြိုက်တတ်နေပြီလား
အဲဒါ နေ့မစေ့လမစေ့အသားတွေဗျ။

ဒီမယ်ကဗျာဆရာ
ခင်ဗျားဆွဲနေတာ မီးရထားစက်ခေါင်းမဟုတ်ဘူး
ခပ်ညံ့ညံ့ခဲချွန်စက်တစ်လုံးပဲ။

ဒီမယ်ကဗျာဆရာ
ခင်ဗျားထုဆစ်နေတာ ခြင်္သေ့မင်းမဟုတ်ဘူး
အကောင်ထွားထွားခွေးတစ်ကောင်ပဲ။

ဒီမယ်ကဗျာဆရာ
သုံးစားမရတဲ့စကားလုံးတွေကို
သုံးစားမရတဲ့ခေါင်းကြီးထဲကနေ
အလကားရတိုင်း နှိုက်နှိုက်ထုတ်မနေစမ်းနဲ့ဗျာ။

ခင်ဗျားက တစ်နေ့တစ်နေ့ ၀မ်းနည်းကြေကွဲမယ်
တစ်နေ့တစ်နေ့ နာကျည်းပေါက်ကွဲမယ် ကြုံးဝါးအော်ဟစ်မယ်
ကမ္ဘာကြီးပေါ်မယ် လူပေါင်းသန်းခြောက်ထောင်
ဇာတ်လမ်းပေါင်းသန်းခြောက်ထောင် ဘ၀ပေါင်းသန်းခြောက်ထောင်
အပူပေါင်းသန်းခြောက်ထောင် သောကပေါင်းသန်းခြောက်ထောင်
ပရိဒေ၀ပေါင်းသန်းခြောက်ထောင်ဗျ
သူ့အရှုပ်နဲ့သူချာလပတ်ရမ်းနေတာကြီး
ခင်ဗျားက အားအားရှိ ငိုကြီးချက်မနဲ့
ပိုးဟပ်တွေအသဲကွဲတာကိုပဲ အဆန်းလုပ်ပီး ရေးရေးနေ
တလောကလုံးလဲ ပိုးဟပ်တရားတွေနဲ့ပဲ
မွှန်ထူနံစော်နေ။

ဒီမယ် ကဗျာဆရာ
ကျုပ်တို့ဖတ်မဲ့ကဗျာတွေထဲ
ပိုးဟပ်တွေအကြောင်းထည့်ထည့်မရေးစမ်းပါနဲ့ဗျာ။

ညိမ်းညို

12 November 2008

ယုံကြည်တယ်

ယုံကြည်တယ်
ကလိမ်ကကျစ် ပစ်သွင်းခံလိုက်ရတဲ့လက်သီးတစ်လုံးကို
အရိုးသားဆုံးမျက်လုံးနဲ့
ယုံကြည်ရဲရင့် ကလပ်ပေါ်တင်ကြည့်ဝံ့တယ်ဆိုတာ။

ယုံကြည်တယ်
ပုတ်သင်တွေရဲ့ ကျော့ကွင်းတစ်ထောင်မှာ
စိတ်ဓာတ်ကို ဓားသွားလိုထောင်ပြီး
ရှောင်ခွာရုန်းထွက်ခဲ့ကြမယ်ဆိုတာ။

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ယုံကြည်တယ်
ဗရုတ်ဗရက်ခေတ်ကြီးထဲ
ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။

ယုံကြယ်တယ်
ဇကောထဲထည့်အလှိမ့်ခံရပေမဲ့
ဇီးဖြူသီးတွေလို တွန်းထိုးကန်ကျောက်မနေဘဲ
နှမ်းစေ့ကလေးတွေလို သိပ်သည်းစည်းလုံးနေထိုင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
မက်လုံးတစ်သိန်းလောက်ပေးနေပါစေ
ဂျပန်ခေတ် စကားပြန်တစ်ယောက်လို
လက်ဝေခံကြီးထွားဖို့ စက်ဆုပ်ရွံရှာတတ်ကြတယ်ဆိုတာ။

ယုံကြည်တယ်
မုန်တိုင်းကြမ်းကြမ်း လေပြင်းရမ်းရမ်း
တောပန်းတစ်ပွင့်ရဲ့အရိုင်းသစ္စာမှာ ဓားတစ်လက်ဆွဲချိတ်
အရိပ်မည်းကြီးကို ဖယ်ရှားပစ်ကြမယ်ဆိုတာ။

ယုံကြည်တယ်
အရွေ့ဟာ ဘယ်လောက်ပဲသေးငယ်ပါစေ
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတိုင်ဆီ တစ်ဆင့်နီးကပ်လာရမယ်ဆိုတာ။

ယုံကြည်တယ်
ရင်ဘတ်ပေါ် ခြေရာတွေဘယ်လောက်ပဲဖြတ်နင်းပါစေ
တစ်ညွှန့်အချိုးဖဲ့ခံရရင် သုံးညွှန့်တိုးထွက်လာမဲ့သတ္တိနဲ့
နွေဦးမျှော်တေးတစ်ပုဒ်ကို ဟစ်ကြွေးနေမယ်ဆိုတာ။

ယုံကြည်တယ်
ကဗျာကိုကဗျာလို ရေးလို့မရတဲ့နေ့စွဲများမှာ
ကဗျာကို ကဗျာမဟုတ်သလိုရေးရသည့်တိုင်
ဖုံးထားလဲ မြင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
လောကဥယျာဉ်မြေမှာ
လမင်းတစ်ရာရွှန်းတင့် ပြုံးပန်းတစ်ရာထွန်းပွင့်ဖို့
နှလုံးအိမ်ထဲ ကဗျာတွေပျံဝဲနေမယ်ဆိုတာ။

ယုံကြည်တယ်
ဘယ်ရာဇ၀င်ဘယ်ခေတ်ရောက်ရောက်
ကဗျာခြေထောက်တွေ သန်မာဖျတ်လတ်လတ်နေမယ်ဆိုတာ။

ယုံကြည်တယ်
လက်ညှိုးနဲ့လက်မအကြား
ချွန်မြသံမဏိအသွားနဲ့
ငါတို့ကဗျာတွေ ဆက်လက်မွေးဖွားနေဦးမယ်ဆိုတာ။

ညိမ်းညို

5 November 2008

အငိုမျက်လုံး အပြုံးမျက်နှာ

- နှုတ်ခမ်းမှာ သကာစု
သဲနုက ကြည်မွေ့တယ်၊
သည်သကာ သည်နှုတ်ခမ်း
ဆန်းကြယ်လှကွယ်။

- ပါးပြင်မှာ နံ့သာစု
သဲနုက သင်းထုံတယ်၊
သည်နံ့သာ သည်ပါးလေး
ချိုမွှေးလှကွယ်။

- မျက်ဝန်းမှာ ငွေ့ရည်စု
သဲနုက ရွာသွန်းတယ်၊
သည်ငွေ့ရည် သည်မျက်ဝန်း
သည်းလွန်းလှကွယ်။

- မစိမ်းနဲ့နော်
ကျွန်တော်က တိုးလျှိုး၊
မချစ်ကြင် မုန်းပင်ပျိုးပါနဲ့
တိုးလို့ရိုကျိုး။

ညိမ်းညို

4 November 2008

ခဲခြစ်မိုးတိမ်

ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေ
သားအတွက် အရှုံးကြီးလှပါတယ်
သူငယ်ချင်းတစ်ယောက်က ပြောတယ်
မင်းက ကဗျာသရဲပဲ၊ အစွန်းရောက်နေပြီတဲ့
သူမသိသေးလို့ဖြစ်ပါလိမ့်မယ် အမေရယ်
သားကလေ....အခွင့်ရှိမယ်ဆိုရင်
ကဗျာဘီလူးကြီးတောင် ဖြစ်လိုက်ချင်တာအမေရဲ့။

အခု...သားလေ
မျက်ရည်စစ်စစ်တွေပဲ လိုချင်နေမိပါတယ်
သားစိတ်တွေ တစ်ထစ်ယဉ်ကျေးဖို့
တခါလောက်ဖြစ်ဖြစ် ငိုလိုက်ချင်လို့ပါ အမေရယ်...။

ညိမ်းညို

မာနခဲ(၄)

သူကြီးသေနတ်လောကဓံရေ
မင်းက တွေ့ကရာ ချိန်,ချိန်နိုင်လွန်းတော့
ဂယ်ပေါက်မထားတတ်တဲ့ ငါ့မှာလည်း
ပြေးလမ်းတွေက နဲသထက် နဲနဲလာပေါ့ကွယ်။

ကိစ္စတော့ မရှိပါဘူး
ငါ့အသက် ၂၄
ပူဆွေးစရာတွေကို ဘေးမဲ့ပေးလိုက်ပြီ
မတရားမှုကို ဦးမခိုက်ချင်ဘူး
ကဗျာရေးတဲ့ လက်တစ်ဖက်နဲ့
ကန္တာရထဲက တိုးထွက်လာခဲ့မယ်
ဟောဒီ ငါ့ဝါသနာနဲ့
နောက်ထပ် ဆယ်ဘ၀မိုက်ဦးမယ်
ကဲ...ဘယ်သူလိုက်ဦးမလဲ။

ညိမ်းညို

3 November 2008

လှပစွာနုပျိုခဲ့သော ရွက်အိုများ

ပွင့်လျှင်ဝေေ၀ ကြွေလျှင်ရဲရဲ
အမြဲ သူတို့မသေ။

ညိမ်းညို

မြစ်အ

အနားသပ်ခံဘ၀နဲ့
ကမ်းရှိချင်ယောင် ဆောင်ထားပေမဲ့
မြို့တော်တစ်ဝိုက်မှာတော့
စိတ်ကြိုက် စီးဆင်းခွင့်မရရှာဘူး။

ညိမ်းညို
- မော်စကို မြစ်ကူးတံတားတစ်စင်းပေါ်မှာ...

ဖောက်လွဲဖောက်ပြန် ရာသီ

စိမ်းမြလတ်ဆတ်
ရွက်သစ်နုလေးတွေ
စူးရဲနေခြည်ထဲ
ခပ်ရဲရဲ တိုးထွက်လာခဲ့ကြပြီ
ရာသီက ပူတယ်မို့လား။

အခုလေ
နွေခေါင်ခေါင် မိုးထစ်ချုန်း
ပြုံးနေတဲ့ ရွက်သစ်နုလေးတွေ
အတုန်းအရုန်း ဖျားနာကြဦးတော့မယ်။

ညိမ်းညို

30 October 2008

လက်လှမ်းမီရာ တိုက်စားလိုက်

လက်လှမ်းမီရာ တိုက်စားလိုက်

ရင်ဘတ်ထဲခွေနေတဲ့ မြွေပွေး
ထိပ်ပုတ်ခေါင်းပုတ် အကြိမ်တစ်သိန်း တုပ်တုပ်မလှုပ်
ဆိုတော့ ..
တခုခုဟာ တနေရာရာမှာ
အသေအချာကို မှားနေပြီ
ကျွန်တော့်ခတ်ချက်တွေ မမှန်တော့ဘူးဆို
ဘေးထွက်ပေးမယ်
ဝိုင်းသုံးလေးပတ်လည်ဖို့ ပိုအရေးကြီးတယ်
ဇာတ်လမ်းက အဲဒီမှာစတာပဲ
မိတ်ဆွေ..
စိတ်လက်ကြည်သာမှသာ လာခဲ့ပါ
ဒီမှာ...လက်လှမ်းမီရာတိုက်စားဖို့
ကျွန်တော်တို့ မိုးလင်းအောင်မစောင့်ကြတော့ဘူး။

ညိမ်းညို
သံလွင်အိပ်မက်(အတွဲ၂၊ အမှတ်၂)

22 October 2008

အိပ်မက်ထဲက အညာနွေ

အညာနွေ မြိုင်ဟေတစ်ဝှမ်းမှာဖြင့်
တမာတွေ ကြိုင်ဝေလျှမ်းပြီထင့်
လွမ်းချင့်စရာ။

နွေဦးအဖော်
လေရူးနော် ရိုးပေါ်ဖြတ်လေပလား
တိုးကပ်လို့ လာခဲ့မည်
ရွာဆီသို့ အငေး။

ငေးမိလျှင် ထိုစဉ်ခဏချင်းပါပဲ
နှင်းဇာမှုန် မြူးသုန်နှောက်ဝေပေါ့
လင်းအရုဏ် ကူးခုန်ရောက်လေတော့
အညာနွေ အိပ်မက်ကလေးမှာလဲ
သာပါစေ စိတ်ဂယက်လေးမှာပဲ
အစက်ကလေးတို့ ပြယ်ရရှာတယ်
သြော်... အောက်မေ့ဖွယ် အဆွေး။

ညိမ်းညို

16 October 2008

မှော်ဝင်စက္ကူ



၎င်းခေါ်ဆောင်ရာသို့ တိုးဝင်လေးဘက်တွား
တစ်စတစ်စ ပဲ့ကြွေချေးတက်သွား
ရဲဘိ စိတ်ဓားထက်ထက်များ၊

ရဲဘိ စိတ်ဓားထက်ထက်များ
တစ်စတစ်စ ပဲ့ကြွေချေးတက်သွား
၎င်းခေါ်ဆောင်ရာသို့ တိုးဝင်လေးဘက်တွား။

