15 July 2008

လူသားဘဝ

ပျော်ဖို့လည်းကောင်း၊ စိတ်ဝင်စားဖို့လည်းကောင်းလှတဲ့ တက်ဂိမ်းတွေနဲ့ အချိန်အတန်ကြာ ကင်းကွာဆိတ်ငြိမ် နေတဲ့ ဘလော့ရပ်ဝန်းကို ကျနော်တို့၏စပ်မိစပ်ရာမှ လူပျိုကြီးများက(အမလေးမကတော့ လူပြိုကြီးများလို့ သုံးတာတွေ့ဖူးရဲ့ :P )လူသားဘ၀ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်နှိုးလိုက်ပါတယ်။ လူသားဘ၀ကို အစပျိုးခေါင်းစဉ်ပေးသူ ကိုသင်္ကြန်ရေးထားကို တအားနှစ်သက်မိပါတယ်။ "မှတ်မှတ်ရရ ဖြစ်လောက်တဲ့အထိ အကြီးအကျယ် ပျော်ရွှင် ခြင်း၊ အလွန်အမင်း ကြောက်လန့်ခြင်း၊ မျက်ရည်တောက်တောက်ကျတဲ့အထိ ၀မ်းနည်းခြင်း စတဲ့စိတ်ခံစားမှု အာရုံအားလုံးကို ပြင်းပြင်းပြပြ ရသွားချင်တယ်" ဆိုတဲ့ နံပါတ်(၃) အချက်ကိုဖြင့် မှတ်မှတ်ထင်ထင် သဘောကျမိ ပါတယ်။ အဲသည် နံပါတ်(၃)အချက်နဲ့ပတ်သက်လို့ နောက်ဆက်တွဲမှာ ကိုသင်္ကြန်ပြန်ရှင်းပြထားတာကလည်း စိတ်ဝင်စားစရာပါ။

အမလေးမရဲ့ လူသားဘ၀ပို့စ်ထဲက သည်ဖွင့်ဆိုချက်ကို တအားနှစ်ခြိုက်မိပါတယ်။

လူသားဘ၀ ဆိုတာ … ဘာသာရေး..ပတ်ဝန်းကျင်… အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ … ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် …။

ကိုလင်းဦးရဲ့ "ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေထိုင်သွားချင်တယ်။ ပြီးတော့ မေမြို့ကခြံတစ်လုံးမှာ အေးအေးဆေးဆေးနေချင်တယ်" ဆိုတဲ့ နံပါတ်(၄) အချက်ကိုတော့ ကျနော်လည်း မကြာမကြာ စိတ်ကူးမိသားဗျ။ အဲ...ဒါလေးတစ်ခုတော့ ထပ်မံဖြည့်စွက်ပါရစေ။ ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်စရာ မိသားစုလေးနဲ့ပေါ့ခင်ဗျာ..။

ရေးသာရေးနေရတယ်။ တက်အကြွေးတွေရှိခဲ့ဖူးတော့ ရေးရတာ လက်အတွန့်သားဗျ :) တော်ပါသေးရဲ့ အကြွေးရှင်တွေက လူရင်းကြီးတွေမို့.. :P

ကဲ..တက်ခံထိဖက် အကိုအမတွေရေးတဲ့အထဲက ကိုယ်ကြိုက်မိတာလေးတွေတော့ ပြောပြီးသွားပြီ။ ကိုယ်တိုင်ရေးဖို့ပဲ ကျန်တော့တယ်ဗျို့ :)

ကျနော့်ဘ၀မှာ သည်အချက်လေးတွေ ဖြစ်ချင်ပါတယ်။

(၁) ပုဂံကို ဆယ်ရက်လောက် အေးအေးဆေးဆေး သွားလည်ချင်ပါတယ်။

(၂) ဒါရိုက်တာအဖြစ်နဲ့ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ကားတစ်ကား ရိုက်ဖူးချင်ပါတယ်။

(၃) "ကျနော် ကဗျာတွေစပ်နေတာ တရားထိုင်နေတာပေါ့ဗျာ" လို့ ဆရာမကြီးဒေါ်ခင်နှင်းယုကို ပြန်ဖြေခဲ့ဖူးတဲ့ ဆရာဇော်ဂျီလို ကဗျာဆရာတစ်ဦးဖြစ်ချင်ပါတယ်။(သည်လို မရေးကောင်း၊ မရေးအပ်ဖူးဆိုရင် ခွင့်လွှတ်စေ လိုပါတယ်။ ကျနော့်စိတ်ထဲက ဆရာကြီးကို အားကျတဲ့စိတ်နဲ့ တအားဖြစ်ချင်တဲ့ ဆန္ဒသက်သက်ရယ်ပါ)

