22 February 2008

မြို့ ကလေးသို့..

ဒေသန္တရဥခွံလေးအတွင်းမှာပဲ ကုတ်ခြစ်တွယ်ကပ်
တစ်ခါတစ်ခါ သိပ်အမြင်ကပ်ဖို့ကောင်းတဲ့ ချစ်စရာမြို့ ကလေးပေါ့
တံတိုင်းတစ်ပတ်ကာရံထားရုံနဲ့ လုံခြုံလှပြီထင်
ရိုးရိုးယဉ်ယဉ်ကလေး နေရှာခဲ့တဲ့ မြို့ ကလေးပေါ့
ရိုးရိုးစင်းစင်း ဖြတ်သန်းမှုတွေနဲ့
နည်းပညာငတ်ပြတ် လစ်ဟာနေရတာကိုလည်း မနာကျည်းတတ်
မျက်ရစ်မဲ့ မျက်ခွံမို့အစ် ဖောသွပ်ကြွမောက်သူတွေက ဂုတ်သွေးစုပ်
အရိုးပုပ်အောင် ခံစားနေရတာတောင်
နည်းနည်းကလေးမှ ထိုးထိုးထောင်ထောင် ခေါင်းဆောင်မှု မပေးနိုင်ရှာဘူး
တကယ်ဆို..
မိရိုးဖလာ ယဉ်ကျေးမှုနဲ့ မြန်မာဆန်တဲ့ မြို့ ကလေးပါ
သူ့ခမျာ..
ရင်ဘတ်ထဲ လောင်မီးကျနေတာတောင်
မင်္ဂလာဩဘာစာ ရွတ်ဖတ်ချင်နေသေးရဲ့
တစ်မြို့ လုံးကို နဖားကြိုးထိုး
တွန်းထိုးရုန်းကန် အသိဥာဏ်တွေစုံလုံးကန်းတော့မှ
အတိတ်ကို လွမ်းလှပါသတဲ့
နောက်ဆုံးထွက်သက် အသက်ရှူသံတွေ တဖုန်းဖုန်းနဲ့
လုံးလုံးမွကြေ အနာဂတ်တွေ ဆိတ်သုန်းတော့မှ
ကံစီမံသမျှဒဏ် ခံသာခံပတဲ့
မြို့ ကလေးရယ်..
ပြောရက်လိုက်တာ၊ ပြောထွက်လိုက်တာ
ဒီမယ်ကွဲ့ ..မှတ်ထားလိုက်စမ်းပါ
သမိုင်းဆိုတာ
အသိဥာဏ်ဆွေးရင် ဘ၀တွေ စတေးရတယ်
နားလည်မှုဝေးရင် ဓါးကူသွေးရသတဲ့
" တောက် " တစ်ချက် ပြင်းပြင်းခေါက်ရုံနဲ့
ရာဇ၀င်တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးရင်
ငါတို့ ညာသံပေးပြီး " ကျား " တက်ထိုးရမယ်
သားရဲတွင်းထဲတော့ အကျမခံနိုင်
ငါတို့ အသည်းနှလုံးတွေ ကျွဲပခုန်းထချင်ထ
နင့်ကို ထမ်းတင်ထားမယ် မြို့ ကလေးရေ.. ။

ညိမ်းညို

12 comments:

Anonymous said...

" တောက် " တစ်ချက် ပြင်းပြင်းခေါက်ရုံနဲ့
ရာဇ၀င်တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးရင်
ငါတို့ ညာသံပေးပြီး " ကျား " တက်ထိုးရမယ်
စာသားလေးကိုကြိုက်သွားပြီး ဒီကဗျာလေး ရိုးရှင်းပြီး နာလည်ရလွယ်တယ် ...............
မြို့ ကလေး အမြန်ဆုံး သာယာအေးချမ်းပါစေဗျာ..........

SoeMoe said...

နောက်ဆုံးထွက်သက်အသက်ရှူသံတွေတဖုန်းဖုန်းနဲ့ ....လုံးလုံးမွကြေအနာဂတ်တွေဆိတ်သုန်းတော့မှ..ကံစီမံသမျှဒဏ်ခံသာခံပတဲ့..အရမ်းကောင်းတဲ့အရေးသားလေးးးးပျော်ရွှင်အဆင်ပြေပါစေ...