ညိမ်းညို

13 October 2008

တိမ်ညိုရာသီ (၈)

မင်းချစ်သူက သွေးအေးတယ်ကွဲ့
သူ့မျက်ရည်ကို ဘယ်တော့မှ မြင်ရလိမ့်မယ်မဟုတ်ဘူး
မင်းက အလိုရှိတယ်ဆိုရင်တော့
ကန္တာရထဲကအပင်တောင် ပန်းပွင့်လာစေတဲ့အထိ
သူ့မျက်ရည်တွေနဲ့ သွန်းလောင်းပေးလိမ့်မယ်။

ညိမ်းညို

- ဖျားရင်းနာရင်းနဲ့ပဲ ဒီကဗျာလေးတွေကို ကျနော် ရေးဖြစ်ခဲ့ပါတယ်။ ဘာကိုမှ မရည်ရွယ်သလို ဘာကိုမှလည်း မရည်ညွှန်းပါဘူး။ ကဗျာနဲ့ပတ်သက်ရင် လောဘကြီးတတ်တဲ့ကျနော် ရလာသမျှကို စုဆောင်းသိုဝှက်လိုက်တယ်ပဲ ဆိုပါတော့။


တိမ်ညိုရာသီ (၇)

ဝတ်ရည်ပျော်လူး ရာသီဦးမှာ
ဒီလူ ရူးသွားပြီ၊

ဒီလူနှယ်...
ရှုမျှော်ခင်းတွေနဲ့မှ မတန်မရာကွယ်
အသဲကွဲကဗျာတွေ လျှောက်လျှောက်ရေးနေတယ်။

ညိမ်းညို

တိမ်ညိုရာသီ (၆)

ချစ်သူနဲ့ပတ်သက်ရင်
ကြံဖန်ပြီး ဂုဏ်ယူချင်တဲ့ကောင်
ကားယားကြီးပြုတ်ကျနေတာတောင်
ငါက လေဟုန်စီးနေတာကွလို့
ကြွေးကြော်တတ်သေး။

ညိမ်းညို

တိမ်ညိုရာသီ (၅)

မလောက်လေးမလောက်စားလေးပါ
လောက်လောက်လားလားနေရာပေးပါလို့ မတောင်းဆိုဝံ့ပါဘူး
ခေါက်ခေါက်မထားခဲ့ရင်ပဲ ကျေနပ်ရပါပြီ။

ညိမ်းညို

တိမ်ညိုရာသီ (၃)

ပညတ်သွားရာ ဓာတ်သက်ပါမလားရယ်လို့
ဘယ်တစ်လုံးညာတစ်လုံးနဲ့ နာရီနှစ်လုံးပတ်တယ်
ငါးဖယ်ဝယ်ပြီး ချက်စားတယ်
အထုအထောင်းခံရသမျှ မာတတ်ချင်တယ်
နာနာနဲ့ပဲ ရီတတ်ချင်တယ်
မနက်ဖြန် အောင်မြေကန်သာမှာ
ခေါင်းဆေးမင်္ဂလာ ပြုဦးမယ်။

ညိမ်းညို

တိမ်ညိုရာသီ (၄)

အကာအတားတွေ အလွှာအလွှာခြားထားလို့
ငါပြောမဲ့စကားက မင်းနားစည်နုနုလေးကို
သဲ့သဲ့လေးပဲ ကြားစေတော့မယ် ဆိုဦးတော့
ဘ၀တစ်ခုလုံးခြစ်ထုတ်ပြီး
တအားကုန် အော်ပစ်လိုက်မယ်
မင်းကို ငါ့အသက်လောက် ချစ်တယ်။

ညိမ်းညို

တိမ်ညိုရာသီ (၂)

လူသားတွေကို ဘုရားသခင်က
ဖန်ဆင်းခဲ့တယ်လား
ဒါဆို စွဲချက်တစ်ခုတင်မယ်
မိန်းမတစ်ယောက်လောက်တောင်
မာနိုင်တဲ့အသဲမျိုး
ဟောဒီကောင်ရင်ဘတ်ထဲ ထည့်မပေးခဲ့လို့။

ညိမ်းညို

တိမ်ညိုရာသီ (၁)

သူ့ကိုချစ်လို့
သူ့ဆင်ခြေလှလှလေးတွေကိုလဲ ချစ်တတ်ခဲ့ပြီ
မင်ဖျက်ဆေးနဲ့ဖုန်းအုပ်ခံလိုက်ရတဲ့ အမှန်ခြစ်ကိုလဲ
အမှန်လို့ပဲ ကျနော်ယူဆမယ်လေ။

ညိမ်းညို

မာနခဲ (၃)

အပူတွေ ငုံထားတဲ့ရင်အုံကြီးပါ
အဆိပ်အတောက်မပါဖို့တော့ ရဲရဲကြီး အာမခံတယ်
အနုပညာဓားသွားနဲ့ သန့်စင်ဖြတ်တောက်ပြီးမှ
အသားတန်းမှာ ချိတ်ဆွဲပေးလိုက်မယ်။

ညိမ်းညိုက
ကိုယ့်အပူ ကိုယ်ငုံထားဖို့
ကိုယ့်ရင်အုံနဲ့ လုံလောက်အောင်နေတယ်။

ညိမ်းညို

မာနခဲ (၂)

တစ်ခါတစ်ခါတော့လဲ
စိတ်ပေါက်ပေါက်ရှိသား
ဝမ်းစာလေးတစ်ထွာတစ်ညိုနဲ့
ဟောဒီလို …
သံပစုန်းစုန်း ကြုံးဝါးပစ်လိုက်ချင်ရဲ့
လောကရဲ့ အနူခွက်ကြီးကို
ကဗျာဆရာက
ရွှေလက်နဲ့နှိုက်ခဲ့တယ်ဆိုတဲ့အကြောင်း..။

ညိမ်းညို

မာနခဲ (၁)

အရောင်ပြိုးပြိုးပြက်ပြက်ထွက်တိုင်း
မျက်စိမကျိန်းတတ်တော့
လူကြီးမင်းတို့ညွှန်းဆို ရတနာသိုက်
ခပ်မိုက်မိုက် ကျုပ်ငြင်းတယ်
ကဗျာတစ်ပုဒ်ကို ရင်ဘတ်နဲ့ထုတ်လုပ်နေရတာ
ကျုပ်အဖို့ အကြီးမားဆုံး စက်မှုလုပ်ငန်း
စက်သုံးဆီတွေပေကျံလွန်းလှချည့်
နေ့စဉ်နေ့တိုင်း တဗွမ်းဗွမ်းလောင်းတည့်နေခဲ့
ကျုပ်နှလုံးသွေး စက်သုံးဆီတို့
အရောင်တစ်မျိုးတည်းနဲ့
ရဲရင့်ရိုးသားခဲ့ပါတယ်လေ
တံဆိပ်မကပ်နဲ့၊ အဆိပ်မခတ်နဲ့
ရိုးပြတ်ရင်ဘတ် ထိုးသတ်ချင်သတ်
ကဗျာတွေကိုတော့
ကျုပ် အဖိုးဖြတ်မပေးနိုင်ဘူး။

ညိမ်းညို

9 October 2008

ခေတ်ပေါ်ကဗျာသတင်း

မသီးခင်ကြွေတဲ့ သရက်ပွင့်တစ်ချို့
မြေပြင်ပေါ်မှာ တဖြုတ်ဖြုတ်
ပန်းချီဆရာ
ကဗျာဆရာ
ဆိုက်ကားဆရာ
ဆ-လိမ်နဲ့ ရာတဲ့ ဆရာ
အမွေးခက်၊ အနေခက်၊ အသေခက်
ကျွန်တော်တို့လက်တွေ
ဖြတ်ပစ်လိုက်ရမှာလား ။ ။

ကေမျိုးငြိမ်း

2 October 2008

သူတို့စားပွဲ

စားပွဲပေါ်မှာ
ဘီယာကရားလွတ်တွေသာ ငိုင်ကျန်ရစ်။

ရှေးဘ၀အဆက်ဆက်က
ချိန်းထားခဲ့သလို သူတို့ဆုံမိကြ
ဒိစားပွဲပေါ်မှာ ရယ်ကြ
ကလေးတွေအကြောင်းမေးကြ
တကယ်မေးချင်တာတွေ မေ့ထားကြ
ခဏနား၊ ခဏနားပြီး
နေပူကြီးထဲ
ကျားတွေလို နောက်ဂျွမ်းပစ် ပြန်ထွက်သွားကြ။

မောင်ပြည့်မင်း
ရနံ့သစ်၊ အောက်တိုဘာ၊ ၁၉၉၉

29 September 2008

ဂျုံရိုးဦးထုပ်လေးတွေ

တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကို ငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ၊
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ...။

ညိမ်းညို

27 September 2008

တစ္ဆေ

ဆံချည်မျှင်လေးနဲ့ ထိခတ်မိရုံနဲ့တင်
အလန့်တကြား ပေါက်ကွဲသွားနိုင်ပါတယ်
ဘ၀အရေခွံက ပါးလျနုနယ်လွန်းရဲ့လေ
ကံကြမ္မာက ကမ်းပေးလိုက်တိုင်း
ဓားရိုးက သားဘက်မှာရှိမနေခဲ့ပါဘူး
ရှိနေခဲ့မယ်ဆိုရင်လဲ
အဲဒီဓားရိုးကို မဖမ်းဆုပ်ချင်ပါဘူး
အခြားတစ်ဖက်ကိုလဲ မထိုးခုတ်ချင်ပါဘူး
သားကိုသာ ထိုးခုတ်သွားပါစေတော့
မကျွတ်မလွတ်ရင်လဲ နေပါစေတော့
ဒီဘ၀ဒီမျှသာ ရှိပါစေတော့
ယူနီဖောင်းဝတ်ပြီး ကဗျာမရေးခဲ့ပါဘူး အမေရယ်
ရိုးသားခြင်းဝတ်ရုံကိုခြုံပြီး ကဗျာရေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်
သားကဗျာတွေထဲမှာ မောက်မာခက်ထန်ခဲ့တယ်ဆိုရင်
အနုပညာအလွဲသုံးစားမှုနဲ့ သားကိုဒဏ်ခတ်လိုက်ပါတော့
သားကဗျာတွေကို စုတ်ဖြဲပစ်လိုက်ပါတော့
ကဗျာလေးတွေစုတ်ပြဲသွားပြီဆိုရင်ပဲ
အရှင်လတ်လတ်သေသွားမဲ့ကောင်ရယ်ပါ
ဒီအိမ်အိုကြီးကိုမှ
သားက စွဲစွဲလမ်းလမ်းချစ်နေရတာပါ အမေရယ်..။

ညိမ်းညို

21 September 2008

ပုံဆောင်ခဲများ

ပုဂ္ဂိုလ်ခင်၍ တရားမမင်ခဲ့ပါ
တရားကိုမင်၍ ပုဂ္ဂိုလ်ခင်ခဲ့ပါသည်
တဖန် တရားမမင်သော်ငြား ပုဂ္ဂိုလ်ခင်ချင်ခင်ပါမည်
ပုဂ္ဂိုလ်မခင်သော်ငြား တရားကိုလဲ မင်ချင်မင်ပါမည်။

အနုပညာသည် ပြည်သူအတွက်
အနုပညာသည် အနုပညာအတွက်
အနုပညာသည် ဘာအတွက်မှမဟုတ်
အနုပညာသည် အရာအားလုံးအတွက်
ထိုသဘောတရားလေးမျိုးနှင့်
ထို့ထက်ပိုသော ကျန်သဘောတရားများအားလုံးအတွက်
လွတ်လပ်မျှတစွာ အသင့်အတင့်နှလုံးသွင်းတတ်လိုပါသည်။

မြစ်ကျဉ်းတစ်နေရာမှကြည့်၍
ဧရာဝတီကို ရေစီးသန်လှသည်၊ ကြမ်းတမ်းလှသည်ဟု မဆိုချင်ပါ။
ဒိုက်သရောတို့ကိုကြည့်၍
ဧရာဝတီညစ်ပတ်နေပြီဟု မစွပ်စွဲလိုပါ။
ကျယ်ပြန့်သောသဲသောင်၊ တည်ငြိမ်သောရေစီးနှင့်
လတ်ဆတ်ဝဖီးနေသော နုန်းမြေနုစိုက်ကွင်းစိုက်ကွက်များကို တ၀ကြီးငေးမော၍
ဧရာဝတီ၏ အသုံးဝင်မှုတန်ဖိုးနှင့် အိနြေ္ဒကြီးမားသော အလှတရားကို
တဆုံးတဖျား ရူးသွပ်ချင်ပါသည်။

ရပ်၍လည်း မနေချင်ပါ
ပြေး၍လည်းမနေချင်ပါ
အဆိုးဆုံးမှာ ပြိုင်ဆိုင်၍ မနေချင်ပါ
ဆရာမောင်ချောနွယ်ကို အားကျပါသည်
မာယာကော့စကီးကို အားကျပါသည်
ကိုခင်ဝမ်းကို အားကျပါသည်
ဗန်ဂိုးကို အားကျပါသည်
နယ်ပယ်ကဏ္ဍအသီးသီးမှာ
အားကျလေးစားရသော ပုဂ္ဂိုလ်ပေါင်းများစွာရှိပါသည်
သို့သော်
ညိမ်းညိုသည် ညိမ်းညိုစစ်စစ်ဖြစ်ခဲ့လျှင်ပဲ ကျေနပ်ပါသည်။