(၄) ဖြစ်နိုင်မယ်ဆိုရင် ဘယ်လို အသင်းအဖွဲ့၊ ဂိုဏ်းဂဏထဲမှ မပါချင်ပါဘူး။ ဘယ်ဂိုဏ်း၊ ဘယ်ဝါဒ၊ ဘယ်အဖွဲ့ အစည်းရဲ့ သြဇာလွှမ်းမိုးမှုမှမပါပဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် သီးခြားကင်းလွတ်စွာ ပြုမူပြောဆို နေထိုင်လှုပ်ရှား လိုပါတယ်။ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက်၊ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။ ဘယ်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့မနေရတဲ့၊ စိတ်ရောကိုယ်ပါ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။

(၅) မိရိုးဖလာသဘောမျိုးမဟုတ်ဘဲနဲ့"ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဆည်းကပ်လာသူ တစ်ယောက်အ ကြောင်း" ထဲက ဆရာဦးဆန်းလွင်ရဲ့ နားလည်သိမြင် လက်ခံယုံကြည်သွားတဲ့ စိတ်နှလုံးမျိုးနဲ့ ဗုဒ္ဓ၀ါဒကိုလှိုက် လှိုက်လှဲလှဲ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်တတ်ချင်ပါတယ်။

(၆) ကိုယ့်အချင်းချင်းရော၊ တခြားသူတွေအပေါ်မှာရော စာနာနားလည်တတ်တဲ့၊ ကူညီဖေးမတတ်တဲ့ ပျော်ရွှင်ချမ်းမြေ့စရာမိသားစုလေးနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေသွားချင်ပါတယ်။ (မကြာမကြာ စိတ်ကူး ယဉ်ခဲ့ဖူးတဲ့ ကိုလင်းဦးရဲ့ နံပါတ်လေးအချက်ကနေ ရွေ့လျောလာခဲ့ရခြင်းပါ။ လူဟာ ကိုယ့်လိုအင်ဆန္ဒတွေအ ကုန်လုံးအတွက် အဆင်မသင့်နိုင်တဲ့အခါ တခုခုကို အလျော့ပေးရတတ်ပါတယ်။ အခု နေရာဒေသဆိုတာကြီးကို ကျနော်အလျော့ပေးလိုက်ပါပြီ။ ကိုယ်မြတ်နိုးတွယ်တာရတဲ့ ချစ်သူနဲ့၊ မိသားစုလေးနဲ့ဆိုရင် ဘယ်အရပ် ဘယ် ဒေသမှာ ဖြစ်ဖြစ် ပန်းတွေဟာ ပွင့်မြဲပွင့်နေကြလိမ့်မယ်လို့ နှလုံးသွင်းတတ်ခဲ့ပါပြီ)

အသက်ရှင်နေထိုင်စဉ် သက်တမ်းတစ်လျှောက် သည်အချက်လေးတွေကို လုပ်နိုင်ခဲ့ရင် ကျနော် ကိုယ့်ကိုယ် ကိုယ်ကျေနပ်မိမှာပါ။

(၁) ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်သောစစ်ပွဲကြီးငယ် တစ်ပွဲကိုဖြစ်စေ၊ တစ်ပွဲထက်ပိုလို့ဖြစ်စေ (ကြိုက်သ လောက်ပိုပါစေ) ကျနော့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းကြောင့် တားဆီးနိုင်ခဲ့မယ်ဆိုရင်...။

(၂) စာပေစီစစ်ရေး၊ စာအုပ်ထုတ်ဝေရေးကိစ္စတွေမှာ စာပေပညာရှင်တွေ၊ စာပေလုပ်သားတွေ (စာပေလော ကသားတွေပေါ့ခင်ဗျာ) ကျေနပ်နှစ်သက်ပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် တစ်စုံတစ်ခုသော နည်းလမ်းနဲ့ဖြစ်စေ၊ အကြောင်းချင်းရာနဲ့ဖြစ်စေ စိတ်ရောကိုယ်ပါ တရားသဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့မယ် ဆိုရင်....။

