17 April 2008

အလွမ်းမြစ်သေ

ခင်းကျင်းခဲ့မိသမျှ
သံယောဇဉ်တို့ကို အလျားအနံမကျန်
(ကိုယ်စီ..) တိတိပပခေါက်သိမ်းပြီး
ညောင်ညိုပင်စခန်းမှာ လမ်းခွဲခဲ့ ကြပြီ ။

ညီအစ်ကိုမသိတသိ
ငါ့မေတ္တာတရားတွေလဲ
ညနေရီတရာမှာ အဟောသိကံ ဖြစ်ခဲ့ပြီ ။

လွမ်းသမျှပန်းပွင့်ပြီး
ပွင့်သမျှပန်းတွေ ကြွေခဲ့ပြီ..

" ဖြူစပ်..ရေ " ဆိုတဲ့ စကားတစ်ခွန်းနဲ့
ရင်ဘတ်ကို ဟင်းလင်းဖွင့်လိုက်ပေမဲ့
စိတ်တွေက ရွက်လွှင့်မသွားကြဘူး ။

ရင်ကွဲနာကျသံစဉ်တွေနဲ့
နာနာကျင်ကျင် ပြုံးပြပေမဲ့
ကြင်ကြင်နာနာ မဖြစ်ခဲ့ကြဘူး ..

နှလုံးသားတစ်စုံကို ဖွဖွလေးဆုပ်ကိုင်ပြီး
ကွေကွင်းခြင်းမန္တာန်နဲ့ မန်းမှုတ်လိုက်တော့
တကယ်ပါ..စိတ်ထဲမှာတောင် မျှော်လင့်မထားခဲ့ဘူး
ငါကျဆုံးသွားပုံကြီးက ပိုးစိုးပက်စက် နိုင်လွန်းလှတယ် ။

ဖြူစပ်ရေ..
ရင်ထဲမှာ မီးတွေကိုယ်စီလောင်နေပါလျက်
နှုတ်ခမ်းကို မာနနဲ့ တင်းတင်းစေ့ထားခဲ့ကြတယ်
ဘယ်လောက်ကြေကွဲဖွယ်ကောင်းတဲ့ ဇာတ်လမ်းပါလဲ
မငိုရဲပေမဲ့ ပြိုလဲနေကြပြီလေ..

သက္ကရာဇ်တွေ ရုန်းထွက်လာကြပုံက တစ်ရစ်ပြီးတစ်ရစ်
အလွမ်းမြစ်ကြီး (တဖြည်းဖြည်း..) တိမ်ကောသွားလိုက်ပုံကလည်း
မြစ်ကျိုးအင်းတွေတောင် ဖြစ်တည်ခွင့်မပေးတော့ဘူး ။

နှစ်ဖက်စလုံးက
တနင့်တပိုးနောင်တတွေနဲ့
ပဋ္ဋိပက္ခကို ရင်ကြားစေ့လိုက်ချိန်မှာတော့
(ထိတ်စရာ..လန့်စရာ)
မြစ်သေကြီးတစ်စင်းသာ ဘွားခနဲ ပေါ်လာတော့တယ်
ဒါ..ဘယ်တော့မှ ပြန်လည်ရှင်သန်မှာမဟုတ်တော့တဲ့
အန္တိမ သေဆုံးခြင်းပဲပေါ့ ..