ကိုယ်နှင့်မတူ ရန်သူဟုယူဆလျှင်
နောက်ဆုံး ကမ္ဘာကြီးပေါ်တွင် ကိုယ်တယောက်တည်း ကျန်ခဲ့လျှင်ပင်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ရန်သူဖြစ်နေဦးမည်ထင်ပါသည်။

ဖြစ်ပြီးတိုင်း ပျက်ရမယ်ဆိုမှဖြင့်
ဒီကဗျာကို ကျနော်ရေးမနေတော့ပါ
တည်တံ့နေဦးမည့် ကြားကာလကလေးလဲ
ရှိမည်ဟု ထင်ပါသည်။
(တရားသဘောကို စစ်ကြောရန်မရည်ရွယ်ပါ)

အခြားသူတစ်ဦးတစ်ယောက်နှင့် နှိုင်းယှဉ်ပြောဆိုခြင်းခံရအောင်
လူသည် ကုန်ပစ္စည်းမဟုတ်ဟု ထင်ပါသည်
ဟုတ်သည်ဟု ယူဆလျှင်
လူတကိုယ်စာဆန့်သည့် ချိန်ခွင်အကြီးကြီးများ ထုတ်လုပ်ပေးစေချင်ပါသည်။
(နှိုင်းယှဉ်သမှုပြုကြသော ပုဂ္ဂိုလ်များကို မလိုအပ်ဘဲ အပန်းမကြီးစေချင်ပါ)

ဖန်တီးမှုက ရှေ့ကသွားသည်
ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်မှု(သီဝရီ)က နောက်ကလိုက်သည်
ထိုသို့ပင် အစဉ်တစိုက်ရှိခဲ့ပါသည်
ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်မှု(သီဝရီ)က ရှေ့ကသွားသည်
ဖန်တီးမှုက နောက်ကလိုက်သည် ဟု
တစ်စုံတစ်ယောက်က သို့မဟုတ် အချိန်ကာလတခုခုက ထုတ်ဖော်ပြောဆိုလာခဲ့သော်
အသာတကြည် ခေါင်းညိမ့်နိုင်ပါသည်
ညိမ်းညိုသည် မင်းတုပ်အားလုံးဖြုတ်ထားသော ခပ်ညံ့ညံ့ဦးခေါင်းတလုံးကို ပိုင်ဆိုင်သူဖြစ်ပါသည်။

ချီးကျူးခံရခြင်းသည် ကောင်းပါသည်၊ ထို့ကြောင့် နှစ်လိုစွာ လက်ခံပါသည်
အဆဲခံရခြင်းသည် မကောင်းပါ၊ သို့သော် နှစ်လိုစွာ လက်ခံပါသည်
တစ်ပါးသူရဲ့ ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးထဲမှာ
ကိုယ့်ဘ၀တစ်ခုလုံးကို ပစ်ထည့်မထားပေးနိုင်ပါ။

ပညာတတ်ခြင်းသည် ကောက်ကျစ်ဖို့မဟုတ်ပါ
အတွေးအမြင်ကျယ်ပြန့်ခြင်းသည် ဆင်ခြေလှလှပေးတတ်ဖို့မဟုတ်ပါ
ကလောင်သွားသည် ဓားသွားထက် ထက်ပါသည်
တစ်ဖက်လူကို ထိုးခုတ်မျိုးဖြုတ်ဖို့တော့ ဟုတ်မယ်မထင်ပါ။

အပြောကောင်းဖို့မလို၊ အကောင်းပြောဖို့ လိုသည်
လူငယ်စိတ်ဖြင့် တချိန်က နားယောင်ခဲ့ဖူးသည်
အကောင်းလဲပြော၊ အပြောလဲကောင်း
ထိုသို့ဆိုလျှင် ပို၍ကောင်းမည်ထင်ပါသည်

မုန့်ကျွေး၍ မနှစ်သိမ့်လိုပါ
ကိုယ်တိုင်လည်း ဘုမသိဘမသိနှင့် မုန့်ကျွေး၍ နှစ်သိမ့်မခံလိုပါ
အခြေအနေကို ဂဃနဏ သိလိုပါသည်
ထိုသို့ နှစ်သက်ကျေနပ်စွာ သိရလျှင်
ကျောတစ်ရာရင်တစ်ရာခတ်၍ မြိုင်ရပ်သို့နှင်လိုကနှင်
ပျော်ပျော်ရွှင်ရွှင် သွားပါမည်။

လေယာဉ်ပျံကြီးစီးရတာ ကောင်းလှပါသည်
ခရီးလမ်းပန်း ချောမွေ့မြန်ဆန်ခဲ့ပါသည်
ထိုသို့ဖြစ်ရုံမျှနှင့်
လှည်း၊ လှေအပေါင်းကို ထုထောင်းပုတ်ခတ်မပြုလိုပါ။

မရှိသောစည်းများ၊ မရှိသောဘောင်များကို ပင်ပန်းတကြီးခဲကတ်ရှာဖွေ၍
ဝင်းတွေခြံတွေ ပြုလုပ်နေကြပါသည်
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုသောစကားလုံးကြီးကို
တခါတခါ ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ချင်ပါသည်။

သမ္မတကြီးခေါင်းကိုက်ခြင်းသည်
ဆိုက်ကားသမားကိုတင်ကြည် ခေါင်းကိုက်ခြင်းနှင့်
ရောဂါအမျိုးအစား တူညီပါသည်
ကုထုံးမှာကား မတူညီပါ။

ဘယ်သူမရှိလို့မှ ဘာမှမဖြစ်ပါ
မတော်မဆဖြစ်ရပ်များသည်
မတော်မတရားဖြစ်မသွားဖို့ အရေးကြီးပါသည်။

သူတစ်ပါးလက်မောင်းပေါ်
ခေါင်းအုန်းနေရသော အချိန်အခါမို့ အားငယ်ဖို့မလိုပါ
ကိုယ့်လက်မောင်းပေါ်
သူတစ်ပါးခေါင်းအုန်းနေသော အခြေအနေမို့လဲ မာန်တက်ဖို့မလိုပါ
လောကပါလတရားသည်
စာရွက်ပေါ်မှာရေးထားသော မစားရ၀ခမန်းသြ၀ါဒကြီးများထက်
ပို၍ ချိုမြိန်ပါသည်။

မျက်မှန်စိမ်းတပ်ထားမှ မဟုတ်ပါ
အချို့သော ကာလာဘလိုင်းတို့သည်
ညိုမွဲခြောက်သွေ့နေသောအရောင်ကို အစိမ်းရောင်ဟုမြင်တတ်ကြပြီး
စိမ်းစိုသစ်လွင်သောအရောင်ကို ညိုမွဲခြောက်သွေ့နေသည်ဟု မြင်တတ်လေ့ရှိပါသည်။

မြန်မာဖြစ်ရသောကြောင့် (အချို့ပုဂ္ဂိုလ်များခံစားနေရသလို) ထူးပြီးမရှက်မိပါ
ထူးပြီးလဲ ဂုဏ်မယူမိပါ
လူမျိုးအားလုံး၊ လူသားမျိုးနွယ်စုအားလုံး
တူညီသောအရည်အသွေး၊
တူညီသော လူ့ဂုဏ်သိက္ခာရှိသည်ဟု စွဲမှတ်ယုံကြည်ပါသည်
ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ အမှတ်အသားတွေ
ဘယ်တိုင်းပြည်က ပိုရှေးကျပြီး တွေ့ရသည်ဖြစ်စေ၊ မတွေ့ရသည်ဖြစ်စေ
ဘယ်နေရာက လူအဖြစ်ကို စတင်တွေ့ရှိသည်ပဲဖြစ်စေ
လူမျိုးတစ်မျိုးဖြစ်ရခြင်းအပေါ် ရှက်ခြင်းမရှက်ခြင်း သက်ရောက်မည်မထင်ပါ
မြန်မာလူမျိုးတစ်မျိုးလုံးယဉ်ကျေးနေစေ
ညိမ်းညိုမိုက်ရိုင်းလျှင် ညိမ်းညိုမိုက်ရိုင်းသည်သာ ဖြစ်ပါမည်
မြန်မာလူမျိုးဟုဆိုလိုက်ရုံနှင့်
ညိမ်းညို၏မိုက်ရိုင်းမှုသည် ရောယောင်၍ ယဉ်ကျေးသွားမည်မဟုတ်ပါ
ဘ၀တစ်ခုအတွက် လူမျိုးတစ်မျိုး၏ အရေခွံကို
နှစ်၁၀၀ထက် ပိုခြုံထားချင်၍ ရမည်မထင်ပါ။

ဂိုဏ်းဂဏများဖွဲ့၍လည်း အနုပညာကို မတူးဆွလိုပါ
အယူမှားရှာပြီဆိုလျှင်လည်း
ဒီတစ်သက် အနုပညာမရဘဲ နေရပါတော့မည်။

ပြေးလမ်းကြောင်းများ ကိုယ်စီရှိပြီးဖြစ်ပါသည်
ခြေထိုးခံဖို့တွေးမိလျှင်ပဲ တွေးမိသည့်ဦးခေါင်းကို
ခြောက်ပေါင်တူနှင့် ပြားနေအောင်ထုပစ်လိုက်ဖို့ ကောင်းပါသည်။

အရိုးထုတ်ပါ၊ အရေစုတ်ပါ၊ အသားနွှာပါ
ဝိညာဉ်ကိုရပြီဟု မဆိုပါနှင့်။

ညိမ်းညို

16 September 2008

ကျိုးကျိုးနွံနွံ

ပြင်းပြင်းထန်ထန်ကြီး
တိုက်ခတ်လိုက်မှ မဟုတ်ပါဘူး
ညင်ညင်သာသာလေး တို့ထိလိုက်ရုံနဲ့
ရင်ခွင်တရိုး ညှိုးဖတ်နွမ်းရော်
ချစ်သူရယ်...
မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်...။

ညိမ်းညို

12 September 2008

မယ်ဖ

ကဗျာဆရာဟာ ချစ်သူကို မြတ်နိုးတွယ်တာသလို
မယ်ဖကို မြတ်နိုးတွယ်တာတယ်
သူ့ရင်အုံအတွင်းသားထဲမှာ
သံတောင်ကြီးနဲ့ကျောက်ထီးပမာ ထီးထီးကြံ့ခိုင်နေတဲ့
ရာဇ၀င်စာမျက်နှာတစ်ချပ် ရှိတယ်ဆိုပါစို့
ဘယ်နေရာက စဖတ်ဖတ် မယ်ဖကို တွေ့နိုင်တယ်။

မယ်ဖဟာ
သူ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကို
သူကိုယ်တိုင်ရေတွက်ဖို့ အခွင့်မသာတဲ့အခါ
ကဗျာဆရာကို ချောဆင့်တယ်၊
မယ်ဖကို မယ်ဖဆန်စေချင်လှတဲ့ကဗျာဆရာဟာ
ဒဏ်ရာတွေကို မျက်ရည်အစက်စက်နဲ့ ရေတွက်ခဲ့တယ်။

ကွေ့သောကောက်သောလမ်းတို့ရဲ့အဆုံးမှာ
နှလုံးသားဖြောင့်တဲ့မယ်ဖကိုတွေ့ရမယ်။

ထူအမ်းနီစွေး
မြေစေးဖျော်ရည်ပျစ်ပျစ်တွေ
ရက်လွန်လက်ဖက်ရည်တစ်ခွက်လို
ညိုညစ်ညစ် ကနယ်မှုန်အနယ်အနှစ်တွေ
ပျော်ဝင်ပြည့်သိပ် ဘ၀တူလူသားတွေ
မယ်ဖကိုတန်ဆာဆင်ကြ
မြို့ရဲ့နံရိုးထဲ
အကြိုအကြားမကျန်
ပတ္တရောင်လှည့် ရစ်ခွေစီးဆင်းနေကြ။

အနိမ့်အမြင့် ချိုင့်ဝှမ်းလျှိုမြောင်အသွယ်သွယ်
ခြေချင်းခေါင်းချင်းဆက် ယှက်နွယ်အိမ်စဉ်အိမ်တန်းများ
မယ်ဖဟာ အသက်ငွေ့ငွေ့လေး ရှိနေသေးတယ်။

ခြံတွေထဲမှာ တောင်ကုန်းတွေပေါ်မှာ
သစ်တော်ပင် သစ်တော်သီးတွေ
စိမ်းဖန့်ဝင်းပ ကိုင်းညွှတ်ပြွတ်ခဲ
ဖွံ့ဖွံ့ကားကားနဲ့ အလုံးထွားလှချည့်
မြို့နေလူထုကိုများ လှောင်နေရော့သလား။

