14 January 2008

မြင်းတစ်ကောင်နဲ့ လူနှစ်ယောက်

မြင်းတစ်ကောင်ကို လူနှစ်ယောက်စီးတဲ့အခါ ဘေးချင်းယှဉ်ထိုင်လို့ အဆင်မပြေပါဘူး။ တစ်ယောက်က ရှေ့ကဆိုရင် ကျန်သောတစ်ယောက်တော့ဖြင့် နောက်ကနေရပါလိမ့်မယ်။ ဒါမှသာ ခရီးလမ်းပန်းသာယာပြီး သွားလိုရာကို ချောချောမွေ့မွေ့ ရောက်နိုင်မှာပါ။

ကျွန်တော်တို့ ကျင်လည်နေရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ခေါင်းဆောင်နဲ့ နောက်လိုက်ဆိုပြီး လူတန်းစား နှစ်မျိုးရှိမယ်ထင်ပါတယ်။ လူတစ်ယောက်ဟာ နေရာတိုင်းမှာ ခေါင်းဆောင်မဖြစ်နိုင်သလို နေရာတိုင်းအတွက် နောက်လိုက်မဟုတ်ပါဘူး။ မိမိကျွမ်းကျင်ရာ သက်ဆိုင်တဲ့ နယ်ပယ်အသီးသီးမှာတော့ ခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်။ မိမိနဲ့စိမ်းတဲ့နယ်ပယ်၊ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့နယ်ပယ်မှာတော့ ပညာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရထားသည်ဖြစ်စေ အဲဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူရဲ့ ခေါင်းဆောင်မှုအောက်မှာသာ ရှိရလိမ့်မယ်။

တကယ်တော့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေဆိုတာက အဓိကမဟုတ်ဘူး။ စီမံခန့်ခွဲမှုလွယ်ကူစေဖို့နဲ့ လုပ်ငန်းတစ်ခု အောင်မြင်စွာလည်ပတ်စေနိုင်ဖို့ နေရာအလိုက် သတ်မှတ်ချက်သာဖြစ်တယ်။ "ဖိုးလမင်းလည်း၊ သူ့အလင်းနှင့် အဆင်းနှင့်။ မီးတိုင်ငယ်လည်း၊သူ့အရွယ်နှင့် အစွယ်နှင့်" ဆိုတဲ့ ဆရာကြီးတင်မိုးရဲ့ အလှကိုယ်စီ ကဗျာလေးပမာပဲ လူတိုင်းလူတိုင်းဟာ စွမ်းရည်ကိုယ်စီနဲ့ လူ့အဖွဲ့အစည်းမှာ အရေးပါအရာရောက်ကြတာချည်းပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ စက်ကြီးတစ်လုံးမှာ သေးငယ်တဲ့ မူလီလေးတစ်ခုကို မမှုလောက်ပါဘူးဆိုပြီး ဖြုတ်ထားလို့မရတဲ့ သဘောကိုကြည့်ရင် သိနိုင်ပါတယ်။

အဓိကအနှစ်သာရမှာ ခေါင်းဆောင်ဆိုရင် ခေါင်းဆောင်ကောင်းပီသဖို့၊ တာဝန်ယူရဲတဲ့သတ္တိနဲ့ ရိုးရိုးဖြောင့်ဖြေင့် အလုပ်လုပ်ဖို့၊ ခေါင်းဆောင်ဆိုတဲ့ အရည်အသွေးနဲ့ ပြည့်စုံအောင် ကြိုးစားနေဖို့၊ လက်အောက်ငယ်သားတွေရဲ့ သက်သာချောင်ချိရေးနဲ့ တရားသဖြင့်အခွင့်အရေး၊ အကျိုးခံစားခွင့်ရရှိအောင် စီမံခန့်ခွဲပေးနိုင်ဖို့၊ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်နဲ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့သာ ဖြစ်တယ်။ နောက်လိုက်ဆိုရင်လည်း နောက်လိုက်ကောင်းပီသစွာ ပြုမူနေထိုင်ဖို့၊ ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်ကို တိတိကျကျလိုက်နာလုပ်ဆောင်ဖို့၊ အပြည့်အ၀ယုံကြည်ပြီး စိတ်ရောကိုယ်ပါ ရိုးဖြောင့်စွာ စူးနစ်လုပ်ဆောင်ဖို့၊ မိမိတို့အဖွဲ့အစည်းရဲ့ ကောင်းကျိုးဆိုးပြစ်ကို လက်ခံနိုင်စွမ်းရှိဖို့တို့သာ ဖြစ်တယ်။

ကျွန်တော်တို့ မသိသေးတဲ့ လျှို့ဝှက်ချက်ကတော့ ကျွန်တော်တို့ကမ္ဘာမြေဟာ ခေါင်းဆောင်တွေကို ချစ်မြတ်နိုးသလို လက်အောက်ငယ်သားတွေ၊ နောက်လိုက်တွေကိုလည်း ထပ်တူ ချစ်မြတ်နိုးတယ် ဆိုတာပါပဲ။

ညိမ်းညို

4 comments:

Layma said...

လျှို့  ၀ှက်ချက်ကို ပြောပြတဲ့ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်..။ အဲဒီအပေါ်က စာသားတွေကို ထောက်ခံပါတယ်.. ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး အများကြီး ပြောချင်နေတယ်..။ ဒါပေမယ့် မျိုချလိုက်တယ်..။ အန်ချခွင့်မရှိတဲ့ အချိန်မှာ မျိုချထားတာ အကောင်းဆုံးဖြေရှင်းနည်းပါပဲ...။

အိ said...

မှန်လိုက်တာ။အပြည့်အဝကိုထောက်ခံပါတယ်။

စိုးထက် - Soe Htet ! said...

သူများ ကွန်မန့်ကို လာဖတ်ရင်း ရေး သွားတာပါ :P

ကလိုစေးထူး said...

ကဗျာဆရာက အခုလိုလည်း အတွေးတွေကို ချရေးတတ်တာပဲကိုးဗျ။ :) Bravo ပါဗျာ။