14 May 2008

ပရမတ်

ငါအသက်ရှင်နေသရွေ့ကိုဖတ်အပြီးမှာ ကျွန်တော်ဟာ ကိုရန်အောင်ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး ဖြစ်လာခဲ့ ပါတယ်။ အဲသည်အခါတုန်းက အသီးသီးတင်ခဲ့ကြတဲ့ အထိမ်းအမှတ်ပို့စ်များစွာအနက် ကိုရန်အောင်ရဲ့ ငါအ သက်ရှင်နေသရွေ့ ကဗျာရှည်ဟာ ကျွန်တော့်စိတ်ကို အလွှမ်းမိုးဆုံးဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ ကိုရန်အောင်ရဲ့ ပရမတ်ဆိုတဲ့ကဗျာကို ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပါရစေ။ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးနေမိတဲ့၊ ဘလော့လက်ဦး မြင်ဆရာတစ်ဦးလည်းဖြစ်တဲ့ ကိုရန်အောင်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ညီအကိုမောင်နှမများ၊ သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ဘေးအပေါင်း၊ ရန်အပေါင်းမှ လွတ်ကင်းကြပါစေ။

*** *** ***
ပရမတ်


ဘယ်သူလုပ်နေသလဲ…
ဘာတွေလုပ်နေသလဲ…
ဘယ်ကိုရောက်မှာလဲ…
ဘယ်လိုယုံရမှာလဲ…

ဖန်တရာတေနေအောင်မေးကြ
ရေးကြ တွေးကြ ဆဲကြ ဆိုကြ
နှိမ့်ချပုတ်ခတ်ကြ နာမည်ယူပြောဆိုကြ
ဇမ္ဗူတလူ လူတွင်ကျယ်လုပ်ပြ
အရည်မရ အဖတ်မရ ငြင်းခုန်ကြ
အဖြေမထွက်ကြ အသေသတ်ကြ
ဟိုမှာတော့ အစာပြတ်နေကြ၊ ရေငတ်နေကြ…

ဒါတွေမေးနေတဲ့အချိန်မှာ
အပြစ်မဲ့ လူသားတစ်ယောက် သေဆုံးလွင့်ပျောက်သွားနိုင်တယ်

ဒါတွေ ရေးနေတဲ့အချိန်မှာ
ကလေးငယ်တစ်ယောက် ရေထဲမှာ ကယ်သူမဲ့ မျောပါသွားနေနိုင်တယ်

ဒါတွေ တွေးနေတဲ့အချိန်မှာ
လာကယ်မယ့် စက်လှေကို စောင့်နေတဲ့ မိန်းကလေးတစ်ဦး သစ်ပင်ထက်က လိမ့်ကျသွားနိုင်တယ်.

နိုင်ငံရေးလုပ်တယ် မလုပ်ဘူး
လုပ်စားတယ် မလုပ်စားဘူး
ပါဝါရှိတယ် ပါဝါမရှိဘူး
ငါ့နိုင်ငံရေးမှတ်တမ်းမျက်နှာစာတွေ ဒီလောက်ထူတယ်
နင့်လို နုမှည့်မဟုတ်ဘူး
ဒီလို ငြင်းခုန်ဘေးတီးနေရင်း
ငါတို့ ရွှေမြန်မာပြည် အညွန့်ကျိုးနေရပြီ…

မင်းလည်းမင်းလုပ်နိုင်တာမင်းလုပ်
ငါလည်း ငါလုပ်နိုင်တာ ငါလုပ်မယ်.
သူလည်း သူလုပ်နိုင်တာ သူလုပ်ပါစေ.