ကော်ဖီပင်တွေပေါ့
မာနကြီးတခွဲသားနဲ့
ထည်ထည်ဝါ၀ါတောင်ကတုန်းကြီးတွေပေါ်ကနေ
ပြောင်ပြောင်ရောင်ရောင် စီးမိုးကြည့်နေကြသေး
မယ်ဖဟာ သနားစရာလား။

လက်ဖက်ပင်ပျိုစိမ်းအုပ်အုပ်တို့
သင်္ကြန်ယိမ်းတိုက်နေသလို ညီလှစီလှ
တောင်ပေါ်လေညှင်းသွဲ့သွဲ့မယ်
မယ်ဖက ကွက်ကျားမိုးရွာတယ်။

တိုက်တာအိုးအိမ်ကြီးတွေ ထည်ဝါလှချည့်
ကားကြီးကားငယ်တွေ ဆန်းသစ်တောက်ပြောင်လှချည့်
ပွဲနေပွဲထိုင်အ၀တ်အစားတွေနဲ့ ဂုဏ်ရည်ကြီးမြင့် အသရေတင့်လှချည့်
"ကျွန်တော့ခန္ဓာအိမ်ထဲမှာ ဒီလူလေးတစ်စုထဲ
ကွက်ပြီးနေတာမဟုတ်ဘူးလေဗျာ" တဲ့
လီရှောမီးတောက်အရက်နဲ့ ခပ်ထွေထွေဖြစ်လာပလားဆိုရင်
မယ်ဖဟာ လက်ဖက်ပင်လေးကို ဒီလိုပြောရှာရဲ့။

ဆန်မထွက် ဆီမထွက်ရှာတဲ့မယ်ဖ
ဂေါ်ရခါးသီးနဲ့မုန်ညှင်းကိုသာ ပေါပေါလောလောရနိုင်တဲ့ မယ်ဖရယ်လေ
ဘုစုခရုတံတားလေးတွေအများကြီးထဲက တစ်စင်းတစ်လေ ပျက်ယွင်းသွားရင်ကိုပဲ
ကမောက်ကမကုန်ဈေးနှုန်းနဲ့ တအုန်းအုန်းရိုက်ပုတ်ခံရတတ်သေးတာ။

ရှေးအဘိုးအဘွားတို့က ပြောကြတယ်
မြို့သူမြို့သားတို့ ဆင်းရဲကျပ်တည်းလာပြီဆိုရင်
ကြည့်ရှုစောင့်ရှောက်ပေးတတ်လို့
ပြင်ပေးဆင်ပေးတတ်လို့
ကြမ္မာကောင်း လာဘ်ကောင်းတွေကို ဆောင်ကြည်းပေးတတ်လို့
"မယ်ဖ" လို့တွင်သတဲ့၊
အဲဒီလို ရာဇ၀င်အခင်းအကျင်းနဲ့ မယ်ဖဟာ
သူ့လည်မြိုမှာ တစ်စုံတစ်ရာ ဖိညှစ်ခံထားရပေါ့
အသံမထွက်နိုင်ရှာတော့ဘူး
ကိုယ်ကျပ်အင်္ကျီသေးသေးလေးနဲ့
သူကိုယ်တိုင်မှာ ကျပ်ထုပ်လို့နေပေါ့
လူရိုးလူကောင်းကြီး မယ်ဖ
မြို့သူမြို့သားတို့ရဲ့ ဟီးရိုးကြီး မယ်ဖ
ခွန်အားရှိသမျှ ရုန်းခဲ့လှုပ်ခဲ့တယ်(သူဟာ သူ့ရာဇ၀င်ကို တန်ဖိုးထားတယ်)
၁၉၉၄ အလွန်နှစ်များမှာ အငိုက်မိသွားရရှာသူ မယ်ဖဟာ
၂၀၀၀ ပြည့်နှစ်အလွန် ကာလများမှာတော့
ရုန်းလေနစ်လေ၊ လှုပ်လေမြုပ်လေနဲ့
သူဟာ တုပ်ချည်စည်းနှောင်ခြင်းခံလိုက်ရတော့တယ်။

၁၉၉၅ အလွန်နှစ်များမှာ
မယ်ဖဟာ အချိုးအကွေ့တွေ များလွန်းခဲ့တယ်
သက်ရှိတွေကိုပါ ခါးပိုက်ထဲထည့်ထားလို့ရတယ်ဆိုတာ သိလိုက်ရတော့
မယ်ဖဟာ အံ့သြလှပေါ့
သက်ရှိအကြီးကြီးတွေ၊ သက်ရှိပေါက်စနလေးတွေကလဲ
ခါးပိုက်ထောင်တွေထဲမှာ ပြုံးလို့ပျော်လို့
ဆိုတော့....
မယ်ဖဟာ ထပ်ဆင့်အံ့သြရပြီပေါ့။

ငြိမ်းချမ်းရေး...ငြိမ်းချမ်းရေး
ဒီလိုပဲ စူးစူးဝါးဝါး အော်ခဲ့ကြ
လက်သီးလက်မောင်းတန်းကြ
သစ်သစ်လွင်လွင်ဆိုင်းဘုဒ်ကလေးတွေထောင်ကြ
မယ်ဖနဲ့ဘယ်လိုမှ မအပ်စပ်လှတဲ့
ကိရိယာတန်ဆာပလာတွေ ယူဆောင်လာကြ
(လူတွေက အဲဒီကိရိယာတန်ဆာပလာတွေကို မြင်ရုံနဲ့ကြောက်တယ်)
စာနာစိတ်ပလပ်ခေါင်းအဖြုတ်ခံထားရတဲ့ လူလိုအကောင်ကြီးတွေ
အမည်းတွေကို အဖြူလုပ်ဖို့
မယ်ဖရဲ့ရင်ခေါင်းထဲ ဒရကြမ်းဖြိုဖျက်တွန်းဝင်လာကြ
အူ၊ အသဲ၊ အဆုတ် ကလီစာအမှုန်အမွှားလေးတွေမကျန်
ပုဝါမကူ ရေမရှူစတမ်း စုပ်ယူဝါးမြိုကြ
ဗီဇာသက်တမ်းတွေ အလီလီတိုးကြ
သဘောတူညီမှုတွေ အထပ်ထပ်ယူကြ
အခု မယ်ဖဟာ
ငြိမ်းချမ်းရေးအသံကြားရင်ကိုပဲ
ခြေတွေလက်တွေတုန်လို့...။

နေကြာပန်းပန်ချီကားထက် လှပတဲ့တင့်တယ်မှုမျိုး
နေကြာပန်းရုပ်ရှင်ဇာတ်ကားထက် သာလွန်တဲ့စွဲမက်ဖွယ်ရာမျိုး
တောင်နေကြာတွေ ၀ါရွှေထိန်တောက်လို့
တောတွေအဆင့်ဆင့် တောင်တွေအထပ်ထပ်
နနွင်းရည်တွေ လိမ်းကျံပက်ဖြန်းထားသလို
ဟည်းဟည်းထရွှေတောင်ကြီးတွေကြားမှာ
မယ်ဖဟာ ဖော်ဖော်ရွေရွေပြုံးလို့
မယ်တော်ကြီးတောင်၊ ဆင်ဖြူတောင်
တောင်တော်အထွတ်အမြတ်တို့မှာ
တရားဓမ္မသံတို့ ငြိမ်းအေးကြည်သာစွာ ပျံ့လွင့်လို့
ဆည်းလည်းသံလေးတွေ တေးဆိုလို့
ကျေးငှက်ကလေးတွေ ပျံဝဲလှုပ်ရှားလို့
လက်ဖက်ရနံ့လေးတွေ သင်းပျံ့လို့
ရှမ်းဇီးသီးအ၀ါကလေးတွေ ပျောင်းအိညွှတ်တွဲလို့
ဗမာ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါးနဲ့ ငါတို့ရဲ့မိတ်ဆွေများဟာ
သာရေးနာရေး အစုစုအမှုမှု၊ ဒေသရိုးရာပွဲတော်အသီးသီးမှာ
ချစ်ခင်စည်းလုံးစွာ ညီညွှတ်စုဝေးလို့
မြို့သူမြို့သားတွေက ဘုရားသွားကျောင်းတက်ပြုလို့
မယ်ဖဟာ လူ့ဂုဏ်သိက္ခာမီးရှူးတန်ဆောင်ကို အမြင့်မားဆုံးထွန်းညှိလို့
မယ်ဖဟာ စားဝတ်နေရေး အမှုကြီးသုံးပါးကို နိုင်နိုင်နင်းနင်း ထမ်းပိုးလို့
မယ်ဖဟာ နှင်းမြူဖွေးဖွေးကြားမှာ နွေးထွေးလုံခြုံလို့
မယ်ဖဟာ ဇာပုဝါပါးပါးလေး ခြုံလို့
ကမ္ဘာကြီးနဲ့လဲ အဆက်အဆံမပျက်ခဲ့ဘူး
အမျိုးကောင်းပီသမို့ အိနြေ္ဒလဲမကလက်ခဲ့ဘူး
ယိုးဒယား၊ လန်ဒန်၊ အမေရိကား မြို့ကြီးပြကြီးတွေနဲ့
ရိုးရိုးဖြောင့်ဖြောင့် ကူးလူးဆက်သွယ်လို့
မယ်ဖဟာ တကယ်ကိုနူးညံ့သိမ်မွေ့စွာ လှပခဲ့ပါတယ်လေ။

အခုတော့
ည ၈နာရီကျော်ရုံလေးနဲ့
မယ်ဖဟာ အိပ်မောကျသွားရှာပြီ
မယ်ဖကလမ်းတွေဟာ
မယ်ဖကလူတွေအတွက် ပျော်ရွှင်ဖွယ်မကောင်းတော့
မယ်ဖကပွဲလမ်းသဘင်တွေဟာ
မယ်ဖကလူတွေအတွက် သိုက်သိုက်ဝန်းဝန်းမရှိတော့
မယ်ဖကထွက်ရှိသမျှတွေဟာ
မယ်ဖကလူတွေအတွက် မဟုတ်တော့
ယုတ်စွအဆုံး
လက်ဖက်ရည်ဆိုင်က သီချင်းသံတောင်
မယ်ဖကလူငယ်တွေအတွက် ပီပီသသမရှိတော့
နေ့စဉ်နဲ့အမျှ လူငယ်တွေဟာ
ကျောက်ဖျာကြီးကို ကျော်ခွခုန်ထွက်ပြီး
မယ်ဖနဲ့ဝေးရာဆီကို ပြေးနေကြပြီ။

သန္တာ၊ မြ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ကြောင်
သွေးရဲ့အဆင်းလိုလှပ
နီစွေးပတ္တမြားနဲ့ မိုးပြာရောင်နီလာညီနောင်တို့လဲရှိ
တွင်းထွက်ကျောက်မျက်ရတနာတွေ အမျိုးစုံလင်လှချည့်
ရတနာတွေဖင်ခုထိုင်ထားတဲ့မယ်ဖဟာ
အထည်ကြီးပျက်တစ်ယောက်လို
ရွှေထီးဆောင်းဇာတ်လမ်းတွေနဲ့ နှစ်သိမ့်ခံထားရပြီ။

ခွေးတွေကြက်တွေလို မြေကြီးကို နာနာယက်ကြ
ကြွက်တွေလို ဂလိုင်တွေတူးဆွကြ၊ လိုဏ်ခေါင်းတွေဖောက်ကြ
စစ်ပွဲကြီးတစ်ပွဲဆင်နွှဲနေသလို
ဒိုင်းနမိုက်တွေ၊ ယမ်းအားပြင်းပြင်းတွေနဲ့ ဖောက်ခွဲလိုက်ကြ
တောင်တန်းတွေကို အပိုင်းပိုင်းခုတ်ထစ်လိုက်ကြ
မယ်ဖရေ....
စမ်းချောင်းကလေးရေ.......
စိမ်းညို့တောအုပ်တို့ရေ.........
ဒဏ်ရာတွေနိုင်းချင်းနဲ့ အားတင်းလို့ဆိုကြ
ငါတို့ အနိုင်ကျင့်ခံရတယ်
ဒါ..မတရားမှုသက်သက်ကြီးပါကွယ်။

သရဲသဘက် မြေကော်စက်ကြီးတွေ
တစ္ဆေလက်တံအရှည်ကြီးတွေ
ယမ်းပေါက်ဖော် လွန်ပူသေနတ်ကြီးတွေ
ဖွတ်ချက်ဖွတ်ချက်နဲ့ မယ်ဖရဲ့ရင်သားတွေကို
၂၄နာရီ ထိုးဆွမွှေနှောက်နေတဲ့
အစားကြူးသူ စက်ယန္တရားကြီးတွေ
ကျွန်တွေလိုမောင်းနှင်တတ်တဲ့ ခရာတွတ်သံတွေ
ရမ်းရမ်းကားကားမောင်းတတ်တဲ့ ဘီးခွံထူထူနဲ့ ကားအမြင့်ကြီးတွေ
နူးညံ့မှုကိုရှာဖွေကြည့်ဖို့
ကျောက်မျက်ရတနာထက်တောင် ရှားပါးခက်ခဲနေတဲ့ လူသေမျက်နှာကြီးတွေ
တရားစီရင်ခွင့်ကို လိုအပ်သလိုပိုင်ဆိုင်နေတဲ့ ဧရာမပုဂ္ဂိုလ်ကြီးတွေ
ကိုယ့်ကြီးထွားမှုကလွဲရင် အခြားဘာကိုမှ မြင်နိုင်စွမ်းမရှိတဲ့
ပြူးကျယ်သောမျက်ပေါက်ကျဉ်းကျဉ်းတွေ.....။