ညိမ်းညို

p.s ­_ တကယ့်ကဗျာဆရာကြီးတွေတော့ အချစ်ကဗျာတစ်ပုဒ်ရေးပြီးလေတိုင်း သူတို့ရဲ့ ကြင်သူသက်ထားများက ဘယ်ပုံဘယ်နည်း တုံ့ပြန်ကြတယ်မသိနိုင်ဘူး။ ကျွန်တော်ငချွတ်တားလေးကတော့ အချစ်ကဗျာတစ်ပုဒ် ရေးပီး လေတိုင်း ချစ်သူဖြစ်သူရဲ့ အော်.. ဒီလိုတွေလဲ ရှိခဲ့တယ်လား၊ ဒါက ဘယ်တုန်းက ဇာတ်လမ်းလဲ၊ သိတောင် မသိလိုက်ရပါလား၊ လွမ်းလို့မကုန်နိုင်သေးဘူးပေါ့လေ.. စတဲ့ မျက်စောင်းမြားချက်အစင်းစင်းကို စက်ကွင်းပမာ အလူးအလဲ ခံရပါတယ် :P အင်းလေ..ကဗျာဆရာဆိုတာကလဲ အခက်သားလား။ လူကသာ ဆင်းရဲမွဲတေချင် မွဲတေနေမယ်။ သူ့စိတ်ကူးအိပ်မက်တွေ၊ တွေးဆမြော်မြင်မှုတွေကတော့ သိပ်ကြွယ်ဝတာကလား။ လူကသာ နှောင်ဖွဲ့အကျဉ်းချ ခံချင်ခံနေရမယ်။ သူ့စိတ်ခံစားမှုကို ရောင်ပြန်ဟပ်စေတဲ့ စကားလုံးတွေကတော့ သိပ်ကို လွတ်လပ်ရဲရင့် နေတတ်တာကလား။ ရင်ချင်းဆက်ဘာသာဗေဒနဲ့ လူမျိုးဘာသာ ဓလေ့ထုံးစံယဉ်ကျေးမှု၊ အသက်အရွယ် ခေတ်ကာလအပိုင်းအခြား၊ ရေမြေတောတောင် စတဲ့နယ်နိမိတ် စည်းမျည်းအသွင်သွင်ကို ချဉ်းနင်းထွင်းဖောက် မရောက်ရောက်အောင် ခရီးနှင်နေကြသူတွေလဲ ဖြစ်သေးရဲ့မဟုတ်လား။

ချစ်သူကို စကားတစ်ခွန်း ဆိုပါရစေ။ အနှောင်အဖွဲ့ကင်းကင်းနဲ့ လူထုလူတန်းစား အလွှာအသီးသီးရဲ့ အသည်း နှလုံးဗဟိုချက်မကို မောင်ပိုင်စီးထားတဲ့သူတွေဟာ ကဗျာဆရာပါပဲလို့....။

5 comments:

Anonymous said...

အနှောင်အဖွဲ့ကင်းကင်းနဲ့ လူထုလူတန်းစား အလွှာအသီးသီးရဲ့ အသည်း နှလုံးဗဟိုချက်မကို မောင်ပိုင်စီးထားတဲ့သူတွေဟာ ကဗျာဆရာပါပဲလို့ မှတ်ထားတယ် အစ်ကို အဲ့စာသားလေးကြိုက်လွန်းလို့ 
မှတ်မိနေသေးတယ် ဟိုစကားလေးလိုပေါ့ မငိုဖူးသော မျက်ဝန်းများမလှပါ ကျေးဇူး ကဗျာဆရာ :)

Kaung Kin Ko said...

ကဗှာလေး ခံစားသွားတယ်ညီလေးရေ။ အင်းပေါ့။ တခါတေလေ လူတွေက ကိုယ်ရေးသမျှကို ကိုယ်တွေ့ ကြည့်ထင်တော့တာကိုးး-) ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။

SoeMoe said...

ကဗျာဆရာရဲ့ ..ချစ်သူအတွက်ဆိုတဲ့စကားတခွန်းကမိုက်တယ်...စကားးမစပ်ဖြူစပ်ဆိုတဲ့နံမည်လေးကဆန်းတယ်နော်..... :)

Layma said...

အလဲ့..
ကဗျာ နဲ့ အတူ ထုချေလွှာပါ တင်သွားပါလား..။

Unknown said...

ဟုတ်လို့ လား..ဟုတ်ရင်ပြီးတာဘဲ
:P :P