နိုင်ငံရေးသမားလည်း လူပဲ
စစ်ဗိုလ်လည်း လူပဲ
ကျောင်းသားလည်း လူပဲ
တော်လှန်ရေးသမားလည်း လူပဲ

လူရဲ့တန်ဖိုးကို ပညတ်တွေနဲ့ မတိုင်းတာနဲ့
ရင်ဘတ်ထဲက ပရမတ်ကို မြင်အောင်ကြည့်
စစ်ဗိုလ်ဆိုတိုင်း လူဆိုးလို့ မသတ်မှတ်နိုင်သလို
ဒီမိုသမားဆိုတိုင်းလည်း အထင်ကြီးလို့ မရဘူး

အခွင့်အရေးသမားဟာ အခွင့်အရေးကိုပဲ မျှော်တယ်
တကယ်လုပ်သူဟာ လုပ်စရာရှိတာကိုပဲ လုပ်တယ်.

တစ်ယောက်နဲ့တစ်ယောက် နှိမ့်ချကြ
ပုတ်ခတ်ကြ၊ မအေနှမတိုင်းထွာဆဲရေးကြ
အိုးမည်းသုတ်ခံထားရတဲ့ အိမ်ကြက်တွေ
လည်စင်းခံရမယ့် ရက်ကို အတူတူချီတက်သွားကြ…

မင်းနဲ့ငါ လမ်းကြောင်းမတူပေမယ့် ဦးတည်ချက်တူတယ်
ဒါဆို မင်းပါးစပ်ကိုပိတ်
ကိုယ့်လိပ်ပြာကိုယ်ငုံ့ကြည့်လို့
နှလုံးသားထဲက မနာလိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေကို
နာဂစ်နဲ့ ဆေးကြောပြလိုက်ပါဦး…

မင်းလုပ်နိုင်တာ မင်းလုပ်
မင်းလုပ်တာကို သမိုင်းက မော်ကွန်းထိုးမယ်
မင်းကိုယ်တိုင်တော့ ၀င်ရေးဖို့ မကြိုးစားနဲ့

လုပ်မပြနဲ့
တကယ်လုပ်ကြ…

ဒေါသထွက်နေရုံ၊ ခံပြင်းနေရုံ၊ မကျေမနပ်ဖြစ်နေရုံ ၀မ်းနည်းပူဆွေးနေရုံနဲ့ မပြီးပါဘူး... မှောင်လှချည်လားလို့ ငြီးတွားအပြစ်တင်နေမယ့်အစား ကျွန်တော်တို့ရဲ့ လက်ထဲက ဖယောင်းတိုင်လေး တစ်တိုင်စီလောက်ကို ထွန်းညှိလိုက်ကြရအောင်....

မုန်တိုင်းဘေးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီကြပါ..

ရန်အောင်

3 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

Yan Aung is one of my favorite Male Blogger that i ever like as his persuasiveness written skills are irresistible!!! Top of that u can see his sense of humor in his posts and poems.......

One of the male professional blogger which u can rarely find indeed.

Thanks ever so much to let it appear this poem again on your blog which it's simply very meaningful and related with current situation.

Regards.,
Soe Mya Nandar Thet Lwin

Unknown said...

ငါလည်းအဲဒီ့ကဗျာကို တော်တော်ကြိုက်လို့ သူ့ဆီမှာတောင် ကွန်မန့်ရေးခဲ့သေးတယ်...။ ဘာပဲ ဖြစ်ဖြစ်အခုလို ဝေမျှပေးတဲ့အတွက် ကျေးဇူးပဲ သူငယ်ချင်းရေ :)

SoeMoe said...

ကဗျာကောင်းလေးတပုဒ်ပါ..နားလည်သလိုဖတ်သွားတယ်နော်..အစ်ကိုကြိုက်တဲ့ကဗျာတွေထက်အစ်ကိုရေးတဲ့ကဗျာတွေပိုကြိုက်တယ်...ငါအသက်ရှင်နေသရွေ့ ..ပို့ စ်ကိုဖတ်ရတော့စိတ်မကောင်းလိုက်တာ...
ဝေမျှပေးလို့ ကျေးဇူးအထူးတင်ပါတယ်...