အဲဒီထောင်ချောက်တွေထဲမှာ
အိမ်တွေကျွံကျ မြေတွေကျွံကျ
ကတ္တရာလမ်းမကြီးတွေ ကျွံကျ
စည်ကားအပ်သောနေရာတွေကျွံကျ
ဈေးတွေကျွံကျ၊ လူနေရပ်ကွက်တွေကျွံကျ
ဘုရား၊ ကျောင်း၊ ကန် အကာအရံတံတိုင်းတွေ ကျွံကျ
အဆိုးရွားဆုံးကတော့
လူနေမှုဘ၀အာမခံချက်တွေ ကျွံကျခဲ့ရတာပဲ မယ်ဖရေ။

"စေတနာဆိုမှပဲ
ဖြူပြီပေါ့ဗျာ၊ မည်းပါဦးမလား" လို့ဆိုကြ
စေတနာတစ်ဆကို အခွင့်အရေးဆယ်ဆနဲ့ရော
ငွေကြေးနဲ့နာနာဖျော်
အကျော်အမော်လူတော်ကြီးတွေ ကျက်စားတဲ့နေရာ
မယ်ဖမှာ ဖျာတစ်ချပ်စာအတွက်
ဘွာခတ်နိုင်သူတွေ နေရာရမယ်။

လင်သားကစွန့်ပစ်ခြင်းခံထားရတဲ့ မိန်းမတစ်ယောက်လို
ဝမ်ဗိုက်ဟောင်းလောင်းနဲ့မယ်ဖဟာ
ဆရာကြီးဆိုသူတွေရဲ့ သူကောင်းပြုပေးခြင်းအမှုကို
အတင်းရော ဇွတ်ရော အဓမ္မရော ခံစားကြုံတွေ့နေရပေါ့။

မယ်ဖမှာ ဦးချရမဲ့လူတွေကများတယ်
ဒါကြီးတွေကိုပဲ
ဖူးမ၀ဖြစ်နေတဲ့ ပုပုရွရွဝေနေယျတွေကလဲ ဒုနဲ့ဒေး
ဟေးးးမယ်ဖ
လူရည်လည်ကြီးတွေက မင်းကိုနေ့ပြန်တိုးနဲ့ ချေးစားနေကြပြီကွ
စိတ်မရှည်ကြတော့ဘူးတဲ့ မစောင့်နိုင်ကြတော့ဘူးတဲ့
အမြီးကျက်ဖို့လဲ မလိုတော့ဘူး၊ ခေါင်းကျက်ဖို့လဲ မလိုတော့ဘူးတဲ့
သူတို့ မင်းကိုအစိမ်းလိုက် ၀ါးစားနေကြပြီ မယ်ဖ။

ခံစားနေရတာကို ခံစားနေရတယ်ပြောလို့
ကြုံတွေ့နေရတာကို ကြုံတွေ့နေရတယ်ပြောလို့
ယဉ်ကျေးမှုမရှိဘူးဆိုရင်
ငါ လူရိုင်းပဲလုပ်တော့မယ် မယ်ဖ။

မယ်ဖရေ
မင်းဒဏ်ရာတွေကို ငါဆေးထည့်မယ်
မျက်ရည်တွေကို သုတ်လိုက်တော့
ဒဏ္ဍာရီထဲကဖီးနစ်ငှက်လို ပြာပုံထဲကနေတိုးထွက်ပျံသန်းကြစို့
ဒီတွင်းနက်ကြီးထဲကနေ ငါတို့ အတူတူခုန်တက်ကြစို့။

ညိမ်းညို
(၇-၁၁၊ ၉၊ ၂၀၀၈)

6 September 2008

အမာရွတ်နဲ့လူ



အမာရွတ်နဲ့လူ

ကျလောက်အောင်ပြောတိုင်း
အလွယ်မယုံတတ်တာ ဖက်ရှင်တစ်မျိုးဆိုရင်
အဲဒါ ဒီလူရဲ့မွေးရာပါအမှတ်တံဆိပ်။

ဒီလူကပြောတယ်
မျက်ခုံးမွှေးတကာပေါ်စင်္ကြန်လျှောက်
ခြေဖျားလေးထောက်ထောက်ပြီးရပ်နေတတ်သော ငနဲသားများကို
မင်းတို့ဖြဲခြောက်သမျှဟန် ကျွဲခလောက်ကအသံသာသာရယ်တဲ့လေ
ဒီလူက ကဗျာရေးနေတဲ့ကောင်
ငကြောက်မဟုတ်ဘူး။

ကဗျာဆရာဆိုတာ
အစီးအပိုးများတဲ့ကံကြမ္မာမေးရိုးကို ကိုယ့်လက်သီးနဲ့ကိုယ်ထိုး
ရိုးသားဖို့အကြောင်းတစ်ခုကိုပဲ အထပ်ထပ်ထုံးဖွဲ့လို့
ရို့ရို့ကျိုးကျိုး ရဲရင့်ကြသူတွေဖြစ်တယ်
လူတန်းစားမြေပြန့်လွင်ပြင်မှာ
လောကပါလသီးပင်စားပင်တို့ လှိုင်လှိုင်ကြီးသီးပွင့်ဝေဆာစေ..
ကဗျာထွန်သွားဖွေးဖွေးနဲ့ ထယ်ရေးညက်စေသူတွေလဲဖြစ်ရဲ့...။

ကွဲလွဲရင်းပေါင်းစည်း၊ ပေါင်းစည်းရင်းကွဲလွဲဖို့
အရောင်တွေဖျော့ထားပေးခဲ့တယ်
တစ်နေ့တစ်နေ့ ထိပ်ပုတ်ခေါင်းပုတ်အလုပ်ခံရတာပဲအဖတ်တင်
သိပ်တော့ မနိပ်ဘူး
ဘိုတင့်ရေ…သူငယ်ချင်းရေ
မင်းအိမ်လေး အဆင်တန်ဆာတွေမစုံလင်တော့တာကို ငါဝမ်းနည်းတယ်
မင်းကဗျာတိုင်းမှာ အရိပ်အယောင်တွေပက်ဖျန်းခွင့်မရှိတော့တာကို နှမျောတယ်
သူငယ်ချင်းရေ ဘိုတင့်ရေ…
ဒီကနေ့ပေါ့ အခုပေါ့
မင်းသူငယ်ချင်းညိမ်းညိုကလေ
ရင့်ရာကနေ မာကျောလာရတာကို ကြိုက်တယ်တဲ့
ဒီလူ အခုတလော သိပ်ရင့်နေတယ်
လူအဖြစ်ရှင်သန်နေတယ်ဆိုတဲ့ သက်သေပြချက်ထဲမှာ
အဲဒီ မာန်ကလေးကလဲ တစ်ချို့တစ်စိတ်ပါနေသေးထင်ပါရဲ့ဘိုတင့်ရာ…။

ကဲ…ပြော
ကိုယ့်ဘ၀ကိုယ်မီးမြှိုက်ပြီး ကဗျာနဲ့ဘယ်သူပျော်ပါးရဲသလဲ
လန်ထွက်ပျံတက်နေတယ်ဆိုရင်
အနုပညာဝမ်းတွင်းစုန်းနဲ့
ငါ့တစ်ကိုယ်လုံး ပြာကျသွားအောင် ပြုစားခဲ့
ပလိန်းကြီးတော့ မလုပ်နဲ့
"ငါ့ဘ၀ငါ့ကမ္ဘာမှာ ငါ့အဘိဓမ္မာနဲ့ ငါနေတယ်"

ညိမ်းညို

3 September 2008

မောင်ချောနွယ် စီးကြမလား

မောင်ချောနွယ်
၁၉၄၉ - ၂၀၀၂

မောင်ချောနွယ် စီးကြမလား

ညိုထက်ညို

အတ္တကို နာနာခွာ
နာနာခွာ
ကင်ပေတိုင် လက်သည်း ခွာသလိုခွာ
ပေါင်းစည်းရင်း ကွဲလွဲကြ
ကွဲလွဲရင်း ပေါင်းစည်းကြ
အနုပဋိလောမ ရုပ်ဝါဒ
ပဋိပက္ခ နဲ့ သမူဟ
သစ်တစ်ပင်လား တောအုပ်လား
တစ်ခါသားက
မှတ်သားဖူးတဲ့စကား
ငါ အခု မေ့သွား ပြန်ပြီလား
အားရင် ရွတ်ရွတ် မနေနဲ့ 
ဘာမှန်းမသိတဲ့ စကားလုံးတွေ
အားရင်ရေးရေး မနေနဲ့ 
အဓိပ္ပာယ်မရှိတဲ့ စာသားတွေ
တစ်ခါသားက
ချစ်သူရဲ့  တားမြစ်စကား
နားမထောင်မိတာ ငါမှားလား
ငှက်ကလေးရဲ့ ဖြည်းဖြည်းပျံ
ငါလွှတ်မယ့် ငှက်ကလေး ဖြည်းဖြည်းပျံ
ခြေတစ်ဖက်ချစာ ပေးပါလို့ 
အခု ဆုတောင်းပါရစေလား
တိုးလို့ တွဲလောင်းလက်သာ မြဲအောင်ကိုင်ထား
ပုဆိုးသာ ခိုင်အောင်ဝတ်ထား
အခု
မောင်ချောနွယ်မောင်းမယ့်
အနုပညာ အမြန်ယာဉ်ကလေး ထွက်တော့မှာလား ။ ။

(စက်တင်ဘာ၃၊ ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ဆရာ မောင်ချောနွယ် သို့)

ညိုထက်ညို

ရထား၊ သမိုင်းဖတ်စာနှင့် ၅၆ပုဒ် ကဗျာစုစည်းမှု

ဆရာမောင်ချောနွယ်ကို ချစ်တဲ့၊ ဆရာ့ကဗျာတွေကို မြတ်နိုးတဲ့ ကဗျာရောင်းရင်းများအတွက် ရည်ရွယ်ပါတယ်။ ကျနော့်မှာရှိနေတဲ့ ဆရာ့ရဲ့ ကဗျာလုံးချင်း ၂အုပ်နဲ့ ဆရာ့ကဗျာတွေကို လှမ်းမီရာစုဆောင်းထားတဲ့ ကဗျာစာအုပ်တစ်အုပ်ကို တင်ပေးပါရစေ။ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က ဆရာမောင်ချောနွယ်ကို ဒေါသကို သိင်္ဂါရဖြစ်အောင်ရေးဖွဲ့နိုင်တဲ့ တစ်ဦးတည်းသောကဗျာဆရာလို့ ကင်ပွန်းတပ်ကြောင်း မှတ်သားဖူးပါတယ်။ လူငယ်ကဗျာဆရာအများစုကလည်း ဆရာ့ကို ကလပ်စစ်ခေတ်ပေါ်ကဗျာဆရာရယ်လို့ အမည်နာမပြု ချီးကျူးခေါ်ဆိုခဲ့ကြပါတယ်။ ကျနော်ကတော့ ဘယ်လိုခေါင်းစဉ်မျိုးတပ်ရမှန်းမသိအောင်ကို ဆရာ့ကဗျာတွေကို စွဲစွဲလန်းလန်းခုံခုံမင်မင် နှစ်သက်မြတ်နိုးမိပါတယ်။ မျိုးဆက်ကွာလှတဲ့အပြင် ဆရာမောင်ချောနွယ်ကို တစ်ကြောင်းခြစ် ရုပ်ပုံကောက်ကြောင်းမှလွဲ၍ ဓာတ်ပုံသော်မျှ မမြင်ဖူးပါ။ ဆရာ့ကဗျာတွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကဗျာဓာတ်တွေ အမိအရမှုတ်ထုတ်နေတဲ့ အရပ်သားလေသံ၊ ပထမတန်းစား အာဇ္ဇ၀န်းနဲ့ ဆရာမောင်ချောနွယ်ရဲ့ခေတ်ပေါ်ကဗျာ မြို့ရွာသိမ်းပိုက်မှုများကိုမိတ်ဆွေတို့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များ၊ ကဗျာမှတ်စု စာမှတ်စုများကိုလဲ ကျေးဇူးပြု၍ လက်တို့ပေးခဲ့ကြပါဦးခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :) :)

၁။ ရထား(ကဗျာရှည် ၄ပုဒ် စုစည်းမှု) download ယူရန်
၂။ သမိုင်းဖတ်စာ (ဆရာအောင်ချိမ့်နှင့် တွဲဖက်၍) download ယူရန်
၃။ ဆရာမောင်ချောနွယ်ကဗျာများ ( ၅၆ ပုဒ်) download ယူရန်
၎။ မောင်ချောနွယ် ကဗျာပြပွဲ (မြန်မာကျူးပစ်ဖိုရမ်မှ) download ယူရန်