စိုးထက် - Soe Htet ! said...

သမိုင်းဆိုတာ
အသိဥာဏ်ဆွေးရင် ဘ၀တွေ စတေးရတယ်
နားလည်မှုဝေးရင် ဓါးကူသွေးရသတဲ့

" တောက် " တစ်ချက် ပြင်းပြင်းခေါက်ရုံနဲ့
ရာဇ၀င်တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးရင်
ငါတို့ ညာသံပေးပြီး " ကျား " တက်ထိုးရမယ်

သားရဲတွင်းထဲတော့ အကျမခံနိုင်
ငါတို့ အသည်းနှလုံးတွေ ကျွဲပခုန်းထချင်ထ
နင့်ကို ထမ်းတင်ထားမယ် မြို့ ကလေးရေ.. ။

ဖြစ်ချင်နေတာ အဲ ဒီလိုမျိုး ဗျ :D

Layma said...

လေးမလည်း မြို့ကလေးကို သားရဲတွင်းထဲ အကျမခံနိုင်ဘူး..။

ကြယ်စင်နတ်သမီး said...

မြို့ကလေး အမြန်ဆုံး သာယာအေးချမ်းပါစေ...
ရန်အပေါင်းကင်းရှင်းပါစေ...

မင်းကျန်စစ်။ said...

ဘယ်မြို့လေးကို ပြောတာပါလိမ့် သယ်ရင်းရေ။ ကောင်းတာတော့ အမှန်ပဲကွာ

Anonymous said...

သယ်ရင်း.... မင်းပြောတဲ့ မြို့ကလေးက ငါနဲ့တော့အနေစိမ်းပေမယ့် နားလည်တယ်ကွာ.. ငါတို့ပါကူ ကျားထိုးပေးမယ်ကွာ :D

tuzzaung said...

“သမိုင်းဆိုတာ
အသိဥာဏ်ဆွေးရင် ဘ၀တွေ စတေးရတယ်
နားလည်မှုဝေးရင် ဓါးကူသွေးရသတဲ့
" တောက် " တစ်ချက် ပြင်းပြင်းခေါက်ရုံနဲ့
ရာဇ၀င်တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးရင်
ငါတို့ ညာသံပေးပြီး " ကျား " တက်ထိုးရမယ်
သားရဲတွင်းထဲတော့ အကျမခံနိုင်
ငါတို့ အသည်းနှလုံးတွေ ကျွဲပခုန်းထချင်ထ
နင့်ကို ထမ်းတင်ထားမယ် မြို့ ကလေးရေ.. ။”

ကြိုက်တယ်ညိမ်းညိုရေ.. အဲ့ဒီအပိုဒ်လေး။

Emily said...

ညီလေးရေ အကြွေးလိုက်ဆပ်ရင်း ဒီကဗျာကိုတော့ မှတ်မှတ်ထင်ထင် ဖြစ်သွားလို့ ကွန်မန့် ပေးခဲ့တယ်။ သိပ်ကောင်းတဲ့ ကဗျာပါပဲ။ ထပ်ပြောလဲ ဒီစကားပါပဲ။ သိပ်ကောင်းတဲ့ ကဗျာပါပဲ။

lwansay said...

သယ်ရင်းရေ လက်သွက်နေတယ်နော်...
ကဗျာတွေ အင်းအားတောင့်လာပီဗျ။ :)

pandora said...

ညာသံပေးပြီး ကျား တက်ထိုးရင် ချန်မထားနဲ့
အကြောင်းကြားဦး

ဖိုးဂျယ် said...

ကဗျာဆရာရဲ. စုတ်ချက်ကြမ်းကြမ်းတွေနဲ.အတူ တောက်၁ချက်ခေါက်သံကြားမိလိုက်သလိုပဲ။ အရမ်းကောင်းတဲ့ စာသားတွေပါ ကိုညိမ်းညို။