17 August 2007

ပန်းချောင်းရေဆန်

မှတ်မှတ်ရရ ကျွန်တော် ခြောက်တန်းတက်မည့်နှစ်တွင် အမေက စာအုပ်လေးတစ်အုပ် ပေးလာပါသည်။ ဆရာနန္ဒာသိန်းဇံ၏ "ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း" ဆိုသော စာအုပ်ကလေးပင်။ ထိုစာအုပ်တွင် အကောင်းအဆိုး လောကဓံတရားတို့နှင့် ကြုံတွေ့ ရသည့်အခါ မိမိစိတ်ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်၍ အောက်မြင်စွာ ကျော်လွှားနိုင်ရန် လမ်းညွှန်ထားပါသည်။ အမှန်တကယ် လက်တွေ့ ကျသော နည်းလမ်းများဖြစ်သဖြင့် စာဖတ်သူတို့ အဖို့ ထိရောက်လှပါသည်။

ခြောက်တန်းကျောင်းသားလေးဘ၀မှ (၁၁) နှစ်ကျော် လွန်မြောက်လာပြီဖြစ်သော ယနေ့အချိန်တွင်မူ ကျွန်တော်တို့ ကျော်လွှားနေရသော လောကဓံတရားအပေါ်တွင် ခေါင်းစဉ်အသစ်တစ်မျိုးတပ်ကြည့် ချင်ပါသည်။ ဟိုအရင် ရှေးတုန်းကလို "ခရောင်းလမ်း" ဟု မဆိုချင်ပါ။ "ပန်းချောင်းရေဆန်" ဟုသာ ဆိုချင်ပါတော့သည်။

ကျွန်တော်တို့သည် အရင့်အရင်ကာလများက ဆိုးဝါးကြမ်းတမ်းသော အရာများကို ကွဲကွဲပြားပြား သိမြင်ခွင့်ရခဲ့ကြသည်။ ထိုအရာများကို ရှောင်ရှားရန်၊ ကျော်လွှားရန်၊ ဆန့်ကျင်ရန် အဆုံးအမများ ကာကွယ်စောင့်ရှောက်မှုများ၊ ကြီးကြပ်စစ်ဆေးမှုများကို ပုံအော၍ ရရှိခဲ့ဖူးသည်။ ခရောင်းလမ်းကြီးမှန်း ထင်းနေအောင်သိနိုင်သော အခွင့်အလမ်းများ ရခဲ့ကြသည်။ ဥပမာ- ဆေးခြောက်၊ ဘိန်းဖြူအစရှိသော မူးယစ်ဆေးဝါးတို့သည် လူနှင့်လူ့လောကကို အညွှန့်တုံး ပျက်စီးဆုံးရှုံးစေမှန်း တစ်ကမ္ဘာလုံး လက်ခံပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆန့်ကျင်တားဆီးခဲ့ကြသည်။ ထိုလမ်းသည် ဘ၀ပျက်မည့်လမ်း၊ အသက်ဆုံးရှုံးမည့်လမ်း၊ ခရောင်းလမ်းကြီးမှန်း လူတိုင်း သိနိုင်၏။

ယနေ့အချိန်တွင်မူ အရာရာသော အသစ်အဆန်းတို့သည် လူတို့အပေါ် သိမ်မွေ့ စွာ ဖြားယောင်းလျက်ရှိသည်။ နေရာဒေသတစ်ခုနှင့်တစ်ခု မတူညီကွဲပြားသော ရလဒ်တို့ကို ဖန်တီးလျက်ရှိသည်။ ၎င်းတို့၏ သဘော သဘာဝသည် သိမ်မွေ့ ညင်သာ၏ ၊ သာယာပျော့ပျောင်း၏ ၊ အကြမ်းပတမ်းကြီးမဟုတ်။ ခရောင်းလမ်းပါဟု ထင်ရက်စရာပင် အကြောင်းမရှိ။ သို့သော် ပျက်စီးဆုံးရှုံးစေသော ပမာဏမှာမူ နောက်မှလာသည့်မောင်ပုလဲ ဒိုင်းဝန်ထက်ပင် ကဲပါလိမ့် ဦးမည်။