ညိမ်းညို

30 August 2008

မြစ်သင်္ချိုင်း



မြစ်သင်္ချိုင်း

မြစ်အစင်းစင်းလေ
သူတို့ရဲ့လားရာအရပ်ဟာ
သူတို့ရဲ့သင်္ချိုင်းမြေဆိုတာ သိသိကြီးနဲ့
ယုံကြည်ချက် မီးတောက်ကိုယ်စီမွှေး
မသေဆေးတွေ မျိုမျိုချပြီး
သမိုင်းနံရံကို အဆက်မပြတ်ထွင်းဖောက်စီးဆင်းနေကြ
မြစ်တို့ရဲ့ ပင်လယ်ဆီ...။

ညိမ်းညို

27 August 2008

ဗြောသံ

[၁]

ဗြောသံ

ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ၀ါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။

အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးလှပါဘိ၊
"တစ်လတာ သည်အရေးကိုလ
မဟ၀ှာ ကြည်ကြည်ပေးပါ" တဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။

မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ
ကညာလုံ ကြာမုံညွှတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
"မတွယ်တာ ဆယ်ခါလွှတ်မယ်" တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့မဆုံး။

ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊
"လှောင်ချက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှတ်ပေမဲ့
သာသနာ ၀ါဝါ၀တ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပါ့
တစ်လဆို ရက်ကို ချဉ်းပါဖျာ့"
ဘွာခတ်ကာ ခမျာငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီးကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။

မင်းသုဝဏ်

[ ၂ ]
ဗြောသံကား အဝေးဆီမှပင် ကြားနိုင်သောအစွမ်း ရှိချေ၏။ ပီလှမြည်လှ စည်လှသော ဗြောသံပါပေ။ အလှူတော်မင်္ဂလာနှင့် တွဲဖက်၍ ပွဲထွက်လာချေပြီကော။ အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား၊ အလှပေါ်အယဉ်ဆင့် တင့်လှပါ၏။ တဗြုန်းဗြုန်းရွှမ်းစည်၍ ပီသကြည်မြ ခန့်ညားလှပါဘိ။ ဗြောသံကား ဆင့်၍ဆင့်၍ ထွက်ပေါ် လာချေပြီ။

ထိုပီလှမြည်လှသော ဗြောသံသည် အဘယ်အရပ်မှလာသနည်း။ အဘယ်ကြောင့် ဤမျှထိုမျှ ခန့်ထည်စည်ကား၍ နေပါသနည်း။

တောင်ကုန်းရွာနေ ဦးရေချမ်း၊ ဒေါ်ရွှေမေတို့၏ အလှူတော်မင်္ဂလာမှ ထွက်ပေါ်လာသော ဗြောသံပင်ဖြစ်ပါတော့သည်။ သားတော်မောင် ကိုရင်လောင်းကို သာသနာ့ဘောင်သို့ သွပ်သွင်းချီးမြှင့်သော ပွဲဖြစ်သည်။ သာသနာတော်တင့်လန်းစေခြင်းငှာ ဆန်းညွှန့်ဝေစည်သော ဗြောသံဖြစ်ပေရကား ဤမျှထိုမျှ ခန့်ထည်နေရခြင်းပါပေ။

ဗုဒ္ဒဘာသာ မြန်မာယောက်ျားလေးများအဖို့ ရှင်ပြုပွဲသည် အရေးပါလှပါသည်။ ရှင်မပြုရသေးပါက ကြီးကြီးငယ်ငယ် လူဘော်မ၀င်သေးဟုပင် အသိအမှတ်ပြုကြလေ့ရှိသည်။
မိဘနှစ်ပါးအဖို့မှာလဲ "မင်းတို့သား ရှင်ပြုပီးပလား" ဟု မေးလာပါက ရင်ကော့၍ ဖြေလိုကြသည်။ သားယောက်ျားလေးမွေးထားပြီဆိုလျှင် ဤတာဝန်ကို မကျေကျေအောင် ထမ်းကြတော့သည်။ ဦးရေချမ်း၊ ဒေါ်ရွှေမေတို့သည်လည်း သားတော်မောင် ရှင်ပြုပွဲအတွက် အားခဲ၍ နွှဲခဲ့ကြသည်။ ကြိုးစားပမ်းစား လုပ်ကိုင်ရှာဖွေ၍ ချွေချွေတာတာ စုဆောင်းပြင်ဆင် ခဲ့ကြသည်။ သို့ဖြစ်လင့်ကစား မိုးမမှန်လေမမှန် ကျေးလက်တောနေ သမရိုးကျမိသားစုလေးဖြစ်သော သူတို့အဖို့ သားလေးလူပျိုပေါက်ဖြစ်မှပင် ရည်မှန်းချက်ပြည့်မြောက်၍ ခရီးပေါက်ရတော့သည်။ ၁၅နှစ်၊ ၁၆နှစ်အရွယ် သားလေးပင် လူပျိုပေါက်ကြီးဖြစ်နေပြီဆိုတော့ ရှင်လောင်းအ၀တ်အစားများနှင့် ရှက်၍များ နေလေမလား။ မိဘနှစ်ပါးမှာ တွေး၍များ ပူမိသေးတော့။ ဘယ်သို့ပင်ဖြစ်စေ ဦးရေချမ်းနှင့် ဒေါ်ရွှေမေတို့ ရှင်လောင်းအမိအဖ ဖြစ်ကြလေပြီ။ “သစ်ပင်အမြင့်မတက်နဲ့ လူလေးရဲ့၊ မြစ်ကူးချောင်းကူး မသွားလေနဲ့ကွဲ့” စသည်စသည် မှာရပြောရတာကိုက အရသာရှိလှပါ၏။ ရပ်ဝေးရပ်နီး အသီးသီးမှာရှိနေကြတဲ့ ဆွေမျိုးညာတိ၊ မိတ်ဆွေ သင်္ဂဟအပေါင်းကိုလဲ လူကြုံနှင့်တစ်မျိုး စာနှင့်တစ်တန် အသိပေးဖိတ်ကြားလိုက်ပြီ ဖြစ်သည်။

သားတော်မောင်ကိုမူ ရွာဦးကျောင်းဆရာတော်ထံသို့ အပ်နှံလိုက်ပြီ။ ဆရာတော်က ပုတီးစိပ်၊ သင်္ကန်းတောင်း၊ သေခိယ စသည်တို့ကို သင်ကြားပေးမည်။ သာသနာတော်စည်းကမ်းတို့ကို ညွှန်ကြားပြသပေးမည် ဖြစ်သည်။

သို့နှင့် ဦးရေချမ်း၊ ဒေါ်ရွှေမေတို့၏သားလေး ကိုရင်လောင်းဘ၀ရောက်တော့မည်။ အလှူတော်မင်္ဂလာကား နီးသထက် နီးခဲ့လေပြီ။

ကိုရင်လောင်းတစ်ယောက် နား၊ မျက်စိတို့လည်ရလေပြီ။ မဏ္ဍပ်ကြီးမှာ ခမ်းနားလှပါကလား။ သင်္ဃာစင်မှာလည်း မှိုင်းလုံးကော်ဇောကြီးတွေကာလို့။ ပွတ်လုံးပုံတွေ၊ ပန်းရာဇမတ်ပုံတွေနှင့် ၀င့်ထည်ခန့်ငြားနိုင်လွန်းပါဘိ။ ရောင်စုံစက္ကူ ဖြူနီညိုပြာတို့ဖြင့် မဏ္ဍပ်တိုင်များကို အလှဆင်ထားသည်မှာ နတ်ဘုံနတ်နန်းသို့ ရောက်နေပြီလောဟု ထင်မှတ်စေ၏။ ငှက်ပျောခိုင်၊ အုန်းခိုင်နှင့် ဓနိခိုင်များကိုလည်း ဆွဲထားသေး၏။ အလို မဏ္ဍပ်တိုင်တစ်ခုမှာ ဆွဲထားတဲ့ ငှက်ပျောပွဲက ထူးခြားလှပါကလား၊ သြော်.. မိုးမရွာအောင် ကိုးထားတာတဲ့။ အဲ သည်ပွဲထဲမှာ ငွေမတ်စေ့တစ်စေ့လဲ ပါသေးသဗျ။

ကိုရင်လောင်းလူပျိုပေါက်မှာ မျက်နှာတွင် သနပ်ခါးအဖွေးသားနှင့် နေရထိုင်ရ ခက်လှချည့်။ ၀တ်လဲတော်ပုဆိုးက အသစ်စက်စက်၊ ထိုင်းမသိမ်းအင်္ကျီဆိုတာကြီးကလည်း အသားကပ်နေသေး။ ဘယ်နှယ့်ပါလိမ့်နော်။ ကြွက်နီတို့ ခွေးပုတို့ကလည်း တစ်ချိန်လုံး ကိုရင်လောင်းကို စ,နေကြတော့တာပဲ။

ဟော..အရုဏ်တက်ကတည်းက တီးမှုတ်နေကြတဲ့ ဗြောဆရာကြီးတို့ ရောက်လာကြပြီ။ မြင်းဖြူကြီးကလည်း ၀င့်ဝင့်ကြွားကြွား မြင့်မြင့်မားမားနှင့် အသင့်ရှိနေပြီ။ ဘုန်းကြီးကျောင်းမှ ရွှေထီးလဲ ငှားလာကြပြီ။ အဘယ်သော အမှုကျန်သေးသနည်း။

ကျန်ပါသေး၏။ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်ကိစ္စ...။

မဏ္ဍပ်အ၀န်းအ၀ိုင်းထဲသို့ ကိုရင်လောင်း မျက်စိကစားရလေပြီ။ အဒေါ်ကြီးတစ်ဦးသည် မိန်းမပျိုလေးများကို အကျွေးအမွေးကိစ္စအတွက် စီမံညွှန်ကြားနေဟန်ရှိ၏။ ဟော..ဟော ကွမ်းတောင်၊ ပန်းတောင်ကိုင်ရန် ခန့်ခွဲနေပြီ။ ဟင်..အဒေါ်ကြီး မျက်နှာလိုက်လိုက်တာ၊ သူဌေးသမီးကို ကွမ်းတောင်ကိုင်ရမတဲ့။ လှလဲမလှဘဲနဲ့။ ဟိုမိန်းမပျိုလေးကို မကိုင်ခိုင်းရကောင်းလော။ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ကလေး။ မျက်နှာကလေးကလည်း ယဉ်ပါဘိသနဲ့။ စိန်တွေရွှေတွေမဆင်နိုင်ပေမဲ့ စံပယ်ပန်းကုံးလေးပန်ထားပုံများ အလှပေါ်အယဉ်ဆင့်လို့ တင့်လှပါဘိ။ သူ့ကိုပဲ ကွမ်းတောင် ကိုင်ပါစေတော့လား။ အဒေါ်ကြီး မျက်နှာကိုလိုက်တယ်။ ကိုရင်လောင်းမျက်နှာ လငပုပ်ဖမ်းရလေပြီ။ ညိုညိုမှောင်၍ မည်းပြီတကား။ သူဌေးသမီး၊ ပွဲစားသမီး၊ သူကြီးသမီးတို့ ကွမ်းတောင်အစေ့အငှ ရကြလေပြီ။ အမယ် ကွမ်းတောင်တစ်ခု ပိုနေပါသေးကလား။ မျက်နှာလိုက်တဲ့ အဒေါ်ကြီး သည်တစ်ခါဖြင့် ဘယ်သူ့ကို ပေးမှာပါလိမ့်။

"ရော့..ညည်းကောင်းကောင်းကိုင်ခဲ့၊ လွတ်မကျစေနဲ့"

ကိုရင်လောင်း၏ မျက်နှာသည် တိမ်ကင်းစင်သော လနှယ်၊ ကြည်လင်ဝင်းပလာ၏။ ရိုးရိုးယဉ်ယဉ် မိန်းမပျိုကလေးသည် ကွမ်းတောင်ကို ဣနြေ္ဒရရ လက်ခံယူ၏။ ယင်းနောက် သင်္ဃာစင်ဘက်သို့ ကြည့်လိုက်ရာ ဘသားချော ကိုရင်လောင်းနှင့် အကြည့်ချင်းဆုံမိကြသည်။ ဘာကြောင့်မှန်းမသိ၊ သူတို့နှစ်ဦး မျက်နှာနွေးသွားသည်။ လူအများနှင့် အုတ်အုတ်သဲသဲ စည်ကားကျယ်ဝန်းလှသော မဏ္ဍပ်ကြီးသည် နှစ်ဦးသားအဖို့ ခဏမျှေ၀၀ါးသွားရလေ၏။

မြင်းဖြူကြီး ကဏ္ဍိကသည် ကကြိုးတန်ဆာ စုံလင်စွာဖြင့် မဏ္ဍပ်ဝတွင် အသင့်ရှိနေလေပြီ။ ဗြောဆရာကြီးတို့သည် ဗြောသံနှင့်အတူ ကိုရင်လောင်းကို မြင်းပေါ်သို့ တင်ကြလေ၏။ "ကဏ္ဍိကရေ၊ မောင်ရင်လောင်း သာသနာ့ဘောင်အတွင်း သက်ဆင်းတော့မှာမို့ ပါရမီဖြည့်ဖော်ဖြည့်ဖက်အနေနဲ့ ကောင်းမွန်စွာ လိုက်ပို့ပါ" ဟု အဓိပ္ပါယ်ရသော လင်္ကာရှည်ကြီးဖြင့် အမိန့်တော်ပြန်၏။

ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ်၊ ယောက်ျားမိန်းမ အစုစုတို့သည် ဗြောသံကို နာခံရင်း မဏ္ဍပ်မှ စီရရီ ညီညာစွာ ထွက်ကြလေပြီ။

ပလုတ်ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ၀ါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။

နေမင်းသည် တောကိုလည်းကျော်၊ တောင်ကိုလည်း ကျော်ခဲ့လေပြီ။ ၀ါရွှေသောအလင်းတန်းတို့ကို တောင်ကုန်းရွာလေးအပေါ်သို့ သွန်းပက်ဖြန့်ကြဲလေပြီ။ နေရောင်ဝယ် ရွှေထီးတို့သည် ၀င်းဝင်းပြက်ပြက်။ ရွာသူရွာသားတို့သည် ၀တ်ကောင်းစားလှများဖြင့် တင့်လှယဉ်လှပါ၏။ အတင့်ဆုံးအ၀င့်ဆုံးကား သူတို့ဆင်မြန်းထားသည့် ရိုးဂုဏ်မြင့်သော အပြုံးပွင့်လေးများပင်။

အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးလှပါဘိ၊

ဗြောဆရာကြီးတို့က လက်စွမ်းပြ၏။ ကာလသားတို့က ချပ်၍ညှပ်၍ ရတုဆို၏။ "စာပုလွေရှေ့မှာခင်းပါလို့ ရုပ် တွက်ရင်းရယ်တဲ့ မောင်ကငို" ဟု ရတုသမားကတိုင်လျှင် ကာလသားတို့က တိုင်ပင်ကျယ်ကျယ်ခေါ်၍ "ရွှဲ" လိုက်ကြ၏။ ရတုအမျိုးမျိုးရှိသည့်အနက် ကိုရင်လောင်းနှင့် စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင် မိန်းကလေး၏ စိတ်ကို အထိခိုက်ဆုံးသောရတုကား သာသနာ့ဘောင်မှာ သာသနာ့ဝန်ကို ထမ်းလိုတာမို့ တစ်လလောက်ခွင့် ပြုဖို့အရေး အခွင့်တောင်းသော ရတုပင်ဖြစ်သည်။ ဤရတုသည် ကိုရင်လောင်း၏ စိတ်ကို ထိခိုက်လှချေ၏။ မြင်းပေါ်မှ ကိုရင်လောင်းသည် ရုတ်ချည်းပင် မျက်နှာညှိုးနွမ်း၍ ဦးခေါင်းငိုက်စိုက် ကျရလေပြီ။ မြင်းဖြူကြီး ကဏ္ဍိကသည်ပင် သူ့သခင်စိတ်နှလုံးညှိုးနွမ်း၍ ဣနြေ္ဒမဆည်နိုင် ဖြစ်ရလေပြီ။

"တစ်လတာ သည်အရေးကိုလ
မဟ၀ှာ ကြည်ကြည်ပေးပါ" တဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။

ကိုရင်လောင်းသည် တစ်ပူပေါ်နှစ်ပူ ဆင့်ရလေပြီ။ အမိအဖတို့၏ ရင်ငွေ့မှခွဲခွာ၍ ကျောင်းကြီးပေါ်မှာ နေရတော့မည်။ ကစားဖော်ချင်း သူငယ်ချင်းများနှင့်ခွဲ၍ ဆရာတော်ကြီးရှေ့ဝယ် ပုတီးစိပ်ရတော့မည်။ သားတော်မောင် ကိုရင်လောင်းကား အတော်လေး လူလားမြောက်၍ လူပျိုပေါက်ကြီးဖြစ်ခါစ။ အလှူတော်မင်္ဂလာပွဲကို ဆင်နွှဲနေရလင့်ကစား သူ့မှာလဲ နှလုံးသားရေးရာ ပြဿနာလေးများက ရှိနေပြန်ပါသေး၏။ ကိုရင်လောင်းအဖို့ စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင်မိန်းမပျိုလေးဆီမှ တစ်လတာဝေးကွာရမည်မှာ အဆိုးဆုံး ဖြစ်ချေတော့သည်။ ကိုရင်လောင်းသည် စိတ်နှလုံး ကြေကွဲလျက် ကွမ်းတောင်ကိုင်ကလေး ရှိရာသို့ ငဲ့စောင်း၍ ကြည့်မိလေသည်။

မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ၊

ကွမ်းတောင်ကိုင်မလေးသည်လည်း ကိုရင်လောင်းနည်းတူ ထိုရတုကို ကြားရပါ၏။ အကယ်စင်စစ် ထိုရတုကို မိန်းမပျိုလေး မကြားလိုပါလေ။ တစ်လတောင် ခွင့်ပေးရမတဲ့။ များလွန်းလှချည့်။ ခွဲထွက်ရှောင်သွေ နေနိုင်လွန်းလှချည့်။ တကထဲ သည်လောက်တောင် ရှိလှမင့်ဟာ...။ တစ်လမဟုတ်ဘူး၊ ဆယ်လ။ တစ်ကြိမ်မဟုတ်ဘူး၊ ဆယ်ကြိမ်။ ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်။ ကြွတော်မူပါတော်ရေ...။ မိန်းမပျိုလေး၏ စိတ်ထဲဝယ် ဂရုဏာဒေါသတို့ လှိုင်းထလျက်ရှိသည်။ သည်လောက်တောင် ရက်ရက်စက်စက် ခွင့်တောင်းရပါမည်လားဟု ရှက်လဲရှက်မိ၊ ဒေါသစိတ်ကလေးလဲ ဖြစ်မိရကား ခမျာမှာ လက်ထဲမှကွမ်းတောင်ကလေးပင် မြေသို့ ခ,ရရှာတော့ သည်။

ကညာလုံ ကြာမုံညွှတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
"မတွယ်တာ ဆယ်ခါလွှတ်မယ်" တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမြက်ရည်
လည်တယ်လို့မဆုံး။

ခမျာလေးမှာ လူကသာ ရှင်လောင်းလှည့်နေရသော်ငြား စိတ်ဝယ် တိတ်တိတ်ကလေး ပူဆွေးနေရချေပြီ။ သြော်...သူတို့တွေ ပျော်နိုင်ရက်ပါပေ့နော်...။ ဗြောဆရာကြီးတွေကလဲ တီးလိုက်ခေါက်လိုက်ကြတာ၊ နှဲဆရာကြီးကလဲ မှုတ်နိုင်ပါပေ့။ ကာလသားတသိုက်ကလဲ "ရွှဲ" လိုက်သံ တညံညံနဲ့ မစာနာ၊ မသနား အငြိုးနဲ့များ လှောင်ကြလေသလားနော်..။ ဒီမှာဖြင့် မပူရုပ်နဲ့ ဟန်လုပ်နေရပါတယ် တော်ရယ်..။

ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်၊

စံပယ်ဖြူဖွေး ကွမ်းတောင်ကိုင်လုံမလေးမှာ ၀မ်းနည်းစိတ်တို့ တလိပ်လိပ်..။ မျက်ရည်ကလေးများပင် လည်ရှာလေပြီ။ အမယ်မင်း ကိုရင်လောင်းကြီးဘုရား။ ကျွန်တော်မျိုးမကို ဒီလူရှုပ်လူပွေတွေကြားထဲ စိတ်ချလက်ချ ထားခဲ့တော့မှာလားတော်။ တစ်ကောင်ကြွက် တစ်မျက်နှာ မျက်စိသူငယ် နားသူငယ်မို့ များလွန်းလှတဲ့ ရက်သုံးဆယ်ကို လျှော့တော်မူပါဦးလားတော်ရယ်..။ စောစောကလေ ကျွန်တော်မျိုးမ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောခဲ့မိပါတယ်။ တစ်လမဟုတ် ဆယ်လလွှတ်မယ်ဆိုတဲ့စကား၊ ဘွာခတ်လို့ ပြန်လည်ရုတ်သိမ်းပါရစေလား တော်ရယ်..။

"လှောင်ချက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှတ်ပေမဲ့
သာသနာ ၀ါဝါ၀တ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပါ့
တစ်လဆို ရက်ကို ချဉ်းပါဖျာ့"
ဘွာခတ်ကာ ခမျာငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီးကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။

ဗြောသံသည် တဖြေးဖြေး ဝေး၍ဝေး၍ သွားလေပြီ။ ပီသကြည်မြလှသော ဗြောသံသည် တောင်ကုန်းရွာလေးကို တစ်ပတ်ပတ်မိချေပြီတကား။ မကြာမီ ရွာဦးကျောင်းသို့ တစ်ကျော့ဝင်လာတော့မည်။ အလို...ပီလှမြည်လှ စည်လှသော ဗြောသံဝယ် ရှိုက်သံသဲ့သဲ့ကလေးသည် ဘဇာကြောင့် ကပ်ငြိ၍ ပါလာရပါသနည်း။

ညိမ်းညို

22 August 2008

ငါတို့ပေါ့

ငါတို့ပေါ့
မူးမူးနဲ့ ပွေးစုံ့တွေကို အနံ့ခံခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဂျုံခင်းတွေထဲတိုးဝင်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မျက်နှာစိမ်းတွေကို ရန်ပြုခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဖွတ်တွေပုတတ်တွေ လိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ တရွာသားတွေနဲ့ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ၀ါပင်လေးတွေကို ပွတ်တိုက်နင်းချေခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ပဲကြီးပွင့်ဖြူဖြူလေးတွေကို နမ်းရှိုက်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ကင်းတားလက်ဝဲမြောင်းကို တမြုံ့မြုံ့ကူးခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မြေနီသဲဝင်းနှမ်းတလင်းမှာ ပုလင်းတူဘူးစို့ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ဖရဲခင်းပယ်သီးတွေကြား ခုန်ပေါက်ပြေးလွှားခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မန်ကျည်းပင်ရိပ်နွေအတိတ်မှာ အော်ဟစ်ငိုယိုခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နာနတ်ရိုင်းကွင်း လိပ်ကျင်းတွေထဲ ချော်လဲရောထိုင်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ပြောင်းရိုးတွေကြား လွန်းထိုးလွန်းတင် ကြင်နာသတ်ပုတ်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နှင်းရည်မွှေးမြ မြေပဲခင်းစိမ်းရင့်ညိုမှောင်တွေပေါ် လူးလှိမ့်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ညွှတ်သီးဖြာကျ ပဲတီပင်တွေအောက် တမေ့တဆွေး အိပ်မောကျခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ ထနောင်း၊ သနပ် တံလှပ်အရိပ်တွေထဲ ဘ၀ကို ပွဲတော်လိုတွေးခေါ်ခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ မည်းမှောင်ခဲသိပ်တိမ်တလိပ်ကို ဖြိုင်ဖြိုင်သဲသဲရွာလေမလားလို့ မျှော်တော်ဇောနဲ့မောခဲ့ကြတာ

ငါတို့ပေါ့
မူးမူးနဲ့ နေရောင်သွေ့သွေ့ လေပြေစွေ့စွေ့မှာ တရွာသူပျိုဖြူချောတို့ကို ပိုးပန်းခဲ့ကြတာ
(ဟဲ့ ဟိုဟာမလေး ဘုန်းကြီးကျောင်းမှာ နေတယ်မို့လား)

ငါတို့ပေါ့
မူးမူးနဲ့ ရွာရဲ့ကွမ်းတောင်ကိုင်အလှပဂေး ကောင်မလေးကို ခပ်မြူးမြူး ကြည့်ခဲ့ကြတာ
(သလုံးသားအိအိလေးတွေက ခဲထားချင်စရာ)

ဟေးး အောင်နက်
တို့သခင်တိုက်တဲ့ ထမင်းရည်ထဲမှာ
အရက်တွေများ ပါရော့သလားကွာ
မူးလိုက်တာ တအားပဲ
ဒီနှစ်နွေလဲ ပူတာပါပဲကွာ။

ညိမ်းညို

19 August 2008

မီးခတ်ကျောက်

"ရာဇ၀င်ကား
နှလုံးသားမရွှေ့လျှင်
ရွေ့ရိုးထုံးစံမရှိချေ".....ဖော်ဝေး

သမိုင်းတစ်ခေတ်
တိုးတက်ဖြစ်တည်
ရှေ့သို့ချီလော့
ညီနောင်ဆွေရင်း
သူငယ်ချင်းတို့။

ခုချိန်ခါမှာ
ဘယ်သူကဘာ
အပေါ်ယံအလွှာ
မာယာများလွန်း၏
မနက်ဖြန်ခါ
သဘက်ခါ
အရေပြားတွေကွာကျ
အခွံတွေကွာကျ
အဲဒီတစ်နေ့မှာ
ဘယ်သူကဘာ
ပကတိမျက်နှာ
ကွင်းကွင်းကွက်ကွက်
ပြက်ပြက်ထင်ထင်
မင်းတို့ငါတို့
မြင်ရမယ်။