(၃) သူငယ်ချင်းမိတ်ဆွေတွေအပေါ် ဘယ်သောအခါမှ ငြူစူတဲ့စိတ်မဖြစ်ပေါ်ဘဲ၊ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လဲ မိမိစိတ် ကို ချက်ချင်းသိ၍ ပြုပြင်နိုင်ခဲ့မယ်ဆိုရင်...။

(၄) အသားအရောင်၊ ဆင်းရဲချမ်းသာ၊ ဘာသာအယူဝါဒ၊ ပညာဂုဏ်ရှိန်၊ နေရာဒေသ ကွဲပြားခွဲခြားမှုမထားဘဲနဲ့ လူနဲ့လူချင်း သာတူညီမျှ လေးစားချစ်ကြည်စွာ ဆက်ဆံနိုင်ခဲ့မယ်၊ ကူညီဖေးမနိုင်ခဲ့မယ်ဆိုရင်...။

(၅) ကိုယ့်ရဲ့ချစ်သူအပေါ်၊ သားသမီးတွေအပေါ်၊ မိသားစုအပေါ်၊ အခြားသူတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတတ် တဲ့အကျင့်မျိုးကို အမြစ်တွယ်ခွင့်မပေးဘဲ ရှိနေတယ်ဆိုရင်တောင် တစ်နေ့ထက်တစ်နေ့ ပါးလျားကွယ်ပျောက် သွားအောင် ပြုပြင်နေထိုင်နိုင်ခဲ့မယ်ဆိုရင်...။

ကျနော့်စိတ်ထဲမှာ အောင်းနေတာကြာပြီဖြစ်တဲ့အကြောင်းအချက်လေးတွေကို အခုလိုပို့စ်အဖြစ်နဲ့ စာတစ်ပုဒ် ရေးဖြစ်သွားအောင် တိုက်တွန်းနှိုးဆော်ပေးတဲ့ စပ်မိစပ်ရာမှ လူပျိုကြီး ကိုသင်္ကြန်ကို ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေ၊ ညီအကိုမောင်နှမတွေအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ :) :)

ညိမ်းညို

16 comments:

Unknown said...

ကိုယ်ဖြစ်နေတဲ့ဘ၀နဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ထပ်ထဲကျနေတာကို မလိုချင်ဘူးလား ကဗျာဆရာရေ ..(သိပ်စိတ်ကူးယဉ်တာပဲ.. )
စိတ်ကူးလေးတွေတစ်ခုချင်းအကောင်ထည်ဖေါ်နိုင်ပါစေ...။
အားပေးနေမယ်နော်.. :) :) :)

လင်းဦး(စိတ်ပညာ) said...

အဟဲ.... ကိုယ့်ညီလေးနဲ့ သဘောထားချင်းကတော့ တော်တော်တူနေတာပဲ..... ကောင်းပါ့.... မိရိုးဖလာအဆင့်ကနေ တကယ့်ဗုဒ္ဓဘာသာရောက်အောင် ကြိုးစားနေတာသိရလို့ ၀မ်းသာတယ်ညီရာ. .....:)

Layma said...

အစ်မ တော့ နောက်တစ်ချက် ထပ်ဖြည့်ရတော့မယ်..
ညိမ်းညို ရိုက်တဲ့ ရုပ်ရှင် မှာ မင်းသမီး လုပ်ချင်တယ်.. ( အမေ ခန်းကပဲ ဖြစ်ဖြစ် ).. ခွိ.. ခွိ...။
၎ က .. ကို အစ်မလည်း ဖြစ်ချင်တယ်.. အပြစ်မလုပ်ဘဲ နောက်ကျောမလုံတဲ့ ဘ၀ကြီးကို အရမ်းခါးသီးတာပဲ...။
၂ ခ .. ကို တော့  သေချာ မှတ်ထားပါ့မယ်..။ အစ်မ သမ္မတဖြစ်ရင် ဘိုညိမ်းကို စာပေ ၀န်ကြီး.. ပြန်ကြားရေးနဲ့  ပြည်သူ့  ဆက်ဆံရေး ၀န်ကြီး ခန့် ပေးမယ်..။ နော်...။
ဆန္ဒတွေ ဖော်ဆောင်နိုင်ပါစေ..။
ခင်တဲ့
လေးမ

MgThaJan said...
This comment has been removed by the author.
Anonymous said...