ဘီယာဆိုင်တွေ မှိုလိုပေါက်လာ၏။ ဒီတော့ ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါ။ ဘီယာသောက်လို့လည်း ဘယ်သူကမျှ ဝေဖန်ပုတ်ခတ်နေမည် မဟုတ်ပါ။ လူကြီးလူကောင်း အင်္ဂါရပ်ထဲမှာတောင် ဘီယာသောက်ခြင်းက အရည်အချင်းတစ်ခုလိုပါဝင်နေပြီလား မပြောတတ်။ ဘီယာဆိုင်များတွင် ထိုလူကြီးလူကောင်း များကို အများဆုံးတွေ့ ရတတ်သောကြောင့်ပင်။ နောင်တွင် လူငယ်များ၊ သည့်နောက် ကျောင်းသားများ၊ ဟော အခု မိန်းကလေးများပါ ထိုင်ကြလေပြီ။ ယနေ့တိုင် ထိုကိစ္စအတွက် ကောင်း၏ ၊ ဆိုး၏ အဆုံးအမများ၊ ကြီးကြပ်စစ်စေးမှုများ သတ်မှတ်မှတ် မရှိသေးပါ။ တစ်ခါတစ်ခါ "ယာလည်းညက်စေ၊ ကြက်လည်းမောစေ" များလုပ်နေသလားဟုပင် တွေးမိပါတော့သည်။

မှိုလိုပေါက်လာသော ဘီယာဆိုင်များက သူ့ထက်ငါ စွဲဆောင်မှုကောင်းအောင် အမျိုးမျိုးအဖုံဖုံ ကြံစည်အားထုတ်လာကြသည်။ အဲသည်မှာ နောက်ဆက်တွဲ ကကြီးခခွေးတွေ အတွဲလိုက် ၀င်လာခြင်းဖြစ်သည်။ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများသည် နောက်ဆက်တွဲ အစွယ်အပွားများဟုဆိုလျှင် တက္ကသိုလ်ကျောင်းသားကျောင်းသူလေးများပင် ၎င်းရေစီးကြောင်းအတွင်းသို့ စီးဝင်လာခြင်း၊ ကိုယ်ကျင့်နိမ့်ပါးလာခြင်း၊ ငွေအောက်သို့ ပညာဝင်ရောက်ရခြင်း အစရှိသည့် မမြင်ရသော ပြဿနာအသီးသီးတို့သည် ပြင်းထန်သောရိုက်ခတ်မှုများဟု ဆိုရပါမည်။ ဤနည်းနှင်နှင်ဖြစ်သော အခြားကိစ္စရပ်တွေ များစွာရှိပါသေးသည်။ စစ်ဆေးကြပ်မတ်မှုကလည်း မရှိသလောက်လျော့နည်း၊ ခရောင်းလမ်းကြီးရယ်လို့ ထင်းနေအောင်လည်း မြင်ကြရတာမဟုတ်တော့ ဖြစ်သင့်ဖြစ်ထိုက်သည်ထက်ပိုသော ဘေးထွက်ဆိုးကျိုးများကို ခံစားကြရသည်။