ငရုတ်မှန်ရင် ရဲရဲစပ်
မြွေမှန်ရင်တော့ တွင်းဝင်ဖြောင့်စမြဲ။

အမှန်တရား၏မျက်နှာမှတစ်ပါး
အခြားသောမျက်နှာတို့အား
ထောက်ရှုငဲ့ညှာခြင်းငှာ
မပြုစကောင်း။

အို...
သန္ဓေမှန်သော အလင်းငှက်တို့
သမိုင်းအမှန်ကို မြွက်ကြားဖို့
ငါတို့ ပန်ကြား၏။
အပေးအယူ အလျဉ်းကင်း၍
ဖေးကူခြင်းတို့ လင်းစေပွင့်စေသား။

ညိမ်းညို

17 August 2008

မိုးထဲလေထဲမှာ ငါတို့ဟာ တစ်ယောက်လည်းပင်းတစ်ယောက်ဖက်လို့

အသွေးအသားထဲမှာ
အသွေးအသားထဲမှာ
အသွေးအသားထဲမှာ
..................
..................
..................
ကဗျာ
ကဗျာ
ကဗျာ
.......
.......
.......
ဒီလို..ရူးသွပ်ခုံမင်စွာ
တမ်းမက်တွယ်ဖက်ထားလိုက်မိတော့ရဲ့
ကဗျာရေ ..
မိုးထဲလေထဲမှာ ငါတို့ဟာ တစ်ယောက်လည်ပင်းတစ်ယောက်ဖက်လို့
ခရီးတွေအများကြီးဆက်ရဦးမယ်
ရှေ့မှာ
ရန်သူတစ်ထောင်
ငါတို့ချစ်ခြင်းကို ပိုမိုခိုင်မြဲစေဖို့..။

ညိမ်းညို

12 August 2008

ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလား

ဘ၀က
အချိုရည်ကုန်သွားတဲ့ကြံဖတ်လေးလိုပါပဲလားကွာ
တစ်ချို့တွေစားသုံးဖို့ကိုပဲ
ကိုယ့်အသက်လေးကိုယ် ထိုးထိုးထည့်နေရ
ကြိတ်ဖြတ်ဝါးမြို စက်ကြီးထဲ
မမြင်ရတဲ့နှောင်ကြိုးတွေတောင်
စုတ်ဖွာကွဲအက်လို့နေပေါ့
ဆရာကြီး၊ သမ္ဘာကြီးတွေကလဲ
အထာကြီးတွေတစ်ခွဲသားနဲ့
ကြေကွဲလို့ မဆုံးနိုင်ပါဘူးတဲ့လေ
ဂါဂါရေ..သူငယ်ချင်းရေ
ရေကများသလောက်
ငါတို့ ငါးမရခဲ့ကြပါဘူးကွာ
သူငယ်ချင်းရေ..ဂါဂါရေ
ဒဏ်ရာမကင်းသေးသမျှတော့
သံသရာအသင်းမှာ
ဖန်တရာတေအောင် ရုန်းကြကန်ကြဦးစို့
ဖြစ်ရဲ့မဟုတ်လား
ရာသီတစ်လျှောက်ပွဲကြပ်တွေထဲ
ငါတို့ ရဲရဲတိုးဝင်ကြစို့
မြင်ရဲ့မဟုတ်လား
ငါတို့ခြေထောက်တွေကို ရိုက်ချိုးပစ်မဲ့
ခပ်ဆိုးဆိုးနောက်တန်းကောင်တွေ
တွေ့ရဲ့မဟုတ်လား
ငါတို့ဘ၀နဲ့သွင်းထားတဲ့ဂိုးတွေကို
စုတ်ဝင်လာဘ်ဝင်ဂါထာတစ်ပုဒ်လို မန်းမှုတ်ပစ်မဲ့
လူကြီးလူကောင်း လောင်းကစားသမားတွေ
ကြားရဲ့မဟုတ်လား
ငါတို့ထွက်သက်ဝင်သက်တွေကို
သွက်သွက်လည်အောင် ဆွဲခါလှုပ်ရမ်းပစ်လိုက်မဲ့
မာယာတညံညံ ၀ီစီသံတွေ
အလို...
ကိုယ့်အရိုးနဲ့ ကိုယ်စိုက်ထူ
ကိုယ့်အဖီကိုယ် ပြန်မတ်ကူဖို့
ဒိုင်တစ်ယောက်ရဲ့
ဆုံးဖြတ်ခွင့် မှော်ပန်းတစ်ပွင့်
ကိုယ့်ရင်မှာ ကိုယ်ပြန်ပျိုးကြရင်း
ငါတို့ရဲ့ခရီးကြမ်းကို ၀က်သိုးချုပ်ချုပ်လိုက်ပါပေါ့လား
ဒီနေ့၊ မနက်ဖြန်နဲ့တကွဖြစ်သော
နှစ်လရာသီပေါင်းများစွာ...။

ညိမ်းညို

- ဂါဂါနဲ့ သူငယ်ချင်းမျှားပြာတို့အတွက် ကျနော့်ရဲ့ ရာသီဦးမှာ ခူးဆွတ်လိုက်တဲ့ဖလားကို အပ်နှင်းလိုက်ပါတယ်။

10 August 2008

သံတူကြောင်းကွဲ ဖျားနာမှု

အမှောင်ထဲ
မျက်လုံးများ
မီးစုန်းစုန်းတောက်
လူငယ်
အသွေးအားကောင်းကောင်း
အသက်ဓာတ်ပြင်းပြင်း
အမှန်တရားစစ်စစ်
အသက်ထက်ပိုချစ်ခဲ့ကြ
လက်မောင်းချင်းတိုက်ခဲ့ကြ
လက်ဖျံချင်းရိုက်ခဲ့ကြ
အရိုးအရိုးချင်း ခိုက်မိ
နှလုံးသည်းပွတ်ချင်း ဓာတ်လိုက်မိ
အဲဒါ လူငယ်
ရာဇ၀င်ထဲမှာ ထားခဲ့မိကြပေါ့
ဒီလိုနဲ့
နံရံ
မျက်နှာကြက်
ကြမ်းပြင်
အခန်းထဲ
နွယ်ရှင်တွေ
တမဟုတ်ချင်း အသက်ဝင်လာနေခဲ့
ခင်ဗျားတို့ ကျွန်တော်တို့
အလေအလွင့်လမ်းမတစ်လျှောက်
အဖိတ်အစင်များသော နေ့ရက်များ။

ညိမ်းညို

4 August 2008

ငါတို့နဲ့ ခေတ်ကြီးနဲ့

"လမ်းတွေက
ငါတို့ထင်သလောက်
ဖြောင့်တန်းမနေပါဘူး ဘိုညိမ်းရာ"
ဟေး ဘိုတင့်
အမြိုက်တရားမှာ
အမိုက်အမှားတွေမလာရဘူးလို့ ဘယ်သူပြောလဲကွ
လာ...
ငါတို့
ကဗျာပြိုင်စပ်ကြစို့
ငါတို့
တရားထိုင်မှတ်ကြစို့
လမ်းကကောက်တယ်
ဖြောင့်အောင်လျှောက်မယ်
ဒါဆို
ငါတို့ သိဒ္ဓိပေါက်ပြီပေါ့ကွာ
ဆင်သွားတိုင်း လမ်းမဖြစ်ဘူး
ဆင်နင်းလို့ ပျက်သွားတဲ့လမ်းတွေအတွက်
ငါတို့ စာနာတတ်ရဦးမယ်
လမ်းကြောင်းကျန်ဖို့
လမ်းကြောင်းမမှန်ကောင်းလားဘိုတင့်
လမ်းမှန်မှ လမ်းကျန်မယ်
ဟောဒီ ဆုပ်ချည်ဖြန့်ချီငါတို့လက်များ
ပန်းခူးဖို့ တင့်တယ်ကောင်းတင့်တယ်ပေလိမ့်
ပန်းခြွေဖို့ မသင့်ပေဘူး
ခေတ်ကြီးထဲ ဒိုင်ဗင်ထိုးချဖို့
ခေတ်ကြီးကို ငါတို့ချစ်ကြစို့ရဲ့။

ညိမ်းညို

2 August 2008

လူတောမတိုးတဲ့ကောင်

ပါးစပ်ကြီးနဲ့ အရေးကြီးနေတဲ့
ပါးစပ်ကြီးနဲ့ စေတနာထားနေတဲ့
ပါးစပ်ကြီးနဲ့ မခံမရပ်နိုင်ဖြစ်နေတဲ့
ပါးစပ်ကြီးနဲ့ ကြေကွဲနေတဲ့
ပါးစပ်ကြီးနဲ့ ခံစားနေတဲ့
ပါးစပ်ကြီးနဲ့ စာနာနေတဲ့
ပါးစပ်ကြီးနဲ့ ကူညီနေတဲ့
ပါးစပ်ကြီးနဲ့ တက်ကြွနေတဲ့
ပါးစပ်ကြီးနဲ့ ပညာရှိနေတဲ့
ပါးစပ်ကြီးနဲ့ ဆော်သြနေတဲ့
ပါးစပ်ကြီးနဲ့ ဦးဆောင်နေတဲ့
ပါးစပ်ကြီးနဲ့ အနစ်နာခံနေတဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
အဲဒီလို……
ပါးစပ်ကြီးသမားတွေကို တူးတူးခါးခါးမုန်းတတ်တဲ့
သူ့စိတ်ကလေးကိုသာ ပြုပြင်လိုက်မယ်ဆိုရင်
အင်း…မဆိုးပါဘူး
ဒီကောင်လေး လူတောတိုးနိုင်တယ်။

ညိမ်းညို

28 July 2008

အစိမ်းသေ

ရက်စက်တယ်
ဒီလောက် ခြွေချပေးခဲ့တာတောင်
ဘယ်လိုနှလုံးသားနဲ့
အပင်ကိုခုတ်လှဲပစ်လိုက်တာလဲ။

ညိမ်းညို

24 July 2008

အရိုင်းကဗျာ

နားကွင်းတစ်ဖက်နဲ့ အရိုးခေါင်းခါးပတ်ပတ်တယ်
ရင်ဘတ်ကြီးကတော့ ခင်ဗျားတို့လိုပဲ ထိလွယ်ရှလွယ်
အနံ့အသက်မခံနိုင်ရင် မဆလာဖြူးလိုက်
လူငယ်တစ်ယောက်ရဲ့အသွေးအသား
တစ်ပြားလျော့နှစ်ပြားလျော့ လာမလုပ်နဲ့
ဆင်ဖမ်းမယ်ကျားဖမ်းမယ် နောက်မှပြော
ခြေလှမ်းတွေ စမှတ်ကအရင်ရွေ့ရအောင်
အမှန်တရားဆိုတာ
ချိန်းဆိုထားတဲ့အချိန်ထက်
နောက်ကျပြီးမှ ရောက်လာတတ်သလေးဘာလေး
တွေးဆသယောင် ဖေးမသယောင်
ဘေးကမလှောင်နဲ့
သွေးမရှိရင် ဝေးဝေးသွားရှောင်
အဲဒီ အမှန်တရားဆိုတဲ့ငနဲ
ဂုတ်ဆွဲပြီးခေါ်ခဲ့
နောက်ကျပြီးမှရောက်လာမဲ့ ဒင်းမှာ
ရိုးသားမှုဂုဏ်ဒြပ်တွေ စုတ်ပြတ်နေမှာအသေအချာ
စောင့်နေဖို့ အချိန်မရှိ
လက်ဝှေ့ကျော်ကြီးတော့ မဟုတ်ဘူး
ယုံကြည်ထားတာ တစ်ခုရှိတယ်
ထိုးချက်တိုင်းဟာ
မြင်းကန်သလို ပြင်းထန်နေရမယ်
ဒါပဲ။

ညိမ်းညို

ps- MSU ကျောင်းသွားလည်တော့ မျှားပြာကြီးက နားပေါက်ဖောက်ပေးမယ် တကဲကဲလုပ်နေလို့ သူမဖောက်ခင်
ကိုယ်ကအရင်ဦးအောင် ကဗျာထဲမှာ နားကွင်းဆွဲပစ်လိုက်တယ်။ ကိုင်း…မှတ်ကရော :P

19 July 2008

အာဇာနည်ဗိမာန်

" မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်းအောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏ "
(ဗိုလ်ချုပ်အောင်ဆန်း)


(ပုံကို ဒီက ယူပါတယ်)

အာဇာနည်ဗိမာန်
သခင်ကိုယ်တော်မှိုင်း


သြော်၊ အဆောင်ဆောင်နန်းတွေ၊ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဘို့၊ အောင် ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ၊ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။

သြော် တပည့်ရင်းတွေမို့၊ က၀ိမတင်းနိုင်ဘုကွယ့် သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ် မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်သူမြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊ လူကြမ်း ဓပြတွေ ကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာ ပုံရဲ့ပြင် ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ် ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင် ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ် ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည် တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန် လျှမ်းပေတဲ့၊ သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ် အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာ ပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါတူမို့လို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။

မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာ နှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့၊ ၀သီလို တဖြေး ဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင် ပြောင်ဘဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန် ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တ ခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန် ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာဆရာကန် တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင် ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော် တောင်နန်း မြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။

(မူရင်းသတ်ပုံအတိုင်း)