အနုပညာသမား ပီသတယ်လို့ပြောရမယ်ဗျာ.. စိတ်ကူးတွေက ငြိမ်းချမ်းတဲ့အငွေ့သက်လေးတွေကို ဖော်ဆောင်နေတော့.. အဲဒီစိတ်ကူးလေးကို နှစ်သက်မိသား.. ကျနော်ကတော့ မေ့လောက်မှထတင်နိုင်မယ်ဗျာ.. ခရီးထွက်စရာရှိလို့..

MgThaJan said...

ဘယ်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့မနေရတဲ့၊ စိတ်ရောကိုယ်ပါ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။... ကြိုက်တယ်ဗျာ

"ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း" စာအုပ်ကတော့ ကျွန်တော့် ရဲ့ ဘာသာရေးလမ်းပြစာအုပ်ပါပဲဗျာ။ ဒါပေမယ့် အတ္တဆိုတာကလဲ တယ်ချစ်ဖို့ကောင်းတာကိုး :P

ပျော်ရွှင်ချမ်းမြေ့စရာမိသားစုလေးနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေသွားဖို့လဲ ကျွန်တော့် အိပ်မက် တစ်ခုပဲဗျ။ တောင်ကြီးကိုတော့ ပိုကြိုက်တယ် :)



ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါညိမ်းညိုရေ :)

မေဦးခင် said...

nyein nyo

lo in sanda twe pyae wa par say kwel...

Kaung Kin Ko said...

ညီလေးရဲ့  ဆန္ဒလေးတွေ ကောင်းတယ်။

SoeMoe said...

အစ်ကိုရဲ့ ဖြစ်ချင်တဲ့ ဘ၀လေးအမြန်ဆုံးရရှိပါစေ။
စိတ်ကူးလေးတွေကကောင်းတယ်နော်..။
:P

Tea said...

ရြေးထားတာတွေကို ကြိုက်တယ်...
ကျွန်တော်လည်း ပုဂံသွားချင်တယ်..
ပုဂံဆည်းဆာကို လွမ်းတယ်...

Kyaw Myat Thu said...
This comment has been removed by the author.
Mhaw Sayar said...

ဖတ်ရတာ ငြိမ်းငြိမ်းချမ်းချမ်း ရှိလှတယ် ညီရေ. "ကျနော် ကဗျာတွေစပ်နေတာ တရားထိုင်နေတာပေါ့ဗျာ" ဆိုတဲ့ ဆရာကြီး ဇော်ဂျီရဲ့ စကားကိုတော့ ကိုယ် အမှတ်အသားလုပ်သွားပြီ ညီရေ. တရားဟာ နေရာတိုင်းမှာ ရှိနေတယ် ဆိုတာ ပိုပြီးနားလည် ရမယ့် စကားမျိုးပါပဲ။

အားလုံးသော ညီရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒတွေ ပြည့်စုံအောင်မြင်ပါစေဗျာ. :)

ein said...

ဆန္ဒတွေ အကောင်ထည်ဖော်နိုင်ပါစေညိမ်းညို...း)

Anonymous said...

ညိမ်းညို .. မင်းလို စိတ်စေတနာ ကောင်းမွန်သူတယောက်ရဲ့ လူသားဘ၀ လိုအင်ဆန္ဒနဲ့ ပြည့်စုံပါစေလို့ အမ ဆုတောင်းပေးလိုက်တယ် ။

မင်း လိုအင်ဆန္ဒတွေ ဖြစ်လာနိုင်မယ်လို့လည်း အမ ယုံကြည်နေတယ် ... ။

Unknown said...

ကိုညိမ်းညို...ရေးတတ်လိုက်တာနော်..အားလုံးအပိုအလိုမရှိ
ဘဲ..။ :) :)

Anonymous said...

ဒါရိုင်တာ လုပ်၇င် ကျနော်လည်း ပါချင်တယ် ဘယ်အခန်းက ဖြစ်ဖြစ်ပေါ့း) ရေးထားတာတွေက စာရေးသက်ရင့်တယ်လို့ ပြောရမယ် ဘက်မျှပါတယ် ။ ကောင်းတယ် အစ်ကိုရေ့ လူသားဘ၀ ဆိုတာ ဖြစ်ချင်တိုင်းဖြစ်ရင် ဘယ်လောက်ကောင်း ။