ဖန်သားပြင်ရှေ့တွင် တစ်နေ့တစ်နေ့ (၁၀) နာရီမက အချိန်ပေးနေသော ကျောင်းသားလေးများ၏ အရေအတွက်သည် တိုး၍တိုး၍ လာလေပြီ။ ၀ါးတစ်လှည်းဖုတ်လို့ ပြာတစ်ဆုပ်မရသော စာအုပ်များနှင့် အချိန်ကုန်နေသော လူငယ်တို့သည် များ၍များ၍ လာလေပြီ။ လုပ်ငန်းခွင်မှအပဖြစ်သည့် လောင်းကစားရုံတို့တွင် အချိန်ကုန်နေသော အိမ်ထောင်ဦးစီးအရေအတွက်တို့သည် တိုးပွား၍ လာလေပြီ။ ခေတ်၏အခြေအနေအောက်တွင် နာမည်နောက်မှ အမြီးတပ်ကောင်းရုံ၊ လူရိုသေရှင်ရိုသေမျှသော ရည်ရွယ်ချက်ဖြင့် ကျောင်းပြီးခဲ့ကြကုန်သော ဘွဲ့ ရတို့သည် များခဲ့လေပြီ။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားသည့်အပြင် ဂုဏ်တုဂုဏ်ပြိုင်ယဉ်ကျေးမှု ထွန်းကားသဖြင့် လူတန်းစားမြေပြန့်လွင်ပြင်သည် အရုပ်ဆိုး အကျည်းတန်လေပြီ။ စားဝတ်နေရေး အရေးကြီးသုံးပါးကို လုံလောက်အောင် ထောက်ပံ့နိုင်စွမ်းမရှိသဖြင့် ပြည်သူ့ဝန်ကို အမှန်တကယ် ထမ်းဆောင်လိုသူတို့သည် နည်းပါးခဲ့လေပြီ။ ကျန်းမာရေး၊ ပညာရေးအစရှိသော ကဏ္ဍအသီးသီးတွင် အခွံချည်းသက်သက်မျှဖြစ်သော အဆောက်အအုံတို့သည် ကျွန်တော်တို့၏ လူမှုအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းခြင်းငှာ မစွမ်းသာလေပြီ။

ထိုထိုသောအရာတို့သည် ခရောင်းလမ်းကြီးကဲ့သို့ ထင်သာမြင်သာသည်မဟုတ်။ ကျွန်တော်တို့သည် ရေကိုဆန်နေရသော်လည်း ဒိုက်သရော၊ ကျောက်ဆောင်တို့ကို ဆန်နေရခြင်းနှင့်မတူ။ ပန်းချောင်းကြီးတစ်ခုကို ဆန်နေရသည်နှင့် တူ၏။ ပန်းတို့၏ အတွေ့အထိ၊ ဖြားယောင်းမှုတွင် အချို့ သူတို့သည် ကျဆင်း၍သွားကြ၏။ သာယာမှုဟူသည် လူတို့ ငြင်းဆန်ရန် ခက်ခဲသောအရာတစ်ခု ဖြစ်၏။ ဤသို့ဖြင့် ပန်းချောင်းကြီးအတိုင်း စုန်ဆင်းမျောပါသွားကြလေသည်။ ယနေ့ ပန်းချောင်းရေဆန်ခေတ်ကြီးတွင် အင်မတန် သတိကြီးကြီးထားနိုင်မှ တန်ကာကျမည်။

ညိမ်းညို

2 comments:

ရွက်ဝါ said...

မှန်ပါ့ ကိုညိမ်းညို ရာ။ သတိဆို ပိုသည်မရှိတဲ့ မြန်မာစကားရှိတယ်။ သတိထားဗျ။ လောကဓံ ဆိုတာတွေက ပုံစံက အမျိုးမျိုး။ ကောင်းတာ ၄ ခု မကောင်းတာက ၄ ခု။ မကောင်းတဲ့ လောကဓံကို အားတင်းပြီး အနိုင်ယူဖို့လိုသလို၊ ကောင်းတဲ့လောကဓံတွေရဲ့ လှည့်ဖျားမှုကို မခံရအောင် သတိရှိဖို့လိုတယ်ဗျ။ ရာထူး၊ အာဏာနဲ့ ငွေကြေး ရှိလာရင် သတိ ကပိုလိုတယ်။

တင့်ထူးရွှေ said...

ပန်းချောင်းရေဆန် အက်ဆေးလေး အရမ်းကောင်းတယ် ၊ ဘယ်လိုအက်ဆေးမျိုးဖတ်လိုက် ဖတ်လိုက် စာဖတ်သူကို စွဲဆောင်သွားနိုင်တဲ့ အရေးအသားပါရမီ မျိုးရှိနေလို့ ပြောချင်တယ် ...။